မင်းအကြောင်း အကုန်သိတယ်
Vol. 123 Ch. 1602
ထိုက်ရှီ၏ တရှုံ့ရှုံ့ ငိုနေသော အသံက ဥထဲမှ ပျံ့လွင့်လာသည်။
ထိုက်ရှီမှာ ဥခွံကို ပြန်စေ့နိုင်အောင် ကြိုးစားရင်း ဆက်ပြေးနေသည်။ သို့သော် အပြင်ရှိ ထိုက်ကျိကြယ်တာရာလွင်ပြင်စွမ်းအင်မှာ ပိုပို၍ အားကောင်းလာသဖြင့် ဥခွံပေါ်တွင် အက်ကွဲကြောင်းများစွာ ထလာစေတော့သည်။ ပြန်စေ့ရန် နောက်ကျသွားလေပြီ။
“ငါ့ရဲ့ ဥရေကြည်တွေ ထွက်ကုန်တော့မှာပဲဟ” သူက အော်ဟစ်ငိုယိုလိုက်သည်။
ဥခွံ အက်ကွဲလာသည်နှင့် ဥထဲရှိ ရေကြည်တို့သည် သူ၏ခြေထောက်ရှိ အက်ကွဲကြောင်းများမှတစ်ဆင့် စတင်စီးထွက်လာ၏။
ထိုက်ရှီမှာ ငိုချင်သော်လည်း မျက်ရည်က ကျမလာ။ သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ဥရေကြည်အားလုံးကို တစ်ခါတည်း စုပ်ယူပစ်လိုက်သည်။
“တစ်စက်လေးမှ အလဟဿ အဖြစ်မခံနိုင်ဘူး”
သူက မျက်ရည်အဝိုင်းသားဖြင့် နှုတ်ခမ်းထောင့်မှ ဥရေကြည်ကို လျက်ပြီးနောက် ကျသွားသော ဥခွံအပိုင်းအစတစ်စအား ကောက်ယူလိုက်သည်။ ထို့နောက် ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။ တကျွတ်ကျွတ် ဝါးပြီးနောက် ခေါင်းမော့ကာ မြိုချလိုက်သည်။
“ကောင်းကင်နတ်အရှင်မူ၊ မကောင်းတဲ့အကောင် … အဲဒီကောင် ငါ့ရဲ့ဥကို တစ်ချိန်လုံး မျက်စောင်းထိုးနေတာ… သူ့အတွက် တစ်စက်ကလေးတောင် ကျန်နေလို့ မဖြစ်ဘူး”
ခွမ်း…
ဥခွံကား အက်ကွဲသွားချေပြီ။ ထိုက်ရှီက ဥခွံအပိုင်းအစများကို လက်ထဲတွင် ပိုက်၍ ပါးစပ်ထဲ အဆက်မပြတ် ထိုးသွင်းနေ၏။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက အရှိန်အဟုန်ဖြင့် လိုက်လာနေကြသည်။ သူတို့နှစ်ယောက် လိုက်မှီလာသည့်အချိန်တွင် အစိမ်းရောင်ဆံပင်ကို ပိုင်ဆိုင်ထားပြီး အစိမ်းရောင်ဝတ်စုံအား ဝတ်ဆင်ထားသော လူဝကြီးအား တွေ့လိုက်ရလေသည်။ သူ၏ဆံပင်များက ရှုပ်ပွနေပြီး သူ၏မျက်နှာက ညစ်ပတ်ပေကျံနေ၏။ သူ၏ ခါးတွင် ကွာမကျသေးသာ ဥခွံအပိုင်းအစများ ကပ်နေသည်။ သူက ဥခွံအစအနတို့အား ပိုက်လျက် ဝါးနေသည်။
ထိုက်ရှီမှာ ဥထဲရှိ ဥရေကြည်အလုံးစုံ မြိုချခဲ့သောကြောင့် ကိန်းဝပ်နေသည့် စွမ်းအင်သည် ကုန် စင်အောင် မလှည့်ပတ်နိုင်တော့ပေ။ ထို့ကြောင့် ခန္ဓာကိုယ်ထဲတွင်သာ သိမ်းဆည်းထားနိုင်သည့်အပြင် ဥခွံအပိုင်းအစများစွာ စားခဲ့သည့်အတွက်ကြောင့်လည်း သူ၏ ခန္ဓာကိုယ်မှာ ၀တုတ်လာခဲ့သည်။ သို့တိုင်အောင် ဝနေခြင်းက မရပ်သေး။ သာမန်မျက်စိဖြင့် မြင်ရနိုင်သော အမြန်နှုန်းဖြင့်ပင် လုံးဝန်းလာတော့သည်။
သူ၏ ရုပ်ရည်သွင်ပြင်အရ အနည်းငယ် ပိန်သွားမည်ဆိုပါက ချောမောခံ့ညားသော လူတစ်ဦး ဖြစ်လာနိုင်၏။ သို့သော် ထိုက်ရှီမှာ ဥရေကြည်နှင့် ဥခွံတို့ကို အလဟဿ မပစ်ရက်ပေ။ အစာမချေနိုင်လျှင်တောင်မှ အစွမ်းကုန် ဝါးစားပစ်ဖို့သာ ဆုံးဖြတ်ထားသည်။
