သာမန်မဟုတ်သော အတွေးအခေါ်ပိုင်ရှင်
Vol. 123 Ch. 1599
ဘိုးဘေးနန်းတော်၏ ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်သည် အစတုန်းက ပျောက်ကွယ်နေခဲ့၏။ ယခုတွင်တော့ ဟင်းလင်းပြင်အလွှာများက ရှင်းလင်းပြတ်သားစွာ ပေါ်လွင်လာသည်။
ဘိုးဘေးနန်းတော်ကား ယခင်ကလို ခြောက်ကပ်နေသော ကွင်းပြင်ကြီးမဟုတ်တော့ပေ။ စကြ၀ဠာတစ်ခွင်လုံးရှိ မျိုးနွယ်စုများစွာသည် ဘိုးဘေးနန်းတော်သို့ ပြောင်းရွှေ့အခြေချကာ နေထိုင်နေကြပြီဖြစ်သည်။ ဘိုးဘေးနန်းတော်မှာ အလွန်တရာ ကျယ်ဝန်း၍ မြို့တော်များမှာ ဟိုတစ်စု သည်တစ်ခု တည်နေသော်လည်း ကြည့်ရဆိုးမနေပေ။ နေထိုင်နေကြသူ သတ္တဝါအတော်များသည်ဟု ဆိုရမည်။
ဤအခိုက်အတန့်တွင် ဘိုးဘေးနန်းတော်အတွင်းရှိ သတ္တဝါအားလုံး မော့ကြည့်လိုက်ကြပြီး သူတို့တစ်ဘဝလုံးတွင် မမေ့နိုင်တော့မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။
ဟင်းလင်းပြင်အလွှာများစွာသည် အလွန်တရာမှ ရှင်းလင်းပြတ်သားနေ၏။ အလွှာများကား စုစုပေါင်း ၃၆ လွှာ ရှိနေပြီး ၃၆ လွှာမြောက်တွင်မူ မဟာကောင်းကင်နတ်ဘုံနှစ်ဘုံ ဖြစ်တည်နေသည်။ တာအိုသစ်ပင်နှစ်ပင်ကား စိမ်းစိုအုံ့ဆိုင်းစွာဖြင့် ပွင့်လန်းလျက် အဝေးရှိ လောကသစ်ပင်မှ အလင်းရောင်ကို ရောင်ပြန်ဟပ်နေကြသည်။
မဟာကောင်းကင်နတ်ဘုံနှစ်ဘုံနှင့် တာအိုသစ်ပင်နှစ်ပင်တို့သည် ကိုယ်ပိုင်ညှို့ဓာတ်အသီးသီးဖြင့် ဆွဲဆောင်မှု ရှိနေကြ၏။
မဟာကောင်းကင်နတ်ဘုံတစ်ဘုံ၏ တာအိုညှို့ဓာတ်က အဆုံးမရှိသော စွမ်းအားတစ်ရပ်အလား ပြင်းထန်လှသည်။ ၎င်း ပေါ်ထွက်လာသည်နှင့် ရှိရှိသမျှသော သက်ရှိသတ္တဝါတို့မှာ နှလုံးသားတို့အပေါ် တောင်တန်းများ ပိကျလာသကဲ့သို့၊ နတ်ဘုရားများ နင်းခြေနေသကဲ့သို့ ခံစားလိုက်ကြရသည်။ တောင်တန်းများက သူတို့၏ခန္ဓာကိုယ်အပေါ် ဖိထားကြပြီး နတ်ဘုရားများကတော့ သူတို့၏နှလုံးသားများကို နင်းထားကြသယောင်ပင်။ သက်ရှိသတ္တဝါတို့မှာ ခါးကိုင်း၍ ဒူးထောက်လာကြသည့်တိုင်အောင် ဖိခြေခံနေကြရတော့သည်။
ကျန်ကောင်းကင်နတ်ဘုံ၏ တာအိုစည်းချက်ကမူ ဖျက်ဆီး၍ မရနိုင်သော ဓားတစ်လက်အလားပင်။ ၎င်းက သူတို့၏ နှလုံးသားထဲရှိ နတ်ဘုရားတို့အား ခုတ်ပိုင်းကာ သူတို့ခန္ဓာကိုယ်ပေါ်မှ တောင်တန်းများကို ဖယ်ရှားပစ်နေသယောင်ယောင်။
မဟာကောင်းကင်နတ်ဘုံနှစ်ဘုံသည် လျင်မြန်စွာ ရွေ့နေကြပြီး တစ်ခုနှင့် တစ်ခု နီးကပ်သွားကာ ဝင်တိုက်သွားကြသည်။ ၎င်းတို့ ဝင်တိုက်သွားသည်နှင့် ပြိုင်ဘက်ကင်းအောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာ၏။
