အနိုင်ကျင့်တဲ့ အမှု
Vol. 128 Ch. 1918
လင်းရီကို မေးမြန်းစုံစမ်းခွင့်ပင် မပေးတော့ဘဲ ကားထဲသို့ အရေးတကြီး ခေါ်ကာ အခင်းဖြစ်သည့် နေရာသို့ အလျင်အမြန် ရောက်ရှိလာသည်။
“ ခေါင်းဆောင် … ဘာအမှုလဲ …”
“ ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ ကလေးတစ်ယောက် ရှိတယ်… အခု သူ့အခြေအနေက မကောင်းဘူး .. ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်… သူ့မိဘတွေက ရဲကို ဖုန်းဆက်လာလို့ အဲ့တာ ငါတို့ အခု ဆေးရုံသွားပြီး စုံစမ်းကြမလို့ …”
လင်းရီ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ကလေးက ဘယ်နှနှစ်တုန်း … ဒါ ကျောင်းတွင်း အကြမ်းဖက်မှုလား …”
“ ဂျူနီယာ အထက်တန်း … အသေးစိတ်တော့ ငါတို့လည်း မသိရသေးဘူး … ဒါပေမယ့် မိဘတွေ ပြောတာတော့ လုပ်တဲ့ကောင်တွေ အကုန်လုံးက ကျောင်းကတွေချည်းပဲတဲ့ … ဆယ်ယောက်ကျော်က တစ်အုပ်စုဖွဲ့ထားတာ … ဆိုတော့ ကျောင်းတွင်း အကြမ်းဖက်မှုလို့ ပြောလို့ရတယ်…”
( ဂျူနီယာ အထက်တန်းက မြန်မာကျောင်းဆို ရှစ်တန်းလောက်ပေါ့ )
“ အရင် တစ်ချက် သွားကြည့်ကြတာပေါ့ …"
အခြေအနေ အပြည့်အစုံကို နားမလည်နိုင်သေးခင် လင်းရီ များများစားစား ပြော၍ မရသေးပေ။ သို့သော် ထိုသို့ ကျောင်းတွင်း အနိုင်ကျင့်သည့် လုပ်ရပ်များကိုတော့ သူ အတော်လေး ရွံသည်။
အသေးစိတ် သိရဖို့အတွက် သူတို့ ဆေးရုံသွားဖို့ လိုအပ်၏။
နာရီဝက်ကြာပြီးနောက် ကျိုးဟိုင် တတိယတန်းစား ဆေးရုံတစ်ရုံသို့ ရောက်ရှိလာသည်။
ဟွာရှန်းဆေးရုံကဲ့သို့ ကြီးမားသော်လည်းပဲ ဆေးပစ္စည်းကိရိယာများနှင့် ဒေါက်တာများ၏ ကျွမ်းကျင်မှုကတော့ ဟွာရှန်းဆေးရုံနှင့် အဆင့်တူခြင်း မဟုတ်ပေ။
လီချူးဟန်၏ အရည်အချင်းကောင်းများဖြင့်ပင် ဟွာရှန်းဆေးရုံ၌ နှလုံးခွဲစိတ်မှု ဒါရိုက်တာ တစ်ယောက်သာ ဖြစ်နိုင်သည်။ သို့သော် ဤနေရာတွင်တော့ အုပ်ကြီး အဆင့်ကို အသာလေး ယူ၍ရသည်။
ကျိုးဟိုင် တတိယတန်းစား ဆေးရုံက လူအတော်လေး နည်း၏။ အမြဲ ဧည့်မပြတ် ဖြစ်နေသည့် ဟွာရှန်းဆေးရုံနှင့်တော့ မတူညီချေ။
ရောက်ရှိသည်တွင် ကူရိရန်က နစ်နာသူ မိသားစုသို့ ဆက်သွယ်၍ ၎င်းတို့ လမ်းညွှန်သည့် အတိုင်း ပထမ အတွင်းလူနာ အဆောက်အဦးရှိ အရိုးအကြောကုသဆောင်သို့ ရောက်ရှိလာသည်။
စင်္ကြံလမ်းကား တိတ်ဆိတ်နေပြီး အခန်းအများစုက လူပင် မရှိချေ။ ရံဖန်ရံခါ အခန်းတစ်ချို့က မိသားစုဝင်များ ထွက်လာသည်ကိုပဲ မြင်တွေ့နေရသည်။
ဆေးပညာ စံနှုန်းက ဟွာရှန်းဆေးရုံကဲ့သို့ အဆင့်မြင့် ဆေးရုံကြီးများနှင့် နှိုင်းယှဉ်လျှင် ကွာဟမှု ရှိသော်လည်း ၎င်း၏ သက်သာသည့် နှုန်းထားက ငွေအင်အား အကန့်အသတ် ရှိသည့် မိသားစုများအတွက် ၊ သို့မဟုတ် ခွဲစိတ်မှု အသေးစားလေး ဆောင်ရွက်မည့် လူတို့အတွက် ရွေးချယ်မှုကောင်း တစ်ခုပင်။
ဒေါက် ဒေါက် ဒေါက် ..