“ထိုက်ရှီက ကောင်းကင်နတ်အရှင်မူနဲ့ နေတာကြာသွားလို့ ရူးသွားပြီပဲ… သူ့ရဲ့ ကိုယ်ပိုင်ဥခွံကိုတောင် ဝါးစားနေတယ်”
ရှေးဟောင်းနတ်ဘုရားမယင်က နှာခေါင်းရှုံ့လိုက်ပြီး ဥခွံတစ်ပွေ့တစ်ပိုက်ဖြင့် ဖက်တီးပုတ်အား တိုက်ခိုက်လိုက်သည်။ “အခုလေးတင် ပြောခဲ့တဲ့ စကားတွေကြောင့် ကြောင်သူတော်ကြွက်သူခိုးလို့ ထင်ခဲ့မိတယ်… ဒီလောက် အကျင့်ပျက်နေလိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့ဘူး”
ရှေးဟောင်းနတ်ဘုရားယန်မှာမူ တစ်ခဏမျှ တုံ့ဆိုင်းနေသည်။ “စပြီးပြီဆိုမှတော့ အဆုံးသတ်ရတော့မှာပေါ့… နောင်တော်ထိုက်ရှီက ခေါင်းမာလွန်းတဲ့အတွက် သတ်ရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူး… အရင်တုန်းက ငါတို့မောင်နှမနှစ်ယောက်ဟာ ကောင်းကင်နတ်အရှင်မူကို ကူညီပေးခဲ့ချင်ပေမယ့် သူက ငါတို့စေတနာကို ငြင်းခဲ့တယ်… ငါတို့နှစ်ယောက်က မပြည့်စုံတဲ့အပြင် ငါတို့ကြောင့် အခြေအနေတွေ ပျက်စီးသွားနိုင်တယ်လို့တောင် ပြောခဲ့တယ်… တာအိုမိတ်ဆွေတွေ ဖြစ်မလာနိုင်မှတော့ ရန်သူတွေပဲ ဖြစ်လာရတော့မှာပေါ့”
သူက ထိုက်ကျိသဲခုံကို အသက်သွင်းလိုက်ပြီး ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် မြွေအမြှီးများအား ရစ်ပတ်လိုက်ရင်း ထိုက်ကျိသဲခုံကို အဆုံးအစွန်အထိ မြှင့်တင်လိုက်သည်။
ဝှမ်း….
ထိုက်ကျိသဲခုံက ယင်နှင့် ယန် ဟန်ချက်ချီမှုကို ဖော်ဆောင်လိုက်၏။ မြေအမြှီးကြီးနှစ်ချောင်းက တစ်ချောင်းကိုတစ်ချောင်း ရစ်ပတ်လိမ်ကောက်၍ အရာအားလုံးကို ကြိတ်ချေနေတော့သည်။
ဥခွံပိုက်ထားသည့် ဖတ်တီးကြီးမှာ စိတ်ရှုပ်လာသဖြင့် လက်ထဲရှိ ဥခွံများကို အပေါ်မြှောက်လိုက်သည်။ သူက ဥခွံထဲတွင် ရှာဖွေနေပြီးနောက် ကြေးမုံတစ်ချပ် ထုတ်ကာ သူ၏ ဦးခေါင်းအနောက်တွင် ထားလိုက်သည်။
အုန်း...
ထိုက်ကျိသဲခုံ ဖတ်တီးကြီးအပေါ် ဖုံးအုပ်သွားသည်ကို ရှေးဟောင်းနတ်ဘုရားနှစ်ပါး ပြတ်ပြတ်သားသား မြင်လိုက်ရ၏။ ထိုစဉ် ထိုက်ရှီ၏ ဦးခေါင်းအနောက်ရှိ ကြေးမုံက ခပ်မှိန်မှိန် အလင်းရောင် ထုတ်လွှတ်ကာ သူ၏ခန္ဓာကိုယ်အပေါ် ဖြာကျသွားစေသည်။ ထိုက်ကျိသဲခုံ၏ စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲတွင် တဝီဝီမြည်သွားပြီး အနည်းငယ်မျှပင် မထိခိုက်နိုင်လိုက်ပေ။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အံ့အားသင့်သွားကြသည်။ “ဒါက ထိုက်ရှီရဲ့ အထွတ်အမြတ်ရတနာလား… ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ”
ကြေးမုံသည် ကြေးသားဖြင့် ပြုလုပ်ထားခြင်း မဟုတ်သော်လည်း အစိမ်းရောင် ဖြစ်နေသည်။ ကြေးမုံ၏ အနောက်တွင် ထူးဆန်းသော တာအိုအမှတ်အသားမျိုးစုံ ပျံဝဲနေသည်။ ကြေးမုံဆီမှ အလင်းရောင် တောက်ပလာသည့်အချိန်တွင် သူတို့၏ ကောင်းကင်နတ်သိုင်း စွမ်းအားများ ပျောက်ကွယ်သွားကြသည်။
