စီးကရက်မီးနဲ့တို့ခြင်း
Vol. 128 Ch. 1920
လင်းရီ၏ လေသံနှင့် သဘောထားက သူတို့နှစ်ဦးကို မသက်မသာ ဖြစ်အောင် ပြုလုပ်နေသည်။
ဤငယ်ရွယ်သည့် ရဲအရာရှိလေးက စကားပြော အင်မတန် တည့်တိုးဆန်လိမ့်မည်လို့ သူတို့မျှော်လင့်မထားချေ။
မည်သို့ပင်ဖြစ်စေ သူတို့က ယွီချိုင် အထက်တန်းကျောင်း၏ ကျောင်းအုပ်များ ဖြစ်ကြပြီး လူ့အဖွဲ့အစည်းတွင် ရာထူးအဆင့်အတန်း တစ်ချို့ ရှိသူ ဖြစ်သည်။ ဤသည်က မလေးစားရာ ကျလေသည်။
“ အရာရှိကြီးတို့က ဒီကို စွန်းပေ့ပေ့ ကိစ္စနဲ့ ရောက်လာကြတယ် ထင်တယ် .. ကျုပ်တို့ကျောင်းကလည်း အဲ့ကိစ္စ ကြားပြီးပါပြီ ..ကျောင်းရဲ့ ခေါင်းဆောင်ကြီးတွေကလည်း ဒီကိစ္စကို အရေးကြီး ကိစ္စအဖြစ် မှတ်ယူပြီး လေးလေးနက်နက် ကိုင်တွယ် တွယ် . . . “
“ တော် တော် တော် .. အဲ့ဒီ ရင်ထဲက မပါတဲ့ အပေါ်ယံ စကားလုံးတွေ လာမပြောနဲ့ … ကျုပ်တို့ ဒီရောက်လာတာ စုံစမ်း စစ်ဆေးဖို့ပဲ .. ခင်များတို့ တင်ပြတာ လာနားထောင်တာ မဟုတ်ဘူး …”
လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်ပြီး မွန်းလွဲ သုံးနာရီထိုးတော့မည် ဖြစ်ကြောင်း သတိထားမိလိုက်သည်။
ကူရိရန် မှတ်စုမှတ်ထားသည့် စာအုပ်မှ စက္ကူတစ်ရွက်ကို ဆုတ်၍ “ သွားပြီး ဒီစာရင်းထဲမှာ ပါတဲ့ လူ ဆယ့်နှစ်ယောက်ကို ရုံးခန်းထဲ ခေါ်လာခဲ့…”
လျိုဇီချန်း စာရွက်ကို လက်ခံလိုက်ပြီး ကျောင်းသား ဆယ့်နှစ်ဦး၏ နာမည်ကို ကြည့်လိုက်သ်ည။ အကုန်လုံးက စွန်းပေ့ပေ့ကို အနိုင်ကျင့်ခဲ့ကြသူများ ဖြစ်သည်ကို သတိပြုမိလိုက်လေသည်။
“ အရာရှိကြီးခင်ဗျ … ဒါက ဒီလိုပါ … အခုက အတန်းချိန်လေ… တကယ်လို့ သူတို့ အားလုံးကို ဒီခေါ်လိုက်ရင် သူတို့ အတန်းချိန် ပျက်သွားနိုင်တယ်… တခြား အတန်းတွေထက် နောက်ကျကုန်မှာပေါ့ … အဲ့လိုက မကောင်းဘူးထင်တယ်နော်…”
“ ဟုတ်တယ် ဟုတ်တယ်… သူတို့အကုန်လုံးက ဂျူနီယာ အထက်တန်း တတိယနှစ်တွေချည်းပဲလေ… ပြီးတော့ စာသင်ချိန်ကလည်း တအားကြပ်တာ … အတန်းတစ်တန်းလွတ်သွားခဲ့ရင် စာတွေ အများကြီး နောက်ကျသွားလိမ့်မယ်…” ကျောက်ဟွေ့ဟွားလည်း ဝင်ပြောလိုက်သည်။
“ ခင်များတို့ နှစ်ယောက် ကျုပ်ကို စောက်ပေါ လာလုပ်ပြနေတာလား … ကျုပ် ပညာရေးဗျူရိုကို ခေါ်ပြီး ခင်များတို့အကုန်လုံးကို ခံစားလို့ကောင်းအောင် ရိုက်နှက်ခိုင်းလိုက်ရမလား ပြောစမ်း…”
လင်းရီ၏ အော်ဟစ်ကြိမ်းမောင်းသံက သူတို့နှစ်ဦးလုံးကို လုံးလုံးလျားလျား ထိတ်လန့်သွားခဲ့စေသည်။