သို့သော် ဤစွမ်းအားကိုတော့ ဘိုးဘေးနန်းတော်ရှိ သတ္တဝါများ မခံစားကြရပေ။
အဘယ်ကြောင့်ဆိုသော် မဟာကောင်းကင်နတ်ဘုံနှစ်ဘုံ ဝင်တိုက်သွားသည့်အချိန်တွင် ထွက်ပေါ်လာသည့် စွမ်းအားလှိုင်းဂယက်တို့အနေဖြင့် ဟင်းလင်းပြင်အပြင်သို့ ဖြာထွက်လာရန် မလွယ်ကူသောကြောင့်ပင်။ ထိုသို့ဖြာထွက်နေစဉ်အတွင်း အန္တိမဟင်းလင်းပြင်က မဟာကောင်းကင်နတ်ဘုံနှစ်ဘုံ၏ ကောင်းကင်နတ်သိုင်းစွမ်းဆောင်ရည်များကို အားနည်းစေသည်။
လှိုင်းဂယက်တို့က အန္တိမဟင်းလင်းပြင်အား ဖြတ်သန်းနေရင်း တဖြည်းဖြည်း အားနည်းသွားသည်။ ထို့ကြောင့် ဘိုးဘေးနန်းတော်အပေါ် မည်သို့ထိခိုက်မှုမှမရှိနိုင်ချေ။
သို့သော် မဟာကောင်းကင်နတ်ဘုံနှစ်ဘုံနှင့် ၎င်းတို့ ဖော်ပြနေသော တာအိုနတ်သိုင်းများ၊ ကောင်းကင်နတ်သိုင်းများက ဘိုးဘေးနန်းတော်ရှိ သတ္တဝါတို့အား ပါးစပ်အဟောင်းသားဖြင့် ငေးမောနေစေသည်။ သူတို့အနေဖြင့် နားလည်နိုင်ရန် ခက်ခဲသော်လည်း ၎င်းထံမှ ဆန်းကြယ်မှုများစွာကို တွေ့မြင်နေကြရ၏။
အားလုံးသည် မတူညီသော အရာများကို တွေ့မြင်နေရသော်လည်း ဘယ်သူကမှ မဟာကောင်းကင်နတ်ဘုံ၏ ဆန်းကြယ်မှုအလုံးစုံကိုတော့ မတွေ့မြင်နိုင်ချေ။
မဟာကောင်းကင်နတ်ဘုံနှစ်ဘုံထဲတွင် ကောင်းကင်နတ်အရှင်ဟောင်သည် ခိုင်ဧကရာဇ်ကို တွေ့သွားပြီး ခိုင်ဧကရာဇ်ကလည်း သူ့ကိုတွေ့သွား၏။
သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ရပ်ကာ တစ်ယောက်ကိုတစ်ယောက် အဝေးမှ လှမ်းကြည့်နေကြသည်။။
“မင်းတို့က ငါတို့ထက် ခြေတစ်လှမ်း စောပြီး မြေအောက်ဘုံအရှင်သခင်ကိုသတ်ခဲ့တယ်…. ချင်ယဲ့ မင်းရဲ့ အကြံအစည်က မထင်မှတ်ထားတဲ့အရာမလို့ ငါ့ကို အံ့သြသွားစေပါတယ်”
ကောင်းကင်နတ်အရှင်ဟောင်က အသိအမှတ်ပြုသော မျက်နှာအမူအရာဖြင့် အဝေးမှ လှမ်းပြောသည်။ “ဒါပေမဲ့ ဒါတွေအားလုံးက အန္တိမခွန်အားနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အသုံးမဝင်ဘူး… မင်း ရှုံးသွားပြီ”
သူက ခိုင်ဧကရာဇ်ကို မကြည့်ဘဲ တောင်တန်းနှစ်လုံးဆီသို့ ကြည့်လိုက်သည်။ အမှန်တွင် တောင်တန်းနှစ်လုံးကို ကြည့်နေခြင်းမဟုတ်ဘဲ ဘိုးဘေးနန်းတော်နှင့် ထပ်နေသော ယိုတုကို ကြည့်နေခြင်းပင်။
ယိုတုတွင် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုသည် ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်ဝူတို့၏ လှည့်ကွက်ကို သတိထားမိသွားကြ၏။ သူတို့နှစ်ယောက်စလုံးအနေဖြင့် လေဟာနယ်တံတားအဆုံးရှိ အခန်းသုံးခန်းထဲတွင် ယွဲ့နှင့် လန်ဝူတို့၏ လှည့်ကွက်ကို ကြုံတွေ့ခဲ့ဖူး၍ ရင်းနှီးနေသည့်အလျောက် ဤတစ်ကြိမ်တွင် ၎င်းတို့ကို ဖယ်ရှားရန် လွယ်ကူလာသည်။
တခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ရုံမှာလည်း ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် တိုက်ပွဲတွင် အရေးနိမ့်နေသည်။ သူ ရှုံးနိမ့်သွားရန် အချိန်တစ်ခုသာ လိုတော့သည်။
ကောင်းကင်နတ်အရှင်ဟောင်သည် ယိုတုအတွင်းထဲသို့ ဆက်ကြည့်လိုက်၏။ ယိုတုထဲတွင် သေခြင်းရှင်ခြင်းစာအုပ်က ပြန်လည်တည်ငြိမ်သွားပြီး မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ထဲမှ မဟာတာအိုယိုတုကို စုပ်ယူကာ ချင်ဖုန်းကျင့်ဆီသို့ စီးဆင်းနေစေသည်။ ထိုစဉ် ချင်မူကတော့ ကောင်းကင်နတ်အရှင်လင်နှင့်အတူ မြေအောက်ဘုံအရှင်သခင်၏ ခြေဖဝါးအောက်ရှိ ကျောက်စိမ်းအကျဉ်းထောင်တံခါးသို့ ခပ်သုတ်သုတ် သွားနေကြသည်။
“ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ့်တစ်ပါးမှာ ကောင်းကင်နတ်အရှင်ကုန်း၊ ကောင်းကင်နတ်အရှင်ဟုန်၊ နတ်အရှင်မချန်း၊ ရှစ်ချီလော်နဲ့ နတ်အရှင်မယန်တို့က ရှုံးနိမ့်သွားကြတဲ့အတွက် မရှိကြတော့ဘူး… ဟွေ့၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ရှု၊ လန်ရွှမ်၊ ထိုက်ချူနဲ့ မင်းပဲ ကျန်တော့တယ်’’
ခိုင်ဧကရာဇ်က တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ငါတို့ဘက်မှာတော့ ငါ့အပြင် ကောင်းကင်နတ်အရှင်ယွင်၊ ယွဲ့၊ လင်၊ ရုံ၊ မူနဲ့ လန်ဝူတို့ ရှိတယ်…. အရေအတွက်အရ ဆိုရင်တော့ ငါတို့က အလေးသာနေပြီ…. ဒါ့အပြင် ငါတို့မှာ ကောင်းကင်နတ်အရှင်ယွီလည်း ရှိတယ်… ကောင်းကင်နတ်အရှင်ဟောင်၊ မင်း ကြောက်နေသင့်ပြီ”
ကောင်းကင်နတ်အရှင်ဟောင်က လက်လွှဲလှမ်းလိုက်ရာ တိမ်တိုက်စင်မြင့်တစ်ခုသည် တောင်နှစ်လုံးအကြားတွင် မြောလွင့်လျက် ထွက်ပေါ်လာ၏။ သူက စင်မြင့်ပေါ်သို့ ရောက်သွားပြီး ၎င်းအပေါ်တွင် ကျောက်သားစားပွဲတစ်ခုနှင့် ထိုင်စရာ အခင်းနှစ်ချပ် ချထားသည်။
ကောင်းကင်နတ်အရှင်ဟောင်သည် ညာဘက်ရှိ အခင်းပေါ်တွင် ထိုင်လိုက်ရင်း အပြုံးဖြင့် လှမ်းပြော၏။ “ခိုင်ဧကရာဇ်၊ မင်း ငါနဲ့ ကောင်းကင်နတ်အရှင်ယွီကို နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာ တွေ့ခဲ့တုန်းက ကောင်းကင်နတ်အရှင်ယွီ ဧကရာဇ်ဖြစ်လာခဲ့ရင် မင်းဟာ သူ့လက်အောက်မှာ ခစားမယ်လို့ ပြောခဲ့တယ် ... ငါ ဧကရာဇ်ဖြစ်လာခဲ့ရင်တော့ ငါ့ကို အစားထိုးမယ်တဲ့ ဟုတ်တယ်မလား”
ခိုင်ဧကရာဇ်က ခေါင်းရမ်းသည်။ “ငါ ပြောခဲ့တာ အဲဒီလို မဟုတ်ဘူး… နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာ မင်းဟာ ခေါင်းမာပြီး တစ်ဖက်ပိတ်သမားမှန်း ငါ သိခဲ့ရတယ်…. မင်းသာ ဧကရာဇ်ဖြစ်လာရင် ငါ မင်းကို တိုက်ခိုက်ပြီး တစ်လောကလုံးရဲ့ အင်အားကို လက်ကိုင်လို့ လောကသားတွေရဲ့ စိတ်နှလုံးသားကို သိမ်းပိုက်မယ်လို့ ငါ ပြောခဲ့တာပါ... ဘယ်သူနိုင်မလဲဆိုတာတော့ ငါလည်း မသိဘူး”
