← Chapters

ကားထဲမှခရီးသည်

Vol. 21 Ch. 303

ကားထဲမှခရီးသည်

Vol. 21 Ch. 303

ယာဉ်မောင်း၏အလောင်း ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်နှင့် တစ်ပြိုင်နက် ဘတ်စ်ကားမှာလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလေသည်။ ထိုအခါမှသာ ခရီးသည်များသည် အခြေအနေ၏ ဆိုးရွားမှုကို သဘောပေါက်လာကြသည်။ ယာဉ်မောင်းက လမ်းကြောင်းပြောင်း မောင်းနှင်ရုံ သက်သက်မဟုတ်တော့ဘဲ ဤကားကြီးကိုယ်တိုင်က ပုံမှန်မဟုတ်သည့် ထူးဆန်းအံ့ဖွယ်အရာ ဖြစ်နေခဲ့ပြီ။

ကားစက်သံ တိတ်ဆိတ်နေသော်လည်း ကားမှာ အရှိန်လျော့မသွားသည့်အပြင် လမ်းမပေါ်တွင် ခြောက်ခြားဖွယ်ကောင်းလောက်အောင် ဆက်လက်ရွေ့လျားနေဆဲပင်။

အခြေအနေမှန်ကို သဘောပေါက်လိုက်သည်နှင့် ကားပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

အကူအညီတောင်းရန် ဖုန်းဆက်သူဆက်၊ ပြတင်းပေါက်ဖွင့်ပြီး ကားပေါ်မှ ခုန်ချရန် ကြိုးစားသူကြိုးစားနှင့် ရှုပ်ထွေးသွားကြ၏။ အချို့မှာ‌တော့ ကြောက်လွန်းသဖြင့် ကျောက်ရုပ်ပမာ ဖြစ်နေကြသည်။

ဖုန်းခေါ်၍ ရလိုက်သူများမှာ အကူအညီ လာနေပြီဟူသော သတင်းစကားကို ကြားလိုက်ရသော်လည်း လက်ရှိအခြေအနေအရ အချိန်မီ ရောက်လာနိုင်ချေ နည်းပါးလှသည်။ ကယ်ဆယ်ရေး မရောက်လာခင် သူတို့အားလုံး အသက်ပျောက်သွားမည့် အခြေအနေမျိုး ဖြစ်နေသည်။

ဤသည်မှာ တစ္ဆေဘတ်စ်ကား ဖြစ်သည်။

ယခင်က တစ္ဆေနှိမ်နင်းသူ ရွှီဖုန်းသည် ဤကားပေါ်တွင် ပျောက်ဆုံးသွားခဲ့ဖူးသည်။ ထိုအချက်က ယန်ကျန့်အတွက် အဓိပ္ပာယ်တစ်ခုကို ညွှန်ပြနေသည်။

ဤကားပေါ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခုခု ဖြစ်ပျက်တော့မည်မှာ သေချာသလောက်ရှိသည်။ လောလောဆယ်တွင် ထိုအရာများ မဖြစ်သေးခြင်းသာ ရှိသည်။

"ကျစ်... ပြတင်းပေါက်တွေ ဖွင့်မရဘူးကွ။ အကုန် ပိတ်သေ လုပ်ထားတာ"

"တံခါးလည်း ဖွင့်မရဘူး။ ဒီကားကြီးက တော်တော် ပြဿနာတက်နေပြီ။ တကယ်ကြီး တစ္ဆေခြောက်နေတာတော့ မဟုတ်ပါဘူးနော်"

"ငါ ရဲစခန်းကို ဖုန်းဆက်ပြီးပြီ။ သူတို့လာကယ်မယ်တဲ့။ စောင့်နေပါတဲ့"

ခရီးသည်များမှာ နည်းလမ်းစုံ သုံးကြည့်ကြသော်လည်း အရာမထင်ပေ။ ပြင်ပလောကသို့ ဖုန်းဆက်သွယ်၍ ရသည်မှလွဲပြီး ကျန်နည်းလမ်းများအားလုံး အလုပ်မဖြစ်ချေ။

ကျန့်ဝမ်ယောင်မှာ ပြာယာခတ်နေသော အခြားခရီးသည်များကို ကြည့်ပြီး သူပါ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့လာသည်။

"ကျန်းဟော... ငါတို့ ဘယ်လိုလုပ်ကြမလဲ။ တစ္ဆေတစ်ကောင်ကောင်နဲ့ တိုးနေပြီ ထင်တယ်"