ထိုက်ရှီမှာ ကျန်ဥခွံအစများအား လက်ထဲတွင် ချက်ချင်း ပြန်ကိုင်ထားလိုက်သည်။ ထို့နောက် ပါးစပ်ထဲ ထိုးထည့်ရန် ထပ်မံကြိုးစားနေသည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ဒေါသထွက်နေကြသော်လည်း သူ့အဖြစ်ကို ကြည့်ကာ ရယ်ချင်နေကြသည်။ သူတို့က ပြိုင်တူ မေးလိုက်ကြ၏။ “ခင်ဗျားရဲ့ဥခွံတွေကို ဘယ်သူ ယူမှာမလို့လဲ”
နှစ်ယောက်သား ရှေ့သို့ ပြေးတက်သွားကြသည်။ ရုတ်တရက် ထိုက်ရှီက လိမ့်လျက် သူတို့ဆီ ပြေးဝင်လာ၏။ ထိုက်ကျိနတ်ဘုရားနှစ်ပါးက တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ တစ်ခုက သန့်စင်သော ယင်ကောင်းကင်နတ်သိုင်း ဖြစ်ပြီး ကျန်တစ်ခုကတော့ သန့်စင်သော ယန်ကောင်းကင်နတ်သိုင်း ဖြစ်သည်။ သူတို့က ဖက်တီးကြီးကို နှစ်ဖက်ပိတ်ကာ တိုက်ခိုက်လိုက်ကြသည်။
သို့သော် ထိုက်ရှီက သူတို့၏တိုက်ကွက်များအကြားမှ ဖြတ်သန်းသွားလေသည်။ ထိုတိုက်ကွက်များက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း သူ့ကို ထိပင် မထိသည့်အလားပင်။
ဝုန်း… ဝုန်း
ယင်ရှေးဟောင်းနတ်ဘုရားမမှာ မျက်နှာသို့ ထိုးနှက်ခံလိုက်ရပြီး ယန်ရှေးဟောင်းနတ်ဘုရားကတော့ ညာဘက်ပါးအား အထိုးခံလိုက်ရသည်။ သူတို့နှစ်ယောက်လုံး အံ့သြဒေါသထွက်သွားကြ၏။ ထိုက်ရှီ၏ လက်နှစ်ဖက်က ဘယ်ညာ နေရာယူကာ သူတို့နှစ်ယောက်ကို ဆွဲယူလိုက်သည်။ သူ အသုံးပြုလိုက်သည့် တိုက်ကွက်မှာ ထိုက်ကျိတာအိုမှ သိမြင်နားလည်ထားသော တိုက်ကွက်ပင်။
“ငါတို့သိုင်းကွက်နဲ့ ငါတို့ကို အနိုင်ယူချင်တာပေါ့လေ”
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ဒေါသူပုန်ထလာကြသည်။ “ခင်ဗျားက အခြေခံပဲ သိသေးတာအောင် လာပြီး ကြွားရဲတယ်… ငါတို့ကို သိပ်ပြီး အထင်သေးနေတာပါလား”
ထိုက်ရှီသည် တိုက်ကွက်ကို လျှပ်တပြက် ပြောင်းလဲလိုက်သဖြင့် ထိုက်ကျိသိုင်းကွက်မှ ထိုက်စုသိုင်းကွက် ဖြစ်သွားလေရာ ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အငိုက်မိသွားကြသည်။
သူ လက်နှစ်ဖက်ကို ယှက်လိုက်သည့်အခါ ဖရိုဖရဲချီတို့က ပြန့်ကားထွက်လာကြ၏။ ၎င်းတို့က ရှေးဟောင်းနတ်ဘုရားနှစ်ပါးကို ဝန်းရံလျက် ဧရာမပန်းဖူးငုံကြီးတစ်ခု ဖွဲ့တည်လာသည်။
ထိုက်စု ဖရိုဖရဲကမ္ဘာဦး၏ ပန်းဖူးတစ်ပွင့်ကို ဖွင့်လှစ်ခြင်း။
ဤသည်က ချင်မူ့ကောင်းကင်နတ်သိုင်းဖြစ်သော်လည်း ဖက်တီးကြီးသည် ချောချောချူချူ အသက်သွင်းလိုက်နိုင်၏။ မသိလျှင် အကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်ထားသည့်အလားပင်။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးက အော်ဟစ်ကြုံးဝါးရင်း ဖရိုဖရဲချီတို့အား ဖျက်ဆီးရန် ထိုက်ကျိသဲခုံအား အသက်သွင်းလိုက်သည်။ ဖက်တီကြီးက သူတို့ကို ဦးညွှတ်အရိုအသေပေးကာ တွန်းထုတ်လိုက်၏။
