← Chapters

ဂျိုကာ

Vol. 128 Ch. 1911

ဂျိုကာ

Vol. 128 Ch. 1911

“ ဟုတ် … ဟုတ်ကဲ့ … ကျွန်တော်တို့ အခုပဲ စခန်းသွားပြီး ကိုယ့်အပြစ်ကိုယ် ဝန်ခံလိုက်ပါ့မယ်ဗျ …”

“ နင့်ကြည့်ရတာ ကိုယ့်အမှားကိုယ်တော့ သိတဲ့ပုံစံပါပဲ ..” နင်ချဲ့ ပြောလိုက်ပြီး “ ငါးစက္ကန့် အချိန်ပေးမယ်… အခုချက်ချင်း ငါ့မျက်စိရှေ့ကနေ ထွက်သွားတော့ …”

“ ဟုတ် ဟုတ်ကဲ့ .. ကျွန်တော်တို့အခုချက်ချင်း ထွက်သွားပေးပါ့မယ်…”

နင်ချဲ့၏ ခွင့်ပြုချက် ရသည်နှင့် ကျူးကျင်းဝူနှင့် ကျန်သူများမှာ စားသောက်ဆိုင်ထဲမှ သေပြေးရှင်ပြေး ထွက်ပြေးကြတော့သည်။

“ အခု အားလုံး ရှင်းပြီးသွားပြီ … အထုပ်အပိုးတွေယူပြီး လေဆိပ်သွားတော့ …” နင်ချဲ့ ပြောလိုက်သည်။

“ သွားစို့ … “

ထို့နောက် ထောက်ချိန်သည် ကားကို လေဆိပ်ထံသို့ မောင်းလာခဲ့သည်။

သူတို့တွေ လက်မှတ်ဂိတ်ထဲသို့ ဝင်ရောက်သည့်အချိန်ထိတိုင် နောက်မှနေ၍ စောင့်ကြည့်နေခဲ့လေသည်။

….

အရှေ့အလယ်ပိုင်း။ ကာတာ။

ဟိုတယ်ထဲရှိ သီးသန့်ရေကူးကန်တစ်ခု၌။

ရွှေရောင်ဆံပင်များနှင့် နိုင်ငံခြားသား တစ်ဦးက ရေကူးဝတ်စုံဝတ်ဆင်ကာ ရေကန်ရှေ့တွင် ရပ်ပြီး သူ၏ ရေကူးသည့် ကိုယ်ဟန်ကို ပြသနေသည်။

ရေကန်ထဲတွင်တော့ ဘီကီနီနှင့် မော်ဒယ်တစ်ချို့ ရှိနေပြီး လက်ထဲတွင် လိမ္မော်ရည်ခွက်ကို ကိုင်ထားကြသည်။ သူတို့က ရယ်မောနေကြရင်းဖြင့် ရှေ့ရှိ မြင်ကွင်းကို ရှုစားနေကြလေသည်။

အခြား လူမည်းအမျိုးသား တစ်ဦးကတော့ ရေကူးကန်အနီးနားရှိ ခုံရှည်တစ်လုံးတွင် ထိုင်နေသည်။ ထိုလူကတော့ နေရာနှင့် မအပ်စပ်စွာ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အနားရှိ ပျော်ရွှင်ဖို့ ကောင်းသည့် လေထုမှာ သူနှင့် မသက်ဆိုင်သကဲ့သို့ ရှိသည်။

ရေထဲဆင်းပြီးနောက် မကြာမီမှာပဲ ဝေါ်ကာ အပေါ်သို့ ပြန်တက်လာခဲ့ကာ အီဗန်ဘေးတွင် ဝင်ထိုင်လိုက်သည်။

“ ရေမကူးတာကြာတော့ ငါ့အရည်အချင်းတွေတောင် သံချေးတက်ကုန်ပြီ …”