“ဒါဆိုရင် ငါ့အရှေ့ကို လာထိုင်ပါလား” ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် ဖိတ်ခေါ်သည်။
ခိုင်ဧကရာဇ်သည် အေးဆေးစွာ လမ်းလျှောက်သွားပြီး သူ့အရှေ့၌ ၀င်ထိုင်လိုက်၏။
ကောင်းကင်နတ်အရှင်ဟောင်က လက်ဖက်ရည်ကြမ်း ပြင်ဆင်နေပြီး ခိုင်ဧကရာဇ်က သူ့အတွက် မီးမွှေးပေးသည်။ ရေဆူလာသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ဟောင်က လက်ဖက်ခြောက်အနုများကို ပစ်ထည့်လိုက်၏။ နှစ်ယောက်သား လက်ဖက်ရွက်များ တဖြည်းဖြည်း ရေထဲတွင် ပြန့်ကားလာသည်ကို ကြည့်နေကြရင်း လက်ဖက်ရည်အနံ့ကို တစ်ချက်မျှ အနံ့ခံရှိုက်သွင်းလိုက်ကြလေသည်။
ကောင်းကင်နတ်အရှင်ဟောင်သည် ခိုင်ဧကရာဇ်အတွက် လက်ဖက်ရည်ကြမ်း ငှဲ့ပေးပြီး ခိုင်ဧကရာဇ်က အနည်းငယ် အရိုအသေပြုကာ ကျေးဇူးတင်ကြောင်း ပြသသည်။
“မင်းတို့ဘက်က ကောင်းကင်နတ်အရှင်အရေအတွက်က ကောင်းကင်နတ်ဘုံထက် ကျော်လွန်သွားပြီလို့ ပြောခဲ့တယ်… ဒါပေမဲ့ အဲဒါက လိမ်ပြောနေတာပဲ..”
ကောင်းကင်နတ်အရှင်ဟောင်က သူကိုယ်တိုင်အတွက် လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့လိုက်ပြီး ရေနွေးအပူချိန် အနည်းငယ် လျော့ကျသွားအောင် စောင့်နေသည်။ သူက ပြုံးလျက် ဆက်ပြော၏။ “လန်ဝူက ဖန်ဆင်းရှင်ပဲ… သူ့ရဲ့ မှော်စွမ်းအင်က နည်းနည်း နိမ့်ကျတယ်… ကောင်းကင်နတ်ဘုံရဲ့ ဘယ်ကောင်းကင်နတ်အရှင်ကိုမှ မယှဥ်နိုင်ဘူး…ကောင်းကင်နတ်အရှင်ရုံက မူလဝိညာဉ် သန်မာပေမယ့် ရုပ်ခန္ဓာကတော့ အားနည်းတယ်…. ကောင်းကင်နတ်အရှင်ယွဲ့ကတော့ နှစ်လေးသောင်း အချိန်ဖြုန်းခဲ့ပြီးပြီ … တာအိုဒဏ်ရာကြောင့် နောက်ကျကျန်ခဲ့တဲ့အတွက် သီးသန့်နေထိုင်ခဲ့တဲ့သူပဲ … အဲဒီနှစ်လေးသောင်းဆိုတာ တစ်လောကလုံးမှာ ကောင်းကင်နတ်သိုင်းတွေနဲ့ တာအိုကျင့်စဉ်တွေ တဟုန်ထိုး တိုးတက်ပေါ်ထွန်းခဲ့တဲ့အချိန် …. ကောင်းကင်နတ်ဘုံကျင့်စဉ်စနစ်ကလည်း ဒီအချိန်မှာ ထွက်ပေါ်လာခဲ့တာ… သူ လွဲချော်သွားခဲ့ရတယ်…. သူ့ရဲ့ မှော်စွမ်းအင်က တခြားကောင်းကင်နတ်အရှင်တွေအောက် အများကြီး နိမ့်ကျတယ်… ကောင်းကင်နတ်ဘုံကို အန္တရာယ်ပေးနိုင်တဲ့သူက ယွင်၊ လင်နဲ့ မူပဲ ရှိတယ်”
သူ ခွက်မြှောက်လိုက်ရာ ခိုင်ဧကရာဇ်ကလည်း အလားတူ မြှောက်လိုက်သည်။
“ယွင်၊ လင်နဲ့ မူမှာလည်း အားနည်းချက်ကိုယ်စီ ရှိနေသေးတယ်”
