← Chapters

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ချန်ကျိုစစ်က ဘယ်လောက်ကြီးမြတ်တဲ့ကောင်မို့လို့လဲ_၂

Vol. 17 Ch. 231

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ချန်ကျိုစစ်က ဘယ်လောက်ကြီးမြတ်တဲ့ကောင်မို့လို့လဲ_၂

Vol. 17 Ch. 231

အိမ်တော်ထိန်းသည် မကြာမီက ခေါ်ဆောင်လာခဲ့သည့် မိန်းကလေးအသစ်လေးယောက်ကို စစ်ဆေးကြည့်ရှုနေသည်။ နှစ်ယောက်မှာ သူတို့၏ ဆင်းရဲသော မိသားစုများမှ ရောင်းချခဲ့ခြင်းဖြစ်သည်။

ကျန်နှစ်ဦးမှာ အထူးလမ်းကြောင်းများမှ ရရှိခဲ့ခြင်းဖြစ်သည်။

အိမ်တော်ထိန်း၏မျက်နှာမှာ တည်တင်းနေပြီး လူသစ်လေးယောက်ကို စေ့စပ်စွာ ကြည့်ရှုနေသည်– အကြီးဆုံးမှာ ၁၀နှစ်အရွယ်ခန့် ဖြစ်ဟန်ရပြီး အငယ်ဆုံးမှာ ၅နှစ်ခန့်ဟု ထင်ရပေသည်။

မည်သည့်အသက်အရွယ်ဖြစ်စေ လူသစ်လေးများသည် အိမ်တော်ထိန်း၏ အကြည့်ကြောင့် ကြောက်ရွံ့နေကြကာ နောက်ဆုတ်၍ ကိုယ်ကိုကျုံ့ထားကြသည်။

သို့သော် ချွင်းချက်ဖြစ်သော ကလေးမလေးတစ်ယောက်တော့ ရှိပေသည်။

ထိုကလေးမလေးသည် ကျားတစ်ကောင်ကဲ့သို့ ဦးခေါင်းပုံစံနှင့် ကြီးမားသော မျက်လုံးရွဲရွဲတို့ကို ပိုင်ဆိုင်ထားသည်။ အလွန်အမင်း ကြောက်လန့်တတ်ဟန်လည်း မရှိပေ။ သူမသည် ‌အထူးတလည် ကြောက်ရွံ့ခြင်း မရှိဟန်ဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေလေသည်။

ထိုမြင်ကွင်းကြောင့် အိမ်တော်ထိန်းသည် စိတ်ဝင်စားသွား၏။

သူမကဲ့သို့ မွေးရာပါ ရဲတင်းသူများသည် ကောင်းမွန်စွာ ပျိုးထောင်နိုင်ပါက အတော်လေး အကျိုးအမြတ်များနိုင်သည့် အကျင့်စရိုက်မျိုး ဖြစ်လာနိုင်ပေသည်။ ထို့ပြင် ကလေးမလေးသည် ငယ်ရွယ်သော်ငြား တင့်တယ်လှပသော ကြံအင်လက္ခဏာများရှိလေရာ အလှလေးတစ်ဦး ဖြစ်လာလိမ့်မည်မှာ ထင်ရှားလှသည်။

ထိုသို့အတွေးဖြင့် အိမ်တော်ထိန်းမှ မေးသည်။

“ဒီဂျစ်ကန်ကန်လေးက ဘယ်ကနေ ရောက်လာတာလဲ”

“အိမ်တော်ထိန်းကြီး ဖုန်းစစ် ပို့လိုက်တာပါ”

“အို ဈေးနှုန်းဘယ်လောက်နဲ့လဲ”

“ငွေတုံးငါးရာပါ”

“အင်း တန်သားပဲ”

အိမ်တော်ထိန်းသည် ခေါင်းညိတ်လိုက်ပြီးနောက် ကလေးမလေးသို့ လှည့်၍ ပြောသည်။

“မင်းနာမည်ဘယ်သူလဲ”

“ရွေ့ရွေ့”

“ရွေ့ရွေ့.. အဲဒီနာမည်က သိပ်မကောင်းဘူး။ ဒီအိမ်တော်ထိန်းက မင်းကို နာမည်အသစ်တစ်ခုပေးမယ်၊ ကျစ်ရွှမ်း။ မှတ်ထားပါ အခုက စပြီးတော့ မင်းကို ကျစ်ရွှမ်းလို့ခေါ်မယ်”

“အွန်း”

ကလေးမလေးသည် နာမည်အသစ်ကို ကြားရသည်တွင် သာမန်ကာလျှံကာမျှသာ တုံ့ပြန်သည်။ သူမ၏မျက်လုံးများသည် သူတို့အနီးမှ စား‌ပွဲပေါ်ရှိ ပန်းသီးများအပေါ် ကျရောက်နေ၏။

“အဲဒီပန်းသီးကို သမီးကို စားဖို့ပေးလို့ရလား”

“ဟမ်?”