“ ငါ မြင်တာတော့ မင်း ရေကူးရတာကို ပျော်နေတာ မဟုတ်ပါဘူးကွာ … ဒီတိုင်း အလှလေးတွေ အဖော်လုပ်ပေးတာကို ပျော်နေတာ မဟုတ်လား …”

ဝေါ်ကာ တဟားဟား ရယ်မောလိုက်၏။

“ ငါ့ကောင်ကြီး … မင်းက ငါ့အကြောင်း အသိဆုံးပဲ … သူတို့လေးတွေသာ ငါ့ကို အဖော်လုပ်ပေးမနေရင် ရေကူးတာက ကမ္ဘာပေါ်မှာ ပျင်းစရာ အကောင်းဆုံး အားကစားလို့ ငါ ထင်မိလိမ့်မယ်…”

နှစ်ယောက် စကားပြောနေစဉ်မှာပဲ အနီးအနားမှ ခြေလှမ်းသံများ ထွက်ပေါ်လာပြီး အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် အနားသို့ ရောက်လာသည်။

“ မစ္စတာ အီဗန် ၊ မစ္စတာဝေါ်ကာ ၊ ဖောဆက်စ် သေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးစပ်ဆက်နေမယ့် ကိစ္စတစ်ခုကို ကျုပ်တို့ ရှာတွေ့ထားတယ်…”

ဤသတင်းကို ကြားတော့ နှစ်ဦးလုံး၏ အမူအရာမှာ လေးနက်တည်ကြည်လာသည်။

ပုဝါကို ဘေးသို့ လွင့်ပစ်လိုက်ရင်း ဝေါကာ ဆိုလိုက်၏။

“ ပြော …”

“ ကိစ္စက … ဖောဆက်စ် မသေခင် သူတို့ရဲ့ အခြေစိုက်စခန်းက လေကြောင်း တိုက်ခိုက်ခံခဲ့ရတယ်.. ဒါပေမယ့် အဲ့ကိစ္စမတိုင်ခင် အာရှနွယ်ဖွားတချို့က သူတို့ရဲ့ ကင်းတပ်စခန်းတွေထဲ ဖောက်ဝင်လာခဲ့သေးတယ်… ပြီးတဲ့နောက်မှာ အမြန် ပြန်ဆုတ်သွားပြီး အဲ့နောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ စတင်တာပဲ …”

“ အာရှနွယ်ဖွားတွေ ဟုတ်လား …”

ဤသည်ကို ကြားတော့ အီဗန်နှင့် ဝေါ်ကာတို့ နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။

နိုင်ငံခြား အဖွဲ့အစည်းများအားလုံး အနက် အာရှအဖွဲ့ဝင်တို့မှာ အနည်းအကျဉ်းမျှသာရှိလေသည်။

ဒီတော့ … ဒီရဲ့ တိုက်ခိုက်သူတွေက ဘယ်သူ ဖြစ်နိုင်မလဲ …

“ ကျုံးဝေ့တပ်ဖွဲ့က လူတွေ ဖြစ်နေမလား …” ဝေါ်ကာ ထင်ကြေးပေးလိုက်၏။

“ သည့်မတိုင်ခင်တုန်းက ဖောဆက်စ် ပနားမားစစ်ဆင်ရေး တစ်ခုကို အမိန့်ပေးခဲ့သေးတယ်မလား .. ပြီးတော့ သူ့လက်အောက်တပ်ဖွဲ့ တချို့တောင် အဲ့မှာ ဆုံးရှုံးသွားခဲ့သေးတယ်… ကျုံးဝေ့တပ်ဖွဲ့ကလည်း လူနှစ်ယောက် ဆုံးရှုံးသွားတယ်လို့ ငါကြားတယ်… အဲ့ကိစ္စအတွက် သူတို့ လက်စားချေဖို့ဆိုပြီး လွှတ်လိုက်တယ်ထင်တယ်…”

