← Chapters

ချန်ကျိုစစ် မင်းဘယ်လိုတောင် ငါ့ကိုသတ်ရဲတာလဲ!

Vol. 17 Ch. 224

ချန်ကျိုစစ် မင်းဘယ်လိုတောင် ငါ့ကိုသတ်ရဲတာလဲ!

Vol. 17 Ch. 224

“ဒီနေ့ ငါးဖမ်းကုန်သည်အဖွဲ့သားတွေက လမ်းတွေထဲမှာ ပွက်လောရိုက်နေအောင်ကို လူရှာနေကြတာ ဘာကြောင့်များလဲလို့၊ လက်စသတ်တော့ ဒီကလေးမလေးကို လိုက်ရှာနေကြတာပဲ”

ဖုန်းစစ် ရုတ်ချည်း နားလည်လိုက်၏။

သူ၏ဘေးရှိ သူဖုန်းစားတစ်ဦးမှ ချက်ချင်း ပြောလာသည်။

“သခင်၄ ငါးဖမ်းကုန်သည်အဖွဲ့ကို သွားရှုပ်ဖို့ မသင့်ပါဘူး။ အထူးသဖြင့် ကျားဖြူခန်းမကို သတိထားရပါမယ်။ ဖန်းရှစ်ကျုံး အဲဒီလူအိုကြီးက သူ့လူဆို အရမ်းကာကွယ်တယ်။ သူ့ရဲ့ မွေးစားသားတွေကို သွားရှုပ်မိလိုက်ရင် ဒီပြဿနာက ဖြစ်နိုင်တာတော့ အဆုံးသတ်မကောင်းနိုင်လောက်ဘူး”

ဖုန်းစစ်သည်း မေးကိုပွတ်သပ်နေပြီး ဘာမျှမပြောပေ။

သူဖုန်းစားမှ ရုတ်ချည်း အကြံပေးသည်။

“သခင်၄ ကျွန်‌တော်တို့ သူ့ကို လွှတ်ပေးလိုက်ကြမလား။ ကျွန်တော်တို့ ကျားဖြူခန်းမနဲ့ ပဋိပက္ခဖြစ်စေလို့ မဖြစ်ဘူး။ မဟုတ်ရင် ကျွန်တော်တို့ နောက်ပိုင်းကို အနောက်မြို့မှာ နေထိုင်ရတဲ့အချိန်တွေက မလွယ်ကူနိုင်လောက်တော့ဘူး”

ထိုအခါ ဖုန်းစစ်မှ ပြန်ပြောသည်။

“လွှတ်မယ် ဘာကိုလွှတ်မှာလဲ။ ကလေးကို ခေါ်သွားတာ ငါတို့မှန်း သူတို့သိလို့လား”

သူဖုန်းစားမှ ပြောသည်။

“ဒီလောကမှာ မယိုစိမ့်တဲ့ နံရံဆိုတာ မရှိပါဘူး။ နောက်ဆုံးမှာတော့ ထုတ်ဖော်ခံလိုက်မှာပဲ”

ဖုန်းစစ်မှ မေးသည်။

“ထုတ်ဖော်လိုက်တော့ရော ဘာဖြစ်လဲ”

ဟမ်?!

သူဖုန်းစားသည် ကြောင်အသွား၏။ ဖုန်းစစ်၏ အတွေးကို သူနားမလည်ပေ။

“ထုတ်ဖော်ခံလိုက်ရပြီဆိုရင် ကျွန်တော်တို့က ငါးဖမ်းကုန်သည်အဖွဲ့ကို အပြစ်ပြုပြီးသား ဖြစ်သွားလိမ့်မယ်”

“ငါးဖမ်းကုန်သည်အဖွဲ့ကို အပြစ်ပြုတယ်လေ၊ အဲဒီတော့ရော ဘာဖြစ်လဲ”

“သူတို့ကို အပြစ်ပြုမိလိုက်တာနဲ့ သူတို့လည်း ကျွန်တော်တို့ကို ပစ်မှတ်ထားလိမ့်မယ်။ အဲဒါဆို ကျွန်တော်တို့က ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ကျွန်တော်တို့…”

သူဖုန်းစားမှာ ဆက်မပြောနိုင်တော့ပေ။ သို့သော် ဖုန်းစစ်သည် ရယ်မောနေ၏။

“ဟားဟား… ငါးဖမ်းကုန်သည်အဖွဲ့ကိုက နန်ရေကန်ရဲ့ ဆားနယ်မြေကိစ္စမှာတင် အပြစ်ပြုပြီးနေပြီ။ ငါတို့က ငါးဖမ်းကုန်သည်အဖွဲ့နဲ့ အချင်းများရမှာပဲ။ ချောင်ကုန်သည်အဖွဲ့ရောပဲ။ ငါ ချန်ကျိုစစ်ရဲ့ညီမကို ဖမ်းသည်ဖြစ်စေ၊ မဖမ်းသည်ဖြစ်စေ အရေးမကြီးဘူး”

