သေဖို့မှတစ်ပါး ရွေးစရာမရှိ
Vol. 123 Ch. 1604
ကောင်းကင်နယ်စားမင်း၏ ခွန်အားသည် ကောင်းကင်နတ်အရှင်တစ်ပါးအဆင့်သို့ မရောက်သေးပေ။ သူ၏ မှော်စွမ်းအင်သည် မူလဘဝတုန်းကထက် များစွာ အားနည်းနေ၏။ သူ့ကို ယခင်ဘဝကောင်းကင်နယ်စားမင်းထက် ပို၍ သန်မာနေစေသည့်အရာမှာ ကောင်းကင်တာအိုအပေါ် နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်ထားသည့်အချက်ပင် ဖြစ်သည်။ သူသည် သူ၏သားတော် ရှေးဟောင်းနတ်ဘုရားဘုရင်ထက်ပင် ပိုမိုမြင့်မားစွာ နားလည်သိမြင်ထား၏။
ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာနှင့် ကောင်းကင်တာအိုဆီမှ အချုပ်အနှောင်များကို ဖယ်ရှားပြီးနောက် ကောင်းကင်နယ်စားမင်းအနေဖြင့် ကောင်းကင်တာအို၏ အဓိပ္ပာယ်ကို ပိုမိုနားလည်ကာ နီးစပ်လာနိုင်ခဲ့သည်။
ကောင်းကင်တာအိုအထွတ်အမြတ်ရတနာအပါး ၅၀ က သူ၏လက်ထဲသို့ ရောက်လာကြသည်။ အထွတ်အမြတ်ရတနာ ၄၉ ပါးအနက် ကောင်းကင်အမိန့်၊ ကောင်းကင်ချီ၊ ကောင်းကင်ချိပ်တံဆိပ်၊ ကောင်းကင်ပိုက်ကွန်နှင့် ကောင်းကင်လျှို့ဝှက်ချက်များ စသဖြင့် ပါရှိသည်။ ၎င်းတို့က တစ်လွှာပြီးတစ်လွှာ ပြောင်းလဲအဆင့်မြင့်လာရင်း နတ်ဧကရာဇ်လန်ရွှမ်၏ ရုပ်ခန္ဓာကို အက်ကွဲနေစေတော့သည်။
လန်ရွှမ်၏ရုပ်ခန္ဓာ အက်ကွဲသွားသည့်အချိန်တွင် သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ကောင်းကင်နတ်ဘုံက ရုတ်တရက် ပြန့်ကားလာသည်။ အနီရောင်ကြိုးငါးကြိုးက လန်ရွှမ်၏ ကောင်းကင်နတ်ဘုံထဲသို့ ကျူးကျော်ဝင်ရောက်ကာ တာအိုသစ်သီးအား ချုပ်နှောင်ထားချေပြီ။
ကောင်းကင်နယ်စားမင်းက ကောင်းကင်တာအိုလက်နက်များကို ကိုင်လျက် ပြေးဝင်သွားသည်။ ကောင်းကင်တာအိုတို့သည် ပေါင်းစည်းသွားကြပြီးနောက် လန်ရွှမ်၏ ကောင်းကင်နတ်ဘုံထဲရှိ အဆောက်အဦးမှန်သမျှအား တိုက်ချဖျက်ဆီးကာ တာအိုသစ်သီးဆီ ဦးတည်သွား၏။
တာအိုသစ်သီးမှာ အနီရောင်ကြိုးထုံးဖြင့် ချည်နှောင်ခံထားရသောကြောင့် မရုန်းကန်နိုင်ဘဲ ကောင်းကင်နယ်စားမင်း ပြေးဝင်လာနေသည်ကိုသာ ကြည့်နေနိုင်သည်။
ကောင်းကင်နယ်စားမင်း အနီရောင်ကြိုးထုံးအား ထိလိုက်သည်နှင့် တာအိုသစ်သီးသည် လွတ်မြောက်လိမ့်မည်မဟုတ်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်က တာအိုသစ်သီး၏ အရှေ့တွင် ပေါ်လာသည်။ သူက လက်လွှဲရမ်းလိုက်ရာ အသူရာချောက်နက်တစ်ခု ဖွဲ့တည်လာသည်။ ကောင်းကင်နယ်စားမင်းမှာ ကောင်းကင်တာအိုလက်နက်များနှင့်အတူ ချောက်ထဲသို့ ပြုတ်ကျသွားတော့သည်။
ထို့နောက် အသူရာချောက်နက်သည် ပြင်းထန်စွာ တုန်ခါသွား၏။ ကောင်းကင်တာအိုလက်နက်များက ကောင်းကင်နယ်စားမင်းနှင့်အတူ ပြန်ထွက်လာသည်။
ကောင်းကင်နယ်စားမင်းက အသူရာချောက်နက်ထဲမှ ခုန်ထွက်၍ မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ သူ၏ကောင်းကင်ဓားက မြေအောက်ဘုံအရှင်သခင်အားချိုဆီသို့ ခုတ်ပိုင်းလိုက်သည်။ မြေအောက်ဘုံအရှင်သခင်ကို ချည်နှောင်ထားသည့် ရွှေရောင်ကြိုးလည်း ပြတ်တောက်သွားပြီး မြေအောက်ဘုံအရှင်သခင်မှာ ကျောက်ပြားတောအုပ်ထဲသို့ ပြုတ်ကျသွား၏။