ကျန်းဟော၏ မျက်နှာထားမှာလည်း အုံ့မှိုင်းနေသည်။

"ငါက ဘယ်လိုလုပ် သိမှာလဲ။ ဒီလိုကိစ္စမျိုး ငါလည်း ပထမဆုံး ကြုံဖူးတာ။ ဘာပဲဖြစ်ဖြစ် ဒီကနေ လွတ်အောင် အရင်ကြိုးစားရမှာပဲ။ တကယ်လို့ သရဲခြောက်တာသာဆိုရင်တော့ ငါတို့ ဒုက္ခလှလှ တွေ့ပြီပဲ။ တချန်းမြို့မှာ သေသွားတဲ့ ငါ့သူငယ်ချင်းလိုမျိုး ငါအသေမခံနိုင်ဘူး။ သရဲတစ္ဆေတွေ တကယ်ရှိပါတယ်လို့ မင်းကို ငါအမြဲပြောခဲ့သားပဲ။ မင်းမှ မယုံခဲ့တာကိုး"

"ဒါပေမဲ့... ငါတို့ ဒီကားပေါ်က ဘယ်လိုဆင်းကြမလဲ" ကျန့်ဝမ်ယောင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးသည်။

ထိုအချိန်တွင် ယန်ကျန့်သည် အခြားသူများ၏ ပြာယာခတ်နေမှုကို လျစ်လျူရှုလျက် ထိုင်ခုံမှ ထရပ်လိုက်ကာ ယာဉ်မောင်းရှိရာဘက်သို့ လျှောက်သွားလိုက်သည်။

စောစောက ကျန့်ဝမ်ယောင်သည် ယာဉ်မောင်းအလောင်းကို တွန်းဖယ်လိုက်သော်လည်း ထူးခြားမှုမရှိခဲ့ပေ။ ဆိုလိုသည်မှာ ထိုလုပ်ရပ်သည် တားမြစ်ချက်တစ်ခုကို ချိုးဖောက်ခြင်း မဟုတ်နိုင်သလို ကားထဲတွင် လှုပ်ရှားသွားလာခြင်းက လောလောဆယ် စိတ်ချရသည်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ ပတ်ဝန်းကျင်အခြေအနေကို စုံစမ်းရန် လိုအပ်သည်။

သူသည် လူအုပ်ကြားမှ တိုးဝှေ့လျက် ယာဉ်မောင်းခုံနားသို့ သွားရောက်စစ်ဆေးလိုက်သည်။

တစ်စုံတစ်ယောက်က ဘတ်စ်ကားရပ်သွားစေရန် စတီယာရင်ကို ထိန်းချုပ်ဖို့ ကြိုးစားနေသော်လည်း အချည်းနှီးသာ ဖြစ်သည်။

ယန်ကျန့် ဘေးဘီကို ဝေ့ဝဲကြည့်သော်လည်း သဲလွန်စ တစ်စုံတစ်ရာ မတွေ့ရပေ။ မည်သည့် ပုံသေနည်းလမ်းမှလည်း ရှာမတွေ့။ ခရီးသည်များမှာ ထွက်ပေါက်မရှိသော အကျဉ်းခန်းထဲတွင် အပိတ်ခံထားရသလို ဖြစ်နေသည်။ ကားတံခါး အလိုအလျောက် ပွင့်လာမည့်အချိန်ကို စောင့်ရုံမှလွဲ၍ တခြားနည်းလမ်း မရှိတော့။

"ဒါ ဘာကားကြီးလဲဟ။ သာမန်လူတွေ ပိတ်မိနေတာ ထားပါတော့။ ငါလို လူမျိုးပါ ပိတ်မိနေပါလား"

အခြေအနေ အပြောင်းအလဲ တစ်စုံတစ်ရာကို စောင့်ဆိုင်းရန်မှလွဲ၍ သူ့တွင် ရွေးချယ်စရာ မရှိတော့ချေ။

သူ ထိုင်ခုံသို့ ပြန်ရန် လှည့်လိုက်ချိန်တွင် ဖြစ်သည်။

ကားအလယ်တွင် တပ်ဆင်ထားသော အီလက်ထရောနစ် မျက်နှာပြင် အမည်းရောင်ကို သူ သတိထားမိလိုက်သည်။ ကားစက်နှိုးမထား၊ လျှပ်စစ်မီးမရှိသော်လည်း ထိုမျက်နှာပြင်မှာ လင်းနေဆဲဖြစ်သည်။ အနီရောင် စာလုံးတန်းတစ်ခုက မျက်နှာပြင်ပေါ်တွင် ဖြတ်ပြေးသွားသည်။ [လက်ရှိ ခရီးသည်ဦးရေ : ၂ ဦး]