“ မဖြစ်နိုင်ဘူး … အဲ့ဟာက လေကြောင်းတိုက်ခိုက်မှုနော်….” အီဗန် ခေါင်းခါပြီး ပြန်ပြောလိုက်သည်။

“ မစ္စတာ အီဗန် … အဲ့ဒီလူတွေက ကျုံးဝေ့တပ်ဖွဲ့ဝင်တွေ ဖြစ်ဖို့ များပါတယ်…”

“ မင်း ဘာလို့ အဲ့လို ပြောနိုင်ရတာ … တခြား သိထားတာတွေ ရှိထားသေးလို့လား …” အီဗန် မေးမြန်းလိုက်၏။

“ ကျုပ်တို့ အမေရိကန် စစ်သားတချို့စီက အစီရင်ခံစာကို ဖတ်မိသလောက်တော့ ပနားမား အဖြစ်အပျက်ရဲ့ နောက်ဆုံး အခိုက်အတန့်မှာ အမည်မသိ လူတစ်အုပ်စုပေါ်လာခဲ့ပြီး အနက်ရောင်မြွေ အဖွဲ့ဝင်တွေ အကုန်လုံးကို သတ်သွားခဲ့တယ်… အမေရိကန် စစ်သားတချို့တောင် အဲ့ထဲ ပါသွားသေးတယ်… ဆိုတော့ ပြဿနာက အဲ့လူအုပ်စုကနေပဲ မြစ်ဖျားခံလာရမယ်…”

အီဗန် ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီး သတင်းအချက်အလက်ကို ဝေဖန်ပိုင်းခြားကြည့်နေသည်။ “ ဒီတော့ မင်းပြောချင်တဲ့ သဘောက … ကင်းတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာက ကျုံးဝေ့တပ်ဖွဲ့ရဲ့ လူတွေ … လေကြောင်းတိုက်ခိုက်မှု လုပ်တာကတော့ တခြားအဖွဲ့က … အဲ့လိုလား …”

“ ဟုတ်ကဲ့ …” အနက်ရောင် ဝတ်စုံနှင့် လက်အောက်ငယ်သားက အတည်ပြုပေးလိုက်သည်။

“ ပြီးတော့ ကျုပ်တို့အတွက် နောက်ထပ် သတင်းဆိုး တစ်ခုလည်း ရထားသေးတယ်…”

“ ဘယ်လိုသတင်းမို့လို့ …”

အနက်ဝတ်နှင့် လူမှာ ချီတုံချတုံ ဖြစ်နေခဲ့ပြီး သူ၏ အမူအရာမှာ အနည်းငယ် နေရခက်နေခဲ့၏။

“ အဲ့ဒီ အမေရိကန်စစ်သားတွေရဲ့ ဖော်ပြချက် အရဆိုရင် အမည်မသိ တစ်ယောက်က Ace of Spades လို့ ယူဆရပါတယ်…”

၎င်းတို့၏ အမူအရာမှာ သိသိသာသာကြီး ပြောင်းလဲသွားခဲ့တော့သည်။

“ သူလား …”

Ace of Spades ဆိုသည့် စကားလုံးကို ကြားတော့ ဝေါ်ကာနှင့် အီဗန်တို့၏ အမူအရာများမှာ အနည်းငယ် သဘာဝမကျ ဖြစ်လာခဲ့သည်။

ဤအမည်က မည်သည်ကို ဆိုလိုနေမှန်း သူတို့အားလုံး ကောင်းစွာ နားလည်ထားကြ၏။

အကယ်၍ တကယ်ကြီး ထိုလူ ဖြစ်နေခဲ့မည် ဆိုပါက ဤပြဿနာမှာ စတင် ရှုပ်ထွေးချေတော့မည်။

“ ဒီ သတင်းက အမှန် ဟုတ်မဟုတ် မင်း အတည်ပြုပြီးပြီလား …” အီဗန် မေးမြန်းလိုက်သည်။ “ Ace of Spades က Joker ရဲ့ လက်အောက်ငယ်သား မဟုတ်လား … သူက ကျုံးဝေ့တပ်ဖွဲ့ရဲ့ ကိစ္စထဲ ဘာလို့ ဝင်စွက်ဖက်မှာ …”

