ကျီချင်းရန်ကို အောင်နိုင်မည့် နည်းလမ်း
Vol. 128 Ch. 1914
ကျေက်ချန် ကြက်သေသေသွားခဲ့သည်။
လင်းရီသည် ဟွာချင်း ရေကန်၌ ယခုလို ပစားပေးခံထားရလိမ့်မည်ဟူ၍ သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
“ သွားကြမယ်…”
လင်းရီ နံပါတ် ၁၈ နှင့် တခြား စကီလေး သုံးပွေကို ခေါ်ကာ အပေါ်ထပ် သီးသန့်ခန်းများ ရှိရာဘက်သို့ တက်သွားခဲ့သည်။
“ လောင်ကျောက် … အဲ့ငနဲက ဘာလား … နည်းနည်းလေး ဟိတ်ဟန်များလွန်းမနေဘူးလား …” ကျောက်ချန်၏ ဘော်ဒါဆိုသူက ကြည့်မရစွာ စကားဆိုလိုက်သည်။ “ ပြီးတော့ သူ ပြောတဲ့ ပုံစံ အတိုင်းဆို မင်းတို့ကြားမှာ မကျေမချမ်း ဖြစ်စရာ တစ်ခုခု ဖြစ်ထားသလိုပဲ ..”
ကျောက်ချန် မေးခွန်းကို ရှောင်တိမ်းခြင်း မပြုဘဲ စောနလေးတင် ကားပါကင်၌ ဖြစ်ပျက်ခဲ့သည်များအား ပြန်ပြောင်း ပြောပြလိုက်၏။
သို့သော် သူ ရိုက်ခံခဲ့ရသည့် အပိုင်းကိုတော့ ချပ်လှပ်ထားခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုအရာက သိပ်ရှက်စရာ ကောင်းလွန်းလေသည်။
“ ငါ့စိတ်ထင် ဒီကောင်က ဟွာချင်း ရေကန်ရဲ့ ပုံမှန် ဖောက်သည်အကြီးစားပဲ ဖြစ်ရမယ် … မဟုတ်ရင် ဒီလိုမျိုး ပစားပေးခံထားရမှာ မဟုတ်ဘူး …” ကျောက်ချန်၏ ဘော်ဒါက ပြောလိုက်၏။
“ ငိုးပဲကွာ … ဒီကောင် ငါ့ကို တစ်ကြိမ်ပြီး တစ်ကြိမ် ကန့်လန့် လာလာတိုက်နေတာ များနေပြီ .. ဒီတစ်ခါတော့ သင်ခန်းစာပေးမှရမယ်…”
ကျောက်ချန်၏ ဘော်ဒါက သူ့ဖုန်းကို ထုတ်လိုက်ပြီး “ ငါ လတ်တလော မြေအောက်လောကရဲ့ အကောင်ကြီးကြီး တချို့နဲ့ သိထားတယ်… တစ်ယောက်ချင်းစီတိုင်းက မခေတဲ့လူတွေ ချည်းပဲ … ငါသူတို့ကို ခေါ်ပြီး မင်းကိုယ်စား ကိုင်တွယ်ခိုင်းလိုက်ရမလား ..”
“ ညီကိုဟွာ … ဒီလို အသေးမွှားကိစ္စလေးကို အဲ့လောက်ထိ အလုပ်ရှုပ်ခံစရာ မလိုပါဘူး …” ကျောက်ချန် အုံ့မှိုင်းသည့် မျက်နှာ အမူအရာဖြင့် ပြောလိုက်ပြီး “ ငါ့မှာလည်း မြေအောက်လောက အဆက်အသွယ် တချို့ ရှိသားပဲ … သူတို့ကို အခုပဲ ခေါ်လိုက်မယ်… နံပါတ် ၁၈ ကို ငါပြန်ခေါ်မယ်…”
…….