ဤ လူငယ်က သူတို့ကို မည်သည့်စည်းမျှ မထားဘဲ ဆူငေါက်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။
“ အရာရှိကြီး … စိတ်လျှော့ပါ … စကားနဲ့ အေးဆေး ဆွေးနွေးကြမယ်လေ…”
လျိုဇီချန်းကတော့ လင်းရီကို မကြောက်ရွံ့ပေ။
သူတို့က တူညီသည့် စနစ်တစ်ခုအောက်က လူများ မဟုတ်သော်လည်းပဲ သူ့ အဆက်အသွယ်များက လင်းရီကဲ့သို့ သေးငယ်သည့် အရာရှိလေး တစ်ယောက် ယှဉ်သာနိုင်သည့် အရာ မဟုတ်ချေ။
သို့သော် ဤကိစ္စတွင် သူက မှားယွင်းသူဘက်မှ ဖြစ်နေခဲ့သဖြင့် အကယ်၍ ဖော်ထုတ်ခံလိုက်ရမည်ဆိုပါက လူထုအပေါ်တွင် ဆိုးရွားသည့် အမြင်သဘောထားများ သက်ရောက်စေနိုင်ပြီး သူ့ဘက်က အသာစီးရဖို့ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် လင်းရီနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရ မရပေ။
“ ကျွန်မတို့ ဒီရောက်လာတာက အမှုကို စုံစမ်း စစ်ဆေးဖို့ပဲ … ရှင်တို့နဲ့ စကားများဖို့ မဟုတ်ဘူး …” ကူရိရန် ပြောလိုက်ပြီး “ အဲ့ ၁၂ ယောက်ကို ရုံးခန်းခေါ်လိုက် … ကျွန်မတို့ရဲ့ အချိန်ကို လာမဖြုန်းနဲ့ … မဟုတ်ရင် ရှင်တို့နှစ်ယောက်ကို ရဲစခန်းခေါ်ပြီး အေးဆေးစကားပြောရလိမ့်မယ်…”
“ ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ခင်ဗျ .. ကျုပ် အခုပဲ လူလွှတ်ပြီး သူတို့ကို ခေါ်ခိုင်းလိုက်မယ်…” လျိုဇီချန်း ပြောလိုက်သည်။
“ ဒါပေမယ့် ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာမဟုတ်တော့ ကျုပ်ရုံးခန်းထဲ အရင်သွားကြတာပေါ့ … ဟိုမှာ ရေနွေးကြမ်းနဲ့ လက်ဖက်သုတ်လည်း ပြင်ထားပါတယ်…”
“ သွားစို့ …”
အုပ်စုမှာ ရုံးခန်း အဆောက်အဦးထဲသို့ ဝင်သွားခဲ့ကြပြီး လျိုဇီချန်းသည့် ကျောက်ဟွေ့ဟွားကို သူ့ဘက်ခြမ်းသို့ ဆွဲပြီး တီးတိုးပြောလိုက်သည်။
“ လူတိုင်းကို ခေါ်ပြီး သူတို့ မိဘတွေကို အသိပေးလိုက် .. ရဲတွေ ဒီရောက်လာနေပြီ … ကလေးတွေနဲ့ ဒီတိုင်း ဆက်သွယ်ခွင့် ပြုလိုက်လို့ မဖြစ်ဘူး …”
“ အင်း …”
ကျောက်ဟွေ့ဟွားနှင့် ဆွေးနွေးပြီးနောက်တွင် လျိုဇီချန်းသည် လင်းရီနှင့် ကျန်သူများကို ရုံးခန်းထဲသို့ ခေါ်လာသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် လူ ၁၂ ယောက်မှာ ရုံးခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာခဲ့ကြသည်။
အထဲသို့ ဝင်လာပြီးနောက်တွင် ဒါဇင်ကျော်သည့် ကျောင်းသား၊ ကျောင်းသူများမှာ အနည်းငယ် နေရထိုင်ရ ကျဉ်းကြပ်နေခဲ့၏။
ဟွာရှကဲ့သို့ နိုင်ငံ၌ ရဲများ၏ ဂုဏ်သတင်းသည် မေးခွန်းထုတ်စရာ မလိုသည့် အရာပင် ဖြစ်သည်။