“ ဒါပေမယ့် ကျုပ်တို့ရဲ့ ယုံကြည်ရတဲ့ သတင်း အရင်းအမြစ်တွေအရတော့ Joker က ဟွာရှန့် လူမျိုးတစ်ယောက်ပဲ … သူတို့ကြားမှာ ကွန်နက်ရှင် တစ်ခုခု ရှိရင် ရှိနေနိုင်တယ်…” အနက်ရောင် ဝတ်စုံပြည့်နှင့် လူက ပြောလိုက်ပြီး “ အဲ့တာအပြင်ကို ကျုပ်တို့ ရှာတွေ့ထားတဲ့ တခြားတစ်ခု ရှိသေးတယ်…”

“ ပနားမား ဖြစ်စဉ်ရဲ့ အဓိက ဇာတ်ကောင်က ကျုံးဝေ့ တပ်ဖွဲ့ အသင်း ၁ ရဲ့ ခေါင်းဆောင်ပဲ … သူ့ ကောင်မလေးရဲ့ နာမည်က ကျီချင်းရန် …ပြီးတော့ ဟွာရှ ၊ ကျိုးဟိုင်မှာ ကုမ္ပဏီ တစ်ခုဖွင့်ထားတယ်.. ခုရက်ပိုင်း သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးက သူ့ဘေးနား ဆက်တိုက် ရှိနေတယ်… ကျုပ်တို့ စုံစမ်းထားမိသလောက်တော့ အဲ့ဒီ အမျိုးသမီးက Joker နဲ့ ဆက်စပ်နေတယ်.. ဒါကြောင့်မို့ ကျုပ် အထင်အရတော့ Ace of Spades ပေါ်လာခဲ့တာ တိုက်ဆိုင်မှု သပ်သပ်တော့ မဖြစ်နိုင်ဘူး …”

အီဗန်တို့နှစ်ဦးလုံး တိတ်ဆိတ်သွားခဲ့ကြသည်။ ရှည်ရှည်ဝေးဝေး ထပ်မပြောကြတော့ချေ။

“ အခု ပြဿနာရဲ့ သော့ချက်က အဲ့ဒီရဲ့ သက်လတ်ပိုင်း အမျိုးသမီးပဲ … သူ ဘယ်သူလဲဆိုတာ ငါတို့ အခုထက် ပိုသေချာအောင် စုံစမ်းဖို့ လိုတယ်…”

“ အဲ့တာက ခဲယဉ်းလောက်တယ်…”

“ ဘာလို့ ခဲယဉ်းရမှာ …”

“ သူတို့ အနားမှာ ကျွမ်းကျင်သူတွေ အများကြီး အစောင့်ချထားတာဆိုတော့ ကျုပ်တို့ လူတွေ အနားကပ်နိုင်ဖို့က တကယ် မလွယ်လောက်ဘူး …”

“ တကယ်လို့ ကျုပ်တို့ဘက်က မသင်္ကာ စရာ တစ်ခုခု ပြုလိုက်မိရင် ဖော်ထုတ်ခံလိုက်ရနိုင်တယ်…”

“ Joker ရဲ့ လူတွေက ခွဲရခက်တဲ့ အခွံမာသီးတွေလိုပဲ…” အီဗန် ဝင်ပြီး ထောက်ခံလိုက်သည်။

“ ဘယ်လိုပဲပြောပြော သူတို့ရဲ့ ခေါင်းဆောင်က Joker လေ … ဒီလောကကြီးမှာ သူနဲ့ ယှဉ်နိုင်တဲ့လူဆိုတာ ဘယ်နှယောက် ရှိတာမှတ်လို့ …”