“မဆိုးပါဘူး”
ကောင်းကင်နတ်အရှင်ဟောင်က ချီးကျူးလိုက်သည်။ သူ၏ မျက်လုံးများက ပြိုင်ဘက်ကင်းသော အာကာသတွင်းနက်ကြီးအလား မည်းမှောင်နေသဖြင့် ကြည့်သူတိုင်းကို စိတ်မအီမသာဖြစ်စေသည်။ “ကောင်းကင်နယ်စားမင်း၊ ခင်ဗျားက ကောင်းကင်နတ်အရှင်မူ ပြန်အသက်သွင်းပေးတာ ခံခဲ့ရပြီးတဲ့နောက် အရင်ကထက် ပိုအစွမ်းထက်လာတာပဲ… ခင်ဗျား ကောင်းကင်နတ်အရှင်ဟုန် ဖြစ်ခဲ့တုန်းက ခင်ဗျားရဲ့ မှော်စွမ်းအင်က သိပ်သည်းအားကောင်းပေမယ့် တာအိုနှလုံးသားအဆင့်က နိမ့်ကျလွန်းခဲ့တယ်… ကောင်းကင်နတ်အရှင်ချင် တာအိုကျင့်စဉ်စနစ်ကို ဖွင့်လှစ်ပြီးတဲ့နောက် ကောင်းကင်နတ်အရှင်ဟုန်ဟာ နောက်ကျကျန်ခဲ့ပြီး ကောင်းကင်နတ်အရှင်မူရဲ့ လှည့်ကွက်ထဲ ဝင်ခဲ့ရတယ်… ကောင်းကင်နယ်စားမင်း၊ ခင်ဗျား ကောင်းကင်နတ်အရှင်ဆယ်ပါးဆီ ပြန်လာချင်တယ်ဆိုရင် ကျုပ် ကြိုဆိုနေမှာပါ”
ကောင်းကင်နယ်စားမင်းက သူ၏ကောင်းကင်နိယာမ တာအိုလက်နက်ကို မြှောက်လိုက်သည်။ ကောင်းကင်တာအိုလက်နက်များက သူ၏ပတ်ပတ်လည်တွင် ကခုန်နေကြ၏။ သူက ရယ်လျက် တုံ့ပြန်လိုက်သည်။ “ဟုန် သေသွားတာက ကောင်းကင်နတ်အရှင်မူနဲ့ ဘာမှမဆိုင်ဘူး… ငါကိုယ်တိုင် လုပ်ခဲ့တာ… ဒ့ါအပြင် ကောင်းကင်နတ်အရှင်ဟုန်ကို သတ်ခဲ့တဲ့သူက ကောင်းကင်နတ်အရှင်မူ မဟုတ်ဘူးလေ… သားမိုက်ရှေးဟောင်းနတ်ဘုရားဘုရင်ပဲ”
ကောင်းကင်နတ်အရှင်ဟောင်၏ ဦးခေါင်းအနောက်တွင် ကောင်းကင်နန်းဆောင် ၃၅ဆောင်က တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးကို ဖွဲ့တည်ထားသည်။ ချင်မူမှာ ရုန်းကန်လွတ်မြောက်နိုင်ရန် ကြိုးစားနေသော်လည်း ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နန်းဆောင် ၃၅ ဆောင်က အဆက်မပြတ် ပြောင်းလဲရင်း သူ့ကို ပိတ်လှောင်ထားလေသည်။
“မဟာဓိပတိအရှင်လင်းယွီ၊ ကောင်းကင်နတ်အရှင်မူနဲ့ ပူးပေါင်းတာက ကျားကို လက်သပ်မွေးထားသလိုပဲ ဆိုတာ သိတယ်မလား”
ကောင်းကင်နတ်အရှင်ဟောင်က ရုတ်တရက် ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ရိုးသားတဲ့လူ မဟုတ်ဘူး…. ခင်ဗျား သူနဲ့ တာအိုသစ်သီးကို တိုင်တည်ပြီး မဟာမိတ် ဖွဲ့ထားရင်တောင် အချိန်မရွေး သစ္စာဖောက်နိုင်တယ်…. မဟာဓိပတိအရှင်လင်းယွီလည်း ဒါကို သေချာသိပြီးသားပါ”
ချင်မူက ရုန်းကန်ရန် ကြိုးစားနေရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မဟာဓိပတိအရှင်လင်းယွီ၊ ကျွန်တော် ခင်ဗျားနဲ့ တာအိုသစ်သီးကတိကို ဖောက်ဖျက်ခဲ့ဘူးလို့လား… ခင်ဗျားနဲ့ ကျွန်တော် တာအိုတစ်သောင်းကောင်းကင်လှည်းဘီးထဲမှာ တာအိုသစ်သီးမဟာမိတ် ဖွဲ့ခဲ့တုန်းက နတ်ဧကရာဇ်လန်ရွှမ်ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်အောင် ကူညီပေးမယ်လို့ ပြောခဲ့တယ်လေ… အခုလေးတင် ကျွန်တော် ကတိမဖျက်ဘဲ နတ်ဧကရာဇ်လန်ရွှမ်ရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးနိုင်အောင် ကူညီပေးခဲ့တယ်မလား”