လူနာအခန်းရှေ့ရောက်တော့ ကူရိရန်သည် ယဉ်ကျေးသမှုဖြင့် တံခါးခေါက်၍ အထဲသို့ ဝင်လာခဲ့သည်။
အခန်းထဲတွင် လူသုံးယောက် ရှိနေပြီး သက်လတ်ပိုင်း စုံတွဲ နှစ်ယောက်အပြင် အခြားတစ်ဦးက ကုတင်ပေါ်တွင် လှဲနေသည်။
၎င်းတို့၏ သွင်ပြင်ကို အကဲခတ်ကြည့်ရသလောက်တော့ သက်လတ်ပိုင်း စုံတွဲက အသက်လေးဆယ်ကျော်မျှသာ ရှိဦးမည် ဖြစ်ပြီး သူတို့၏ အသားအရေမှာ နေလောင်ဒဏ်များဖြင့် ညိုညစ်နေခဲ့ကာ မျက်လုံးထောင့်စွန်းများတွင်လည်း အရေးအကြောင်းတို့ ရှိနေသည်။ လက်ဖဝါးတွင်လည်း အသားမာများ တက်နေကာ ကျိုးဟိုင်သို့ အခြားဒေသမှ အလုပ်လာလုပ်ကြသူများ ဖြစ်ကြောင်း သိသာလှသည်။
လင်းရီ ထင်ထားခဲ့သည့်အတိုင်းပဲ အမျိုးသား၏ နာမည်က စွန်းဖု ဖြစ်ပြီး အမျိုးသမီး ဖြစ်သူ၏ နာမည်က ဟန်ကွေ့ကျစ် ဖြစ်သည်။ စုံတွဲက ချွမ်ရှန်းမှနေ၍ ကျိုးဟိုင်သို့ အလုပ်လာလုပ်ကြခြင်းပင်။
လက်သမား ဆရာတစ်ဦး၏ ဝင်ငွေက မမြင့်မားစေကာမူ စားဝတ်နေရေးအတွက်တော့ ဖူလှုံပါသေး၏။
သက်လတ်ပိုင်း စုံတွဲ၏ အမူအရာမှာ စိုးရိမ်ပူပန်နေခဲ့ပြီး လင်းရီနှင့် အခြားနှစ်ယောက် ဝင်လာသည်ကို မြင်တော့ ဟန်ကွေ့ကျစ်မှာ ချက်ချင်း မျက်ရည်များ ကျဆင်းလာသည်။
“ အရာရှိကြီးတို့ ရောက်လာပြီပဲ …”
“ အစ်မကြီး … နင် စိတ်မလှုပ်ရှားနဲ့ … ဘာဖြစ်ခဲ့လဲ ကျွန်မတို့ကို ဖြည်းဖြည်းချင်း ပြောပြ .. အဲ့တာမှ ကူညီပေးလို့ရမှာ .. ကျိန်းသေပေါက် တရားမျှတအောင် ကျွန်မတို့ လုပ်ပေးမယ်…”
ကူရိရန် ဖျောင်းဖျ နှစ်သိမ့်လိုက်သည်။
ထိုအချိန် လင်းရီနှင့် လီရှန်းဟွေ့တို့မှာ မသိစိတ်အလျောက် ကုတင်အထက်သို့ ကြည့်လိုက်မိ၏။
မိန်းမငယ်လေး တစ်ဦးက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ၁၅ ၊ ၁၆ အရွယ်မျှသာ ရှိဦးမည်။ သူမကလည်း သူတို့နှစ်ဦးကို ကြည့်ရှုနေသည်။
သို့သော် သူမ၏ နဖူးထက်၌ နောက်ထပ် အညိုမည်းရာကြီး တစ်ခု ရှိနေသည်ကို လင်းရီ ပြောနိုင်သည်။
ကောင်မလေး၏ နာမည်က စွန်းပေ့ပေ့ ဖြစ်ပြီး ကျိုးဟိုင် ၊ ယွီချိုင် အထက်တန်းကျောင်းတွင် သင်ယူနေသူ ဖြစ်ကာ ဂျူနီယာ အထက်တန်း တတိယနှစ် ကျောင်းသူ ဖြစ်၏။