အီဗန် ခေါင်းငဲ့၍ သူ့ဘော်ဒါဟောင်းကြီးအား ကြည့်လိုက်သည်။

“ မင်း သူ့ကို တအား မြင့်မြင့်တွေးထားလွန်းနေပြီ …”

“ ငါ အရင်က သူနဲ့ တစ်ခါ ထိတွေ့ဆက်ဆံဖူးတယ်… သူက သိပ်ကြောက်ဖို့ကောင်းတဲ့ လူစားမျိုးပဲ.. ငါပြောတာကိုယုံ …”

အီဗန် လက်ဝှေ့ယမ်းလိုက်ပြီး “ Joker ရဲ့ ခွန်အားကို ငါလည်း သိတယ်… ဒါပေမယ့် အခု လုပ်ရမှာ ဆေးရည်ကြည် ဘယ်သူ့လက်ထဲ ရောက်သွားလဲ ဆိုတာပဲ …”

“ ငါတို့ ကျုံးဝေ့တပ်ဖွဲ့ကနေ စလို့ရတယ်…” ဝေါ်ကော ပြောလိုက်ပြီး “ ငါ မနေ့က သူတို့ရဲ့ သတင်းအချက်အလက်တွေ ဖတ်ကြည့်တာ သူတို့မှာ လောလောဆယ် အသင်းခေါင်းဆောင် သုံးယောက် ရှိတယ်… နှစ်ယောက်က ရန်ကျင်းမှာ … နောက်ဆုံး တစ်ယောက်ကကျတော့ ကျိုးဟိုင်မှာ …”

“ ဒါပေမယ့် အဲ့ဒီ တစ်ယောက်က ပနားမားမှာ သေသွားခဲ့ပြီ …”

“ အချက်အလက်ထဲမှာပဲ အဲ့လိုပြောထားတာ … ဒါပေမယ့် ဟွာရှတွေ ဘယ်လောက် ကလိမ်ကကျစ်နိုင်လဲ မင်း သိထားရမယ်… အဲ့ဒီတုန်းက ကြွင်းကျန်တဲ့ ဘော်ဒီကို သူတို့ သယ်သွားခဲ့တာ … တကယ် သေသွားလား ၊ ကယ်တင်ခံလိုက်ရလား ဘယ်သူမှ အတည်မပြုနိုင်ဘူး …”

ထိုအချိန်၌ ဝေါ်ကာမှာ သူ၏ အင်အားကောင်းသည့် ကျိုးကြောင်းဆက်စပ်သည့် စွမ်းရည်ကို ပြသနေလျက် ရှိသည်။

“ လတ်တလောမှာ အနက်ရောင် မြွေ အဖွဲ့နဲ့ ရန်ငြိုးရန်စ ရှိထားတဲ့အဖွဲ့က ကျုံးဝေ့တပ်ဖွဲ့ပဲ … တကယ်လို့ ခေါင်းဆောင် အဆင့် တစ်ယောက်က သေသွားခဲ့တယ်ဆိုရင် ကျုံးဝေ့တပ်ဖွဲ့က အရမ်းတည်ငြိမ်နေနိုင်မှာ မဟုတ်ဘူး … ဘာရာဝီကို မြေတောင်လှန်ပစ်လောက်တယ်… လုပေချိန်ကလည်း သွားရှုပ်လို့ မရတဲ့ လူစားမျိုးပဲ … သူ့လက်အောက်ငယ်သားအတွက် လက်စားချေပေးမှာ သေချာပေါက်ပဲ .. အခုလို ဗုံးလေးနည်းနည်းပါးပါးကျဲပြီး၊ ပြီးသွားမယ့် ကိစ္စ မဟုတ်ဘူး …”

အီဗန် နောက်သို့မှီလိုက်ပြီး စက္ကန့်အတော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့သည်။