တာအိုသစ်သီးထဲရှိ မဟာဓိပတိအရှင်လင်းယွီ၏ အသိစိတ်အလျဉ်က ပေါ်ထွက်လာပြီး နှာခေါင်းရှုံ့လိုက်သည်။ “မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်က ဂုဏ်သတင်းနဲ့ လိုက်ပါပေတယ်… ငါ လန်ရွှမ်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်အောင် ကူညီပေးခဲ့တာ မှန်ပေမယ့် တစ်ချိန်တည်းမှာပဲ လန်ရွှမ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီထူးဆန်းတဲ့ ချိပ်တံဆိပ်ကို ထားခဲ့တယ်လေ… အဲဒါတင် မဟုတ်သေးဘူး အခွင့်အရေးကို အသုံးချပြီး ငါ့တာအိုသစ်သီးကို ထိုးစိုက်လို့ ငါ့ကို သတ်ဖို့ ကြံခဲ့သေးတယ်”
တာအိုတစ်သောင်းကောင်းကင်လှည်းဘီးထဲတွင် ချင်မူ့မျက်နှာအမူအရာက ဂုဏ်ယူဝင့်ကြွားမှုတို့ဖြင့် ပြည့်နှက်နေ၏။ “အဲ့ဒီဓားက မတော်တဆ ဖြစ်တာပါ… နောင်တော် စိုးရိမ်ပူပန်နေတာ သိလို့ ကျွန်တော် လွဲချော်အောင် လုပ်ခဲ့တယ်လေ… ဒါပေမဲ့ အနီရောင်ကြိုးထုံးကတော့ ကျွန်တော် စီစဉ်နေတာ ကြာခဲ့ပြီ… ခင်ဗျားက ကမ္ဘာခေတ်ဦးတာအိုသိုင်းပညာရှင်တစ်ယောက် မဟုတ်လား… ခင်ဗျား ဒီစကြ၀ဠာထဲ ရောက်လာခဲ့ရင် ကျန်တဲ့သူတွေ ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး… ဒါကြောင့်မလို့ ခင်ဗျားကို သတ်ရုံက လွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး… ဒါပေမဲ့ ကျွန်တော်နဲ့ မဟာမိတ်ဖွဲ့ပြီးတာတောင် ကောင်းကင်နတ်အရှင်ဟောင်နဲ့ မဟာမိတ်ဖွဲ့ခဲ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူးဗျာ…. ခင်ဗျားရဲ့ လှေနံနှစ်ဖက် နင်းနိုင်တဲ့ စွမ်းရည်ကလည်း ဘယ်ဆိုးလို့တုန်း”
“သခင်လေးခုနစ်၊ ကောင်းကင်နတ်အရှင်ဟောင်ကို ငါ ရှာခဲ့တာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟောင်က ငါ့ကို ရှာတွေ့ခဲ့တာ”
ချင်မူမှာ အံ့ဩမှင်သက်သွားသည်။ “နောင်တော်ဟောင်၊ သူ့ကို ရှာတွေ့ခဲ့တာ ခင်ဗျားလား”
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးနေသည်။ “တာအိုမိတ်ဆွေမူ၊ မင်းတောင် သူ့ကို ရှာနိုင်သေးရင် ဘာလို့ ငါက မရှာနိုင်ရမှာလဲ… မင်းကို ငါ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးထဲမှာ ဖိနှိပ်ထားခဲ့တဲ့နေ့တုန်းက မင်းက အခွင့်အရေးကို အသုံးချပြီး ကောင်းကင်နတ်အရှင်တချို့ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို သိမြင်နားလည်ခဲ့တယ်… ငါကလည်း အဲဒီအခွင့်အရေးကို အသုံးချပြီး သူတို့တွေရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို လေ့လာခဲ့တာပဲ”
