အဲ့မှာ ရပ်စမ်း
Vol. 128 Ch. 1912
လေယာဉ်က ကျိုးဟိုင် လေဆိပ်သို့ ဆင်းသက်သည့် အချိန်၌ ညနေ အချိန် သုံးနာရီ ကျော်နေပြီး ဖြစ်သည်။
သို့သော် လင်းရီသည် သူ ကျိုးဟိုင်သို့ ပြန်ရောက်လာကြောင်းကို လျန်ရူရွှယ်ထံသို့ မပြောပြခဲ့ချေ။
မဟုတ်ပါက အကယ်၍ သူသာ ယနေ့ည သူမထံသို့ ရောက်မလာခဲ့ဘူးဆိုလျှင် သူမစိတ်ထဲ အနည်းငယ် စိတ်မကောင်းဖြစ်မိသွားမှာ သေချာသည်။
ဤမြို့လေးသို့ တစ်ဖန်ပြန်လာရသည်က သူ့အတွက် ဘဝတစ်ခုစာ ဖြတ်သန်းပြီးသကဲ့သို့ ခံစားလိုက်ရသည်။
လင်းရီအဖို့ … တိုတောင်းသည့် ဤတစ်လက ရိုလာကိုစတာ စီးနေရသလိုပင်။ ယခင် နှစ်နှစ်တာအတွင်း ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံတို့ထက်ပင် ပိုပြီး မယုံကြည်နိုင်ဖွယ်ရာ ကောင်းလွန်းလှသည်။
သေခြင်းနှင့် ရှင်ခြင်း၏ အသက်ကြိုးတန်းပေါ်တွင် လျှောက်ပြီးသည့်နောက်တွင် ထိုကဲ့သို့ အရာမျိုးအား သူ ဘယ်တော့မှ တစ်ဖန်ပြန်ပြီး မခံစားကြည့်ချင်တော့သည်မှာ အမှန်ပင်။
ကျိုးဟိုင်သို့ ရောက်လာပြီးသည့်နောက် လင်းရီတို့ သုံးယောက်သား ညစာအတူ စားသောက်လိုက်ကြသည်။ ထို့နောက် လင်းရီသည် ချောင်ရှင်းကို အိမ်သို့ လိုက်ပို့ပေးလိုက်ပြီး လီချူးဟန်နှင့်အတူ အိမ်အသစ်သို့ ပြန်လာလေသည်။
အိမ်ရှေ့ရောက်တော့ လီချူးဟန်၏ အိမ်ဘေးနားတွင် ဆောက်ထားသည့် အဆောက်အဦးနှစ်ခုသို့ လင်းရီ ငေးကြည့်မိရင်း ဝမ်ရင်းနှင့် ရန်စီတို့ထံ အတွေးရောက်သွားခဲ့သည်။
သူမတို့က သူ မသေသေးဘဲ အသက်ရှင်နေဆဲ ဖြစ်ကြောင်းကို မသိကြသေးသကဲ့သို့ သူကလည်း သူမတို့ အဆင်ပြေနေခြင်း ရှိမရှိကို မသိနေပေ။
“ နင် ပင်ပန်းနေပြီလား … ရေအရင်ချိုးမလား …”
လင်းရီ၏ အနောက်တွင် ရပ်နေရင်း လီချူးဟန်သည် အနောက်မှနေပြီး လင်းရီကို သိုင်းဖက်လာသည်။
“ မင်းအရင်ချိုးနှင့် .. မင်းပြီးမှပဲ ဝင်တော့မယ်…”
“ ငါ အလျင်မလိုပါဘူး …” လီချူးဟန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အခု နင် ဒီကို ပြန်ရောက်လာပြီဆိုတော့ နောင်ကျ ဘာတွေ ဆက်လုပ်ဖို့ စီစဉ်ထားလဲ …”
လင်းရီ ခေတ္တ စဉ်းစားလိုက်ပြီး “ အလုပ်ပြန်လုပ်ရမှာပေါ့ …”
စနစ်၏ မစ်ရှင်ကို တစ်ဝက်မျှသာလျှင် ပြီးဆုံးသေးပြီး ယခု ပြန်ရောက်လာပြီ ဖြစ်သဖြင့် မစ်ရှင်ကို လျင်လျင်မြန်မြန် အပြီးသတ်ဖို့ လုပ်ရမည်။
