သုတေသန လေ့လာမှု အခြေအနေ
Vol. 128 Ch. 1908
“ ဖုန်းနံပါတ်တွေ လဲမယ် ဟုတ်လား … ခင်များ သေချာလို့လား…”
“ ငါတို့က မိတ်ဆွေတွေ ဖြစ်ပြီဆိုမှတော့ အချင်းချင်း ဆက်သွယ်နိုင်မယ့် နံပါတ်တော့ လိုတာပေါ့ မဟုတ်ဘူးလား …”
“ အဲ့လိုလည်း ရတယ်လေ…”
လင်းရီ မငြင်းပယ်လိုက်ဘဲ သူ့နံပါတ်အား ပေးလိုက်သည်။
ကျူးကျင်းဝူ သူနှင့် တကယ်ကြီး မိတ်ဆွေ ဖြစ်ချင်နေလားဆိုတာ သူလည်း မသေချာပေ။ သို့သော် တစ်ခုခု မူမမှန်နေသည်ကိုတော့ ခံစားမိနေခဲ့၏။
ဖုန်းနံပါတ်၏ စစ်မှန်မှုကို အတည်ပြုရန်အတွက် ကျူးကျင်းဝူသည် လင်းရီပေးသည့် နံပါတ်ကို ချက်ချင်း ဆက်သွယ်ကြည့်လိုက်ပြီး လင်းရီ၏ဖုန်းသံ မြည်လာတော့မှ သူ့မှာ စိတ်သက်သာရသွားခဲ့သည်။
“ ကျေးဇူးပဲ ညီကို … အခု ဒီမှာက နည်းနည်းရှုပ်ထွေးနေတော့ မင်းကို လောလောဆယ် အဖော်လုပ်ပေးလို့ မရသေးဘူး … နောက်မှ ဖုန်းဆက်လိုက်မယ်…”
“ ရတယ်လေ…”
ကျူးကျင်းဝူနှင့် စကားပြောပြီးနောက် လင်းရီ လီချူးဟန်တို့ထံ ရောက်လာခဲ့သည်။
“ သူတို့ရှုပ်ထားတာတွေ သူတို့ရှင်းပါလေ့စေ … ကိုယ်တို့တွေ တခြားနေရာသွားပြီး ရှုခင်းသွားကြည့်ကြမယ်…”
လီချူးဟန် နာရီ တစ်ချက်ကြည့်လိုက်ပြီး ညနေ လေးနာရီ ကျော်နေပြီး ဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။
“ အချိန် မစောတော့ဘူး … ပြန်ကြတာပေါ့ …”
“ ပြန်ချင်ပြီလား … ဒါဆိုလည်း ပြန်ကြတာပေါ့ …”
လီချူးဟန်မှာ ပြန်လည်သက်သာလာခဲ့ပြီး ဖြစ်သော်လည်း ခန္ဓာကိုယ်မှာ အများကြီး အပင်ပန်းခံ၍ မရသေးချေ။ တစ်နေ့ခင်းလုံး လည်ပတ်ထားသည် ဖြစ်ရာ ယခုက ပြန်ဖို့ အချိန်ပင်။
လင်းရီတို့ သုံးယောက်လုံး အခြား မည်သည့်နေရာသို့မျှ ပတ်ဝေ့မနေကြတော့ဘဲ တောင်အောက်သို့ အေးဆေးဆင်းလာခဲ့ကြသည်။ ထို့နောက် ကားထံသို့ ပြန်လာပြီး ဟိုတယ်သို့ ဦးတည်လာသည်။
ရှီးယွင် ဘုရားကျောင်း၌ လင်းရီ မီးမွှေးသွားသည့် ပြဿနာက ညနေ ခုနစ်နာရီကျော်မှသာ ငြိမ်းသတ်နိုင်သွားခဲ့သည်။
ဘုရားကျောင်းက ပစ္စည်းများ ဝယ်ထားသည့်လူအကုန်လုံး ပြန်အမ်းငွေ အသီးသီး ရရှိသွားခဲ့ကြသည်။ နေ့ခင်းဘက် အချိန်တုန်းက လူပင်လယ်ကြီးဖြင့် စည်ကားသိုက်မြိုက်နေသည့် မြင်ကွင်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခု အချိန်တွင် သဲကန္တာရကြီးသဖွယ် ကျီးတစ်ကောင်တစ်လေသော်မျှ ဖြတ်သွားဖြတ်လာပြုခြင်း မရှိတော့ချေ။
ညနေ ရှစ်နာရီကျော်လောက်ရောက်တော့ ကျူးကျင်းဝူနှင့် ကျန်းရန်ကျွင်းတို့ တစ်ဖန်ပြန်ဆုံကြသည်။ နှစ်ဦးလုံးက ပါးစပ်ထဲတွင် စီးကရက်ကိုယ်စီ ခဲထားကြပြီး မျက်နှာအမူအရာမှာတော့ နက်မှောင်လို့နေသည်။
“ ငါတို့ ဒီနေ့ ဘယ်လောက် ဆုံးရှုံးသွားလဲ …”
ကျန်းရန်ကျွင်း အေးစက်စက် မေးမြန်းလိုက်၏။
“ လေးသန်းကျော်တယ်…”
“ အဲ့လောက်များလားဟ….”