ချင်မူ့မျက်နှာပေါ်ရှိအပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ကောင်းကင်နတ်အရှင်ဟောင်က ဆက်ပြော၏။ “လန်ရွှမ့်တာအိုသစ်သီးထဲမှာ ရှိတဲ့ လျှို့ဝှက်ချက်တွေကလည်း ငါ့ဆီကနေ ဖုံးကွယ်ထားလို့မရခဲ့ဘူး…. မင်း မဟာဓိပတိအရှင်လင်းယွီနဲ့ ပြောဆိုဆက်ဆံခဲ့တာလည်း ငါသိခဲ့တယ်… မင်းတောင် မဟာဓိပတိအရှင်လင်းယွီနဲ့ အပေးအယူ လုပ်နိုင်တယ်ဆိုရင် ငါလည်း လုပ်နိုင်တာပေါ့… ငါနဲ့ ပူးပေါင်းတာက မီလော့နန်းတော်ရဲ့ သခင်လေးသုံးနဲ့ သခင်လေးလေးတို့နဲ့ ပူးပေါင်းတဲ့ အဓိပ္ပာယ်ပဲလေ… ဘာပဲဖြစ်ဖြစ် ကတိမတည်တဲ့ မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်နဲ့ ပူးပေါင်းတာထက်တော့ သာတယ်မဟုတ်လား”
ချင်မူ့မျက်နှာကြီးက သုန်မှုန်မည်းမှောင်နေပြီး သူက မေးလိုက်သည်။ “ဒါဆိုရင် ခင်ဗျား ဘယ်လိုလုပ် ခိုင်ဧကရာဇ်ကို ဖယ်ရှားပြီး ဒီကို ရောက်လာခဲ့တာလဲ”
ကောင်းကင်နတ်အရှင်ဟောင်က အေးအေးလူလူ ဖြေသည်။ “ခိုင်ဧကရာဇ်ကို ဘယ်လိုဖယ်ရှားခဲ့တာလဲတဲ့လား… ကောင်းကင်နတ်အရှင်မူ၊ ငါ နဂါးဟန်ခေတ်ကနေ ဒီအချိန်အထိ အသက်ရှင်နေခဲ့တာပါ… မင်း မှန်းဆလို့မရတဲ့ နည်းလမ်းတွေအများကြီး ရှိတယ်… သခင်လေးသုံးနဲ့ သခင်လေးလေး ငါ့ကို ထောက်ပံ့ပေးနေတာကလည်း မင်း တွေးကြည့်လို့ရတဲ့အရာ မဟုတ်ဘူး… ငါ့မှာ ခန္ဓာကိုယ်နှစ်ခု ရှိတယ်… ခိုင်ဧကရာဇ်ကို ငါ့ရဲ့ တာအိုရထားတဲ့ ခန္ဓာကိုယ်နဲ့ ထားခဲ့ပြီး အဆုံးသတ်မြို့ပျက်ခန္ဓာကိုယ်ကတော့ အခြေအနေတွေကို ကိုင်တွယ်ဖို့ ယိုတုဆီ ရောက်လာခဲ့တာပဲ…”
“သခင်လေးသုံးနဲ့ သခင်လေးလေးတို့က ငါ့ကို ထောက်ပံ့ပေးပြီး သူတို့ရဲ့စွမ်းအားကို ပိုင်ဆိုင်ထားစေမှတော့ အသုံးချရမယ်မလား”
သူက အနိမ့််အမြင့်မရှိသော အသံဖြင့် ပြောသည်။ “မင်းက ယိုတုတိုက်ပွဲမှာ အရေးသာနေသယောင် ထင်ရပေမယ့် တကယ်တော့ အရာအားလုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပဲ”
ကောင်းကင်နယ်စားမင်းက မြေအောက်ဘုံအရှင်သခင်အားချိုကို ဆွဲထူ၍ နောက်သို့ တိတ်တဆိတ် ဆုတ်သွားသည်။
သူသည် အခြေအနေမဟန်တော့မှန်း အာရုံခံလာမိ၏။ လက်ရှိအခြေအနေမှာ ချင်မူ တွက်ချက်စီစဉ်ထားသကဲ့သို့ မဟုတ်တော့သလို၊ ကောင်းကင်နတ်အရှင်ဟောင်၏ နိုင်ဖဲမှာလည်း ချင်မူ တွက်ချက်ထားသည့်အထဲတွင် မပါဝင်ခဲ့ပေ။ ယခု ထွက်မသွားပါက ထွက်သွားနိုင်လိမ့်မည် မဟုတ်ချေ။
ကောင်းကင်နတ်အရှင်ဟောင်က သူ့ကို မမြင်ချင်ယောင်ဆောင် ထား၍ ပြုံးလျက် ဆက်ပြောနေသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါတွေ့ကြုံဖူးသမျှထဲမှာ ဒုက္ခအပေးတတ်ဆုံးပဲ…. မင်းရဲ့ ဗျူဟာပဲဖြစ်ဖြစ် အကြံအစည်ပဲဖြစ်ဖြစ် ငါ့ကို အံ့အားသင့်စေခဲ့တယ်… ဒါပေမဲ့ မင်းမှာ အချိန်နည်းလွန်းခဲ့တယ်…. မင်းကို နောက်ထပ် နှစ်သုံးရာကနေ ငါးရာလောက် အချိန်ပေးခဲ့ရင်တော့ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်တယ်… မင်းက အခုထိ မအောင်မြင်သေးတာ တစ်ခုပဲ… ငါတို့နှစ်ယောက်ရဲ့ တိုက်ပွဲမှာ မင်းက အမြဲတမ်း ခြေတစ်လှမ်း နောက်ကျနေခဲ့တယ်….ခြေတစ်လှမ်းက အောင်နိုင်သူနဲ့ ရှုံးနိမ့်သူကို ဆုံးဖြတ်ပေးသွားတာပဲ”