အပေါ်သို့ တက်လာပြီးနောက် လင်းရီ ရေ အမြန် ချိုးလိုက်ပြီး သီးသန့်ခန်းထဲသို့ ဝင်လာသည်။
တစ်ယောက်က သူ့ခြေထောက်ကို နှိပ်နှယ်ပေးပြီး ၊ ကျန်နှစ်ယောက်က တစ်ယောက်ကို လက်မောင်း တစ်ဖက် ၊ ကျန်သည့် အခြားတစ်ယောက်ကတော့ သူ့ ပခုံးများကို နှိပ်နှယ်ပေးသည်။ ရှေးခေတ်က ဧကရာဇ်များသည်ပင်လျှင် လက်ရှိ လင်းရီကဲ့သို့ သူတို့ဘဝများကို စည်းစိမ်ယစ်မူးနိုင်ခြင်း မရှိသည်မှာ သေချာသည်။
အခြား တစ်ဖက်ရှိ လင်းရီကတော့ မျက်လုံးများ မှိတ်ထားကာ ယခင်လို နှိပ်ပေးသည့် ပညာရှင်များနှင့် စကားပြောဆိုခြင်း မရှိချေ။
သူ့အဖို့ … ယခုအခါမှသာ အရာအားလုံးက နဂိုပုံမှန်အတိုင်း ပြန်ဖြစ်လာသည့် အချိန်အခါပင်။ မည်သည်ကိုမျှ ထပ်ပြီး စိုးရိမ်စရာ မလိုတော့ချေ။
တစ်ခုတည်းသော ကျန်ရစ်သည့် အရာကတော့ ကျီချင်းရန်ပင်။ သူမနှင့်ကိစ္စကို ဖြေရှင်းပြီး၍ သူသာ အသက်ရှင်လျက် ကျန်ရှိနေဦးမည်ဆိုပါက ယခု မုန်တိုင်း အခက်အခဲကနေ လွန်မြောက်နိုင်ပြီဟု ဆို၍ရသည်။
သို့သော် ပြဿနာက … ဘယ်လိုမျိုး ကိုင်တွယ် ဖြေရှင်းသင့်လဲဆိုသည့် အရာပင်။
သူမ၏ အကျင့်စရိုက်ဖြင့် ဆိုပါက သူ၏ လုပ်ရပ်ကို လက်ခံပေးနိုင်မည့် နည်းလမ်းကို သူ မမြင်မိချေ။
သူ့ဘက်က ရှင်းပြနိုင်ရန်အတွက်ပင် စကားပြောဆိုခွင့် ပြုမှာ မဟုတ်ချေ။
သို့ပေမယ့် ဤအခြေအနေက မြင်နေရသလောက် ခဲကတ်နေခြင်းတော့ မရှိဘဲ ပါးပါးလေး ဖောက်ထွင်းနိုင်မည့် နေရာတစ်ခုတော့ ရှိ၏။
ယင်းက ကျီချင်းရန်၏ မိဘများပင်။
အကယ်၍ သူသာ သူ့မိဘများကို အိတ်ထောင်ထဲ ထည့်ထားနိုင်ပြီ ဆိုသည်နှင့် သူ့ဘက်တွင် ကူညီပေးမည့် သန်မာအားကောင်းသည့် မဟာမိတ် နှစ်ဦး ရှိလာပေမည်။
ရံဖန်ရံခါပြသည့် အရိပ်အမြွက်များနှင့် တိုက်တွန်းသည့် စကားလုံးတို့က ထိရောက်မှု မရှိဘဲ မဖြစ်နိုင်ပေ။
အကယ်၍ သူ့ဘက်က လုံးဝ မအောင်မြင်နိုင်သည့်တိုင် သူမ၏ စိတ် သဘောထားအပေါ်တော့ အနည်းငယ် လွှမ်းမိုးနိုင်ပြီး သူ့အပေါ် ရန်လိုစိတ် အားနည်းသွားအောင် ပြု၍ရသည်။
လက်ရှိ အနေအထားအတိုင်းဆိုပါက သူ့ဘက်က ညင်သာ ဖြည်းညင်းသည့် နည်းလမ်းဖြင့် ဖားကို ရေနွေးပူပူထဲ ထည့်ပြုတ်သည့် နည်းလမ်းအတိုင်း ချဉ်းကပ်ဖို့ လိုလေသည်။
သို့သော် ပြဿနာ တစ်ခုကလည်း ရှိနေသေးသည်။
အကယ်၍ ကျီချင်းရန်၏ မိဘများကသာ သူနှင့် လျန်ရူရွှယ်ကြားရှိ ဆက်ဆံရေးကို သတိထားမိသွားခဲ့ပါက သူ့တွင် အခွင့်အရေး ရှိတော့မှာ မဟုတ်ချေ။
ထို့ကြောင့် အခွင့်အရေးပေးပါက သူတို့၏ သဘောထားကို ပါးပါးနပ်နပ်နှင့် စမ်းသပ်ကြည့်ရပေမည်။