မူလချီဖရိုဖရဲတာအိုသိုင်းကွက်
၎င်းကလည်း ချင်မူ၏ ကောင်းကင်နတ်သိုင်းပင်။
ယင်နှင့် ယန်တို့ အနောက်သို့ လွင့်ထွက်သွားကြ၏။ ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ လူစုကွဲတော့မည့်အလား ဖြစ်သွားသည့်အခါ တစ်စုံတစ်ခုမှားယွင်းနေကြောင်း ချက်ချင်း သဘောပေါက်သွားကြသည်။ သူတို့က လူစုကွဲမသွားအောင် အမြှီးချင်း အလျင်အမြန် ရစ်ပတ်ထားလိုက်ကြသည်။
သူတို့သာ နှစ်ယောက်ကွဲသွားပါက ထိုက်ရှီက တစ်ယောက်ချင်း သတ်ဖြတ်ပေလိမ့်မည်။
နောက်ဆုံးတွင် ခန္ဓာကိုယ်အား ဟန်ချက်ထိန်းနိုင်လိုက်စဉ် ထိုက်ရှီ လျင်မြန်စွာ လိမ့်လာနေသည်ကို တွေ့လိုက်ရသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ငါ ကဥထဲမှာ ဥရေကြည်ပဲ စားနေတယ်ထင်လား… ငါ ကြည့်မထားတဲ့ ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းကင်နတ်သိုင်းဆိုတာ မရှိဘူးကွ… သူ့ရဲ့စွမ်းဆောင်ရည်တွေကို ငါ သင်ယူနိုင်ရင် သင်ယူလိုက်ပေမယ့် မသင်ယူနိုင်ရင်လည်း ကိစ္စမရှိဘူး… သူက ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ လန်ဝူနဲ့ ကောင်းကင်နတ်အရှင်လင်ဆီမှာ သင်နေခဲ့တာ... ငါကလည်း သူ့အနားကပ်ပြီး သူ့ဆီက ပြန်သင်နေရုံပဲ”
သူ၏ခေါင်းအနောက်ရှိ ကြေးမုံက မြင့်တက်လာသည်။ ကြေးမုံ၏ အလင်းရောင်သည် ထိုက်ကျိနတ်ဘုရားနှစ်ပါးဆီမှ ကောင်းကင်နတ်သိုင်းများအား ထိုက်ရှီခန္ဓာကိုယ်ကို မထိတွေ့အောင် တားဆီးပေးနေ၏။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အခက်တွေ့နေကြသည်။ သူတို့နှစ်ယောက်က ဆက်လက်တိုက်ခိုက်ရင်း နောက်ဆုတ်နေကြ၏။ ထိုက်ရှီ တိုက်ခိုက်သည့်ပုံစံကို မုန်းတီးကြသော်လည်း မည်သို့မှ မတတ်နိုင်ကြပေ။
ထိုက်ရှီက သူတို့ကို ပတ်၍ လိမ့်နေသည်။ “ငါ တာအိုမရခင်အထိ သူ့ဆီ ကပ်ထားဖို့ ရည်မှန်းထားတာ… အဲဒါဆို မွေးလာတာနဲ့ တာအိုသိုင်းပညာရှင်တစ်ယောက် တန်းဖြစ်သွားရုံပဲ… အခုတော့ မင်းတို့က ငါ့ရဲ့အကြံအစည်ကို ဖျက်ဆီးလိုက်ပြီ… အခု မွေးလာပြီဆိုတော့ ဘယ်လိုလုပ် သူ့ရဲ့ကောင်းကင်ရတနာထဲ ပြန်သွားပြီး ကပ်ထားနိုင်တော့မှာလဲ… အဲ့လိုမလုပ်နိုင်တော့ဘူး” ထိုက်ရှီက ဒေါသတကြီး အော်ဟစ်နေ၏။
“သူ့ရဲ့အထွတ်အမြတ်ရတနာကို အရင်တိုက်ခိုက်ကြတာပေါ့”
“သူ့ရဲ့ ကြေးမုံက အဓိကပဲ… ကြေးမုံအလင်းရောင် သူ့အပေါ် တောက်ပနေသရွေ့ ငါတို့ တိုက်ခိုက်လို့မရဘူး… သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို မတိုက်ခိုက်ခင် ကြေးမုံကို အရင်တိုက်ခိုက်မှဖြစ်မယ်..”