သူက လက်မြှောက်လိုက်ပြီး သူ၏အသံသည် ယိုတုတခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ ရှု၊ လင်၊ ရုံ၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ဟွေ့၊ ယွဲ့၊ လန်ဝူ၊ ထိုက်ကျိ၊ ထိုက်ရှီနှင့် တခြားတိုက်ခိုက်နေကြသူများမှာ သူ၏အသံကို ပြတ်သားစွာ ကြားလိုက်ရသည်။
“ငါ သေချာအသုံးချရမယ်… အခု မီလော့နန်းတော်ရဲ့ ထောက်ခံအားပေးမှုကို ရထားတာ ဆိုတော့ ကောင်းကောင်းအသုံးချရမယ်… မီလော့နန်းတော်ရဲ့ စွမ်းအားက ငါ့စွမ်းအားပဲ… ငါ့ရဲ့ စွမ်းအားက ကောင်းမွန်လွန်းတဲ့အတွက် ငါ့ရဲ့ခမည်းတော် ထိုက်ချူတောင် ငါ့ဆီမှာ အညံ့ခံခဲ့ရတယ်”
ဝုန်း….
ယိုတုသည် နှစ်ခြမ်းကွဲလာပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအစိတ်အပိုင်းတစ်ခုက ပျံထွက်လာသည်။ ၎င်းက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ၎င်း ဖြတ်သန်းသွားသောနေရာတိုင်းတွင် လေပူလေအေးများ တိုက်ခတ်လာသဖြင့် ရှု၊ လင်၊ ရုံ၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ဟွေ့၊ ယွဲ့၊ လန်ဝူ၊ ထိုက်ကျိ၊ ထိုက်ရှီနှင့် အခြားသူများမှာ ရှောင်တိမ်းလိုက်ကြရသည်။
ရုတ်တရက် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအစိတ်အပိုင်းနောက်တစ်ခုက ယိုတုထဲ ဝင်ရောက်လာပြီး ဒုတိယတစ်ခု၊ တတိယတစ်ခုတို့လည်း ထွက်ပေါ်လာကြသည်။
မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအစိတ်အပိုင်း ဆယ့်ခြောက်ခုက ထွင်းဖောက်မြင်ရနိုင်သော မှန်များနှင့် တူကြပြီး တစ်ခုချင်းစီတွင် ဧရာမဆဋ္ဌဂံအကျဉ်းထောင်တစ်ခုစီ ပါရှိ၏။ ချင်မူက လှမ်းကြည့်လိုက်သည့်အခါ ဆဋ္ဌဂံအကျဉ်းထောင်သည် ထူးဆန်းသော တာအိုစည်းချက်တစ်ခုကို ပိုင်ဆိုင်ထားကြောင်း တွေ့လိုက်ရသဖြင့် ရင်ထဲ အနည်းငယ်တုန်လှုပ်သွားသည်။ ‘ဆဋ္ဌဂံအကျဉ်းထောင်ကို တာအိုသစ်ပင်တစ်ပင်ကနေ တည်ဆောက်ထားတာလား’
သူသည် ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးထဲတွင် ပိတ်မိနေသော်လည်း မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို သုံးကာ အပြင်လောကအား တွေ့မြင်နေရသေး၏။
မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအစိတ်အပိုင်းထဲရှိ ဆဋ္ဌဂံအကျဉ်းထောင်မှာ ထူးဆန်းသော အမှတ်အသားမျိုးစုံဖြင့် ထွင်းထုခံထားရသည်။ အကျဉ်းထောင်က အေးစက်သောလေများကြားတွင် မလှုပ်မယှက် တည်ရှိနေသည်။
မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ အစိတ်အပိုင်းများ လှည့်ပတ်လာသည်နှင့်အမျှ တာအိုသစ်သီးတစ်လုံးက အကျဉ်းထောင်ပေါ်ရှိ ထူးဆန်းသော အမှတ်အသားများအထက်တွင် ပေါ်လာသည်။ တာအိုသစ်သီးသည် အက်ကွဲသွားပြီး သွေးများ ပန်းထွက်လာကာ အမှတ်အသားများတလျှောက် စီးဆင်းသွား၏။