“ အရာရှိကြီးတို့ … ကျွန်မတို့မှာ ငွေကြေးလည်း မရှိသလို ဘာအဆက်အသွယ်မှလည်း မရှိပါဘူး … အခု ဒီလိုမျိုး ဖြစ်လာပြီဆိုတော့ ကျွန်မတို့အတွက် တရားမျှတအောင် အရာရှိကြီးတို့အပေါ်ပဲ မှီခိုရတော့မယ်…”
“ အစ်မ … နင် စိတ်ချ … ဒီလိုမျိုး ဖြစ်လာပြီဆိုမှတော့ တရားမျှတအောင် လုပ်ပေးရမှာ ကျွန်မတို့ တာဝန်ပဲ …”
ကူရိရန်၏ ဖျောင်းဖျ နှစ်သိမ့်ပေးမှုအောက်တွင် စုံတွဲ၏ စိတ်အခြေအနေက အများအပြား တိုးတက်လာခဲ့သည်။ လင်းရီရှေ့သို့ တက်၍
“ တစ်စိတ်လောက်ပါ … ကျုပ် ကလေးကို တစ်ချက် ကြည့်လို့ရမလား …”
“ ဟုတ် ဟုတ် ရတယ်ဆရာ …”
စုံတွဲမှာ လင်းရီအတွက် နေရာဖယ်ပေးလိုက်ပြီး လင်းရီလည်း စွန်းပေ့ပေ့အနားသို့ ရောက်လာခဲ့သည်။
သို့သော် သူ လက်ဆန့်တန်းလိုက်သည့် အခါမှာပဲ စွန်းပေ့ပေ့၏ ခန္ဓာကိုယ်က ရုတ်ချည်း တုန်ယင်သွားခဲ့သည်ကို သူ သတိပြုမိလိုက်သည်။ သူမ၏ မျက်ဝန်းတို့က ကြောက်လန့်သည့် မျက်ရည်တို့ဖြင့် ပြည့်နှက်နေပြီး လင်းရီကို အသနားခံစွာ ကြည့်နေသည်။ သူမ၏ လက်ဖဝါးနှစ်ဖက်က ကုတင် အခင်းစများကို ဆုပ်တွယ်ထားပြီး အလွန်အမင်း ပြင်းထန်သည့် ခုခံမှုကို ပြသနေလျက် ရှိသည်။
လင်းရီ ရင်တစ်ချက် ထိတ်သွားခဲ့၏။
ဤသည်က လူသားတို့၏ ပင်ကိုယ်သဘာဝ ပါလာသည့် မသိစိတ်အလျောက် မိမိကိုယ်ကို ခုခံကာကွယ်သည့် အပြုအမူပင်။
မေးမြန်းနေစရာမလိုတော့ချေ။ ဤမိန်းကလေးက ကျောင်းတွင် အနိုင်ကျင့်ခံရသူ တစ်ဦးဖြစ်၏။ ထို့ပြင် ထိုသို့ အနိုင်ကျင့်ခံနေရသည်မှာ အချိန်အတော်ကြာလောက်ချေပြီ။ မဟုတ်ပါက ယခုလို အလေ့အကျင့်မျိုး ဖြစ်ပေါ်လာခဲ့မှာ မဟုတ်ချေ။
“ မကြောက်နဲ့ ညီမလေး … အစ်ကိုကြီးက ရဲအရာရှိပဲ .. ညီမကို ကာကွယ်ပေးဖို့ လာခဲ့တာလေ…” လင်းရီ နွေးထွေးစွာ ပြုံးပြလိုက်သည်။
စွန်းပေ့ပေ့၏ ခန္ဓာကိုယ်မှာတော့ အပြင်းအထန် တုန်ယင်နေပြီး သူမ၏ မျက်ဝန်းတို့ထဲတွင် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ တစ်ဘဝလုံးစာ သိုလှောင်ထားသည့် မျက်ရည်တို့က လျှံကျတော့မည့်နှယ်ပင်။
လင်းရီဘက်က မည်သူမည်ဝါ ဖြစ်ကြောင်း နွေးထွေးသည့် အပြုံးတစ်ခုကို လှစ်ဟာပြထားပါသော်လည်း ကလေးမလေး ရင်ထဲရှိ အနှောင်ထုံးကို သူ့မှာ မချေဖျက်နိုင်သေးချေ။
“ သမီး .. မကြောက်ရဘူးလေ… ရဲအရာရှိကြီးက အမေတို့ကို ကူညီပေးဖို့ ရောက်လာတာလေ….”