ကမ္ဘာကြီး၏ လက်ရှိ အခြေအနေက ပို၍ ရှုပ်ထွေးလာနေသည်။ အဆိုပါ ရှုပ်ထွေးပြီး အချိန်နှင့် အမျှ ပြောင်းလဲနေသည့် အရာတို့အား ကိုင်တွယ်နိုင်ရန်အတွက် သူ့ဘက်က ဆုလဒ်တွေ အများကြီး ပိုရအောင် လုပ်ထားရမည်။
လင်းရီ နောက်သို့လှည့်လိုက်ပြီး လီချူးဟန်ကို သူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်သည်။
“ အိမ်မှာ ရက်နည်းနည်းလောက် ထပ်နေဦး … ဆေးရုံသွားဖို့ပဲ လောမနေနဲ့ …”
လီချူးဟန်၏ မျက်နှာထက်တွင် ညင်သာသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူမ၏ လက်ကို လင်းရီ၏ လည်ပင်းပေါ် တင်ထားရင်း
“ ငါ အခု တကယ်ကြီး အဆင်ပြေနေပြီ … ငါ့ကို စိတ်မပူနဲ့ … တကယ်ပါဆို …ဒီလောက်တောင်ကြာနေပြီကို ငါ ဆေးရုံပြန်ပြီး ဟိုမှာ အခြေအနေတွေ ဘယ်လိုရှိလဲ သိချင်တယ်…”
“ ဒါဆိုလည်း ကောင်းပြီလေ… ဂရုစိုက်ပြီး ကိုယ်တတ်နိုင်တာပဲ ကိုယ်လုပ်ဖို့ မမေ့နဲ့ …”
“ အွန်း …”
လီချူးဟန် လင်းရီအား ညှင်သာစွာကြည့်၍ သူ့အား အနမ်းတစ်ပွင့်ပေးလိုက်၏။
ထို့နောက် နှစ်ယောက်မှာ ပို၍ မက်မက်မောမော နမ်းရှိုက်နေခဲ့ကြပြီး လင်းရီသည် လီချူးဟန်ကို ရေချိုးခန်းထဲသို့ ခေါ်သွားသည်။ ဆေးကြောသန့်စင်ပြီးနောက် အိပ်ခန်းသို့ ရောက်လာကာ ရူးသွယ်ဖွယ် ရှေ့ပြေးတိုက်ပွဲတစ်ခုအား အစပျိုးလေတော့သည်။
( ဤနေရာတွင် စာလုံးပေါင်း ၁၄.၄၈ သန်းကို ချန်လှပ်ထားခဲ့ပါသည်…. 😉 )
လင်းရီ တစ်ဖန်ပြန်ပြီး မျက်လုံးဖွင့်သည့် အချိန်၌ နောက်တစ်နေ့ နံနက် ကိုးနာရီကျော်နေပြီး ဖြစ်၏။
ထိုအချိန်၌ လီချူးဟန်မှာ အိပ်ရာထဲ၌ ရှိမနေတော့ချေ။
လီချူးဟန်နှင့် အချိန်အတော်ကြာ အတူရှိပြီးနောက်တွင် လင်းရီသည် ယခုလို သူနိုးလာသည့် အချိန်၌ သူမ မရှိတော့သည့် အခြေအနေအား နေသားကျနေပြီး ဖြစ်၏။
သူ နိုးလာသည့်အချိန်တိုင်းတွင် သူမက အိပ်ရာထဲ ရှိမနေတော့ဘဲ ထိုအစား မီးဖိုချောင်ထဲ၌ မနက်စာပြင်ဆင်ရင်း အလုပ်များနေလေသည်။
ဤတစ်ကြိမ်တွင်လည်း ထို့အတူပင်။
လင်းရီ သူ့ဖုန်းကို ကိုင်လိုက်၏။ လျန်ရူရွှယ်ထံမှ ပို့ထားသည့် မဖတ်ရသေးသည့် မက်ဆေ့ချ်များ သူ့တွင် ရှိနေသည်။
လျန်ရူရွှယ် “ နင့်လေယာဉ်ချိန်က ဘယ်တော့လဲ … ကျိုးဟိုင်ကို ဘယ်အချိန်လဲ ရောက်မှာ …”
လင်းရီ “ ညနေ တစ်နာရီ … လေယာဉ်ပေါ်ကဆင်းတာနဲ့ မင်းဆီ လာခဲ့မယ်…”