အမှတ်အသားများက ချက်ချင်း အသက်ဝင်လာပုံပင်။ ၎င်းတို့က ရှုံ့တွလျက် လှည့်ပတ်နေပြီး မျက်စိကျိန်းမတတ် တာအိုအလင်းရောင်များ ထုတ်လွှတ်နေကြသည်။
တာအိုအလင်းရောင်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ အစိတ်အပိုင်းကို ဖြတ်သန်း၍ အရပ်လေးမျက်နှာသို့ တောက်ပသွားသည်။ မရေမတွက်နိုင်သော ဆန်းကြယ်တာအိုအမှတ်အသားများက ယိုတုလေတုထဲတွင် ဖွဲ့တည်လာသည်။ ယမ်းစတစ်ခု မီးညှိခံရသည့်အလား ယိုတုထဲတွင် အဖြစ်အပျက်များက တရစပ် ဖြစ်ပေါ်နေချေပြီ။
တိုက်ခိုက်နေကြသူများသည် သူတို့၏မူလဝိညာဉ်နှင့် ရုပ်ခန္ဓာများဖြင့် ဆက်နွယ်နေသော ထူးဆန်းသည့် စာချုပ်တစ်ခုကို ခံစားလိုက်ရသည်။
“ဒါက ဘိုးဘေးနန်းတော်မှာ တံဆိပ်ခတ်နှိပ်ထားတဲ့ သွေးယဇ်ပူဇော်မှု ၀င်္ကပါ … ဒီစာချုပ်က သွေးယဇ်ပူဇော်ခြင်းစာချုပ်ပဲ”
ကောင်းကင်နတ်အရှင်ဟောင်က ပြောသည်။ “စာချုပ်မှာ ပါတာတွေက ရိုးရှင်းပါတယ်… စကြ၀ဠာနှစ်ခုအကြား အသွေးအသား ဖလှယ်တာပဲ….အရင်စကြ၀ဠာရဲ့ သက်ရှိတွေက ဒီစကြ၀ဠာရဲ့ သက်ရှိတွေနဲ့ အလဲအလှယ် လုပ်ခံရမယ်… ဒီစာချုပ်ကို သခင်လေးလေးက ပြီးခဲ့တဲ့ စကြ၀ဠာကပ်ဘေးတွေက တာအိုသိုင်းပညာရှင် ၁၆ ယောက်နဲ့အတူ ဖန်တီးထားခဲ့တာပဲ…. မင်းအနေနဲ့ ခုခံနိုင်စွမ်းမရှိဘူး… မင်း သေသွားတာနဲ့ သွေးယဇ်ပူဇော်ခြင်းစာချုပ်က အသက်ဝင်လာလိမ့်မယ်”
ကောင်းကင်နယ်စားမင်းသည် မြေအောက်ဘုံအရှင်သခင်ကို ကျောပိုးရင်း လျှပ်စီးတမျှ လျင်မြန်စွာ ပြေးလွှား၍ ယိုတုမှ ထွက်ပြေးနိုင်ရန် ကြိုးစားနေ၏။ ကောင်းကင်နတ်အရှင်ဟောင်၏ စကားအား ကြားလိုက်ရသည့်အခါ အထိတ်တလန့်ဖြင့် တုံ့ခနဲ ရပ်လိုက်မိသည်။
မြေအောက်ဘုံအရှင်သခင်ကို သယ်ဆောင်လျက် ယိုတုမှ လွတ်မြောက်သွားလျှင်တောင်မှ သူသည် ဤသွေးယဇ်ပူဇော်ခြင်းစာချုပ်ဖြင့် ဆက်နွှယ်နေပေဦးမည်။
ကောင်းကင်နယ်စားမင်းက မြေအောက်ဘုံအရှင်သခင်ကို ချကာ ဟားတိုက်ရယ်လိုက်သည်။ “မိတ်ဆွေဟောင်းကြီးရေ၊ ငါတော့ မင်းရဲ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်မယ် မထင်တော့ဘူး… ငါ အသက်ရှင်နိုင်မယ်ဆိုရင် အနာဂတ်မှာ ပြန်တွေ့ကြတာပေါ့”
သူက ယိုတုအား ခေါင်းမော့ကြည့်လိုက်သည်။ သူ မော့ကြည့်လိုက်သည့်အခါတွင် မြေအောက်ဘုံအရှင်သခင် ခေါင်းမော့တိုင်း တွေ့မြင်ရသည့်အရာကို တွေ့မြင်လိုက်ရ၏။
၎င်းက စကြ၀ဠာ၏ အနန္တလောကများ ဖြစ်လေသည်။
လောကတစ်ခုချင်းစီတွင် မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်နေကြပြီး သူတို့၏ပျော်ရွှင်မှု ဝမ်းနည်းမှုတို့အားလုံးက သူ၏မျက်ဝန်းထဲတွင် ရောင်ပြန်ဟပ်နေကြ၏။
အတိတ်တုန်းက မြေအောက်ဘုံအရှင်သခင်မှာ အဘယ်ကြောင့် တာအိုရယူလိုခြင်း မရှိဘဲ လူသားတစ်ယောက်သာ ဖြစ်ချင်ခဲ့မှန်း ကောင်းကင်နယ်စားမင်း နားမလည်ခဲ့ပေ။ ယခုတွင်တော့ နားလည်သလို ခံစားလိုက်မိသည်။
