← Chapters

ကျူးကျင်းဝူ၏ အတွင်းစိတ် အတွေးများ

Vol. 128 Ch. 1907

ကျူးကျင်းဝူ၏ အတွင်းစိတ် အတွေးများ

Vol. 128 Ch. 1907

ဤသည်ကို ကြားတော့ ကျူးကျင်းဝူလည်း ကျန်းရန်ကျွင်း မည်သည်ကို ဆိုလိုချင်နေမှန်း နားလည်သဘောပေါက်သွားခဲ့တော့သည်။

သူ့အား တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုပါက အနိုင်ယူနိုင်ဖို့ မည်မျှ ယုံကြည်ချက် ရှိလဲ မေးခဲ့သည်မှာ မထူးဆန်းတော့ချေ။ သူက ဤဇာတ်ခင်းချင်နေခြင်း ဖြစ်၏။

ထိုအကြောင်း တွေးမိတော့ ကျူးကျင်းဝူ၏ တစ်ကိုယ်လုံး ယုံကြည်ချက်အော်ရာတို့ဖြင့် ပြည့်လွှမ်းသွားခဲ့တော့သည်။ သူက စီရင်စု၏ MMA ချန်ပီယံ ဖြစ်ခဲ့ဖူးသူ တစ်ဦးပင်။ လင်းရီကဲ့သို့ သာမန်လူတစ်ယောက်အား အနိုင်ယူဖို့ဆိုသည်မှာ သွေးပူရုံမျှသာ ရှိလိမ့်မည်။

တစ်ချိန်တည်းတွင် ကျန်းရန်ကျွင်းသည် လင်းရီဘက်သို့ လှည့်ကြည့်၍ ဖော်ရွေမှု မရှိသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်၏။

“ ဒီက တာအိုရောင်းရင်း … မင်းကို တခြား တာအိုဘုရားကျောင်း တစ်ခုက ပြဿနာ ရှာဖို့ လွှတ်လိုက်တာလို့ ငါ သံသယ ရှိတယ်… မင်းရဲ့ ရည်ရွယ်ချက် အောင်မြင်ခဲ့တယ်လို့ ငါ ပြောရမှာပဲ … ဒါပေမယ့် ငါ တစ်ခုတော့ ပြောလိုက်မယ်… မင်းရဲ့ ဒီလှည့်ကွက်လေးတွေနဲ့ ငါတို့ ရှီးယွင် ဘုရားကျောင်းရဲ့ ဆာလောင်တစ္ဆေပွဲကို ဖျက်စီးနိုင်ပြီ ထင်နေရင်တော့ မင်းမှားတာပဲ …”

လင်းရီ ငိုရမလို ၊ ရယ်ရမလို ဖြစ်နေမိတော့သည်။ ဤသက်ကျားအိုကြီး၏ လိမ်လည်နိုင်သည့် စွမ်းရည်က တကယ့်ကို တစ်ဖက်ကမ်းခတ် ပါမောက္ခဘွဲ့ ပေးရလောက်သည်အထိ ပြောင်မြောက်နေချေပြီ။ စကားလေး သုံးလေးခွန်းမျှနှင့် သူမှာ အခြား တာအိုဘုရားကျောင်း၏ သူလျှိုလုံးလုံး ဖြစ်သွားခဲ့ရသည်။

“ ကျုပ်ကို စောက်ရမ်းအားယားနေတယ်လို့ ခင်များ ထင်နေလား …” လင်းရီ ပြောလိုက်ပြီး “ ကျုပ်တို့ စောနတုန်းက ထမင်းစားခန်းထဲမှာ ကျုပ် ဘယ်သူပါဆိုတာ ဖော်ထုတ်ခဲ့ပြီးပြီ … ကျုပ်က ဟွာရှန်း ဆေးရုံရဲ့ ဒေါက်တာပဲ … ဘယ်နားက သူလျှိုဖြစ်ရမှာ …”

“ မင်းက ယုတ္တိရှိအောင်တော့ လိမ်တတ်သားပဲ ..” ကျန်းရန်ကျွင်းပြောလိုက်ပြီး “ မင်းက ငါတို့ကို လူလိမ်တွေဆိုပြီး ဆက်တိုက် စွပ်စွဲနေတယ်… မင်း ငါတို့ တာအိုသိုင်းပညာကို ယှဉ်ဖို့ စိန်ခေါ်ရဲလား …”

လင်းရီ ပြုံးလိုက်ပြီး ကျူးကျင်းဝူကို ညွှန်ပြလိုက်သည်။ “ ကျုပ်ကို သူနဲ့ တိုက်ခိုက်စေချင်တာလား … သူ့ထက်ပိုပြီး သန်မာတဲ့လူကို မလွှတ်ချင်တာ ခင်များ သေချာပြီလား …”