သူတို့နှစ်ယောက်သား ထိုက်ကျိသဲခုံကို အသက်သွင်းလိုက်ကြပြန်သည်။ သူတို့၏ခန္ဓာကိုယ်များက သဲခုံထဲတွင် လှည့်ပတ်သွားကြပြီး နွားခေါင်း၊ လူကိုယ်ရှိသည့် မြေအောက်ဘုံအရှင်သခင်အဖြစ် ပြောင်းလဲသွား၏။ သူတို့၏ မျက်လုံးသုံးလုံးက ပြင်းထန်လှသော ယိုတုမိစ္ဆာမီးတောက်များကို ထုတ်လွှတ်လျက် ကြေးမုံဆီသို့ ထိုးနှက်လိုက်ကြသည်။
ထိုက်ရှီမှာ ယခုလေးတင် မွေးဖွားလာခဲ့သောကြောင့် သူ၏ကြေးမုံမှာ မည်သို့အသုံးဝင်မှန်း မသိပေ။ သူ့အနေဖြင့် ၎င်းကိုသာ အသက်သွင်းနိုင်၏။ ယခုတွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက မြေအောက်ဘုံအရှင်သခင်အဖြစ် အသွင်ပြောင်းသွားသည်ကို တွေ့လိုက်ရသောကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးက အစိမ်းရောင်ကြေးမုံအား ထိုးနှက်လိုက်ကြ၏။ သူတို့၏လက်သီးချက်များက မည်သည့်အရာကိုမှ မထိတွေ့သည့်အလား ကြေးမုံကို ဖြတ်ကျော်သွားလေသည်။ ရုတ်တရက် ကြေးမုံသည် အသံဗလံများဖြင့် ပြောင်းပြန်လန်သွား၏။ လက်သီးတစ်ချက်က ယိုတုတာအိုကို ဖြတ်သန်းပြီး ရှေးဟောင်းနတ်ဘုရားနှစ်ပါး အသွင်ယူထားသည့် မြေအောက်ဘုံအရှင်သခင်၏ မျက်နှာဆီသို့ ထိုးနှက်လိုက်သည်။
မြေအောက်ဘုံအရှင်သခင်မှာ အနောက်သို့ လန်ကျသွားပြီး ခန္ဓာကိုယ်ပါ ပြိုလဲသွား၏။ ကြယ်တာရာသဲမှုန်များက အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားကြပြီး ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကြသည်။ သူတို့၏ မျက်နှာအမူအရာမှာ ဇဝေဇဝါဖြစ်နေကြဟန် ရှိသည်။
ထိုက်ရှီမှာ ချက်ချင်း သတ္တိကောင်းလာကာ ချင်မူ့ကောင်းကင်နတ်သိုင်းတို့အား ပြီးပြည့်စုံသည့်အထိ အသက်သွင်းလိုက်သည်။ သူက မည်သည်ကိုမှ ထိမ်ချန်မထားပေ။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် အကြိမ်ကြိမ် ရှောင်တိမ်းနေရပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ပိုပို၍ များပြားလာကြသည်။ သူတို့မှာ စိတ်ထဲတွင် အော်ဟစ်လိုက်မိ၏။ ‘ထိုက်ရှီက လူယုတ်မာတစ်ယောက်လို တိုက်ခိုက်နေတာပဲ…. ဘယ်လိုလုပ် ထိုက်ငါးပါးထဲက တစ်ပါးဖြစ်နေရတာလဲ.. သူက လူကောင်း မဟုတ်ဘူး”
သူတို့နှစ်ယောက်မှာ ခံနိုင်ရည်မရှိကြတော့ပေ။ နှစ်ယောက်ကား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်းရုတ်တရက် အော်ဟစ်လိုက်ကြ၏။ ဤအထိ နားလည်သိမြင်ထားခဲ့သော ထိုက်ကျိတာအို စွမ်းဆောင်ရည်များကို အသက်သွင်းလိုက်ကြချေပြီ။
ချက်ချင်းဆိုသလို ထိုက်ကျိသဲခုံသည် ကမ္ဘာဦးစကြ၀ဠာတစ်ခု အသွင်ပြောင်းလဲသွား၏။ ကောင်းကင်နှင့် မြေကြီး ဖြစ်ပေါ်လာသည့်အချိန်၌ ၀င်ရိုးစွန်းလေးခုသည် မပြည့်စုံသေးကြောင့် လွင်ပြင်ကျယ်တစ်ခုသာ ဖြစ်တည်နေသယောင်ပင်။
ဤမြင်ကွင်းမှာ အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။ ကမ္ဘာဦးစကြ၀ဠာ ၂၆ လွှာက တစ်ခုပေါ်တစ်ခု ထပ်၍ ထိုက်ကျိအမှတ်အသား ၂၆ လွှာကို ဖွဲ့တည်လာ၏။ ထိုက်ကျိစကြဝဠာများက တစ်ခုနှင့်တစ်ခု ထပ်နေကြသည်။
ထိုက်ရှီသည် ကောင်းကင်နတ်သိုင်းထဲသို့ ကျရောက်သွား၏။ သူက တူညီသော လှည့်ကွက်ကို ထုတ်သုံးတော့မည့်အချိန်တွင် အန္တရာယ်ကို အာရုံခံလိုက်မိသဖြင့် ချက်ချင်းဆိုသို တိုက်ကွက်အား ပြောင်းလဲလိုက်တော့သည်။ သူ၏ ဝတုတ်နေသော ခန္ဓာကိုယ်ကြီးထဲမှ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
သူ၏ဦးခေါင်းအနောက်ရှိ အစိမ်းရောင်ကြေးမုံသည် လှည့်ပတ်ရင်း မြင့်တက်သွား၏။ ကြေးမုံ တောက်ပလာသည့်အချိန်တွင် အစိမ်းရောင်ကံကြမ္မာစကြ၀ဠာ ၂၆ လွှာလည်း တစ်ခုပေါ်တစ်ခု ထပ်သွားကြသည်။
နှစ်ဖက်စလုံးက ဟိန်းဟောက်ကာ ဝင်တိုက်သွားကြချေပြီ။
ထိုအချိန်တွင်...