တာအိုရရှိရန် ပျော်ရွှင်မှုကို စွန့်လွှတ်ရမည်ဆိုပါက တာအိုရခဲ့သည်မှာ မည်သို့ အသုံးဝင်တော့မည်နည်း။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသနှင့် အထီးကျန်မှုတို့ ပိုင်ဆိုင်ထားသည့် လူသားတစ်ယောက် ဖြစ်လာခြင်းက သာ၍ကောင်းမွန်ပေသည်။
ကောင်းကင်နယ်စားမင်းက အင်္ကျီလက်စကို ဖြန့်ကာ အဖိုးတန်ဆုံး ကောင်းကင်တာအိုလက်နက်ကို ကိုင်ဆောင်၍ ချင်မူ့ကို ကယ်တင်ရန် ရည်ရွယ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ယိုတုကောင်းကင်မှာ နှစ်ခြမ်းကွဲသွားပြီး အလွန်တရာ ထွန်းလင်းတောက်ပသော အလင်းရောင်တို့ဖြင့် ကောင်းကင်နန်းဆောင်တစ်ခုက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။
၎င်းက ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ပင်။
ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သည် ယခုတွင် ပိုင်ရှင်မရှိတော့ပေ။ သခင်မယွမ်မု၏ ထိန်းချုပ်မှု မရှိသည့်အတွက် မည်သူကမှ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်အတွင်းရှိ ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို အသုံးမပြုနိုင်ချေ။
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်ပြီး သူ၏ဦးခေါင်းအနောက်ရှိ ကောင်းကင်လှည်းဘီးများက လှည့်ပတ်သွားသည်။ နတ်ဘုရားမထိုက်စု၏ အထွတ်အမြတ်ရတနာက ပျံသန်းလျက် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ထဲ ဝင်သွားသည်။ နန်းတော်အတွင်းရှိ ဖန်ဆင်းခြင်းကောင်းကင်လက်နက်မှာ ချက်ချင်း အသက်ဝင်လာတော့သည်။
ဖန်ဆင်းခြင်းတာအိုကား ထိုနန်းတော်ထဲ၌ ပွက်ပွက်ဆူလာသည့်အလားပင် ထင်ရသည်။ တစ်ချိန်က ကောင်းကင်နတ်အရှင်လင် ဖန်တီးခဲ့သည့် ဖန်ဆင်းကောင်းကင်လက်နက်သည် မှန်းဆမရနိုင်သော အမြန်နှုန်းဖြင့် လှည့်ပတ်နေပြီး အလင်းတန်းများက ပြိုးပြိုးပြက်ပြက် ဖြာထွက်နေသည်။ လှည့်ပတ်နေသော အလင်းအဝိုင်းထဲတွင် ခမ်းနားသော ခန္ဓာကိုယ်တစ်ခု ဖန်တီးခံလိုက်ရ၏။
ရုတ်တရက် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကား ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သည်။
ကောင်းကင်နယ်စားမင်းမှာ အသက်တစ်ချက် ရှိုက်သွင်းလိုက်ပြီး ချင်မူ့ကို ကယ်ရန် စဉ်းစားမနေတော့ပေ။ သူက ရွှေသင်္ဘော ရှိရာသို့ ချက်ချင်း ပြေးထွက်သွားတော့သည်။
“ကောင်းကင်နတ်အရှင်လင်၊ ငါ ကောင်းကင်နတ်အရှင်ရှုကို ကိုင်တွယ်လိုက်မယ်”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဖန်ဆင်းကောင်းကင်လက်နက်ကို မင်း ဖန်တီးခဲ့တာဆိုတော့ မင်း ဖြေရှင်းလိုက်”
ကောင်းကင်နတ်အရှင်ဟောင်က စိတ်ထဲမထားဘဲ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော် ရှိရာသို့ လျှောက်သွားသည်။ “ဖန်ဆင်းကောင်းကင်လက်နက်က ထိုက်စုတာအိုနဲ့ ပေါင်းစည်းသွားတဲ့အခါ တောင်းဆိုမှုမှန်သမျှ ဖြည့်ဆည်းပေးနိုင်တယ်… ဒါက ဒေါ်လေးထိုက်စုရဲ့ အထွတ်အမြတ်ရတနာ ဖြစ်နေပပြီ... ကောင်းကင်နတ်အရှင်လင်ရဲ့ ဖန်ဆင်းခြင်းလက်နက် မဟုတ်တော့ဘူး…. ကောင်းကင်နယ်စားမင်းက ကောင်းကင်နတ်အရှင်လင် ဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာ အထင်ကြီးနေတာ သက်သက်ပဲ”