“ မလိုဘူး … သူက ငါတို့ ရှီးယွင် ဘုရားကျောင်းမှာ တာအိုကွန်ဖူးကို အလေ့ကျင့်ဆုံးသူပဲ … မင်းလောက်ကတော့ သူနဲ့တင် ပြီးတယ်…”

“ ကောင်းပြီလေ…. ခင်များ ပြောတဲ့အတိုင်းပဲပေါ့ …” လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။

ကျူးကျင်းဝူသည် မျက်လုံးများမှေးကျဉ်းပြီး လင်းရီအား မည်သို့ အမဲဖြတ်မည်ကို သေချာစွာ စုန်ချည်ဆန်ချည်ကြည့်နေခဲ့သည်။

“ မင်း ငါတို့ရဲ့ အစီအစဉ်တွေကို တစ်ကြိမ်ပြီး တစ်ကြိမ် ဖျက်စီးနေတာ များနေပြီ … မင်းရဲ့ အချိန်ပြည့်ပြီပဲ …”

ပြောပြီးသည်နှင့် နှစ်ယောက်မှာ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့တာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြ၏။

ထိုစဉ် ရှီးယွင် ဘုရားကျောင်းရှိ တာအိုဂိုဏ်းဝင်တို့မှာ ယုံကြည်ချက် အပြည့်နှင့် ဖြစ်နေလေသည်။

ကျူးကျင်းဝူက သူတို့ထဲတွင် အသန်မာဆုံးပင်။ တစ်ခါက ပျင်းပျင်းရှိသည်နှင့် သူတို့ ဆယ်ယောက်ပေါင်းပြီး ကျူးကျင်းဝူအား ပြိုင်တူ တိုက်ခိုက်ခဲ့သည့် အချိန်ကို ယခုတိုင် မှတ်မိနေသေး၏။ ထိုအချိန်က သူတို့ အကုန်လုံး တစ်ယောက်ပြီး တစ်ယောက် အမှောက်သိပ်ခံခဲ့ရလေသည်။

ယခု … ရှိုးပြဖို့လောက်သာသိသည့် ဤလူအား အနိုင်ယူဖို့ဆိုသည်က ကမ်းခြေသို့ထွက် ၊ လေပြေလေညှင်းလေး ရှူရှိုက်သည့်နှယ် သက်တောင့်သက်သာ ရှိမည်မှာ သေချာလှသည်။

ကြည့်ရှုနေကြသည့် ဧည့်ပရိသတ်ကြီးမှာလည်း မည်သည့်ဘက်ကိုမျှ မသေချာနိုင်ဘဲ ဖြစ်နေခဲ့ကြ၏။

သူတို့အားလုံးက နောက်ဆုံး ရလဒ် မည်သို့ ထွက်ပေါ်လာမလဲဆိုတာကိုပဲ စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားခဲ့ကြလေသည်။

ကျူးကျင်းဝူသည် အေးစက်စွာ နှာတစ်ချက်ရှုတ်၍ လင်းရီအား လက်ညှိုးကွေးပြီး စိန်ခေါ်လိုက်သည်။

“ ငါ မင်းကို အရင်လှုပ်ရှားဖို့ အခွင့်အရေး ပေးလိုက်မယ်… ဒါမှ မင်းကို အနိုင်ကျင့်တယ်ဆိုပြီး ပြောလို့မရမှာ …”

“ အဲ့အတွက် စိတ်မပူနဲ့ … ခင်များသာ အရင်စလာခဲ့စမ်းပါ … မဟုတ်ရင် ရှုံးသွားမှ ကျုပ်က အခွင့်အရေးမပေးဘူး ဖြစ်နေမယ်…” လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။ “ ပြီးတော့ ခင်များက ကျုပ်ကို နှစ်ကြိမ် ရှုံးထားပြီးပြီ .. ဒီတော့ ဟန်ဆောင်နေတာတွေ တော်လိုက်တော့ … ခင်များ ဘယ်လောက် အစွမ်းအစရှိလဲဆိုတာ ကျုပ်သိအောင် ပြလှည့် …”

“ ဟမ့် … အကောင်းအဆိုး နားမလည်တဲ့ကောင် … ဒီနေ့ မင်းခြေထောက်တွေ ငါချိုးပြမယ်….” ကျူးကျင်းဝူ ဘုဆတ်ဆတ် ပြောလိုက်သည်။