ဟန်ကွေ့ကျစ်က စွန်းပေ့ပေ့၏ လက်ကို ကိုင်ပြီး ပြောလိုက်သည်။
“ ရဲအရာရှိကြီးကို ကျောင်းမှာ ဘာတွေဖြစ်ခဲ့လဲ ပြောပြလိုက် … အဖေနဲ့ အမေလည်း ဒီမှာ ရှိတယ်… မကြောက်နဲ့ …”
ဟန်ကွေ့ကျစ်၏ ဖျောင်းဖျမှုအောက်တွင် စွန်းပေ့ပေ့၏ စိတ်အခြေအနေမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
လင်းရီ စွန်းပေ့ပေ့၏ စောင်ကို လှပ်လိုက်၏။
မိန်းမငယ်လေး၏ ဒဏ်ရာ အခြေအနေကို ဆရာဝန်၏ ဆေးမှတ်တမ်းမှတဆင့် သိနိုင်သော်လည်း လင်းရီကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုဆဲပင်။ သို့မှသာ စိတ်ချနိုင်မည် ဖြစ်သည်။
သူမ၏ ညာဘက် ခြေထောက်တွင် ပလာစတာ အထူကြီး ကပ်ထားသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။
အကယ်၍ သူထင်တာ မမှားဘူးဆိုပါက ဤနေရာတွင် အရိုးအနည်းငယ် အက်ထားရမည်။
လင်းရီ အခြားတစ်ဖက်ခြမ်းသို့ သွား၍ သူမ၏ ဘောင်းဘီခြေထောက်ကို အပေါ်သို့ တင်လိုက်၏။
စွန်းပေ့ပေ့၏ ပေါင်တွင်လည်း အညိုအမည်းတို့ စွဲနေသည်ကို မြင်တော့ သူ အတော်လေး အံ့အားသင့်သွားခဲ့သည်။
ထို့ပြင် စက်ဝိုင်းပုံ အမာရွတ်နှစ်ခုလည်း ရှိနေသည်။
“ ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့တာ …” လင်းရီ မေးမြန်းလိုက်၏။
“ သူတို့ …. သူတို့ စီးကရက်မီးနဲ့ တို့တာ …..”