လန်ဝူက ရွှေသင်္ဘောပေါ်မှ ဆင်း၍ ကောင်းကင်နတ်အရှင်ယွဲ့အား သွားရောက်ကယ်တင်သည်။ ကောင်းကင်နတ်အရှင်ဟွေ့သည် ကောင်းကင်နတ်အရှင်ယွဲ့အား သတ်ဖြတ်တော့မည့်အချိန်တွင် ရုတ်တရက် စိတ်ရှုပ်ထွေးကာ မူးဝေလာ၏။ တစ်စုံတစ်ခု လွဲမှားနေကြောင်း သဘောပေါက်သွားသည့်အခါ မဆိုင်းမတွ နောက်ဆုတ်လိုက်သည်။ ထို့နောက် သူ၏ညာလက်ကို ဆန့်တန်း၍ အားဖြင့် လှမ်းဆွဲယူလိုက်သည်။
လန်ဝူမှာ သူ၏လက်ဖဝါးထဲသို့ ကျရောက်လုနီးပါး ဖြစ်သွားသည်။ သူမသည် ဟင်းလင်းပြင်ထဲတွင် ပုန်းနေခဲ့သော်လည်း မီးလက်ချောင်းငါးချောင်းက ဟင်းလင်းပြင်အလွှာများကို ဖြတ်ကာ သူမပတ်ဝန်းကျင်အား ဆွဲယူလိုက်ချေသည်။ ဟင်းလင်းပြင်ထဲတွင် လောင်ကျွမ်းနေသည့် အမှတ်အသားများ ကျန်ရစ်ခဲ့သည်။
ကောင်းကင်နတ်အရှင်ယွဲ့က ဤအခွင့်အရေးကို အသုံးချကာ ကောင်းကင်နတ်အရှင်ဟွေ့ထံမှ လွတ်မြောက်သွားသည်။
လန်ဝူက လက်ကို လွှဲရမ်းလိုက်ရာ ဖဲကြိုးတစ်စ ပျံသန်းသွားပြီး ကောင်းကင်နတ်အရှင်ယွဲ့အား ခေါ်လာပေးသည့် ရောင်စုံတံတားတစ်စင်းအသွင် ပြောင်းလဲသွားသည်။
ကောင်းကင်နတ်အရှင်ဟွေ့သည် ရပ်တန့်လိုက်၏။ သူ၏အကြည့်က ဟင်းလင်းပြင်ကို ဖောက်ထွက်၍ သူတို့နှစ်ယောက်အပေါ်သို့ ကျရောက်လာသည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ အံ့အားသင့်နေရာမှ သတိပြန်ဝင်သွားကာ ခပ်တိုးတိုး မေးလိုက်လေသည်။ “နင် ဘယ်လိုလုပ် လွတ်လာတာလဲ”
“မီလော့နန်းတော်အရှင်သခင်ရဲ့ ရွှေသင်္ဘောက ကျွန်မကို ကယ်လိုက်တာ”
လန်ဝူ သင်္ဘောဆီသို့ လှမ်းကြည့်လိုက်သည့်အခါ သင်္ဘောသည် ယိုတုကို ဖြတ်သန်းသွားရင်း ချင်ဖုန်းကျင့်အား တိုက်ခိုက်နေသော ကောင်းကင်နတ်အရှင်ရှုကို ဝင်တိုက်လိုက်ကြောင်း တွေ့လိုက်ရသည်။
ကောင်းကင်နတ်အရှင်ရှုက လက်မြှောက်၍ ကာလိုက်သည်။ ရွှေသင်္ဘောမှာ တားမရနိုင်မှန်း ခံစားလိုက်ရသည့်အခါတွင်တော့ ချက်ချင်း ရှောင်တိမ်းလိုက်သည်။ ၎င်းသည် သူမကို ကျော်သွားပြီး ရွှေရောင်အလင်းတန်းတစ်တန်း ထုတ်လွှတ်ကာ ချင်ဖုန်းကျင့်ကို မြှောက်တင်လိုက်၏။
နောက်တစ်ခဏတွင် ချင်ဖုန်းကျင့်မှာ သင်္ဘောထိပ်သို့ ရောက်သွားတော့သည်။
ကောင်းကင်နတ်အရှင်ရှုက သင်္ဘောကို တိုက်ခိုက်နေသော်လည်း ရွှေရောင်အလင်းတန်းသည် သူမ၏တိုက်ကွက်များကို ဆက်တိုက် ခုခံကာကွယ်နေ၏။ သို့သော် ရွှေရောင်အလင်းတန်းမှာ သူမကို ကြာကြာထိန်းမထားနိုင်ဘဲ မကြာမီ ချိုးဖျက်ခံရပေတော့မည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်လင် ထွက်လာသည်။ ရွှေရောင်အလင်းတန်းသည် ဖြာကျလာပြီး ကောင်းကင်နတ်အရှင်လင်အား သင်္ဘောသို့ ခေါ်တင်လိုက်၏။
ကောင်းကင်နတ်အရှင်ရှုမှာ ထိတ်လန့်သွားကာ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။ ယခု ရွှေသင်္ဘောကို တိုက်ခိုက်လိုက်လျှင် ချင်ဖုန်းကျင့်နှင့် ကောင်းကင်နတ်အရှင်လင်၏ တိုက်ကွက်များအား ရင်ဆိုင်ရပေတော့မည်။ သူမစိတ်ထဲတွင် ကြောက်စိတ်တို့ ဖြစ်ပေါ်လာလေသည်။