ရိုးရှင်းစွာ စာပြန်ပြီးနောက် လင်းရီ အိပ်ခန်းထဲက ထွက်လာခဲ့၏။
“ မျက်နှာအရင်သွားသစ်လိုက်ဦး … မနက်စာက ခဏဆို ရပြီ …”
လင်းရီ ထွက်လာသည်ကို မြင်တော့ လီချူးဟန် ညင်သာစွာ ပြုံးရင်း ပြောလိုက်၏။
လင်းရီ ခေါင်းညိတ်ပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။ နှစ်ယောက်အတူ ရိုးရှင်းသည့် မနက်စာအား စားသောက်ပြီးသည့်နောက်တွင် လီချူးဟန်မှာ အဝတ်အစားနှင့် မိတ်ကပ်တို့အား စတင်ပြင်ဆင်လေသည်။
လီချူးဟန်မှာ မျက်နှာပြောင်ကြီး မဟုတ်သော်လည်းပဲ သူမ၏ မိတ်ကပ်မှာ မိနစ် အနည်းငယ်အတွင်း လိမ်းပြီးသွားခဲ့၏။
“ သွားစို့ … ငါမင်းကို လိုက်ပို့ပေးမယ်…”
“ နင် အလုပ်ရှုပ်နေပါမယ်… နင် လုပ်စရာရှိတာကိုပဲ သွားလုပ် … ငါက ရှင်းရှင်းကိုလည်း သွားကြိုရဦးမှာ ..”
လီချူးဟန် ကားသော့နှစ်ချောင်း ထုတ်လာခဲ့ပြီး “ နင် ဘယ်တစ်ခု မောင်းမလဲ …”
“ Type – R “
အနှီ အသေးမွှား ကိစ္စလေးများအား လင်းရီ ဂရုစိုက်မနေချေ။ လီချူးဟန်၏ လက်ရှိ အခြေအနေဖြင့် အရာအားလုံးက အိုကေသည်။ ဤသည်ကိုလည်း ယမန်နေ့ညက နှစ်ယောက်အတူ ထွက်ခဲ့သည့် စွန့်စားခန်းတစ်ရပ်၌ သိသာထင်ရှားစွာ မြင်တွေ့နိုင်လေသည်။
လီချူးဟန် ထွက်ခွာသွားပြီးသည့်နောက် လင်းရီ ထွက်သွားရန် အလျင်လိုမနေခဲ့ချေ။
သူ ရဲစခန်းသို့ ပြန်သွားရန် စီစဉ်ထားသော်လည်းပဲ ယနေ့တော့ မဟုတ်သေးချေ။
သူ့ကိုယ်သူ တစ်ရက် အနားပေးဖို့ ဟန်ပြင်ထား၏။ ဤအတောအတွင်း ထင်မှတ်မထားသည့် ကိစ္စတို့က အများအပြား ဖြစ်ပျက်ထားသဖြင့် သူ့ဘက်က အနားယူရန်အတွက် အချိန်တစ်ချို့ လိုအပ်နေသေးသည်။
ခန့်မှန်းချေ တစ်နာရီခန့်ကြာပြီးသည့်နောက် လင်းရီ ဟွာချင်းရေကန်သို့ မောင်းထွက်လာသည်။
ဤနေရာသို့ သူ မရောက်ဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။
နေ့ခင်း အချိန်ဖြစ်သော်လည်းပဲ လူတော်တော်များများက ဝင်ချည်ထွက်ချည် ပြုနေခဲ့ကြသည်။ လင်းရီ ရောက်လာသည့် အချိန်၌ ပါကင်နေရာက ကားများဖြင့် ပြည့်နေပြီး ကားရပ်နားရန်အတွက် နေရာတစ်နေရာ ရှာတွေ့ဖို့က လွယ်ကူမည့်ပုံ မပေါ်ချေ။
“ ဒီလူတွေ အလုပ်လုပ်ဖို့ မလိုဘူးလားဟ … မနက်စောစောစီးစီးကို ဒီလောက် စည်ကားနေရလားဟ …”
