ငါးပျံဓားမြှောင် နဂါးဓားချက်
Vol. 23 Ch. 284-B
ချောက်နက်တံဆိပ်ဖြင့် အားဖြည့်ထားသော မြေအောက်ယပ်တောင်၏ အရှိန်အဟုန်သည် ယွမ်ရှောင်၏ ခြေထောက်အောက်ရှိ ကြမ်းပြင်ကို ကွဲထွက်သွားစေသည်။
"နဂါးကိုးကောင်ဟိန်းသံ"
ထိုအချိန်တွင် အနီရောင်ဝတ်ရုံဖြင့် လူငယ်က မီးများမှုတ်ထုတ်လိုက်သောအခါ နဂါးကိုးကောင်အသွင်ပြောင်းကာ တွန့်လိမ်ရောက်ရှိလာကြသည်။
"အမွှာတစ္ဆေအိပ်မက်"
အညိုရောင်ဝတ်ရုံ လူငယ်၏ မျက်ဝန်းများက အနက်ရောင်ဖြစ်သွားကာ ဝဲနှစ်ခုအတွင်းမှ သရဲပုံရိပ်များ ထွက်ပေါ်လာ၍ ဝိညာဥ်ကို တိုက်ခိုက်လာခဲ့သည်။ ကြမ်းတမ်းရက်စက်သော ပူးပေါင်းတိုက်ကွက်၌ သိုင်းကွက်တိုင်းသည် သေစေနိုင်လောက်ပြီး တောင်သခင်တစ်ယောက်ပင် ထိပ်တိုက်ရင်ဆိုင်ဝံ့မည် မဟုတ်ချေ။ ထို့အပြင် လူသန်ကြီးနှင့် ရီချင်းဖန်ကလည်း ပြိုင်တူ တိုက်ခိုက်လာကာ တစ်ယောက်က ဦးဆောင်၍ ကျန်တစ်ယောက်မှာ လုပ်ကြံသတ်ဖြတ်ရန် ချဥ်းကပ်လာ၏။
"သေစမ်း နတ်ဆိုးကောင်"
"တရားမျှတမှု ရတော့မယ်ဟေ့"
သောင်းချီသော ငတုံးကောင်များက မျှော်လင့်ချက် ပြန်လည်ရှင်သန်လာကာ အော်ဟစ်လိုက်သော်လည်း ရုန်းကျင့်ကြံသူများနှင့် တိုက်ခိုက်နေသည်ဖြစ်၍ မလိုလားသော အကြည့်များစွာ ကျရောက်လာသည်။
"မဆိုးပါဘူး။ ငါ့အလှည့်ရောက်ပြီ"
ယွမ်ရှောင်၏ မျက်ဝန်းများက ထက်ရှသွားကာ တိုက်ကွက်များအကြား လျင်မြန်စွာ ရှောင်တိမ်းလှုပ်ရှား၍ ပုံရိပ်ယောင်များစွာ ထွက်ပေါ်လာသည်။ ၎င်းမှာ ဝူကျိတာအိုသိုင်း၏ အမြင့်ဆုံးအကွက်ဖြစ်သောကြောင့် ကြီးကြပ်သူများ တအံ့တသြ ရေရွတ်လိုက်မိသည်။ ၎င်းသည် မီးတောက်အဆင့် တာအိုဂါထာဖြစ်ကာ သူက ချက်ချင်း အသာစီးရသွားကာ မြေအောက်ယပ်တောင်နှင့် နဂါးကိုးကောင်ဟိန်းသံမှာ မည်သည်အရာကိုမှ ထိမှန်သွားခြင်း မရှိသကဲ့သို့ အညိုရောင်ဝတ်ရုံ လူငယ်၏ တစ္ဆေအိပ်မက်လည်း ပစ်မှတ်ပျောက်ကွယ်သွားသည်။
"မင်းက ဘာတွေ ရှာနေတာလဲ"
အေးစက်စက် အသံတစ်ခုက နောက်ကျောဘက်မှ ထွက်ပေါ်လာသောကြောင့် ထိုလူငယ်မှာ အလန့်တကြားဖြင့် တာအိုဂါထာ ထုတ်ဖော်ရင်း မြူခိုးအလွှာဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်ကာ အသံကုန်အော်ဟစ်လိုက်သည်။
"မိုးကြိုး ငါ့ကို ကာကွယ်ဦး"
လူသန်ကြီးက အပြေးတစ်ပိုင်း ရောက်ရှိလာကာ ယွမ်ရှောင်ကို ပိတ်ဆို့၍ ကယ်တင်ချင်ခဲ့သည်။