"ခရီးသည် ၂ ဦးတဲ့လား"

ယန်ကျန်း ခေတ္တမျှ ကြောင်သွားပြီး ကားပေါ်ရှိ လူ နှစ်ဆယ်ကျော်ကို ဝေ့ကြည့်လိုက်သည်။ ဘယ်လိုကြည့်ကြည့် ခရီးသည် နှစ်ယောက်တည်း မကပေ။ သုည တစ်လုံး ထည့်ဖို့ မေ့သွားတာများလား။

"ဒါမှမဟုတ်... 'ခရီးသည် ၂ ဦး' ဆိုတာ လူကို ရည်ညွှန်းတာ မဟုတ်ဘူးလား"

ထိုအတွေးက သူ့ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

အကယ်၍ မျက်နှာပြင်ပေါ်မှ ဂဏန်းသည် လူအရေအတွက်ကို မဆိုလိုလျှင် ကားပေါ်ရှိ တစ္ဆေအရေအတွက် ဖြစ်နိုင်ချေများသည်။ 'ခရီးသည်' ဟု ပြထားသော်လည်း သက်ရှိများကိုသာ ဆိုလိုသည်မဟုတ်၊ သေဆုံးပြီးသူများလည်း ပါဝင်နိုင်သည်။

ထိုသို့ တွေးမိလိုက်သည်နှင့် ယန်ကျန့်၏ ကျောပြင်တစ်ခုလုံး စိမ့်ခနဲ ဖြစ်သွားရသည်။

လူနှစ်ဆယ်ကျော်ကြားထဲတွင် သရဲ နှစ်ကောင် ရောနှောနေသည်လား။

မဟုတ်သေး။

သရဲများက ခရီးသည်များကြား ရောနှောနေခြင်း မဟုတ်။ ခရီးသည် အယောက်နှစ်ဆယ်က သရဲများကြားသို့ ရောက်ရှိနေခြင်းသာ ဖြစ်နိုင်သည်။ ဤကားသည် လူများစီးရန် မဟုတ်ဘဲ သူတို့အားလုံး တစ္ဆေကားပေါ်သို့ မှားယွင်း ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။

ယန်ကျန့်သည် ခရီးသည်များကို နောက်တစ်ကြိမ် အသေအချာ အကဲခတ်ကြည့်လိုက်ပြီး သဘာဝလွန်ဖြစ်တည်မှုများကို ရှာဖွေရန် ကြိုးစားလိုက်သည်။

သံသယဖြစ်ဖွယ် လူအချို့ကို သူ ချက်ချင်း သတိပြုမိလိုက်သည်။

ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် မည်သူမျှ ဂရုမစိုက်ကြသော ယာဉ်မောင်းအလောင်း။

အရှေ့ခုံတွင် ထိုင်နေပြီး စောစောက ကျန်းဟောကို သတိပေးခဲ့ဖူးသည့် ကျေးလက်နေ အဘွားအို။

ပြီးတော့ ကား၏ နောက်ဆုံးခုံတန်း။

ကားပေါ်တက်လာကတည်းက ဘာမှမဖြစ်သလို ငြိမ်သက်နေသော လူနှစ်ယောက်။

တစ်ယောက်မှာ ညာဘက်ထောင့်ဆုံးတွင် ထိုင်နေပြီး ကုတ်အင်္ကျီရှည် ဝတ်ဆင်ထားကာ လက်ပိုက်လျက် ခေါင်းငိုက်စိုက်ချထားသဖြင့် မျက်နှာကို မမြင်ရပေ။ နောက်တစ်ယောက်မှာ ဘဲလျှာဦးထုပ်နှင့် လက်ရှည်ရှပ်အင်္ကျီ ဝတ်ဆင်ထားပြီး ပြတင်းပေါက်ဘက်သို့ မှီကာ ခေါင်းငိုက်စိုက်ချထားသည်။

သူတို့နှစ်ဦးမှာ တစ်နေရာစီ ခွဲထိုင်နေကြပြီး လှုပ်ရှားမှု လုံးဝမရှိဘဲ တောင့်တင်းနေသော အလောင်းကောင်များနှယ် ဖြစ်နေသည်။ ထို့အပြင် ထူးဆန်းအေးစက်သော အငွေ့အသက်များလည်း ထွက်ပေါ်နေသည်။