အဆုံး၌ ဤလူများ အလုပ်သွားခြင်း ရှိမရှိက အရေးမပါကြောင်းကို နားလည်သဘောပေါက်လိုက်သည်။ သူတို့ ဇနီးမယားတွေ အလုပ်သွားနေသရွေ့ အရာအားလုံး အဆင်ပြေသည်။
ယခုလို ရေချိုးစင်တာများ၏ စီးပွားရေး အခြေအနေကလည်း အိမ်သူသက်ထားတို့ အိမ်၌ ရှိမရှိ အပေါ်တွင် မူတည်နေလေသည်။
အနောက်တွင်တုန်းက ဤနေရာသည် လျန်ရူရွှယ် ကောင်းမှုဖြင့် ခေတ္တမျှ ပိတ်ချခံလိုက်ရသေးသည်။
လင်းရီ၏ ကားမှာ ကားပါကင်လမ်းအတိုင်း မောင်းနှင်လာရင်း ကားရပ်နားနိုင်မည့် ပါကင်တစ်နေရာကို လိုက်လံရှာဖွေနေသည်။
“ ဟင် … ဒါ ဥက္ကဌလင်းမလား …”
လင်းရီ ကားမှန်ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ ဟွာချင်းရေကန်၏ လုံခြုံရေး ဝန်ထမ်းက သူ့အား အံ့အားတကြီး မျက်နှာအမူအရာဖြင့် ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ ဘာတုန်း ခင်များက … ကျုပ်တို့ချင်း မတွေ့တာ နှစ်လလောက်ပဲ ရှိသေးတာကို အတော်ပိန်ကျသွားတယ်နော်… စော်က ထားသွားလို့လား …” လင်းရီ စနောက်လိုက်၏။
“ တလောတုန်းကပဲ အင်တာနက်ပေါ်မှာ ဥက္ကဌလင်း သေပြီဆိုပြီး ကောလဟာလ သတင်းအတုတွေ တက်လာခဲ့သေးတယ်… ကျုပ်တို့ဆီက ဝန်ထမ်းတွေအကုန် ဝမ်းနည်းပြီး ဝိတ်တွေ ကျကုန်တာပါဆို … နောက်တော့မှ စောက်ကျိုးနည်း သတင်းအတုတွေဆိုတာ သိလိုက်ရတယ်…”
“ အင်း … အခု အင်တာနက်ကလည်း ဇွတ်ယုံနေလို့ မရတော့ဘူး …” လင်းရီ ပြောလိုက်ပြီး “ ကောင်းပြီ … ကျုပ် ခင်များကို ကားသော့ပေးလိုက်မယ်… တစ်နေရာမှာ ကားသွားရပ်ပေးထားစမ်းပါ … ကျုပ် အရင် ဝင်နှင့်တော့မယ်…”
“ ရတယ် … ကျုပ်နဲ့ လွှဲထားလိုက် …”
“ ရှေ့က Civic Type – R အစုတ်နဲ့ကောင် … မင်း ယီးလုပ်နေတာလား … မြန်မြန် လမ်းဖယ်ပေးစမ်း …”
လင်းရီ ကားပေါ်က ဆင်းနေစဉ်မှာပဲ အနောက်မှနေ၍ တစ်စုံတစ်ယောက် ကျိန်ဆဲသည့် အသံကို ကြားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်တော့ ထိုလူက မာစီးဒီး S အမြင့်ကို မောင်းနေသည့်လူဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ထိုလူက နေကာမျက်မှန်ကြီး တပ်ထားပြီး မျက်နှာကြောက တင်းထော်နေကာ ဇယားလာရှုပ်၍ မရသူဖြစ်ကြောင်းကို လူတကာ သိအောင် ပြောပြနေလျက် ရှိ၏။
“ အာ …. ဥက္ကဌကျောက်ပဲ …”
ထိုလူကို မြင်တော့ လုံခြုံရေး အစောင့်က သူ့အား အပြုံးတစ်ပွင့်ဖြင့် နှုတ်ခွန်းဆက်လိုက်သည်။