အကယ်၍ သူ့မိဘများကသာ သူနှင့် လျန်ရူရွှယ်ကြားရှိ ဆက်ဆံရေးကို သတိမထားမိဘူးဆိုပါက အားလုံး အဆင်ပြေသည်။
မဟုတ်ပါက သူ တကယ်ကြီး ပြဿနာ တက်ပြီ ဖြစ်၏။
အဲ့လို မဖြစ်ပါစေနဲ့လိုတော့ သူ ဆုတောင်းသည်။
“ ဟင် …”
အဆိုပါ ကိစ္စများ လင်းရီ အတွေးနက်နေစဉ် ရုတ်ချည်းဆိုသလို တစ်စုံတစ်ရာကို သူ အမှတ်ရသွားခဲ့၏။
သူ့အမေက ကျိုးဟိုင်တွင် ဤတစ်ချိန်လုံး ရှိနေသည်ဟု စုန့်ကျင်းမင် တစ်ခါ ပြောခဲ့ဖူးသည်။ ထို့ပြင် သူမက ကျီချင်းရန်နှင့်အတူ နေထိုင်နေခြင်း ဖြစ်၏။
ဤသည်က သူ့အတွက် သတင်းအချက်အလက်များ စုဆောင်းဖို့ကို ပိုပြီး လွယ်ကူသွားစေလိမ့်မည်။
လင်းရီ နှုတ်ခမ်းကိုက်လိုက်မိပြီး ကြည့်ရသည်မှာ သူ့ မာတာမိခင်ကြီးကို သတင်းပေး တစ်ယောက် အဖြစ် မှီခိုရမည့်ဟန်ပင်။
ထိုအတွေးဖြင့် လင်းရီ မျက်လုံးဖွင့်လိုက်၏။
“ တစ်ယောက်ယောက် ဖုန်းရှိလား … ငါ ခဏငှားချင်လို့ …"
“ ကျွန်မဟာ သုံးလိုက် …”
ပညာရှင် နံပါတ် ၁၈က သူမဖုန်းကို အားတက်သရော ထုတ်ပေးလာခဲ့သည်။
လင်းရီ ဖုန်းယူပြီး ချင်ရင်ယွဲ့၏ နံပါတ်ကို ဆက်သွယ်လိုက်၏။
ဤသို့ ပြုလုပ်ရခြင်း ရည်ရွယ်ချက်က သူ့ကိုယ်သူ ဖော်ထုတ်ခံလိုက်ရခြင်းမှ ကာကွယ်နိုင်ရန်ပင်။
အကယ်၍ သူ့အမေသာ ကျီချင်းရန်နှင့် အတူရှိနေခဲ့မည်ဆိုပါက သူမထံသို့ ဖုန်းဆက်မိလိုက်လျှင် သူ့ကိုယ်သူ ကိုယ်ထင်ပြသလို ဖြစ်သွားလိမ့်မည်။
“ ဟယ်လို ၊ ဘယ်သူလဲ …”
“ အမေ … ကျွန်တော်ပါ …”
“ သား …”
လင်းရီ၏ အသံကို ကြားတော့ ချင်ရင်ယွဲ့ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။ ယခုလို အချိန်၌ လင်းရီ သူမထံ ဖုန်းဆက်လာခဲ့လိမ့်မည်လို့ သူမ လုံးဝ မျှော်လင့်မထားခဲ့ပါချေ။
“ အမေ … အသံကို တိုးတိုးပြောလေ…” လင်းရီ ကူကယ်ရာမဲ့သွားခဲ့ပြီး “ ချင်းရန် အမေနဲ့ ရှိနေတာတော့ မဟုတ်ဘူးမလား …”
“ အမေ နင့် အိမ်မှာ… ဒီမှာ ဘယ်သူမှ မရှိဘူး … ချင်းရန်က အရင်တစ်ခေါက် ဒူဘိုင်းကနေ အမေနဲ့အတူ ပြန်လာပြီးကတည်းက ကုမ္ပဏီကို အလုပ် ပြန်ဝင်နေပြီ…”
ဤသည်ကိုကြားတော့ လင်းရီ စိတ်သက်သာရသွားခဲ့သည်။
တစ်ချိန်တည်းတွင် ကျီချင်းရန် ဒူဘိုင်းသို့ သွားခဲ့သည့် ကိစ္စကိုလည်း သူ အတည်ပြုလိုက်နိုင်သည်။
ဓာတ်ပုံကို သူမကိုယ်တိုင် ထိုနေရာ၌ ထားရစ်ခဲ့ခြင်းဖြစ်၏။ အခြားသူကို ကိုယ်စား သွားထားခဲ့ခိုင်းခြင်း မဟုတ်ပေ။
“ သား နင် ဘယ်တုန်းကတည်းက ပြန်ရောက်နေတာ … ဖုန်းကိုရော ဘယ်သူ့ဆီကနေ ဆက်နေတာလဲ ….”