ချင်မူက မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ ခင်ဗျား မဟာဓိပတိအရှင်လင်းယွီကို ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီရဲ့ ခန္ဓာကိုယ်ထဲမှာ နေခိုင်းမလို့လား”
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ဉာဏ်ကောင်းပေမယ့် လိုအပ်သေးတယ်… ငါ ဒေါ်လေးထိုက်စုကို သတ်ခဲ့တယ်… အဲ့ဒါက ငါ တစ်လောကလုံးကို စုစည်းနိုင်ဖို့အတွက် အရေးကြီးဆုံးအချက်ပဲ… ထိုက်စုတာအို၊ ထိုက်စုအထွတ်အမြတ်ရတနာကို ရရှိပြီးတဲ့နောက်မှာတော့ ဖန်ဆင်းခြင်းကောင်းကင်လက်နက်အပေါ် ထိန်းချုပ်နိုင်ပြီ… ကောင်းကင်လက်နက်တွေ ကြိုက်သလောက် ဖန်တီးလို့ရပြီ…. ကောင်းကင်လက်နက်တွေ ဖန်တီးဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကတော့ မြေအောက်ဘုံအရှင်သခင်ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုမယ်”
“မဟာဓိပတိအရှင်လင်းယွီ ငါနဲ့ သဘောတူထားခဲ့တာက သူ့ကို အသက်ပြန်သွင်းပေးဖို့ပဲ… ငါက မင်းလို မဟုတ်ဘူးလေ…. ကတိအတိုင်း ကောင်းကင်လက်နက်ကို အသုံးပြုလို့ သူကိုယ်တိုင် အသက်ပြန်ဝင်လာအောင် လုပ်ပေးမှာ”
သူက ချင်မူနှင့် မဟာဓိပတိအရှင်လင်းယွီ၏ တာအိုသစ်သီးကို ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ဆီသို့ ယူလာသည်။ “ဒီကောင်းကင်လက်နက်တွေက မင်း၊ ယွဲ့နဲ့ တခြားသူတွေကို သတ်ဖို့ပဲ” သူက ပြော၏။ “ဒါပေမဲ့ ငါ့ရဲ့ရည်ရွယ်ချက်က အဲဒီလောက် မရိုးရှင်းဘူး… ကောင်းကင်နတ်အရှင်လင်ကို သတ်နိုင်ဖို့အတွက် သူ့ကို မျှားခေါ်ပြီး မီလော့နန်းတော် သခင်လေးလေးရဲ့ ရတနာတွေကို အသုံးပြုဖို့ လိုသေးတယ်… အခု ငါဆင်ထားတဲ့ အကွက်အတိုင်း ကောင်းကင်နယ်စားမင်းက သူ့ကို လွှတ်လိုက်ပြီလေ”
ချင်မူက ပြုံးလိုက်သည်။ “ခင်ဗျားက မဟာဓိပတိအရှင်လင်းယွီကို ပြန်အသက်သွင်းပေးမယ်ဆိုတော့ ကျွန်တော် ထားခဲ့တဲ့ အနီရောင်ကြိုးထုံးကို ဖြေရှင်းနိုင်လို့လား… အနီရောင်ကြိုးထုံးကို မဖြည်နိုင်ရင် မဟာဓိပတိအရှင်လင်းယွီ သေသွားလိမ့်မယ်”
ကောင်းကင်နတ်အရှင်ဟောင်၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့၀င်သွားပြီး သူ၏အကြည့်က လန်ရွှမ်၏ မူလဝိညာဉ်ကို ဖောက်ထွက်ကာ မဟာဓိပတိအရှင်လင်းယွီ၏ တာအိုသစ်သီးအပေါ် ကျရောက်သွား၏။
“ငါ တကယ် မဖြည်နိုင်ဘူးပဲ”
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်က တောင်းပန်တိုလျှိုးသော လေသံဖြင့် ပြောလိုက်သည်။ “မဟာဓိပတိအရှင်လင်းယွီ၊ ကျုပ် တောင်းပန်ပါတယ်… သဘော တူထားတဲ့အတိုင်း ကတိမတည်နိုင်တော့ဘူး… ခင်ဗျား သေရတော့မယ်”