"ကားပေါ်က ခရီးသည် ၂ ဦးဆိုတာ သူတို့လား" ယန်ကျန်း မနေနိုင်ဘဲ တွေးလိုက်မိသည်။

သူ့ထင်မြင်ချက်သာ မှန်ကန်လျှင် ထိုနှစ်ယောက်သည် တစ္ဆေများ ဖြစ်ဖို့များသည်။

သို့သော် သေချာရေရာမှုတော့ မရှိသေးပေ။

ထို့အပြင် တစ္ဆေ မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရလျှင်ပင် ယန်ကျန်းအတွက် အသုံးဝင်မည့်ပုံ မပေါ်ပေ။ သူ့ကိစ္စနှင့် မဆိုင်သလိုပင်။

ကားပေါ်တွင် တစ္ဆေနှစ်ကောင် ရှိနေသည်ထားဦး၊ ထိုတ‌စ္ဆေများက ထထကြွကြွနှင့် လူလိုက်သတ်နေခြင်း မဟုတ်သရွေ့ ပြဿနာမရှိပေ။

အဓိကအရေးကြီးသည်မှာ ကားပေါ်မှ ဆင်းနိုင်မည့် နည်းလမ်းရှာရန်သာ ဖြစ်သည်။

ယန်ကျန့်သည် ဤနေရာတွင် အချိန်အကြာကြီး ပိတ်မိမနေလိုပါ။

"ဒီ တစ္ဆေကိစ္စက အရင်ကြုံဖူးတာတွေနဲ့ လုံးဝမတူဘူး။ အရင် ငတ်မွတ်တဲ့တစ္ဆေ ကိစ္စတုန်းကဆိုရင် တစ္ဆေဆိုးတွေကို ရင်ဆိုင်ပြီး ထိန်းချုပ်နိုင်ရင် ပြီးသွားတာပဲ။ ဒီမှာကျတော့ တစ္ဆေဆိုးတွေကို ရင်ဆိုင်စရာ မလိုဘဲ ထွက်သွားဖို့ နည်းလမ်းကိုပဲ စဉ်းစားရမှာ"

သူ ခေါင်းကိုက်လာသည်။

အရင်တုန်းက ဂိမ်း‌ထဲမှ နောက်ဆုံးဘော့စ်ကို တိုက်ခိုက်ရသည်နှင့် တူလျှင် ယခုအခြေအနေမှာ အခန်းတွင်းမှ လွတ်မြောက်အောင် ကြံဆောင်ရသည့် ဂိမ်းကစားနည်းနှင့် တူနေသည်။

အန္တရာယ် ရှိနိုင်ချေ နည်းသော်လည်း အခက်အခဲက ပိုများလာသည်။

"အကျိုးအကြောင်း စဉ်းစားရတာ ငါ့အားသန်ချက် မဟုတ်ဘူး။ ဒါ ဝမ်ရှောင်မင်ရဲ့ အလုပ်။ ငါက ထိပ်တိုက်ရင်ဆိုင်ပြီး ဖြေရှင်းရတာကို ပိုအားသန်တယ်။ ဒီလို ထိုင်စဉ်းစားနေရတာမျိုး မဟုတ်ဘူး" ယန်ကျန်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဘာမှမဖြစ်လာသေးဘဲ လေထဲကနေ ကောက်ချက်ချဖို့ ခက်ခဲလွန်းလှသည်။

သူ ထိုင်ခုံသို့ ပြန်ထိုင်လိုက်သည်။

ထိုအချိန်မှာပင် သူ့ဖုန်း တုန်ခါသွားသည်။

ဖုန်းကို ထုတ်ကြည့်လိုက်ရာ အမှုအခင်းဗျူရိုမှ ချုံရှုန်းဆီက မက်ဆေ့ချ် ဖြစ်နေသည်။ လက်ရေးမူကို စစ်ဆေးပြီးပြီဆိုသော သတင်းကောင်း ဖြစ်သည်။ သို့သော် ဖုန်းပြန်ပိတ်လိုက်သည်။ ယခုအချိန်သည် တစ္ဆေအဖွဲ့အစည်းအကြောင်း စိတ်ရောက်နေရမည့်အချိန် မဟုတ်။ လက်ရှိအခြေအနေကို ဖြေရှင်းရန်သာ အာရုံစိုက်ရမည်။