“ ကျွန်တော်လည်း မနေ့နေ့လည်က ပြန်ရောက်တာပဲ … ဖုန်းကတော့ သူများဆီက ငှားဆက်နေတာ …” လင်းရီ ပြောလိုက်ပြီး “ သူ ဒီရက်ပိုင်း ဘယ်လိုနေလဲ …”
“ တော်တော်လေးတော့ ကောင်းလာပါပြီ … ဒါပေမယ့် စိတ်တော့ ဖိစီးနေတုန်းပဲ … ဝိတ်လည်း အတော်ကျသွားတယ်… ထမင်းလည်း သိပ်မစားဘူး…”
လင်းရီ ခံစားချက်တို့ ရောပြွမ်းသွားခဲ့ပြီး ဘာလုပ်လို့ လုပ်ပေးရမှန်း မသိ ဖြစ်သွားခဲ့သည်။
“ ပြီးတော့ ရက်နည်းနည်းကြာရင် ကျိုကျုံးဗီလာကနေ ရွေ့တော့မယ်လို့လည်း အမေ့ကို ပြောနေတယ်…” ချင်ရင်ယွဲ့ ပြောလိုက်၏။
“ ရွေ့မယ် ဟုတ်လား …”
“ နင့်ကို မေ့ပစ်ချင်လို့ နေမှာပေါ့ …” ချင်ရင်ယွဲ့ ခွန်းတုံ့ပြန်လိုက်ပြီး “ အမေလည်း သူ့ကို မတားဘူး … ကျိုကျုံးဗီလာမှာ ဆက်နေရင် သူ့ကို စိတ်ဆင်းရဲစရာတွေပဲ ဖြစ်စေမှာလေ .. ဒါပေမယ့် ငါ့သား နင်ကရော … ဒီကိစ္စကို ဘယ်လို ရှင်းမယ် စဉ်းစားထားလဲ …”
“ ရှိတယ်… ဒါကြောင့် အမေ့ဆီ ဖုန်းဆက်လိုက်တာ …” လင်းရီ ပြောလိုက်ပြီး “ ကျိုးဟိုင်မှာ နေတုန်း အမေ ချင်းရန်ရဲ့ မိဘတွေနဲ့ အဆက်အသွယ် လုပ်သေးလား …”
“ အမေ တစ်ခါတော့ တွေ့ဖြစ်တယ်…” ချင်ရင်ယွဲ့ ပြန်ဖြေလိုက်ပြီး “ သူတို့က နင်သေပြီ အထင်နဲ့ကျိုကျုံးဗီလာ ရောက်လာခဲ့တာလေ … အမေတို့ ထမင်းတောင် အတူ စားဖြစ်ကြသေးတယ်…”
“ သူ့မိဘတွေနဲ့ ကျွန်တော်နဲ့ လျန်ရူရွှယ် ကိစ္စကိုတော့ မသိပါဘူးနော …”
“ ကောင်စုတ်လေး … ၊ သူတို့သာ သိရင် အမေ့ဆီလာပြီး ထမင်း အတူစားမယ် ထင်နေလား …. ငါ့လာပြီး အော်ဟစ်ဆဲဆိုသွားကြမှာပေါ့ …”
“ ပြောရရင် နင်နဲ့ လျန်ရူရွယ် ကိစ္စကို သိတဲ့လူက ဘယ်လောက်မှ မရှိဘူး … လျန်မိသားစုက အဲ့သတင်းကို အမြန်ပဲ ဖိနှိပ်ပစ်လိုက်တယ်လေ…."