သူ ပြောနေသည့် ဥက္ကဌကျောက်က အင်တာနက် ကုမ္ပဏီ တစ်ခု၏ ဥက္ကဌ ဖြစ်သူ ကျောက်ချန်ပင်။
လင်းရီကဲ့သို့ပင် ၊ နှစ်ဦးလုံးက ဟွာချင်းရေကန်၏ အမာခံ ဖောက်သည်ကြီးများ ဖြစ်ကြ၏။
“ ဥက္ကဌကျောက် … ခင်များ စိတ်အေးအေးထားပါ … ကျုပ်ကို ကားသော့ပေးလိုက် … ကျုပ် ခင်များကို ပါကင်ထိုးဖို့ နေရာ ရှာပေးမယ်…”
“ ငါ့ကားက ယွမ်တစ်သန်းကျော်တဲ့ မာစီးဒီး S အမြင့်နော် … မင်း မောင်းတတ်လို့လား …” ကျောက်ချန် ငေါက်ငမ်းလိုက်ပြီး လုံခြုံရေး ဝန်ထမ်းအား မချေမငံ ဆက်ဆံလိုက်သည်။
“ ဟုတ် ဟုတ် ….. ကျုပ် မောင်းတတ်ပါတယ်…”
လုံခြုံရေး အစောင့်မှာ ပြုံးလိုက်သော်လည်း စိတ်ထဲမှာတော့ ကြိတ်ပြီး ကျိန်ဆဲနေလျက် ရှိသည်။
' ဥက္ကဌလင်းရဲ့ ယွမ် သန်း ၁၀၀ ကျော်တန် ဘူဂတီကိုတောင် ပါကင်ထိုးပေးလာတဲ့ကောင်ပါကွ … မင်းလို တစ်သန်းကျော်တန် ကားလောက်လေးကတော့ မျက်စိမှိတ်မောင်းတောင် ရတယ်…’
“ ဒါဆိုလည်း ဟုတ်ပြီလေ… ရော့ ဒီမှာ ကားသော့ … သေချာလုပ် … ခြစ်ရာ တစ်ခုခု ဖြစ်သွားလို့ကတော့ မင်းကိုယ်မင်း ရောင်းစားတောင် လျော်လို့ လောက်ငှမှာ မဟုတ်ဘူး …”
“ ဟုတ်ကဲ့ ဟုတ်ကဲ့ … ဥက္ကဌကျောက် ပြောတာ မှန်ပါတယ်ခင်ဗျ …”
သူ့အလုပ်တာဝန်ကြောင့်မို့ လုံခြုံရေး အစောင့်မှာ ရင့်ရင့်သီးသီး ဘာစကားမျှ ပြန်မဆိုဝံ့ပေ။
သူတို့အားလုံးက လူ့အဖွဲ့အစည်း အောက်ခြေတွင် ရှင်သန်နိုင်ရေးအတွက် ရုန်းကန်နေကြရသူများဖြစ်၏။ ကျောက်ချန်ကဲ့သို့သော လူစားမျိုးများကို အပြစ်ပြု၍ မဖြစ်နိုင်ကြောင်း သူတို့ ကောင်းကောင်းသိကြသည်။
ထို့ပြင် ချမ်းသာသည့် သူဌေးတိုင်းက ဥက္ကဌလင်းကဲ့သို့ ပြောဆိုဆက်ဆံ၍ လွယ်ကူသူများ ဟုတ်မနေချေ။
ကျောက်ချန် ကားထဲက ထွက်ပြီး ကျင်းလင် စီးကရက် တစ်လိပ်ထုတ်ကာ ဟန်ပါပါနှင့် မီးညှိလိုက်၏။ ထို့နောက် ဖောင်းတင်းနေသည့် ပိုက်ဆံအိတ်ကြီးကို ဂျိုင်းကြားညှပ်ရင်း တံခါးပေါက်ဝသို့ ဦးတည်လိုက်သည်။
သို့သော် လင်းရီအရှေ့က ဖြတ်လျှောက်တော့ သူ တံတွေးထွေးချလိုက်၏။
“ ဖီး .. ဒီလိုနေရာမျိုးကို မင်းမို့လို့ မရှက်မကြောက် ကားအစုတ်ကြီး မောင်းလာရဲတယ်…”
သူ့ကားတာယာမှာ တံတွေးစင်လုနီးနီး ဖြစ်သွားသည်ကို မြင်တော့ လင်းရီ အသံနိမ့်ပြီး လှမ်းပြောလိုက်သည်။
“ မင်း အဲ့မှာ ရပ်စမ်း …”