လင်းရီ သူ့ရှေ့ရှိ ကျောင်းသား ၁၂ ယောက်ကို စကားတစ်ခွန်းမျှ မဆိုဘဲ စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ ၎င်းတို့အားလုံးက သားနားတောက်ပြောင်စွာ ဝတ်စားထားခဲ့ကြလေသည်။
အချို့က JOJO အင်္ကျီများနှင့်ဖြစ်ပြီး အခြား မိန်းကလေး နှစ်ဦးကတော့ LV နှင့် Gucci အားကစားရှပ်ကို ဝတ်ထားကြသည်။
ယူနီဖောင်းများကိုလည်း ပေါ့တီးပေါ့ပြက် ဝတ်ဆင်ထားခဲ့ကာ မည်သည့်တစ်ယောက်ကမျှ မယ်မယ်ရရ ဝတ်ဆင်ထားကြခြင်း မရှိပေ။
ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်ဆို တက်တူးများပင် ထိုးထားကြလေသည်။
လင်းရီ အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သူတို့ မိသားစုက ဘယ်လောက်ပဲ ချမ်းသာနေပါစေဦးတော့ သူတို့သားသမီးတွေကို သွန်သင်တာ ဒီလောက်ညံ့ရသလား …
“ အရာရှိကြီးတို့ … ကျုပ်တို့ ကလေး ၁၂ ယောက်ကို မေးဖို့ ခေါ်ခဲ့ပြီးပါပြီ …” လျိုဇီချန်း ပြောလိုက်သည်။
“ သူတို့ကို မိတ်ဆက်ခိုင်းလိုက် … သူတို့ကိုယ်သူတို့ မိတ်မဆက်ဘဲ ကျုပ်က ဘာသွားမေးရမှာ …” လင်းရီ ပြောလိုက်သည်။
“ သူတို့က . . . . . . . “
“ ကျုပ်သူတို့ကို မေးနေတာ .. ခင်များကို မမေးဘူး …”
လင်းရီ အသံက အေးစက်နေပြီး လျိုဇီချန်းကို တုန်ယင်သွားစေခဲ့သည်။
“ ကလေးတို့ … မင်းတို့ကိုယ်မင်းတို့ မိတ်ဆက်ပေးလိုက် .. ရဲအရာရှိကြီးတွေက အခြေအနေကို သိချင်နေတာ ..”
“ ကျောင်းအုပ်လု … ကျွန်မတို့ကို ဘာလို့ ဒီခေါ်လိုက်တာလဲ … ဘာကိစ္စ ကျွန်မတို့က ကိုယ့်ဘာကိုယ် မိတ်ဆက်ဖို့ လိုမှာ …”
ဆံပင် အတိုနှင့် မိန်းကလေးက မေးလိုက်သည်။
လင်းရီ သူမကို တစ်ချက်ကြည့်လိုက်၏။ ကောင်မလေးက ယူနီဖောင်းဂျက်ကတ်ကို ခါးတွင် စည်းထားပြီး အတွင်းခံ ရှပ်အဖြူနှင့် ရှိနေကာ လက်မောင်းတွင်လည်း ဖန်စီတက်တူး တစ်ခု ထိုးထားသေးသည်။
သူမ၏ နာမည်က ကျန်းယွီဟန် ဖြစ်ပြီး စွန်းပေ့ပေ့ကို ဦးဆောင်ပြီး အနိုင်ကျင့်သူ တစ်ဦးပင်။
“ သူတို့က စွန်းပေ့ပေ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ ရောက်လာတဲ့ ရဲအရာရှိတွေ .. မင်းတို့အားလုံးက အဲ့ကိစ္စထဲ ပါဝင်ပတ်သက်နေတာ ဆိုတော့ .. လုပ် .. ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ကြ …”
“ ကျန်းယွီဟန် …” ပြောပြီးနောက် မျက်လုံးလှန်၍ ဆံပင်ကို လိပ်ပြီး ကစားနေကာ လင်းရီနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များကို မျက်စိထဲ ထည့်မနေချေ။
“ ဘာတွေ လာရောင်းနေလဲ မသိပါဘူးကွာ ..”