ကောင်းကင်နတ်အရှင်ဟောင်က လက်ဖက်ရည်ကြမ်းကို သောက်၍ ခွက်ပြန်ချလိုက်သည်။ သူက ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်ယွင်က မဟာဧကရာဇ်ဆီက အမွေကို အားကိုးနေတယ်… သူ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာက သံသယရှိစရာ ဖြစ်နေတုန်းပဲ… သူ့အနေနဲ့ ငါ့အဖေ ထိုက်ချူကို တိုက်ခိုက်နိုင်ရင်တော့ မင်းတို့ အားသာနိုင်ကောင်း အားသာနိုင်တယ် … ကံမကောင်းစွာနဲ့ မင်းတို့ မတိုက်ခိုက်နိုင်ဘူး… ကောင်းကင်နတ်ရှင်ယွင်က သူ့အားနည်းချက်တွေကို ပြန်ဖြည့်ဖို့အတွက် လောကသစ်ပင်ဆီ ရောက်နေတာ မဟုတ်လေလား”
သူက ခိုင်ဧကရာဇ်၏ ခွက်ထဲသို့ ထပ်ထည့်ပေးရင်း ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်လင်လည်း လုပ်နိုင်စွမ်း မရှိဘူး… ကောင်းကင်နတ်အရှင်လင်ရဲ့ တာအိုစွမ်းရည်တွေက သိပ်ကို ကြောက်ဖို့ကောင်းတာ အမှန်ပဲ… မဟာဧကရာဇ်ကို သတ်ခဲ့တာက အတော်လေး အံ့သြဖို့ကောင်းတယ်… ငါတောင် သူ့တိုက်ကွက်ထဲ ရောက်သွားရင် တာအိုစွမ်းရည်တွေ ဖျက်ဆီးခံရပြီး လုံးဝ သေသွားနိုင်တယ်… ဒါပေမဲ့ သူ့ရဲ့ တခြားစွမ်းဆောင်ရည်တွေနဲ့ အတိုက်အခိုက်စွမ်းရည်က အားနည်းလွန်းတယ်…. သူ့အနေနဲ့ ငါ့အနား ကပ်လာဖို့ မဖြစ်နိုင်ဘူး… တခြားကောင်းကင်နတ်အရှင်တွေ အနားကိုလည်း ကပ်နိုင်မှာ မဟုတ်ဘူး… ငါတို့ ကောင်းကင်နတ်အရှင်ယွဲ့ကို ရှင်းလင်းဖယ်ရှားလိုက်သရွေ့ သူက အသုံးမဝင်တော့ဘူး”
သူက အပြံးမပျက်ပေ။ “ကောင်းကင်နတ်အရှင်ဟွေ့က ငါ့အတွက် ကောင်းကင်နတ်အရှင်ယွဲ့ကို သတ်ဖြတ်ပေးလိမ့်မယ်… ကောင်းကင်နတ်အရှင်လင်ကိုတော့ ငါ မသတ်နိုင်ဘူး… ဒီလောကမှာ သူ့ကို သတ်နိုင်တဲ့သူ မရှိလောက်ဘူးထင်တယ်… ဒါပေမဲ့ ငါတို့ မလုပ်နိုင်ဘူးဆိုတာက မီလော့နန်းတော်ရဲ့ သခင်လေးတွေ မလုပ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ဘူးလေ”
ခိုင်ဧကရာဇ်မှာ ရင်ဒိန်းခနဲ ခုန်သွားပြီး လက်ဖက်ရည်ကြမ်းကို တိတ်ဆိတ်စွာ သောက်နေ၏။
“ကောင်းကင်နတ်အရှင်မူကတော့ တကယ်ကို ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်ပဲ”
ကောင်းကင်နတ်အရှင်ဟောင်သည် ချင်မူအား မချီးကျူးဘဲ မနေနိုင်ပေ။ “မြေအောက်ဘုံအရှင်သခင်ကို ငါတို့ထက် ခြေတစ်လှမ်းစောပြီး သတ်လိုက်တာက မင်း စဉ်းစားနိုင်တဲ့ အကြံတော့ မဟုတ်ဘူး… မင်းအတွေးအခေါ်တွေက သာမန်ပဲ…. စစ်တပ်တွေ ရွှေ့မယ်… ဗျူဟာတွေ ချမယ်… အတိုက်အခိုက်စွမ်းရည်တွေ မြှင့်တင်မယ်… ဒါတွေအားလုံးက သမာရိုးကျနည်းလမ်းတွေ… မိစ္ဆာအငွေ့အသက်တွေ ပါမနေဘူး… ဒီအကြံအစည်ကို ကောင်းကင်နတ်အရှင်မူလို သာမန်မဟုတ်တဲ့ အတွေးအခေါ်နဲ့ ပုဂ္ဂိုလ်မျိုးပဲ တွေးနိုင်မှာ…. ငါ ထင်ထားတာထက် ကျော်လွန်သွားပါပေတယ်’’