ထို့နောက် မာန်သွင်းပြီး လင်းရီထံသို့ ပြေးဝင်လာသည်။

လင်းရီသည် နေရာမှာပဲ မလှုပ်မယှက် ရပ်နေခဲ့၏။ ကျူးကျင်းဝူ အနားရောက်လာသည်ကို မြင်တော့ ၎င်းအား ဆောင့်ကန်လိုက်လေသည်။

ဝှစ် …

ကျူးကျင်းဝူ၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့၏။ သိပ်သည်းပြင်းထန်သည့် နာကျင်မှုလှိုင်းက ခန္ဓာကိုယ်တ‌စ်လျှောက် ဖြတ်သန်းသွားခဲ့ပြီး ကိုယ်တွင်း အင်္ဂါများပင် နေရာလွှဲမှားကုန်ပြီဟု တွေးတောမိသွားခဲ့သည်။

ရင်ဘက်စူးအောင့်သည့် နာကျင်မှုက သာမန်လူတစ်ယောက် တောင့်ခံနိုင်သည့် အရာတစ်ခု မဟုတ်ခဲ့ချေ။

“ အား …”

အော်မြည်သံ တစ်ချက်နှင့် အတူ ကျူးကျင်းဝူသည် သုံးလေးမီတာခန့် လွင့်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်သား ပြုတ်ကျသွားခဲ့သည်။

တိတ်ဆိတ်မှု။

နေရာတစ်ခွင်လုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားခဲ့သည်။

ကျူးကျင်းဝူ မြေပေါ် ပြုတ်ကျသွားခဲ့သည့် အချိန်မှာပဲ လူတိုင်း တိတ်ဆိတ်သွားခဲ့ကာ မြင်ကွင်းအား ပါးစပ်အဟောင်းသား ဖြစ်စွာဖြင့် ကြည့်နေမိခဲ့ကြ၏။

ကျန်းရန်ကျွင်းဆိုလျှင် မျက်လုံးတို့ ပြူးကျယ်နေခဲ့ပြီး ပါးစပ်မှာ ပန်းသီးတစ်လုံး ဝင်ဆံ့နိုင်လောက်သည်အထိ ပွင့်အာနေလျက်ရှိတော့၏။

သူက ပွဲကြီးပွဲကောင်း တစ်ခု ကြည့်ဖို့ စောင့်မျှော်နေတာလေ… ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်လာခဲ့တာလဲ … မင်းတို့နှစ်ယောက် လက်ဝါးချင်း ရိုက်ထားကြတာလားကွ …

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ရင်း “ ခင်များတို့ရဲ့ တာအိုသိုင်းပညာရပ်တွေက ကျုပ်ရဲ့ တစ်ချက်ကိုတောင် တောင့်မခံနိုင်ဘူးပဲ …”

“ ဒါက ….”

ဤတစ်ကြိမ်တွင်တော့ ကျန်းရန်ကျွင်း ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူသည်လည်း ကျူးကျင်းဝူမှာ လင်းရီ၏ ခြေကန်ချက် တစ်ချက်တည်းဖြင့် အနိုင်ပိုင်းခံလိုက်ရမှာကို မျှော်လင့်မထားခဲ့ပေ။

“ စီနီယာ အစ်ကိုကြီး …”

အခြေအနေ မကောင်းတော့သည်ကို မြင်တော့ အခြား တာအိုသျှင်တို့က ကျူးကျင်းဝူထံ ပြေးပြီး ထူမပေးကြသည်။

“ ငါ .. ငါ အဆင်ပြေတယ်…”

ကျူးကျင်းဝူ ရင်ဘက်ကို ဖိနှိပ်ထား၏။ အခြားသူများ၏ အကူအညီဖြင့်ပင် သူ့မှာ မတ်တပ်ရပ်နိုင်ရုံလေးမျှသာ ရှိလေသည်။

“ ခင်များဆက်တိုက်နိုင်သေးလား … ရသေးတယ်ဆို ဆက်ကြတာပေါ့ ..” လင်းရီ ပြုံးလိုက်၏။

ကျူးကျင်းဝူ၏ မျက်နှာမှာ မဲမှောင်လို့နေချေသည်။ သို့သော် သူ ဘာစကားမှတော့ ပြန်မပြောဝံ့ခဲ့ချေ။ သူ၏ အဆင့်ဖြင့် တစ်ဖက်သူအား အနိုင်ယူနိုင်ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

အကယ်၍ သူသာ ထပ်ပြီး တိုက်ခိုက်နေဦးမည်ဆိုပါက သေလမ်းရှာချင်နေ၍သာ ဖြစ်လိမ့်မည်။

ထိုအချိန်မှာပဲ လူအုပ်ကြီးမှာ ကျူးကျင်းဝူထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို သတိထားမိသွားခဲ့ကြပြီး