ကျန်းယွီဟန်ဘေးရှိ ကောင်လေး တစ်ဦးက ထပြောလိုက်၏။ သူ့နာမည်က လီရန်ဖုန်း ဖြစ်ပြီး အခြား အဓိက ကြံရာပါ တစ်ဦးပင်။
“ မျက်နှာမွဲမလေးက ဒီတိုင်း ပိုက်ဆံလိုချင်နေတာမလား… ဘယ်လောက်လိုချင်လဲ ပြောလိုက် … ငါ့ မိဘတွေ ခေါ်ပြီး လျော်ခိုင်းလိုက်မယ်…”
လီရှန်ဟွေ့နှင့် ကူရိရန်တို့မှာ အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။
ဒါတွေက တကယ်ကြီး ဂျူနီယာ အထက်တန်းကျောင်းသားတွေတဲ့လား …
သူများ သားသမီးကို ဆိုးဆိုးရွားရွား ဖြစ်အောင် လုပ်ပြီးတာတောင် အပြစ်ရှိစိတ်လည်း မမြင်ရ၊ ဒီပုတ်ထဲက ဒီပဲဆိုတော့ သူတို့ မိဘတွေလည်း ဒီစရိုက်အတိုင်းပဲနေမှာပါ။
“ လျော်ပေးမယ် ဟုတ်လား …” လင်းရီ မျက်ခုံးပင့်လိုက်ပြီး “ တစ်ဖက် မိန်းကလေးက ဒီလောက်ထိ ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့တာကို မင်းက ငွေနဲ့ ကောက်ပေါက်လိုက်ရုံနဲ့ အားလုံး ဖြေရှင်းလို့ရပြီ ထင်နေတာလား …”
“ မဟုတ်တော့ရော တခြား ဘာလိုချင်သေးတာ … ငါတို့ကို ထောင်ထဲ ထည့်ချင်တာလား…”
“ ရာဇဝတ်မှု ဥပဒေ ပုဒ်မ ၁၇ ၊ အပိုဒ်ခွဲ ၂ အရ အသက် ၁၄ ကနေ ၁၆ ရှိတဲ့ တစ်စုံတစ်ယောက်သည် အချင်းချင်း အကြမ်းဖက်မှု ဖြစ်စေ ၊ ရည်ရွယ်ချက် ရှိရှိ ထိခိုက်နစ်နာစေမှု၊ လူသတ်မှု ဖြစ်စေ ၊ ပြုခဲ့ပါက တရားဥပဒေအတိုင်း စီရင်ပိုင်ခွင့်ရှိသည် “
“ အခု မင်းတို့က အခု ဂျူနီယာ အထက်တန်း တတိယနှစ် ဆိုတော့ ၁၄ နှစ်ကျော်ပြီ ဟုတ်တယ်မလား .. ပြီးတော့ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူလို့ရတဲ့ အရွယ်လည်း ရောက်နေပြီ …”
ပြောဆိုပြီးနောက် လင်းရီသည် ကူရိရန်ဘက်သို့ လှည့်၍ “ ဌာနကို ဖုန်းဆက်ပြီး ရဲကားနှစ်စင်း ထပ်ခေါ်လိုက် … သူတို့ အကုန်လုံးကို စခန်းခေါ်သွားမယ်…”
“ အင်း ..”