“ သုံးသန်းက ကျုပ်တို့ ရင်းနှီးထားတာ … အဲ့တာတွေ အကုန် အခု အလကားဖြစ်ကုန်ပြီ … ပြီးတော့ ဂျာနယ်လစ်တွေကလည်း ဘယ်ကနေ ဘယ်လို အနံ့ရပြီး ရောက်လာခဲ့မှန်း မသိဘူး … သူတို့ကို နှုတ်ပိတ်ဖို့ သုံးလိုက်ရတာလည်း မနည်းဘူး … “
“ ချီးလိုပဲကွာ ….”
ကျန်းရန်ကျွင်း ကျိန်ဆဲလိုက်ပြီး သူ၏ ဒေါသများမှာ ပေါက်ကွဲလုနီး မီးတောင်ချော်ရည်များကဲ့သို့ တပွက်ပွက် ဆူနေသည်။
သူ နဂို တွက်ချက်ထားသည့် အတိုင်းဆိုပါက ဆာလောင် တစ္ဆေပွဲတော်တွင် အနည်းဆုံး ယွမ် သန်း ၂၀ မျှ အမြတ်ကျန်မည်ဟု ခန့်မှန်းထားသည်။ ယခုမူကား တစ်ပြားတစ်ချပ်မျှ မရလိုက်ဘဲ ရင်းနှီးထားသည်များပင် ပြန်လည် ဆုံးရှုံးသွားခဲ့လေသည်။
“ ကံဆိုးချင်တော့လည်း တကယ့်ကောင်နဲ့မှ ပက်ပင်းသွားတိုးရတယ်လို့ကွာ … အဲ့ကောင်ကြောင့်သာ မဟုတ်ရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး …”
“ သေစမ်း … ကျုပ်တို့ ဒီကိစ္စ ဒီတိုင်း လွှတ်ပေးလိုက်လို့တော့ မဖြစ်ဘူး …”
“ မကျေမချမ်း ဖြစ်နေတော့ရော ဘာများ တတ်နိုင်ဦးမှာ … မင်းက လက်စားချေချင်လို့လား …” ကျန်းရန်ကျွင်း သက်ပြင်းချလိုက်ပြီး “ သူ့ကိုတောင် ဘယ်နား သွားရှာရမှန်း မသိတာ မင်းက ဘယ်လို လက်စားပြန်ချေမှာ …”
“ ကျုပ် သူ့ဖုန်းနံပါတ်ကို ရထားတယ်လေ… ဟဲဟဲ ….”
“ ဘာ … မင်း သူ့ဖုန်းနံပါတ် ရထားတယ်ဟုတ်လား …”
ကျူးကျင်းဝူ ခေါင်းညိတ်ပြလိုက်သည်။ “ ကျုပ် သူ့နံပါတ်တောင်းတုန်းက ဘယ်လို ဒေါသထွက်တဲ့ အမူအရာမျိုးမှလည်း မပြဘူး .. သူ့ဘက်က သံသယဝင်မိဖို့ဆိုတာ မဖြစ်နိုင်ဘူး … နောက်ပိုင်းကျရင် ကျုပ်ကောင်တစ်ချို့ ခေါ်ပြီး သူ့ကို ထမင်းစား ဖိတ်လိုက်မယ်… ပြီးရင် အဲ့ကောင်ကို ကောင်းကောင်းကြီး ဆော်ပလော်တီးပေးလို့ရပြီ …”
“ ဟေ … မင်းဟာက ဟုတ်လှချည်လားကွ…”
ကျန်းရန်ကျွင်း နှစ်ထောင်းအားရ ဖြစ်စွာ ရယ်မောလိုက်ပြီး “ ဒီလိုဆိုမှတော့ ….၊ သင်ခန်းစာ ကောင်းကောင်းကြီး ပေးရတော့မှာပေါ့ … ငါတို့ရဲ့ အစီအစဉ်တွေကို ဖျက်စီးသွားတာ ဒီလို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်တာ ငါတို့ ထုံးစံ မဟုတ်ဘူး ….”