သူက လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်၍ ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်ကုန်းကတော့ သေသွားပြီ… ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်အရှင်ကုန်းကို သတ်လိုက်နိုင်တဲ့ အဓိပ္ပာယ်က သူ့စွမ်းဆောင်ရည်တွေက ပိုသာတယ် ဆိုတဲ့ သဘောပဲ… သူ တိုးတက်လာနှုန်းကလည်း ငါထင်ထားတာထက် မြန်နေတယ်… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ကုန်းရဲ့ စွမ်းဆောင်ရည်တွေက အစကတည်းက ကောင်းကင်နတ်အရှင်ဆယ်ပါးမှာ အောက်ဆုံး ဖြစ်ခဲ့တာ…. မင်းရဲ့ ဓားတာအိုကြောင့် ဒဏ်ရာရခဲ့ပြီးတည်းက သူ့တာအိုနှလုံးသားက မပြီးပြည့်စုံတော့ဘူး… ဆိုတော့ ကောင်းကင်နတ်အရှင်မူရဲ့ လက်ထဲမှာ သေဆုံးခဲ့ရတာက သဘာဝကျတယ်… ငါ့ရဲ့အစ်ကိုတော် လန်ရွှမ်က သူ့ကို အနိုင်ယူနိုင်လိမ့်မယ်”
ခိုင်ဧကရာဇ်က တစ်ချက် ပြုံးလိုက်ရင်း တုံ့ပြန်လိုက်သည်။ “လန်ရွှမ်တော့ သေချာပေါက် သေပြီပဲ… မင်းက ကောင်းကင်နတ်အရှင်မူကို သုံးပြီး သူ့ကို ရှင်းပစ်ချင်နေတာပဲလေ”
ကောင်းကင်နတ်အရှင်ဟောင်က ကျပ်လောင်စွာ ရယ်မောလိုက်ရင်း လက်ဖက်ရည်ခွက်ကို ထိလိုက်သည်။ သူက အေးဆေးစွာ ဖြေလိုက်သည်။ “သခင်လေးတွေ ဆင်းသက်လာနိုင်အောင် ယဇ်ကောင်တွေအဖြစ်နဲ့ မင်းတို့အားလုံး ဂုဏ်သိက္ခာရှိရှိ၊ သူရဲကောင်းဆန်ဆန် သေဆုံးနိုင်အောင် ငါ ပြင်ဆင်ထားခဲ့တာပါ…. ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူရဲ့ အကြံအစည်ကြောင့် ငါ့ရဲ့အစီအစဉ် ပျက်ခဲ့ရပြီ… ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်… သခင်လေးတွေ ဆင်းသက်မလာနိုင်တော့ မင်းတို့ ငါ့ကို အပြစ်တင်လို့မရဘူးလေ”
သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။ “ငါ့ရဲ့ခမည်းတော် ထိုက်ချူက ကောင်းကင်နတ်အရှင်ယွင်ကို သွားသတ်နေပြီ… ငါက မင်းကို တားထားတယ်… ကောင်းကင်နတ်အရှင်ယွဲ့က ရှေးဟောင်းနတ်ဘုရားဘုရင်ရဲ့ လက်ထဲမှာ သေရတော့မယ်… ယိုတုသားတော် ချင်ဖုန်းကျင့်က ကောင်းကင်နတ်အရှင်ရှုရဲ့ လက်ထဲမှာ သေဆုံးရတော့မယ်… ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကတော့ နတ်ဘုရင်လန်ဝူကို ဖမ်းဆီးထားလိမ့်မယ်… အနာဂတ်မှာ ငါ ဧကရာဇ်ဖြစ်လာရင် သူက ငါ့ရဲ့ မိဖုရားခေါင် ဖြစ်ဖို့ ထိုက်တန်တယ်… ကောင်းကင်နတ်အရှင်လင်ကတော့ ဒီတိုက်ပွဲမှာ အသုံးမဝင်ဘူး.. ငါ သခင်လေးရဲ့ လက်နက်နဲ့ သူ့ကို သတ်ပစ်မယ်… သခင်လေးဆီမှာ ယဇ်ပူဇော်ပစ်မယ်”
ခိုင်ဧကရာဇ်၏မျက်ဝန်းများသည် ချွန်ထက်လှသော ဓားနှစ်လက်ကဲ့သို့ သူ၏ မျက်နှာပေါ်သို့ ရောက်လာပြီး တာအိုနှလုံးသားကို ထိုးစိုက်သွားသည်။