"မင်းကများ တားနိုင်မယ်ထင်လို့လား"
ကောင်းကင်သင်္ချိုင်းဓားက လူသတ်ရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဆင်းသက်လာကာ ဓားမြှောင်အသွင်ဖြင့် စင်္ကြာတစ်စင်းပမာ အလျားလိုက် တဝီဝီ လည်ပတ်နေသဖြင့် ထိုက်ကျိစက်ဝိုင်းသဏ္ဍာန် ဖြစ်ပေါ်လာသည်။ ၎င်းမှာ ကြောက်မက်ဖွယ် အကောင်းဆုံး အပိုင်းမဟုတ်ဘဲ ၎င်းမှာ လေဟာနယ်အတွင်း ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၍ မြင်ကွင်းမှ တစ်ခါတစ်ခါ ပျောက်ကွယ်သွား၏။
"ဘယ်ရောက်သွားတာလဲ"
အညိုရောင်ဝတ်ရုံ လူငယ်သည် မျက်လုံးများဖြင့် အာရုံစိုက်ကာ လိုက်လံရှာဖွေနေသော်လည်း မတွေ့သဖြင့် ရင်ထိတ်သွားရသည်။ ထိုအချိန်တွင် သူ၏ ရှေ့တည့်တည့်က လေဟာနယ် ပွင့်ထွက်သွားကာ အပြာရောင်အလင်းတစ်ချက် ပြေးထွက်လာ၏။
"ဟင်"
သူက ကြောက်စိတ်ကြောင့် တုန်ရီသွားစဥ် ဓားမြှောင်သည် အလျားလိုက် လည်ပတ်ရင်း မျက်ဝန်းအစုံမှ ဝင်ရောက်၍ ဦးခေါင်းအနောက်မှ ဖောက်ထွက်သွားခဲ့သည်။ ဓားမြှောင်မှာ ယွမ်ရှောင်ထံ ပြန်လည်ရောက်ရှိသွားစဥ် သွေးစွန်း ဦးနှောက်အပိုင်းအစများက ကြမ်းပြင်အထက်သို့ ပြန့်ကြဲသွား၏။ အညိုရောင်ဝတ်ရုံ လူငယ်မှာ လဲကျသွားပြီး မျက်လုံးများ အရောင်မဲ့သွားကာ ကြောက်စိတ်တစ်ခုသာ ထင်ကျန်ရစ်ခဲ့သည်။ ဤမြင်ကွင်းသည် ပရိသတ်များ၏ ရင်ဘတ်ကို တူဖြင့် ထုချလိုက်သကဲ့သို့ ထိတ်လန့်သွားစေကာ လူသေသွားသောကြောင့် မဟုတ်ဘဲ သတ်ဖြတ်ရန် အသုံးပြုသည့် နည်းလမ်းကြောင့် ဖြစ်သည်။
"ရုန်းကျင့်ကြံသူတွေရဲ့ အစီအရင် ပျက်စီးသွားပြီ။ တစ်ယောက်သေတာနဲ့ အကုန်သေလိမ့်မယ်"
ကြီးကြပ်သူတစ်ယောက်က မှတ်ချက်ချလိုက်သည်။
"သခင်လေးယွမ်က ထာဝရဓားကို အကြိမ်တစ်သိန်းကျော် ပဲ့တင်ထပ်စေတာကို မမေ့နဲ့။ ဒီအရေအတွက်က မှားနေရင်တောင် လင်းချန်ထက် သာတယ်"
"ဟုတ်တယ်"
ထူးချွန်သော ပါရမီနှင့် ရုန်းကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်လိုက်သောအခါ ဓားကျင့်ကြံသူအများစု၏ ရင်ထဲတွင် ယွမ်ရှောင်ကို လေးစားစပြုလာသည်။
"အစ်ကိုလင်းတုန်"
ဖုတိနှင့် ကျန်သုံးယောက်က လှည့်ကြည့်လိုက်သောအခါ အလောင်းကြီးကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်ကုန်၏။
"ငါ့နောက်မှာ နေကြ"
လူသန်ကြီးက ရှေ့ဆုံးတွင် နေရာယူထားသော်လည်း သေခြင်းတရားကို ကြောက်လန့်နေပြီး တည်ငြိမ်လွန်းသော ပြိုင်ဘက်နှင့် ရင်မဆိုင်ချင်တော့ပေ။