“ အဲ့ကိစ္စ ကျုပ်နဲ့ လွှဲထားလိုက် … ကျုပ်သူ့ကို မနိုင်ဘူးဆိုပေမယ့် သူ့ကို တန်ကြေးတစ်ခု ပြန်ပေးဆပ်ရအောင်တော့ လုပ်နိုင်တယ်…” ကျူးကျင်းဝူ ကြမ်းကြုတ်ခက်ထန်နေသည့် မျက်ဝန်းတို့ဖြင့် ပြောဆိုလိုက်သည်။
……
ရှန်းတောင်ကနေ ပြန်လာပြီးသည့်နောက် ရန်ကျင်း၏ နာမည်ကြီး လမ်းကြားထဲသို့ ရောက်လာခဲ့ကာ ဤနေရာရှိ နာမည်ကြီး ကျောက်ပုစွန်အား မြည်းစမ်းကြည့်ကြသည်။
သူတို့သုံးယောက်အဖို့ … ဤကဲ့သို့ မီးခိုးငွေ့များ ၊ မီးတောက်များဖြင့် လှုပ်ရှားသက်ဝင်နေသည့် နေရာက အိမ်သို့ ပြန်ရောက်လာသည့်နှယ် ခံစားရစေသည်။
အသက်ရှိနေစဉ် စားကောင်းသောက်ဖွယ်များအား ဝိုင်ကောင်းကောင်းနှင့် မြည်းရင်း လူသား ကမ္ဘာကြီး၏ မတူကွဲပြားသည့် အမျိုးမျိုးသော ဓလေ့ထုံးတမ်းတို့ကို စူးစမ်းလေ့လာသည်ကလည်း ဘဝ၏ အရေးကြီးသည့် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
စားသောက်နေစဉ် လင်းရီ လျန်ရူရွှယ်နှင့် ခေတ္တ စကားပြောလိုက်သေး၏။
သူမက ကျိုးဟိုင်သို့ ယခု မနက်ခင်းမှာပဲ ပြန်ရောက်ပြီး အလုပ်စလုပ်နေချေပြီ။
နှစ်ယောက်မှာ အခြား မည်သည့် လေးနက်သည့် ကိစ္စရပ်များကိုမျှ ပြောဆိုခြင်း မရှိခဲ့ချေ။ သာမန် ထွေရာလေးပါးများသာ မငြီးငွေ့နိုင် ပြောဆိုနေခဲ့ကြသည်။
“ မင်းတို့ တခြား သွားလည်ချင်တဲ့ နေရာရှိသေးလား … ငါ မနက်ဖြန် လိုက်ပို့ပေးမယ်…”
စားသောက်ပြီးနောက် သုံးယောက်သား လမ်းလျှောက်ရင်း လင်းရီ မေးမြန်းလိုက်သည်။
“ ရှင်းရှင်းကို မေး … ငါကတော့ ဘယ်နေရာပဲ သွားရ သွားရ အဆင်ပြေတယ်…”
“ အိုက်ယား …. ညီမကိုပဲ တစ်ချိန်လုံး မေးမနေနဲ့လေ…” ချောင်ရှင်း ပြောလိုက်ပြီး “ ညီမက ဒီတိုင်း ဖရီးလိုက်ပြီး ဂုံးဆင်းမယ့်သူလေ… အစ်မလီတို့ သဘောပဲ …”
“ ဒါဆိုလည်း ဘယ်မှသွားမနေနဲ့တော့ … ပြန်ကြမယ်…” လီချူးဟန် ပြောလိုက်သည်။ “ ရန်ကျင်းမှာ နေတာလည်း ရက်အတော်ကြာပြီဆိုတော့ ငါ ကျိုးဟိုင်ပြန်ချင်ပြီ …”
“ ကောင်းပြီလေ… ငါတို့ မနက်ဖြန် ပြန်ကြတာပေါ့ …”
သူ့ လေယာဉ်က ကျိုးဟိုင်တွင် ရောက်နေသဖြင့် လင်းရီသည် first – class လက်မှတ် သုံးစောင်ဖြတ်၍ မနက်ဖြန် မနက်တွင် ပြန်ဖို့ ပြင်ဆင်လိုက်သည်။
အပေါ်ယံတွင် သူ၏ သွင်ပြင်မှာ တည်ငြိမ်နေသော်လည်းပဲ စိတ်ထဲတွင်တော့ ကျိုးဟိုင်မှာ သူ လွယ်လင့်တကူ မျက်နှာချင်းဆိုင်ဖို့ မဝံ့ရဲသည့် မြို့တစ်မြို့ဖြစ်၏။