ကောင်းကင်နတ်အရှင်ဟောင်က စိတ်ထဲမထားပေ။ “ကောင်းကင်နတ်အရှင်မူလည်း ရှိသေးတယ်… သူ ငါ့ရဲ့ အစ်ကိုတော် လန်ရွှမ်ကို သတ်ပြီးရင် ငါကိုယ်တိုင် မြေမြုပ်ပေးမယ်… ဟုတ်သားပဲ… ကောင်းကင်နတ်အရှင်ယွီလည်း ရှိသေးတာပဲ”
သူက ပြုံးလိုက်သည်။ “သူက လောကသစ်ပင်အောက်မှာမလား… မင်း သေပြီးရင် သူနဲ့ စကားသွားပြောရမယ်”
ခိုင်ဧကရာဇ်သည် လက်ဖက်ရည်ကြမ်းခွက်ကို မြှောက်၍ တစ်ကြိုက်တည်း သောက်ချလိုက်သည်။ သူက ခေါင်းရမ်းလိုက်ပြီး မေးလေသည်။ “မင်း ထိုက်ယီကို မကြောက်ဘူးလား”
“ထိုက်ယီလား”
ကောင်းကင်နတ်အရှင်ဟောင်က တဟားဟား ရယ်လိုက်သည်။ “ထိုက်ယီက ကမ္ဘာဦးစကြ၀ဠာထဲမှာ ပိတ်မိနေပြီး မီလော့နန်းတော်ရဲ့ သခင်လေးတွေ ဖိနှိပ်ခံထားရတာ ကြာပြီလေ…. လောကသစ်ပင်အောက်က ထိုက်ယီက အတုပဲ… ကောင်းကင်နတ်အရှင်မူ ဟန်ဆောင်ထားတာပဲ ဖြစ်မှာ…. သူက သာမန်မဟုတ်ဘူးလေ… စွန့်စားရတာ ကြိုက်တဲ့သူမလား… မင်း ထပ်သောက်ချင်သေးလား”
ခိုင်ဧကရာဇ်က အေးစက်စွာ ဖြေသည်။ “မလိုတော့ဘူး”
ကောင်းကင်နတ်အရှင်ဟောင်က သက်ပြင်းချလိုက်၏။ “ဒီလောက် မြန်မြန် လက်နက်တွေ ထုတ်သုံးရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး…. ချင်ယဲ့၊ မင်းက အံ့မခန်း ပုဂ္ဂိုလ်တစ်ယောက်ပါ…. ကိုယ့်ကိုကိုယ် အထင်ကြီးနေလို့ ငါ့ကို လိုက်မှီအောင် ကောင်းကင်နန်းဆောင်တစ်ခုပဲ အမြန်ကျင့်ကြံခဲ့ပြီးတော့ တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံခဲ့တာပဲ ရှိတယ်… တာအို ရခဲ့ရင်တောင်မှ မင်းရဲ့ ကောင်းကင်နတ်သိုင်းစွမ်းအားတွေက ငါ့အောက် အများကြီး နိမ့်ကျနေသေးတယ်…. မင်းက စိတ်မှ မရှည်ဘဲ”
သူ၏ ဦးခေါင်းနောက်တွင် မဟာကောင်းကင်နတ်ဘုံနှစ်ဘုံ ပေါ်လာပြီး တာအိုတစ်သောင်းကောင်းကင်လှည်းဘီးအဖြစ် ပြောင်းလဲသွားကြ၏။ တစ်ဖက်ခြမ်းက မည်းမှောင်နေပြီး ကျန်တစ်ဖက်ခြမ်းကတော့ တောက်ပနေလေသည်။
ကောင်းကင်နန်းဆောင်တစ်ဆောင်က ခိုင်ဧကရာဇ်အနောက်တွင် ပေါ်လာ၏။ ကျောက်စိမ်းမြို့တော်တွင် နတ်ကောင်းကင်ခန်းမ မရှိသလို၊ ကောင်းကင်နန်းဆောင်မှာလည်း မပြီးပြည့်စုံချေ။
သူသည် နတ်ကောင်းကင်ခန်းမကို သူကိုယ်တိုင် ခုတ်ပိုင်းခဲ့သည့်အတွက် နတ်ကောင်းကင်ခန်းမအဆင့်နှင့်အတူ ဧကရာဇ်ပလ္လင်အဆင့်ပါ ပျောက်ကွယ်သွားခဲ့ရ၏။
“ငါက နတ်ဘုရားတစ်ပိုင်း ဖြစ်သလို လူသားတစ်ပိုင်းလည်း ဟုတ်တယ်’’