စီးကရက် မီးနဲ့တို့တာလား …
လီရှန်းဟွေ့နှင့် ကူရိရန်တို့ မျက်မှောင်ကြုတ်မိသွားခဲ့ကြသည်။
သူတို့တွေ အရင်က ကျောင်းတွင်း အနိုင်ကျင့်သည့် အမှုများကို ဖြေရှင်းဖူးသော်လည်း ယခုလို ဆိုးရွားသည့် အမှုမျိုးကိုတော့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
ယခုလို ကျောင်းတွင်း အနိုင်ကျင့်မှုများကို သူတို့ အမုန်းဆုံးပင်။
အဘယ်ကြောင့်ဆိုသော် ပြုသူထက် ခံရသူက စိတ်ပိုင်းဆိုင်ရာ ထရော်မာများနှင့် ထိခိုက်ဒဏ်ရာများကို ခံစားရခြင်းကြောင့်ပင်။
လင်းရီ ဘာမျှ မဆိုချေ။ ထို့နောက် လက်ကောက်ဝတ်သို့ ကြည့်လိုက်ရာ ထိုနေရာတွင်လည်း ညိုမည်းနေသည်ကိုမြင်တော့ သူ့မှာ တစ်ဖန်ပြန်ပြီး အံ့အားသင့်သွားခဲ့ရ၏။
“ ဒီနေရာကရော ဘာဖြစ်တာ …”
“ ပြုတ် … ပြုတ်ကျတာ …” စွန်းပေ့ပေ့ တိုးတိုးလေး ပြောလိုက်သည်။
“ ပြုတ်ကျတာလား .. လင်းရီ မေးလိုက်ပြီး “ ဘယ်လိုပြုတ်ကျတာ … အားကစားချိန်မှာ ပြုတ်ကျတာလား …”
“ သူတို့က နှစ်လွှာကနေ ခုန်ချခိုင်းတာ … သမီး သဘောမတူရင် သူတို့ ရိုက်တယ်… အဲ့တာနဲ့ အောက်က ပန်းမွေ့ရာပေါ် ခုန်ချပြီး လက်ကောက်ဝတ်လွဲသွားတာ …”
“ ဒီနေရာကရော ဘယ်လိုဖြစ်တာ .."
လင်းရီ၏ မျက်နှာ မည်းမှောင်သွားခဲ့ပြီး ခြေထောက်ရှိ တစ်နေရာကို ညွှန်ပြလိုက်သည်။
“ ဒါက နောက်တစ်ခေါက် ဒုတိယအလွှာကနေ ခုန်ချခိုင်းတာ .. ဒါပေမယ့် အဲ့ဒီအခေါက်ကျတော သူတို့က တခြားနေရာ ရွေးပေးတာ … ပန်းမွေ့ရာ မဟုတ်တော့ဘူး … အဲ့တာနဲ့ မြေကြီးပေါ် ကျပြီး ခြေထောက်ကျိုးသွားတယ်…”
“ ဝူးဟူးဟူး …. အမလေး အမေ့သမီးလေး …”
သူမတို့ သမီး ပြောသည့် စကားကိုကြားတော့ ဟန်ကွေ့ကျစ်မှာ ပို၍ ပြင်းထန်စွာ ငိုကြွေးလာခဲ့တော့သည်။
“ သူတို့တွေ အရမ်း တရားလွန်သွားပြီ … ကျွန်မတို့ကို မြို့ပြင်က လာတဲ့လူတွေ ဆိုပြီး အနိုင်ကျင့်တာပဲ … အရာရှိကြီးတို့ … ကျွန်မတို့တွေကို ကျေးဇူးပြုပြီး ကူညီပေးပါနော်….”
တိတ်ဆိတ်မှုဖြင့်သာ တုံ့ပြန်ရင်း လင်းရီ ကောင်မလေး၏ လူနာဘောင်းဘီကို အောက်သို့ ပြန်ဆွဲချလိုက်သည်။
ထို့နောက် လူနာအင်္ကျီကို မ,ကြည့်လိုက်တော့ သူမ၏ ဝမ်းဗိုက်နှင့် ခါးတစ်ဝိုက်တွင် စီးကရက်တို့ရာများတော့ မရှိဘဲ အညိုအမည်းကွက်များကို များစွာ တွေ့နေရသည်။ သိသာစွာဖြင့် ဤအရာများကို လက်သည်းဖြင့် ဆွဲဆိတ်ထားခြင်း ဖြစ်လေသည်။
ထို့နောက် အင်္ကျီလက်မောင်းကို ပင့်ကြည့်လိုက်ရာ ညာဘက်လက်မောင်းတွင် စီးကရက်မီးတို့ရာများကို တစ်ဖန် ပြန်မြင်တွေ့လိုက်ရသည်။
ထိုမျှမကသေး။ ပြတ်ရှရာ အသေးလေးများလည်း များစွာ ရှိနေပြီး အနာကျက်ပြီး ဖြစ်ပေမယ့် မြင်သာနေဆဲပင်။
“ ဒါတွေကရော ဘယ်လိုဖြစ်တာ … ဘလိတ်ဓားနဲ့ လုပ်ထားတာလား … သူတို့လုပ်တာကို ဆရာမတွေနဲ့ မတိုင်ဘူးလား …”