ဖုန်းစစ်မှ ပြောပြီးနောက် သူဖုန်းစားမှ အံ့အားသင့်စွာဖြင့် ပြောသည်။

“ငါတို့က ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ရမှာပဲ”

“ဟားဟား… မျန့်ရွှေစီရင်စုက ငြိမ်းချမ်းနေတာ အရမ်းကြာနေပြီ။ ဒီကျယ်ပြောတဲ့ မျန့်ရွှေစီရင်စုကြီးက မြောက်ပိုင်းနဲ့ တောင်ပိုင်းနဲ့ ဆက်နွယ်နေတာ။ ပြီးတော့ အရှေ့နဲ့ အနောက်ကိုလည်း တံတားအဖြစ် ဆက်နွယ်ပေးနေသေးတယ်။ အမြဲတမ်း ဒီကုန်သည်အဖွဲ့နှစ်ဖွဲ့ကပဲ အုပ်စိုးနေတာ မဖြစ်သင့်တော့ဘူး။ ငါတို့ သူဖုန်းစားဂိုဏ်းကလည်း နေရာတစ်နေရာရယူဖို့ ကြိုးစားသင့်တယ်”

“ဒီ‌တစ်ခေါက် ခေါင်းဆောင်က မြောက်ပိုင်းကိုသွားခဲ့ပြီး အမိန့်လက်ခံပြီး ပြန်လာခဲ့တယ်။ အခု တော်ဝင်တရားရုံးတော်က တင်းကြပ်နေလို့ ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ အစောင့်အရှောက်တွေက တောင်ပိုင်းကို ကူညီဖို့ ဆင်းမလာနိုင်ပေမဲ့ ခေါင်းဆောင်က နတ်ကျင့်စဉ်တစ်ခု ပေးအပ်လိုက်တယ်။ ဒီကျင့်စဉ်နဲ့ဆို နန်ပါးထျန်းနဲ့ လျိုလောင်ကွေ့ကရော ဘာကောင်တွေဖြစ်ဦးမလဲ။ ကြက်လေး၊ ခွေးလေးပဲ ဖြစ်လိမ့်မှာပေါ့။ ခေါင်းဆောင်က သူရှာဖွေနေတဲ့ ပဟေဠိကို ပြီးပြည့်စုံစေနိုင်တဲ့အခါ အဲဒီနေ့က ငါတို့သူဖုန်းစားဂိုဏ်း မျန့်ရွှေစီရင်စုမှ အုပ်စိုးမယ့်နေ့ပဲ”

“အဲဒီအခါ ငါးဖမ်းကုန်သည်အဖွဲ့ မပြောနဲ့ တော်ဝင်တရားရုံးတော်တောင်မှ ငါတို့ကို ‌ခယ ရလိမ့်မယ်”

ဖုန်းစစ်သည် ရယ်မောနေ၏။ သူဖုန်းစားမှ မေးမြန်းသည်။

“သခင်၄ ဒီသတင်းက?”

“ငါ့အစ်ကို ပြောခဲ့တာပဲ”

ထိုအခါ အားလုံးမှာ သိမ်းသွင်းခံလိုက်ရတော့သည်။ ဖုန်းစန်းသည် ဖုန်းစစ်နှင့် မတူဘဲ တည်ငြိမ်လေးနက်သူတစ်ဦး ဖြစ်သည်။ အပြုအမူတိုင်းမှာ အသေးစိတ်ပြီး မသေချာသည့် စွန့်စားမှုများကို မပြုလုပ်ပေ။ ဖုန်းစစ်သည် ဖုန်းစန်းကဲ့သို့ တည်ငြိမ်မှု မရှိပေ။

ထိုအခါ သူဖုန်းစားမှ ပြောသည်။

“ဒါဆို သခင်၄ ကျွန်တော်တို့ ချန်ကျိုစစ်ကို ရှင်းဖို့ လိုသေးလား”