“ အဲ့တာ ကောင်းတယ်…” လင်းရီ စိတ်သက်သာရစွာ သက်ပြင်းချလိုက်မိသည်။ သူမ၏ မိဘများ မသိသေးသရွေ့ သူ့တွင် နည်လမ်းရှိသည်။
“ နင်က ဘာလုပ်ဖို့ မေးနေတာလဲ …”
လင်းရီ ဘာကိုမျှ ကွယ်ဝှက်ထားခြင်း မရှိဘဲ အမှန်အတိုင်း ထုတ်ပြောလိုက်၏။
“ ကျွန်တော် သူ့မိဘတွေကနေ စလှုပ်ရှားပြီး ချင်းရန်ကို ဖြည်းဖြည်းချင်း သိမ်းသွင်းကြည့်မလို့ … ဒီလိုဆိုရင် ကျွန်တော့်အတွက် အခွင့်အရေး ရှိနိုင်တယ်…”
“ အဲ့တာက ယုတ္တိတော့ ရှိသလိုပဲ …”
ချင်ရင်ယွဲ့ သက်ပြင်းချလိုက်သည်။ “ ကျေးဇူးပြုပြီး ဒီကိစ္စ မြန်မြန်ရှင်းစမ်းပါဟယ် … သူ့ကို ဒီလိုပုံစံနဲ့ နေ့တိုင်း မြင်နေရတာ အမေ တကယ် စိတ်မကောင်းဘူး … အမေ တစ်ယောက်အနေနဲ့တောင် နင့်ကို ကူပြီး လိမ်ပေးနေရတာက တကယ် ခံစားရဆိုးလွန်းတယ်.. အမေ ညဆို ကောင်းကောင်းတောင် အိပ်မပျော်ဘူး …”
သူ့ အမေက အတော်လေး ကြင်နာတတ်လွန်းသည်ဟု လင်းရီ တွေးမိလိုက်သည်။ ဤသို့သော အရာမျိုးကို သူ့အဖေနှင့် လွှဲပေးထားသင့်လေသည်။
“ နားလည်ပြီ အမေ .. ကျွန်တော် ဒီကိစ္စ မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းလိုက်မယ်…”
“ ပြီးတော့ နင့်ရဲ့ ကျန်တဲ့ တခြားကိစ္စတွေကတော့ အမေ ထပ်မပြောချင်တော့ဘူး … ဒါပေမယ့် ကျေးဇူးပြုပြီး တခြား မိန်းမတွေနဲ့ ထပ် မပတ်သက်ပါနဲ့တော့လားဟယ် … အမေ့နှလုံးက သိပ်ကောင်းတာ မဟုတ်ဘူး … ပြီးတော့ ဒီလို ဖိအားမျိုးကို အမေ မခံနိုင်ဘူး …”
“ ဟုတ် … ကျွန်တော် ဖုန်းချနှင့်ပြီ …”
“ အင်း …”
ဖုန်းချပြီးသည့်နောက် လင်းရီမှာ စိတ်ခံစားချက်တို့ ကောင်းမွန်သွားခဲ့ပြီး သီချင်းသံစဉ်တစ်ခုကိုပင် နှုတ်က ညဉ်းလိုက်မိ၏။
ဒုန်း ဒုန်း ဒုန်း …
ထိုအချိန်မှာပဲ တံခါးဝသို့ ဆူဆူညံညံ အသံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က တံခါးကို ခြေထောက်နှင့် လာကန်နေသည့်ဟန်ပင်။
“ အပြင်က ဘယ်သူလဲ …”
လင်းရီ လှမ်းအော်လိုက်၏။ သို့သော် မည်သည့်အသံမျှ ပြန်မကြားရချေ။
အပြင်ဘက်ရှိ လူများက တံခါးကိုသာ သဲကြီးမဲကြီး ဆက်တိုက် ကန်ကျောက်နေခဲ့ကြသည်။