“ မင်းပြောသလိုဆိုရင် အခု နောက်ကွယ်က လက်သည်တရားခံက ကျုံးဝေ့တပ်ဖွဲ့ကဆိုတာ မင်း အတည်ပြုနိုင်နေပြီမလား …”

“ အင်း … သူက ငါတို့ အဓိက စုံစမ်းရမယ့် ပစ်မှတ်ပဲ .. ပြီးတော့ ငါတို့ အဲ့လူရဲ့ အချက်အလက်တွေကိုပဲ စုံစမ်းလို့ရမယ်…” ဝေါ်ကာ ပြောလိုက်ပြီး “ တခြား ခေါင်းဆောင်နှစ်ယောက်က ကမ္ဘာကြီးရဲ့ တားမြစ်ဇုန်လို့ သမုတ်ထားရတဲ့ ရန်ကျင်းမှာ … အဲ့မှာ လှုပ်ရှားတာက ငါတို့အတွက် အန္တရာယ် ရှိနိုင်တယ်… အသေးစိတ်ကိုတော့ ငါတို့ ဥက္ကဌနဲ့ တိုင်ပင်ဖို့ လိုမယ်….”

အီဗန် ခေါင်းညိတ်လိုက်သည်။ “ ဒီကိစ္စမှာ Joker လည်း ပါဝင်ပတ်သက်နေတယ်ဆိုတော့ သတိထားတာ အကောင်းဆုံးပဲ … ဒါပေမယ့် ငါတော့ ဥက္ကဌက သဘောတူမယ်လို့ ငါ ယုံကြည်တယ်.. ဘာလို့ဆို ဒီရဲ့ ကမ္ဘာကြီးထဲ ဘယ်သူ့ကိုမှ ခြိမ်းခြောက်မှုလို့ သူ မမြင်တာကြောင့်ပဲ …”

ဝေါ်ကာ စီးကရက် တစ်လိပ်ကို မီးညှိပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ ငါ့စိတ်ထင် ဒီကိစ္စကလည်း နောက်ဆုံးကျရင် ဟောင်ကောင်ရဲ့ ဟုန်မန်ရုံးခွဲလက်ထဲပဲ ကျသွားခဲ့မှာပဲ …”

ဟုန်မန် နှင့် စပ်လျဉ်း၍မူကား ဟွာရှလူမျိုးတို့ စိမ်းသက်နေခြင်း မရှိပေ။

ဇာတ်ကားတော်တော်များများထဲ၌လည်း တွေ့ရတတ်၏။ သို့သော် သူတို့သိကြသည်က ဟုန်မန်သည် အင်မတန်ကြီးမားသည့် မြေအောက်အဖွဲ့အစည်းကြီး တစ်ခုဟူ၍ပင်။ ယင်းက ဖရီးမေဆင်၏ ရုံးခွဲတစ်ခု ဖြစ်သည်ကိုတော့ ၎င်းတို့ မသိကြချေ။

၎င်း၏ တကယ့်စစ်မှန်သည့် လွှမ်းမိုးနိုင်စွမ်းက သာမန်လူတို့ စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေပြီး ဖြစ်သည်။

“ တကယ်လို့ အဲ့လိုသာဆိုရင်တော့ ပိုပြီး လွယ်ကူသွားပြီ …” ဝေါ်ကာ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့ ဒီကိစ္စ ဟုန်မန်ဆီ လွှဲပေးရမယ်ဆိုရင်တောင် ငါတို့နှစ်ယောက် ဟွာရှဆီ လျှို့ဝှက်ခရီး တစ်ခေါက်လောက်တော့ ထွက်ရလောက်တယ်…”

အီဗန် ပခုံးတွန့်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ငါတော့ အဆင်ပြေတယ်… ဟွာရှကို အလည်ခရီးထွက်တယ်ပဲ မှတ်လိုက်တာပေါ့ … ဘာတွေ ဖြစ်လာမလဲ ငါတော့ တကယ်ကြီး မျှော်လင့်နေပြီ…”

All Chapters