“သူ့ကို ဘာလို့‌ ကြောက်နေရမှာလဲ။ တောရွာသေးသေးလေးက ကြက်လေး၊ခွေးလေး တစ်ကောင်ပဲကို။ ကြည့်ရတာတော့ အမှောင်စွမ်းအင်အဆင့်တောင် မရှိလောက်သေးဘူး။ သူက ဘယ်လိုလုပ်ပြီး ငါနဲ့ ယှဉ်နိုင်မှာလဲ။ ငါတို့ အရင်က ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အင်အားကို စိုးရိမ်ပူပန်ခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ ငါတို့သူဖုန်းစားဂိုဏ်းက မျန့်ရွှေစီရင်စုမှာ အင်အားချဲ့ထွင်ဖို့ အစီအစဉ်ရှိနေပြီ။ သူတို့နဲ့ တိုက်ပွဲက မရှောင်လွှဲနိုင်တဲ့အရာပဲ။ ငါတို့ သူတို့ကို ကြောက်နေဖို့ မလိုဘူး”

ထိုအခါ သူဖုန်းစားမှ ပြောသည်။

“ဒါဆို ကျွန်တော်နားလည်ပါပြီ သခင်၄။ ကျွန်တော်တို့ ဒီကလေးမလေးကို ခြေတွေ၊လက်တွေ ဖြတ်လိုက်ရမလား၊ ဒါမှမဟုတ် မျက်လုံးတွေ ဖောက်ထုတ်ပစ်လိုက်ရမလား၊ ဒါမှမဟုတ် လျှာဖြတ်လိုက်…”

ဖြန်း!

သူဖုန်းစား၏ ထိုစကားတွင် ဖုန်းစစ်သည် ထိုသူဖုန်းစား၏ နောက်စေ့ကို ဖြတ်ရိုက်လိုက်ပြီး ပြော၏။

“ပေါက်ကရတွေ! ဒီလို ကုန်ပစ္စည်းကောင်းကို ဘယ်လိုလုပ်ပြီး ဖြုန်းတီးပစ်လို့ ဖြစ်မလဲ။ ငါ အဆင်ပြေမယ့်နေရာကို စဉ်းစားပြီးသွားပြီ။ ပိုက်ဆံရှာနိုင်ရုံတင်မကဘူး ငါတို့ဂိုဏ်းကိုလည်း အများကြီး အကူအညီဖြစ်စေလိမ့်မယ်”

“အာ သခင်၄ ဘာအဓိပ္ပာယ်လဲဗျ”

ဖုန်းစစ်မှ ပြောသည်။

“အနားလာစမ်း”

“...”

“အို သခင်၄ ဒီလိုအစီအစဉ်မျိုးကို စဉ်းစားမိတာ.. အရမ်းတော်ပါတယ် အရမ်းတော်ပါတယ်။ ကျွန်တော် ချက်ချင်း လုပ်လိုက်ပါ့မယ်”

ထိုသို့ပြောပြီးနောက် သူဖုန်းစားသည် ချက်ချင်း လူများခေါ်၍ ရွေ့‌ရွေ့ကိုဆွဲခေါ်ပြီး ထွက်ခွာသွားသည်။

ကလေးမလေးသည် ဆွဲခေါ်ခံလိုက်ရရာ လက်ထဲမှ ပေါက်စီများ ပြုတ်ကျသွား၏။

“လွှတ်ပေး။ အစ်ကိုကြီး ရောက်လာပြီး ရှင်တို့လူဆိုးကြီးတွေကို သတ်ပစ်လိမ့်မယ်။ လွှတ်ပေးလို့!”

ဖုန်းစစ်သည် လှောင်ရယ်လိုက်၏။ ထိုစဉ် အခြား သူဖုန်းစားတစ်ယောက်မှ ပြောသည်။

“သခင်၄ ဒီကိစ္စက ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ပတ်သက်နေပြီဆိုတော့ ကျွန်တော်တို့ သခင်၃ကို အကြောင်းကြားလိုက်ကြမလား”

ဖုန်းစစ်မှ ပြန်ပြောသည်။

“ငါ့အစ်ကိုက ဂိုဏ်းခေါင်းဆောင်နဲ့ အလုပ်ကိစ္စဆွေးနွေးရင်း အလုပ်ရှုပ်နေတာ။ ဘာလို့ ဒီလိုအသေးအဖွဲကိစ္စလေးနဲ့ သူ့ကို အနှောင့်အယှက်သွားပေးမလဲ။ ငါ့ဘာသာ ကိုင်တွယ်နိုင်တယ်”

ထိုအခါ သူဖုန်းစားသည် ဘာမှ ဆက်မပြောရဲတော့ပေ။

ရွေ့ရွေ့ကို သယ်ဆောင်သွားသည့် ရထားလုံးထွက်သွားပြီး မကြာမီ၌ ချန်ကျဲ့ဦးဆောင်သည့် ငါးဖမ်းကုန်သည်အဖွဲ့သားများနှင့် ရဲမက်များပါဝင်သည့် လူတစ်စုသည် ထိုလမ်းထိပ်သို့‌ ရောက်လာသည်။

ဝူဟုန်သည် တစ်ဖက်မှ ဝန်းရံပေးသည်။

ချန်ကျဲ့တို့လူအုပ်စုသည် ဖုန်းစစ်၏တည်နေရာကို အမြန်ရှာတွေ့ခဲ့ကြသည်။ သူတို့ အနီးသို့ ချဉ်းကပ်သွားနေစဉ် ကျိုးချူမှ‌ ပြောသည်။

“ငါ တံခါးသွားခေါက်လိုက်မယ်”

ထိုစကားတွင် ချန်ကျဲ့ မေးလိုက်သည်။

“ဘယ်တံခါးကို သွားခေါက်မှာလဲ?”