“ဒါဆိုရင် မြေအောက်ဘုံအရှင်သခင်ရဲ့ ရုပ်ခန္ဓာကို အရင်ယူရမယ်… ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ”
သူမက ရွေသင်္ဘောအား ထားရစ်ခဲ့ပြီး မူလဝိညာဉ်ဖြင့် မြေအောက်ဘုံအရှင်သခင်၏ ရုပ်ခန္ဓာ ရှိရာသို့ ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာပင် ယိုတုအနက်ပိုင်းရှိ အဆုံးမရှိသော အမှောင်ထုထဲ၌ မီးတောက်တစ်ခု တောက်ပလာသည်။ မိစ္ဆာမီးတောက်သည် အရှိန်အဟုန်ပြင်းစွာဖြင့် ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး နက်မှောင်နေသည့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတစ်ဦးအား ပေါ်လွင်လာစေ၏။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ နဖူးမှာ မီးတောက်များဖြင့် လင်းထိန်နေပြီး ဦးချိုနှစ်ဖက်သည် ကောင်းကင်ထက်သို့ မြှောက်တက်လာကာ ရွှေသင်္ဘောအပေါ် ဖိချလိုက်ချေသည်။
ထိုအခိုက်အတန့်တွင် မြေအောက်ဘုံအရှင်သခင်၏ ဦးခေါင်းမှာ နဖူးအထိ ပြိုကျနေပြီ ဖြစ်သည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားထဲရှိ နန်းဆောင်ထဲတွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတစ်ဦးက ကောင်းကင်သို့ ချက်ချင်း ပျံတက်ကာ ကောင်းကင်နတ်အရှင်ရှု၏ မူလဝိညာဉ်လက်ချောင်းများအကြားမှ ဖြတ်ကျော်သွားသည်။
“ကောင်းကင်နတ်အရှင်ယွီ၊ ကောင်းကင်နတ်အရှင်ရှောင်ရဲ့ ကောင်းကင်လက်နက်”
ကောင်းကင်နတ်အရှင်ရှုမှာ အံ့အားသင့်သွားပြီး ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ချက်ချင်း မှတ်မိသွားသည်။ ကောင်းကင်နတ်အရှင်ရှောင် ကောင်းကင်နတ်အရှင်ယွဲ့ကြောင့် နှင်ထုတ်ခံခဲ့ရသည့်အချိန်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ ကောင်းကင်နတ်အရှင်ရုံကြောင့် ဒဏ်ရာရသွားခဲ့ပြီး ခေါ်ဆောင်သွားခံခဲ့ရသယောင်ပင်။
ဤကောင်းကင်လက်နက်သည် ယခင်က အသုံးပြု၍ မရသော်လည်း ချင်မူက သခင်မယွမ်မုနှင့် အပေးအယူလုပ်ကာ သူမအား ပြင်ဆင်ခိုင်းခဲ့ခြင်း ဖြစ်သည်။
“အခြေအနေ မကောင်းတော့ဘူး… ကောင်းကင်နတ်အရှင်ရုံက ဒီကောင်းကင်လက်နက်ကို ဆင့်ခေါ်ပြီး ရှေးဟောင်းနတ်ဘုရားဘုရင်ကို တိုက်ခိုက်တော့တယ်… ကောင်းကင်နတ်အရှင်ရုံရဲ့ ရုပ်ခန္ဓာက အားနည်းပေမယ့် ကောင်းကင်လက်နက်ရဲ့ ရုပ်ခန္ဓာကတော့ သန်မာတယ်… ကောင်းကင်လက်နက်က သူ့ရဲ့အားနည်းချက်ကို ဖြည့်တင်းပေးပြီး သူ့ရဲ့ အသန်မာဆုံးမူလဝိညာဉ်ကို အသုံးဝင်လာစေလိမ့်မယ်”
ကောင်းကင်နတ်အရှင်ရှုသည် ကောင်းကင်နတ်အရှင်ရုံ ဤကောင်းကင်လက်နက်ကို ဆင့်ခေါ်လိုက်သော ရည်ရွယ်ချက်အား ခန့်မှန်းနိုင်ခဲ့သော်လည်း ရှေးဟောင်းနတ်ဘုရားဘုရင်ကို သွားရောက်ကူညီရန် ဆန္ဒမရှိပေ။ သူမက စိတ်ထဲမှ တွေးလိုက်၏။ “မြေအောက်ဘုံအရှင်သခင်ရဲ့ ရုပ်ခန္ဓာက ပိုအရေးကြီးတယ်”