အသံတစ်သံက ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးထဲမှ ထွက်ပေါ်လာသည်။ ခိုင်ဧကရာဇ်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည့်အချိန် မည်းမှောင်နေသည့် တာအိုတစ်သောင်းကောင်းကင်လှည်းဘီးက ရုတ်တရက် ကောင်းကင်နန်းဆောင် ၃၅ ဆောင်အဖြစ် ခွဲထွက်ကာ မဟာကောင်းကင်နတ်ဘုံတစ်ဘုံအား ဖွဲ့တည်လိုက်သည်အား တွေ့လိုက်ရသည်။ နောက်ထပ်ကောင်းကင်နတ်အရှင်ဟောင်တစ်ပါးက အထဲမှ ထွက်လာပြီး အဝေးသို့ မြောလွင့်သွား၏။
“ခိုင်ဧကရာဇ် မင်းကတော့ ဒီမှာ နေပြီး ငါ့ရဲ့ နတ်ဘုရားတစ်ပိုင်းခန္ဓာကိုယ်ကို တိုက်ခိုက်ရမယ်… ငါ့ရဲ့ လူသားခန္ဓာကိုယ်ကတော့ ကောင်းကင်နတ်အရှင်မူကို သွားသတ်လိမ့်မယ်” ထိုကောင်းကင်နတ်အရှင်ဟောင် ထွက်ခွာသွားပြီးနောက် အဆုံးသတ်မြို့ပျက်ချောက်နက် ထွက်ပေါ်လာသည်။ ယင်းသည် ယိုတုကို နှစ်ခြမ်းကွဲသွားစေပြီး သူ၏ပုံရိပ်က ဝင်ရောက်ပျောက်ကွယ်သွားချေပြီ။
ခိုင်ဧကရာဇ်အရှေ့တွင် ကောင်းကင်နတ်အရှင်ဟောင်က ထိုင်လျက် သူ့ကို ပြုံးပြနေသည်။
ခိုင်ဧကရာဇ်က ဓားတာအိုကို စုစည်းလျက် ဓားချက်တစ်ချက် ထိုးစိုက်လိုက်ရာ ကောင်းကင်နတ်အရှင်ဟောင်သည် ဟက်ဟက်ပက်ပက် ရယ်မော၏။ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးက သူတို့နှစ်ယောက်အကြားသို့ ရောက်လာသည်။
ယိုတု…
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုကား ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းအား ဖျက်ဆီး၍ ထွက်လာကြချေပြီ။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်ဝူတို့ သူတို့၏ ကောင်းကင်နတ်သိုင်းကို နောက်တစ်ကြိမ် ထုတ်ဖော်တော့မည့်အချိန်တွင် ထိုက်ကျိသဲခုံက ရုတ်တရက် ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ကြယ်တာရာသဲမှုန်များက ထိုက်ကျိလွင်ပြင်အဖြစ် ပြောင်းလဲကာ ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်ဝူကို လူစုကွဲသွားစေတော့သည်။
ဘိုးဘေးနန်းတော် အနက်ရောင်တောင်တန်းတွင်…
ကောင်းကင်နတ်အရှင်ယွင်က ဆတ်ခနဲ ထရပ်လိုက်ပြီး ခပ်ဩဩလေသံဖြင့် ပြောသည်။ “ယိုတုစစ်ပွဲ စနေပြီ… အစ်ကိုကြီးယွီ၊ ကျွန်တော် ဆက်သင်နေလို့ မရတော့ဘူး”
သူ၏ ခန္ဓာကိုယ်က လေပေါ် ပျံတက်သွားသည်။ လောကသစ်ပင်အပေါ်ရှိ ဟင်းလင်းပြင်သည် အက်ကွဲသွားပြီး ဟင်းလင်းပြင်အလွှာ ၃၅ လွှာ ပြန့်ကားလာ၏။ သူ၏အသိစိတ်အလျဉ် မဟာခြုံလွှမ်းကောင်းကင်ဘုံက ပေါ်လွင်လာကာ သူ၏ရုပ်ခန္ဓာကို ခေါ်ဆောင်နေသည်။
သူ့ရုပ်ခန္ဓာ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲသို့ ရောက်တော့မည့်အချိန်တွင် အသံတစ်သံက ရုတ်တရက် ပျံ့လွင့်လာသည်။ “တွေ့ပြီ… ကောင်းကင်နတ်အရှင်ယွင်၊ ငါ့ရဲ့ ထိုက်ချူဧကရာဇ်ဓားက အသုံးဝင်သေးရဲ့လား…”