သို့သော် လီချူးဟန်က သူနှင့်အတူ ရှိနေသဖြင့် ထိုသို့ ဖြစ်နေသည့် ခံစားချက်ကို သူ ထုတ်ပြ၍ မဖြစ်ပေ။
တစ်နာရီခန့်ကြာပြီးနောက် သုံးယောက်မှာ ဟိုတယ်သို့ ပြန်ရောက်လာသည်။
လီချူးဟန် ကိုယ်လက်ဆေးကြော သန့်စင်နေစဉ်မှာပဲ နင်ချဲ့က ဝီချက်ဗွီဒီယိုကော ခေါ်လာခဲ့သည်။
ဖုန်းထဲတွင် နင်ချဲ့က မီးခိုးရောင် ပဂျားမား ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ရှည်လျားသည့် ဆံပင်တို့က ရှုပ်ပွနေသည်။ ထို့ပြင် ဆံဖျားတို့ကတဆင့် ရေများ စက်လက်ကျနေဆဲဖြစ်ပြီး ယခုလေးတင်မှ ရေချိုးပြီးထားသည့်ဟန်ပင်။
“ ဘယ်လိုလဲ … နင် ဒီနေ့ ဘယ်တွေ သွားလည်ဖြစ်သေးလဲ …”
“ ငါ ရှန်းတောင်ဆီ အလည်ဆိုပြီး တစ်ခေါက်သွားလိုက်တာ ငါ့ကိုယ်ငါ လူလိမ်တွေ အသိုက်ထဲ ခုန်ဆင်းမိသလိုတောင် ခံစားလိုက်ရတယ်..”
“ လူလိမ် အသိုက်ထဲ ဟုတ်လား …”
သူ့တွင် အခြား ဘာလုပ်စရာမှ မရှိသဖြင့် လင်းရီလည်း နေ့ခင်းတုန်းက အဖြစ်အပျက်များကို နင်ချဲ့ထံ စမြုံ့ပြန်လိုက်ပြီး သူမလေးမှာ အူလိမ့်အောင် ရယ်မောနေလျက် ရှိလေတော့သည်။
“ အဲ့တာတော့ နည်းနည်းများသွားပြီ … အဲ့လူကြည့်ရတာ အရည်အချင်း တချို့တော့ ရှိမယ့်ပုံပါပဲဟ … အဲ့တာတောင် အသင်း ၁ ရဲ့ ခေါင်းဆောင်ကြီးဖြစ်တဲ့ နင်က သူတို့နဲ့ သွားယှဉ်ပြိုင်နေသေးတယ် ဟုတ်လား … နင် အနိုင်ကျင့်နေတာပဲ …”
“ အင်း … အဲ့လူက အရည်အချင်းတချို့တော့ ရှိပါတယ်… ဒါပေမယ့် သူ့ကိုယ်သူ တာအိုဆရာသခင်ကြီးဆိုပြီး ကြွားလုံး ထုတ်နေတာလေ… ပြီးတော့ သူများဆီကလည်း ငွေတွေ လိမ်နေသေးတယ်… နောက်ဆုံးကျတော့ ငါ့ဆီပါ လက်ညှိုးထိုးလာတော့ ငါလည်း ရွေးချယ်စရာ ဘယ်ရှိတော့မှာ … အလင်းပြပေးရတော့တာပေါ့ …”
နင်ချဲ့ တခစ်ခစ် ရယ်မောနေခဲ့၏။
လင်းရီနဲ့ သွားတိုးတာ သူတို့ကံ အတော်ဆိုးနေလို့ ဖြစ်မယ်…
“ စကားမစပ် နင် မနက်ဖြန်ကျ ဘာလုပ်ဖို့ စီစဉ်ထားလဲ … “
“ ဘာမှမလုပ်ဘူး .. မနက်ဖြန် နေ့လည် ကျိုးဟိုင်ပြန်ဖို့ လက်မှတ်ဖြတ်ထားပြီ … ငါ ပြန်တော့မှာ …"
“ အာ … နင်က ပြန်တော့မှာပေါ့ …” နင်ချဲ့ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
“ ဖြစ်ချင်တော့ ငါလည်း မနက်ဖြန် အားတယ်… တစ်ဝိုင်းလုပ်လိုက်မယ်လေ … နင့်ကို နှုတ်ဆက်ပွဲကျင်းပပေးတယ် မှတ်လိုက်ပေါ့ …”