ကားပေါ်ရှိ ခရီးသည်များ၏ ထိတ်လန့်မှုမှာ တဖြည်းဖြည်းနှင့် ဖော်ပြမရနိုင်လောက်အောင် ကြီးမားသော ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲလာသည်။

မကောင်းဆိုးဝါးနှင့် တွေ့နေပြီဖြစ်ကြောင်း၊ ဤကားကြီးမှာ ပုံမှန်မဟုတ်ကြောင်း လူအများ စတင်ယုံကြည်လာကြသည်။

"ညီကို... မင်းက ဒီကား မူမမှန်တာကို စောစောစီးစီး သတိထားမိတာဆိုတော့ ထွက်လို့ရမဲ့ နည်းလမ်းများ သိလား" ကျန်းဟောက အနည်းငယ် တည်ငြိမ်လာပြီးနောက် သူ့ကို သတိပေးခဲ့ဖူးသော ယန်ကျန့်ကို လှမ်းမေးလိုက်သည်။

တစ်ယောက်နှင့်တစ်ယောက် မသိကြသော်လည်း ဤလူက သူ့ထက် ပိုသိမည်ဟု ခံစားမိနေသည်။

ယန်ကျန့်က "ငါ စောစောက ပြောပြီးပြီလေ။ ငါ့ပုံစံက အေးဆေးတည်ငြိမ်နေတယ် ဆိုပေမဲ့ တကယ်တမ်းတော့ ငါလည်း လန့်နေတာပဲ။ ငါ့မှာသာ နည်းလမ်းရှိရင် ဒီမှာ ထိုင်နေပါ့မလား။ မင်းတို့ထက်တောင် ငါက ပိုပြီး ထွက်သွားချင်နေသေးတယ်"

သူ ခေါင်းယမ်းပြလိုက်သည်။

"ဆက်စောင့်ရုံပဲ ရှိတော့တယ်။ ကား သူ့အလိုလို ရပ်သွားမယ့်အချိန်ကိုပေါ့။ လောလောဆယ်တော့ တခြား ထွက်ပေါက် မရှိသေးဘူး"

"မဖြစ်နိုင်တာ။ အဲဒါဆို ငါတို့ အန္တရာယ် အရမ်းကြီးနေပြီပေါ့။ ဒီသောက်ကျိုးနည်း နေရာကြီးမှာ ဘယ်လောက်ကြာကြာ နေရဦးမှာလဲ" ကျန်းဟောက ပြန်ပြောသည်။

ယန်ကျန့်က "မင်းပဲ ပြောတော့ တစ်ယောက်တည်းနေလာတာ နှစ် ၂၀ ကျော်ပြီမို့ ဘယ်သရဲမှ မကြောက်ဘူးဆို။ ခုကျမှ ဘတ်စ်ကားစီးရမှာ ကြောက်နေတာလား"

"အဲတုန်းက ကြွားလိုက်တာလေဗျာ။ ဘယ်ထည့်‌ပြောလို့ ရမလဲ" ကျန်းဟော ပြောလိုက်သည်။

ထိုသို့ စကားပြောနေကြစဉ်မှာပင် နာရီဝက်ကျော်ကြာ မရပ်မနား မောင်းနှင်လာသော ခြောက်ခြားဖွယ် ဘတ်စ်ကားကြီးမှာ ရုတ်တရက် အရှိန်လျော့ကျသွားပြီး လမ်းဘေးသို့ တဖြည်းဖြည်း ကပ်သွားလေသည်။

ကားရပ်တော့မည့်ပုံ ပေါ်သည်။

"ဟင်"

ယန်ကျန့်၏ မျက်နှာထားမှာ ချက်ချင်း တည်ကြည်လေးနက်သွားသည်။ ကျန်းဟောနှင့် စကားလက်ဆုံကျနေမှုကို ရပ်ပြီး ကားပေါ်မှ ဆင်းရန် ပြင်ဆင်လိုက်သည်။

တံခါးပွင့်လာပြီး မျှော်လင့်မထားသော အနှောင့်အယှက်များ မရှိခဲ့လျှင် သူ့၏ တစ္ဆေနယ်ပယ်ကို ဖြန့်ကျက်ပြီး ကားပေါ်မှ ဘေးကင်းစွာ ဆင်းနိုင်မည် ဖြစ်သည်။

All Chapters