သူမ၏မူလဝိညာဉ်က မြေအောက်ဘုံအရှင်သခင်၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။ ၎င်းကို ထိတွေ့လိုက်သည်နှင့် မြေအောက်ဘုံအရှင်သခင်၏ ဦးခေါင်းမှာ ချက်ချင်း ပြိုကွဲသွားပြီး လောကတစ်ခုနီးပါး အရွယ်အစားရှိသည့် အစိတ်အပိုင်းများ ပြုတ်ကျသွားတော့၏။
ကောင်းကင်နတ်အရှင်ရှုမှာ အံ့ဩမှင်သက်စွာဖြင့် မယုံနိုင်သော မျက်နှာအမူအရာ ဖြစ်နေတော့သည်။
မြေအောက်ဘုံအရှင်သခင်၏ ရုပ်ခန္ဓာမှာ အခွံကြီး ဖြစ်နေသည်။
သူမ ငုံ့ကြည့်လိုက်သည့်အခါ မြေအောက်ဘုံအရှင်သခင်၏ ဧရာမခန္ဓာကိုယ်ကြီးသည် အတွင်း၌ ဗလာဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ဤခန္ဓာကြီးကား အခွံသက်သက်သာ။
“မြေအောက်ဘုံအရှင်သခင်ရဲ့ အသွေးနဲ့ အသားက ဘယ်ရောက်သွားတာလဲ”
သူမမှာ ရူးချင်လာတော့သည်။ ထို့နောက် မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သော ကံကြွေးမီးတောက်များ တောက်လောင်နေပြီး ရွှေရောင် ကံမီးလုံးတစ်လုံးအဖြစ် စုစည်းနေကြောင်း သတိထားမိလိုက်သည်။ မီးတောက်အကြား၌ လူရိပ်တစ်ခုက လောင်ကျွမ်းနေသည်။
သူမမှာ အနည်းငယ် ကြောင်အသွားပြီး ကံမီးတောက်အထဲရှိ ပုဂ္ဂိုလ်ကို ကြည့်လိုက်၏။ ထိုသူကား မြေအောက်ဘုံအရှင်သခင်အားချိုပင်။
သူမက အကြည့်လွှဲလိုက်ပြီး မြေအောက်ဘုံအရှင်သခင်၏ခြေထောက်သို့ ကြည့်လိုက်သည်။ ထိုနေရာက ကျောက်စိမ်းအကျဉ်းထောင်တံခါး ဖြစ်သည်။
ကျောက်စိမ်းအကျဉ်းထောင်တံခါးအတွင်းရှိ အားချိုသည် မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ထဲရှိ ပုဂ္ဂိုလ်နှင့် တစ်ယောက်တည်း ဖြစ်သည်။ ယိုတု၏ နေရာဟင်းလင်းပြင်မှာ ကြီးမားကျယ်ပြန့်လှသော မှော်စွမ်းအင်များကြောင့် ပုံပျက်နေ၍သာ နှစ်ယောက်ရှိသေယာင် ထင်ရခြင်းပင်။
အခြားတစ်ဖက်တွင် ချင်မူသည် မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်ဆီသို့ ရောက်နေပြီဖြစ်ပြီး ကျောက်စိမ်းအကျဉ်းထောင်တံခါးထဲသို့ ဝင်သွား၏။
ကျောက်စိမ်းအကျဉ်းထောင်တံခါးထဲ၌ နတ်ဧကရာဇ်လန်ရွှမ်သည် ကံမီးတောက်ကျောက်တိုင်တစ်တိုင်ထက်တွင် ထိုင်နေ၏။ သူ၏လက်များက တင်ပါးအောက်တွင် ခုထား၏။ သူက ခြေထောက်များကို လွှဲရမ်းရင်း ချင်မူ ဝင်လာသည်ကို အေးအေးလူလူ ကြည့်နေသည်။
“ကောင်းကင်နတ်အရှင်မူ၊ မြေအောက်ဘုံအရှင်သခင် အားချိုကို လာရှာတာလား… ကောင်းကင်နယ်စားမင်းရဲ့ လူဝင်စားကို လာရှာတာလား...”
နတ်ဧကရာဇ်လန်ရွှမ်က ပြုံးသည်။ “မင်း နောက်ကျသွားပြီ… ငါ့ရဲ့ ညီတော် ကောင်းကင်နတ်အရှင်ဟောင်က မင်း ဒီကိုလာမှာ ကြိုတင်ခန့်မှန်းနိုင်ခဲ့တဲ့အပြင် မြေအောက်ဘုံအရှင်သခင်ရဲ့ အစီအစဉ်၊ ကောင်းကင်နယ်စားမင်းရဲ့ အစီအစဉ်ကိုလည်း ခန့်မှန်းနိုင်ခဲ့တယ်…. သူက မင်းအကြောင်း ခရေစေ့တွင်းကျ အကုန်သိတယ်ကွ”