သူတို့တွေ ပြစ်ဒဏ်ကျခံရမည်ဟု ကြားသိလိုက်ရတော့ လီရန်ဖုန်း ၊ ကျန်းယွီဟန်နှင့် ကျန်သူများအားလုံးမှာ ကြက်သေသေသွားခဲ့ကြသည်။
သူတို့က ငယ်ရွယ်ပြီး ထင်ရာစိုင်း မိုက်မဲတတ်သော်လည်း အခြေခံ အသိပညာလောက်တော့ ခေါင်းထဲ ရှိကြသေးသည်။
သူတို့၏ အသက်အရွယ်နှင့်ပင် တာဝန်ယူရမည်ဆိုပါက ထောင်ထဲ ရောက်သွားမှာ ဖြစ်ကြောင်း သိလေသည်။
နောက်ဆုံးတော့ အကြောက်တရားက မည်သို့သော အရာလဲဆိုတာ သူတို့ ကောင်းကောင်း သိသွားခဲ့ကြသည်။
လျိုဇီချန်းနှင့် ကျောက်ဟွေ့ဟွားတို့လည်း စတင် တုန်လှုပ်လာသည်။
တကယ့်လက်တွေ့တွင်တော့ သူတို့သည်လည်း ကျောင်းတွင်း ဖြစ်နေသည့် ကိစ္စရပ်များကို မသိဘဲ ဘယ်နေပါ့နည်း။ မသိကျေးကျွံ ပြုထားခဲ့ရုံသာ ရှိသည်။
ထိုသို့ ပြုခဲ့သည့် ပထမတစ်ချက်ကတော့ ဤကလေးများက ချမ်းသာသည့် အသိုင်းအဝိုင်းမှ ပေါက်ဖွားလာသူများ ဖြစ်ပြီး တချို့ဆို နိုင်ငံရေးနောက်ခံများပင် ရှိကြသေးသည်။ ကျောင်းအုပ်ဖြစ်သည့် သူတို့ကိုလည်း အလိုက်တသိနှင့် မကြာခဏ တန်ဖိုးကြီး လက်ဆောင်များ ပေးတတ်ကြသေးသည်။
ထို့ပြင် စွန်းပေ့ပေ့က တနယ်တကျေးက ကျောင်းသူ ဖြစ်ပြီး သူမ မိဘများကလည်း ဤနေရာသို့ လာပြီး အလုပ်လုပ်နေရသည့် အလုပ်သမားများ ဖြစ်သဖြင့် ကျောင်းက သူမနှင့် စပ်လျဉ်းပြီး အထူးတလှယ် အရေးတယူ ပြုမနေခဲ့ချေ။
ကျောင်း၏ ဂုဏ်သတင်းကို ထိခိုက်နစ်နာစေခြင်း မရှိသရွေ့ အရာအားလုံးက အဆင်ပြေသည်။
သို့သော် ယခု ငယ်ရွယ်သည့် ရဲအရာရှိက ဤနေရာသို့ ရောက်လာပြီး ကလေးများကို ထောင်ထဲပို့မည်ဟု ခြိမ်းခြောက်နေရာ အနည်းငယ် တရားလွန်သွားပြီ ဖြစ်၏။
“ အရာရှိကြီး .. သူတို့က ကလေးပဲ ရှိသေးတာပါ … သူတို့ကို ကားနဲ့ စခန်းခေါ်သွားမယ် ဆိုတာကြီးက နည်းနည်း မလွန်ဘူးလား …” လျိုဇီချန်း အကျိုးသင့် အကြောင်းသင့် စကားပြောရန် ကြိုးပမ်းလိုက်သည်။
“ ကလေးတွေ ဟုတ်လား …”
လင်းရီ လျိုဇီချန်ကို စိုက်ကြည့်လိုက်ပြီး စားပွဲပေါ်မှ ပါဆယ်ဖောက်သည့် ဓားကို ထုတ်ကာ “ ကျုပ် ကလေး တချို့ခေါ်ပြီး ခင်များ ကိုယ်ပေါ်မှာ ဓားနဲ့ ခြစ်ခိုင်းမယ်ဆိုရင် ခင်များ ကလေးတွေ လုပ်တာပါ ဆိုပြီး ခွင့်လွှတ်နိုင်လား …”
“ ဒါက . . . . . “
လျိုဇီချန်း ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီး ပြောစရာ စကားကင်းမဲ့သွားခဲ့သည်။
လင်းရီ အလျင်မလိုချေ။ သူ လီရှန်းဟွေ့ အိတ်ကပ်ထဲက စီးကရက် တစ်လိပ် ယူပြီး လျိုဇီချန်းကို ကြည့်လိုက်သည်။
“ ခင်များရုပ်ကြည့်ရတာ ရည်ရည်မွန်မွန် ရှိတယ်… ပြီးတော့ ခင်များက ကျောင်းအုပ်လည်း ဟုတ်တယ်… ဆိုတော့ ခင်များက ကျောင်းသားကောင်း ဖြစ်ခဲ့ရောပေါ့ … စီးကရက်မီးနဲ့ အတို့ခံရတဲ့ ခံစားချက်က ဘယ်လိုလဲ ဆိုတာ ခင်များ မခံစားဖူးလောက်ဘူး ဟုတ်တယ်မလား .. ဘယ်လိုမျိုးလဲ ဆိုတာ သိအောင် ကျုပ် လုပ်ပြပေးရဦးမလား …”
စာစဉ် (၁၂၈)ပြီး၏။