“ အလုပ်ရှုပ်ခံစရာ မလိုပါဘူး .. ဒီလူနဲ့ ဒီလူတွေကိုပဲ …”
“ အဓိကက နင် ရန်ကျင်းကို လာခဲလွန်းလို့ဟေ့ … ကိုယ်တော့်မျက်နှာကို ဖူးမြော်ဖို့ကလည်း ခက်လိုက်တာ တကယ်တည်း …” နင်ချဲ့ စနောက်လိုက်ပြီး “ မနက်ဖြန်ကျ ငါဖုန်းဆက်တာကို စောင့်နေ ဟုတ်ပြီလား … ဝက်ချိုချဉ် အတော်လေးကောင်းတဲ့ မြောက်ပိုင်းစားသောက်ဆိုင် တစ်ဆိုင် တွေ့ထားတယ်… မနက်ဖြန် နင့်ကို အဲ့နေရာ ခေါ်သွားပေးမယ်…”
“ ဟုတ်ပြီလေ… မနက်ဖြန် တွေ့ကြတာပေါ့ …”
နင်ချဲ့နှင့် ဖုန်းပြောပြီးနောက် လင်းရီ ခြေလက်ဆေးကြောကာ အိပ်ရာဝင်လိုက်သည်။
သူ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့လေသည်။
နောက်တစ်နေ့ နံနက်တွင် သုံးယောက်သား တစ်ယောက်ပြီး တစ်ယောက် အိပ်ရာထ၍ မနက် ရှစ်နာရီတွင် အားလုံးနီးပါး ပြင်ဆင်သိမ်းဆည်းပြီး အဆင်သင့် ဖြစ်နေချေပြီ။
ချိုးယွီလော့နှင့် နင်ချဲ့တို့က ကားဖြင့် ရောက်လာခဲ့ကြပြီး ထောက်ချိန်လည်း လင်းရီကို လိုက်ပို့ဖို့ ကားထဲ ပါလာခဲ့၏။
နင်ချဲ့ ပြောသည့် မြောက်ပိုင်း စားသောက်ဆိုင်က ‘တယွဲ့’ ရှော့ပင်းစင်တာတွင် တည်ရှိပြီး ဖွင့်သည်မှာ သိပ်မကြာသော်လည်း အတော်လေးနာမည်ကြီးသည်။
လီချူးဟန်မှာတော့ နဂိုမူအတိုင်း အေးစက်တည်ငြိမ်နေလျက်ပင်။ ချိုးယွီလော့တို့နှင့် အတူသွားလာရသည်တွင် မည်သည့် သက်တောင့်သက်သာ မဖြစ်မှုမျှ မခံစားရချေ။ သို့သော် ချောင်ရှင်းကတော့ ကွဲပြား၏။
သူမရှေ့တွင် ထိုင်နေသည့် လူသုံးယောက်၏ အရှိန်အဝါတို့မှာ ဆေးရုံ ဒါရိုက်တာများထက်ပင် ပြင်းထန်နေလေသည်။ နင်ချဲ့တို့ မရည်ရွယ်သော်လည်းပဲ ချောင်ရှင်းမှာ မမြင်ရသည့် ဖိအားတချို့ကို ခံစားနေရလျက် ရှိသည်။
“ ငါ ယူလာခဲ့တဲ့ ပစ္စည်း စမ်းသပ်တာ အခြေအနေ ဘယ်လိုရှိလဲ …”
လင်းရီ မေးမြန်းလိုက်၏။ လီချူးဟန်နှင့် ချောင်ရှင်းတို့ ရှိနေသော်လည်းပဲ ကွယ်ဝှက်ထားဖို့ မကြိုးစားချေ။
“ ဖြည်းဖြည်းချင်းတော့ လှုပ်ရှားနေတာပဲ …” နင်ချဲ့ ပြောလိုက်ပြီး “ အဲ့ဥစ္စာရဲ့ ရှုပ်ထွေးနေမှုကြီးက ငါတို့ရဲ့ လက်ရှိ နည်းပညာထက်ကို ကျော်လွန်နေပြီ … ရလဒ် တစ်ခုခု မထွက်လာခင် ခဏလောက်တော့ စောင့်ရဦးမယ် ထင်တယ်….”
“ ကျိုးဟိုင်မှာ ငါ့ရဲ့ ဆေးသုတေသန စင်တာ တစ်ခု ရှိတယ်… ငါ လူတချို့ ခေါ်ပေးဖို့ လိုသေးလား …”