“ မင်းပဲပြောတော့ တာအိုပညာရှင်တွေက တကယ့် လက်တွေ့ကျတဲ့ တိုက်ခိုက်မှုတွေကိုပဲ ဦးစားပေးထားပါတယ်ဆို .. ဒီ ညီလေး တစ်ချက်ကန်တာတောင် သူ့မှာ အဖြစ်သည်းနေလိုက်တာများ ဆေးရုံကားဘဲ ခေါ်ရတော့မလိုလိုနဲ့ … မင်းတို့ ဦးစားပေးထားတဲ့ လက်တွေ့တိုက်ခိုက်မှုဆိုတာ ဒါလား …”

“ လူလိမ်… အပိုတွေ ထပ်မပြောနဲ့တော့ … ငါတို့ပိုက်ဆံတွေပဲ မြန်မြန် ပြန်အမ်းစမ်း … ငါ့မှာ နင်တို့နဲ့ ဖြုန်းဖို့ အချိန်တွေ ပေါသောမနေဘူး …”

“ မြန်မြန်လုပ်စမ်း … ပိုက်ဆံ ပြန်အမ်းမပေးလို့ကတော့ မင်းတို့ကို ရဲတိုင်ပြီပဲ …”

လူတိုင်း၏ တစ်ယောက် တစ်ပေါက် ကြိမ်းမောင်းနေသည့် အသံများကို တရစပ် လက်ခံလိုက်သောအခါ လျှာထက်လှပါသည်ဆိုသည့် ကျန်းရန်ကျွင်းပင် ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့တော့သည်။

တစ်ကြိမ်ပြီး တစ်ကြိမ် မျက်နှာဖြတ်ရိုက်ခံရပြီးသည့်နောက် သူကိုယ်တိုင်လည်း ဤကိစ္စကို မည်သို့ ဖြေရှင်းရမှန်း မသိ ဖြစ်နေလေသည်။

“ လူတိုင်းပဲ … ကျေးဇူးပြုပြီး စိတ်မလောကြပါနဲ့ဦး .. ကျုပ် ဒီကိစ္စအတွက် သေချာပေါက် ဖြေရှင်းချက် တစ်ခု ပေးမှာပါ …"

ရှီးယွင် ဘုရားကျောင်း၏ တာအို အဖွဲ့ဝင်များလည်း ဖိအားများသွားခဲ့ကြသည်။

ယခုလို ထင်မထားသည့် ဧရာမ မတော်တဆမှုကြီးဖြင့်ဆိုပါက အနာဂတ်တွင် ရှီးယွင် ဘုရားကျောင်းသို့ လာရောက်ပူဇော်လှူဒါန်းသူတို့ လျော့နည်းသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

“ ကျုပ်တော့ ခင်များတို့တွေကို ဒီတိုင်း ရပ်မနေဖို့ အကြံပေးချင်တယ်… သွားပြီး ပိုက်ဆံတွေ ကူအမ်းပေးလိုက် … ခင်များရဲ့ ဆရာတစ်ယောက်တည်း ကိုင်တွယ်လို့ ဖြစ်မှာ မဟုတ်ဘူး …” လင်းရီ ပြုံးလိုက်သည်။

ကျူးကျင်းဝူမှာ ရင်ဘက်ကို လက်ဖဝါးဖြင့် ဖိနှိပ်ထားလျက် ရှိသည်။ သူ လင်းရီ၏ မျက်ခွက်ကို ယခုချက်ချင်းပင် အားပါးတရ ပြေးထိုးပစ်လိုက်ချင်သည်။

ထိုကောင့်ကြောင့်သာ မဟုတ်ဘူးဆိုပါက ယခုလို ကိစ္စများလည်း ရှိလာခဲ့မှာ မဟုတ်ချေ။

သို့သော် လင်းရီကို အနိုင်ယူဖို့ မဖြစ်နိုင်မှန်းလည်း သူ့ကိုယ်သူ သိသည်။ ထို့ကြောင့် စိတ်လိုက်မာန်ပါ ပြုလုပ်ဖို့ရာ မဖြစ်နိုင်ပေ။

ရုတ်ချည်းဆိုသလို ကျူးကျင်းဝူ မျက်လုံးလှိမ့်လိုက်၏။ သူ့မျက်နှာထက်ရှိ ဒေါသရိပ်တို့က နေလာနှင်းနှယ် ကင်းစင်ပပျောက်သွားခဲ့ပြီး အပြုံးတစ်ခုဖြင့် “ ညီကို … မင်းရဲ့ လယ်ဗယ်က အတော်မြင့်တာပဲ … ငါ မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်တာ ဝန်ခံတယ်… မင်း အရင် သိုင်းလေ့ကျင့်ဖူးတာလား …”