"မင်းကိုယ်မင်း အတော်မာတယ်လို့ ထင်နေတာလား"
ယွမ်ရှောင်က မျက်တောင်တစ်ခတ်အတွင်း သူ့ရှေ့သို့ ရုတ်တရက် ရောက်ရှိလာသည်။
"ငါးထောင့်မိုးကြိုး သေစမ်း"
လူသန်ကြီး၏ မိုးကြိုးအသက်တံဆိပ် တဖြတ်ဖြတ် လင်းလက်သွားကာ မရေမတွက်နိုင်သော မိုးကြိုးများ စုဝေး၍ ယွမ်ရှောင်ထံ တိုးဝင်လာခဲ့သည်။ မျက်နှာထားအသေဖြင့် ရပ်နေသော ယွမ်ရှောင်က ဓားကို ပိုင်းချလိုက်သောအခါ ကျောနောက်၌ ထိုက်ကျိစက်ဝိုင်းတစ်ခု ထွက်ပေါ်လာပြီး ဓားသွားအထက်တွင် အဖြူအနက် နဂါးနှစ်ကောင် ရစ်ပတ်နေခဲ့၏။
"ထိုက်ကျိနဂါးဓားချက်"
ကြီးကြပ်သူများစွာက သူ ထုတ်ဖော်လိုက်သော ဓားချက်ကို ချက်ချင်း မှတ်မိသွားကြသည်။ ငါးပျံဓားချက်က ဓားမြှောင်သိုင်းကွက်ဖြစ်ကာ နဂါးဓားချက်သည် ဓားရှည်သိုင်းကွက်ဖြစ်၍ ကောင်းကင်သင်္ချိုင်းဓားသည် ငါးထောင့်မိုးကြိုးကို အလွယ်တကူ ပိုင်းဖြတ်သွားပြီး နဂါးနှစ်ကောင်မှာ လူသန်ကြီး၏ နဖူးထံ တိုးဝင်သွား၏။ သူက အံကြိတ်၍ အစွမ်းကုန် ခုခံလိုက်သော်လည်း ဓားအော်ရာတစ်သောင်းကျော်နှင့် ဓားရှည်သည် မိုးကြိုးဒိုင်း အလွှာသုံးခုကို ကျော်ဖြတ်လာခဲ့သည်။
"ဘုန်း"
ပြင်းထန်သော ဓားချက်အောက်တွင် ပစ်မှတ်မှာ ဒေါင်လိုက် နှစ်ပိုင်းဖြတ်ခံလိုက်ရပြီး တစ်ဖက်စီလဲကျသွားကာ သွေးချောင်းစီးသွားခဲ့သည်။ မိုးကြိုးအသက်တံဆိပ်သည် မှိန်ဖျော့ပျောက်ကွယ်သွားကာ ၎င်း၏ပျက်စီးမှုကြောင့် မိုးကြိုးစွမ်းအင်များ ပျက်ပြယ်ကုန်၏။
"အစ်ကိုမိုးကြိုး"
ရီချင်းဖန်၊ ဖုတိနှင့် အနီရောင်ဝတ်လူငယ်သည် တောင့်တင်းသွားကာ ရေအေးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး အေးစက်သွားကြသည်။
"နောက်ဆုတ်ကြ"
ထိုသုံးယောက်က ကြောက်စိတ်ကြောင့် တိုင်ပင်စရာမလိုဘဲ နောက်ဆုတ်သွားကြပြီး အဖြူရောင်သေမင်း၏ လက်ချက်ဖြင့် ကြောက်စိတ်အစစ်အမှန်ကို သဘောပေါက်ကုန်၏။
"ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား"