ထိုသို့ပြောလျက် ချန်ကျဲ့သည် လှံရှည်ကို ကိုင်ဆောင်ကာ အမှောင်စွမ်းအင်အဆင့် စွမ်းအင်တို့ကို စုစည်း၍ သူဖုန်းစားဂိုဏ်း၏ တံခါးကို ကန်ထုတ်ပစ်လိုက်သည်။

“ဘယ်သူလဲ!”

ရုတ်တရက် တံခါးကန်ဖွင့်ခံလိုက်ရသောကြောင့် အထဲရှိလူများ ထိတ်လန့်သွားကြသည်။ ထို့နောက် ချက်ချင်းပင် အဝတ်စုတ်များ ဝတ်ဆင်ထားသည့် သူဖုန်းစား ဒါဇင်ခန့်သည် တောင်းရမ်းချိန်တွင် အသုံးပြုသည် တုတ်များ မဟုတ်ဘဲ အသက်နုတ်နိုင်သည့် လက်နက်များကို ကိုင်လျက် ပြေးထွက်လာကြ၏။

“ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်!”

ထိုအခါ အဝတ်စုတ်များ ဝတ်ဆင်ထားသည့် သူဖုန်းစားများမှ ပြောသည်။

“မင်းတို့ငါးဖမ်းကုန်သည်အဖွဲ့က လုံးဝ ဥပဒေမဲ့နေတော့တာပဲ။ ငါတို့က ငါးဖမ်းကုန်သည်အဖွဲ့ကို ဘယ်လိုများ အပြစ်ပြုမိခဲ့လို့တုန်း? ငါတို့ရဲ့စုရပ်ကိုတောင် တိုက်ခိုက်ရဲရအောင် မင်းတို့က ငါတို့သူဖုန်းစားဂိုဏ်းကို မျက်လုံးထဲ မထည့်တာလား!”

ချန်ကျဲ့မှာ သူတို့နှင့် ငြင်းခုန်နေရန် အချိန်မရှိပေ။ သူတို့စကားပြောနေစဉ် ဖမ်းဆီးထားသူကို နေရာရွှေ့ပြောင်းလိုက်နိုင်၏။ သို့ဖြင့် ချန်ကျဲ့ အေးစက်စွာ အမိန့်ပေးလိုက်သည်။

“ရှာကြ!”

ထိုစကားအဆုံး၌ ချန်ကျဲ့နောက်ရှိ လူအုပ်စုသည် ခြံဝင်းထဲသို့ ပြေးဝင်ကြသည်။ ထိုမြင်ကွင်းကြောင့် သူဖုန်းစားများသည် ဒေါသထွက်လာကြကာ တားဆီးရန် ကြိုးပမ်းသည်။ သို့သော် ချန်ကျဲ့သည် သူ၏လှံဖြင့် လူတစ်‌ယောက်ကို တိုက်ခိုက်ပစ်လိုက်၏

သူဖုန်းစားများ၏ အဓိက စုရပ်နေရာသည် အတော်လေး ကြီးမားသည်။ ချန်ကျဲ့မှ စုရပ်ကို ဝင်စီးလိုက်သည်နှင့် ဝူဟုန်သည် ထွက်ပြေးလွတ်မြောက်သူ မရှိစေရန် ရဲမက်များကို ဦးဆောင်ကာ အနောက်တံခါးကို စောင့်ကြပ်ထားလိုက်သည်။

ယခုတွင် ချန်ကျဲ့သည်လည်း အတွင်းဘက်ထဲသို့ လိုက်ဝင်သည်။

ထိုအခါ ခြံဝင်းထဲတွင် နောက်ထပ်ခြံဝင်းတစ်ခု တည်ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။ ငါးဖမ်းကုန်သည်အဖွဲ့သားနှစ်ဦးသည် ထိုအတွင်းခြံဝင်းကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်ငြား သူတို့ ပြေးဝင်သွားသည်နှင့် ချက်ချင်း အပြင်သို့ ကန်ထုတ်ခံလိုက်ရလေသည်။

All Chapters