“ မလေ့ကျင့်ဖူးပါဘူး … ခင်များ အတွေးလွန်နေပြီ …"

လင်းရီ လိမ်ညာနေခြင်း မဟုတ်ပေ။ သူ၏ ဒီ - အဆင့် တိုက်ပွဲဝင်ခွန်အားကိုဖြစ်စေ၊ E - အဆင့် ကိုဖြစ်စေ ၊ ယုတ်စွအဆုံး သူ၏ အံ့ဩလက်မှိုင်ချရလောက်သည့် ကိုယ်ကာယ အခြေအနေကိုပင် ဖြစ်စေ ၊ အကုန်လုံးက စနစ်မှ ပေးအပ်ထားခြင်းဖြစ်၏။ သူ လုံးဝ လေ့ကျင့်ခဲ့ဖူးခြင်း မရှိပေ။

သို့သော် ကျူးကျင်းဝူ၏ ရုတ်ချည်း အမူအရာပြောင်းလဲသွားသည်နှင့် စပ်လျဉ်း၍တော့ သူ အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်မိလေသည်။

အမှန်ဆို ဒီလူက ငါ့ကို အခုလောက်ဆို ထုထောင်းရိုက်နှက်ချင်နေရမှာ မဟုတ်ဘူးလား …

ကျူးကျင်းဝူ၏ အမူအရာသာလျှင် လျင်မြန်စွာ ပြောင်းလဲခဲ့ခြင်း မဟုတ်ဘဲ သူ၏ တုံ့ပြန်မှုသည်လည်း ပြောင်းလဲသွားခဲ့၏။

လင်းရီက သူ့အစီအစဉ်များအား ဖျက်စီးခဲ့ကာ သူ့အနာဂတ်ကို ခြေကန်ချက် တစ်ခုဖြင့် ပျက်စီးစေခဲ့သည်။ ဤရန်ငြိုးကို တနည်းနည်းနှင့် လက်စားပြန်ချေဖို့ လိုသည်။

သို့သော် အကယ်၍ သူသာ ယခုအချိန် လင်းရီကို လွှတ်ပေးလိုက်မည်ဆိုပါက နောင်အနာဂတ်တွင် ပြန်ပြီး လက်စားချေဖို့ဆိုသည်မှာ ဖြစ်နိုင်တော့မှာ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မသိသည့် သူစိမ်းတစ်ယောက်ကို ပြန်ရှာတွေ့ဖို့က မဖြစ်နိုင်လုနီးပါးပင်။

ထို့ကြောင့် သူ၏ ဒေါသကို မျိုသိပ်ထားပြီး လင်းရီ၏ ဖုန်းနံပါတ်ကို ရအောင် သူကြိုးစားမည်။

နောက်ပိုင်းတွင်မှ အစီအစဉ်ပြန်ဆွဲပြီး လက်စားပြန်ချေပေမည်။

“ အဲ့တာဆိုရင် ငါ့ညီက ပင်ကိုယ်ပါရမီပါတဲ့လူ ဖြစ်မယ်..” ကျူးကျင်းဝူ ဖော်ရွေသည့် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ငါက သိုင်းပညာ လေ့ကျင့်တဲ့လူလေ… ပြီးတော့ ငါ့ညီနဲ့ နောင်မှာ ထပ်ပြီး လက်ရည်ဖလှယ်ဖို့ စိတ်ဝင်စားတယ်… ဖုန်းနံပါတ်ချင်းလဲပြီး အပြင်မှာ တစ်ဝိုင်းလောက် အတူစားကြမလား …”

“ ကျုပ်နဲ့ ထမင်းအတူစားမယ် .... ခင်များ အစီအစဉ်တွေ ဖျက်စီးခဲ့တာကို ရန်ငြိုးမထားဘူးဆိုတာ ခင်များ သေချာလို့လား …”

“ ငါတို့ အဲ့လူတွေကို လိမ်ဖို့ ကြိုးစားနေတာ အမှန်ပဲ … ဘာဖုံးကွယ်ထားစရာအကြောင်းမှ မရှိဘူး …” ကျူးကျင်းဝူ ဝန်ခံလိုက်ပြီး “ ဒါပေမယ့် ငါတို့ချင်း အဆင်ပြေပြီး မိတ်ဆွေတွေဖြစ်ဖို့တော့ ဆန္ဒရှိတယ်… ငါတို့ ဖုန်းနံပါတ်တွေ လဲကြမလား …”

All Chapters