ယွမ်ရှောင်သည် လျှပ်တပြက်အတွင်း လှုပ်ရှားလိုက်ကာ ဓားဝိညာဥ်ကို ဓားပျံအသွင်ပြောင်း၍ လိုက်လံဖမ်းဆီးခဲ့သည်။ သူက ဓားသွားပေါ်တွင် လက်နှစ်ဖက်နောက်ပစ်၍ မတ်တပ်ရပ်စီးနင်းနေကာ ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် ရှေ့တိုးလာပြီး ထိုက်ကျိဓားသိုင်း၏ အင်မော်တယ်ဓားပျံသိုင်းကွက်ဖြစ်သည်။ သူ ထုတ်ဖော်ပြသခဲ့သော ဓားချက်သုံးခုသည် ပရိသတ်များကို ငြိမ်ကျသွားစေကာ စောင့်ကြည့်နေစဥ် ဓားပျံက အနီရောင်ဝတ် လူငယ်ကို ထိမှန်သွား၍ အပိုင်းပိုင်း အစစ ပေါက်ကွဲသွားခဲ့၏။ ထို့နောက် တခဏအတွင်းမှာပင် ဓားပျံထိပ်ဖျားသည် ဖုတိ၏ ရင်ဘတ်ကို ထိုးစိုက်သွားသဖြင့် အကူအညီတောင်းလိုဟန်ဖြင့် ကုချင်ကန်ထံ လှမ်းကြည့်လိုက်မိသည်။
"အမေ"
သို့သော် တိုက်ပွဲစင်မြင့်ကို အစီအရင်ဖြင့် တင်းကြပ်စွာ ကာကွယ်ထားသောကြောင့် မည်သူမှ ဝင်ရောက်ကယ်တင်ရန် အချိန်မမီတော့ပေ။
"ငါက ကပ်ဘေးတံဆိပ်ငရဲက မင်းသမီးပဲ။ ငါ့ကို သတ်.....ရဲ....ရင်"
သူမ၏ စကားမဆုံးခင်မှာပင် ယွမ်ရှောင်သည် ဓားပျံကို ထိန်းချုပ်ကာ အစီအရင်နံရံတလျှောက် ပွတ်ဆွဲသွားသဖြင့် တစ်ကိုယ်လုံး စုတ်ပြတ်သွားခဲ့သည်။ ရင်ဘတ်၌ ဓားပျံ ဖောက်ဝင်နေသဖြင့် တိုးလျှိုပေါက်အတွင်းမှ အင်္ဂါများ ပြုတ်ကျလာကာ ဖုတိမှာ ဖြည်းဖြည်းချင်း အသက်ထွက်သွားခဲ့၏။ ထို့နောက် သူက ကုချင်ကန်၏ လူသတ်လိုသော မျက်လုံးများကို ဂရုမစိုက်ဟန်ဖြင့် ဆုံကြည့်လိုက်ပြီး ပခုံးတွန့်ပြလိုက်သည်။ သူ၏ အပြုအမူက တစ်ဖက်လူ၏ ဒေါသကို မိုးထိုးမတတ် မြင့်တက်သွားစေကာ ခြိမ်းခြောက်ခဲ့သည်။
"နင့်ကို သေတာထက်ဆိုးအောင် လုပ်ပြမယ်"
"မင်းရဲ့မျိုးနွယ်အတွက် အဲ့ဒီစကားကို ထားလိုက်"
ထို့နောက် ယွမ်ရှောင်က သူမကို လျစ်လျူရှုကာ ဓားဆွဲ၍ ရီချင်းဖန်ထံ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။
"တိအာ"
ရီချင်းဖန်သည် ဖုတိ၏ အသေဆိုးကြောင့် မျက်လုံးများမှိန်ဖျော့၍ ဒူးထောက်ကျသွားကာ မျှော်လင့်ချက်မဲ့နေဟန်ဖြင့် အလောင်းကြီးကို စိုက်ကြည့်နေမိသည်။
"ကျင့်ကြံရေးလမ်းကြောင်းမှာ တုံးအပြီး မောက်မာနေရင် စောစောသေရတတ်တယ်။ ကျင့်ကြံသူတိုင်းက ကိုယ့်ရွေးချယ်မှုအတွက် ပြန်ပေးဆပ်ရမှာပဲ"
ယွမ်ရှောင်က တစ်လုံးချင်းပြော၍ ရှေ့တည့်တည့်တွင် ရပ်တန့်လိုက်၏။
"မင်း ငါ့ကို မသတ်ဘူးလို့ ပြောခဲ့တယ်"
ရီချင်းဖန်က တုန်တုန်ရီရီဖြင့် ခေါင်းမော့ကြည့်လာ၍ သူ့ကို မကောင်းဆိုးဝါးတစ်ကောင်အလား ငေးနေခဲ့သည်။
"ငါ စိတ်ပြောင်းသွားပြီ"
စကားအဆုံးတွင် ကောင်းကင်သင်္ချိုင်းဓားသည် ရီချင်းဖန်၏ လည်ချောင်းအတွင်း တစ်လက်မချင်း နစ်ဝင်သွားလေသည်။