အိမ်တော်ထိန်း အံ့ဩသွား၏။ နှစ်ပေါင်းများစွာအတွင်း၌ ယီးဟုန်ဂေဟာသို့ မိန်းကလေးအများအပြား ဝင်ရောက်ခဲ့သည်။ သို့သော် ရောက်ရောက်ချင်း စားသောက်ရန် တောင်းဆိုလာသူမှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ။

အိမ်တော်ထိန်းမှ မျက်လုံးဖြင့် အချက်ပြလိုက်ရာ အစေခံမလေးတစ်ဦးမှ ချက်ချင်း ပန်းသီးယူလာပေးသည်။

အိမ်တော်ထိန်းမှ ပြောသည်။

“မင်းက အတော်လေး ဉာဏ်ကောင်းတဲ့ကောင်မလေးပဲ ဟမ်။ ဒီမှာ ယူလိုက်ပါ”

“ကျေးဇူးတင်ပါတယ် အဒေါ်”

အဒေါ်!

ထိုစကားတွင် အနီးဝန်းကျင်ရှိ လူအားလုံး ထိတ်လန့်သွား၏။ သူတို့သည် မျက်လုံးအပြူးသားဖြင့် ပန်းသီးကို တမြုံ့မြုံ့ဝါးစားနေသည့် ကလေးမလေးကို ကြည့်နေကြလေသည်။

အိမ်တော်ထိန်းကြီးကို အဒေါ်လို့ ခေါ်ရဲတာ မင်းက ပထမဆုံးပဲ။

အိမ်တော်ထိန်းသည် ပန်းသီးစားနေသည့် ကလေးမလေးကို ကြည့်နေခဲ့ရင်း ပြောသည်။

“မင်းက ငါ့ကို အဒေါ်လို့ ခေါ်ရဲတယ်ပေါ့လေ။ မင်း ငါ့ကို မကြောက်ဘူးလား”

“မကြောက်ပါဘူး ဂျွတ်~”

ကလေးမလေးသည် ပန်းသီးတစ်ကိုက် ထပ်ကိုက်၏။ အိမ်တော်ထိန်းမှ မေးသည်။

“မင်း ဘယ်ကိုရောက်နေလဲရော သိရဲ့လား”

“မသိဘူး အမ်”

“မင်း မကြောက်ဘူးလား”

“ဘာလို့ ကြောက်ရမှာလဲ။ ရွေ့ရွေ့ရဲ့အစ်ကိုကြီးက မကြာခင်ရောက်လာပြီး သမီးကို အိမ်ပြန်ခေါ်သွားမှာလေ”

ကလေးမလေးသည် ပါးစပ်ထဲမှ ပန်းသီးအပြည့်ဖြင့် ပြန်ပြောသည်။ အိမ်တော်ထိန်းသည် ရယ်မောတော့၏။

“မင်းက အရူးမလေးပဲ။ မင်းဘာလို့ ဘာကိုမှမကြောက်လဲ အံ့ဩနေတာ။ ကောင်မလေး ငါပြောမယ်၊ မင်း ယီးဟုန်ဂေဟာရဲ့ တံခါးကို ဖြတ်ဝင်လာပြီးပြီဆိုတာနဲ့ ကောင်းကင်မင်းကြီးတောင် ကယ်တင်နိုင်မှာ မဟုတ်ဘူး။ မင်းတစ်ဘဝလုံး ဒီနေရာကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး”

“မဖြစ်နိုင်ဘူး။ အစ်ကိုကြီး မကြာခင်ရောက်လာမှာ။ အစ်ကိုကြီးက သမီးကို အပြင်မှာ တစ်ညလုံး‌ နေခွင့်ပြုမှာ မဟုတ်ဘူး။ မမ စိတ်ပူနေလိမ့်မယ်”

ကလေးမလေးမှ တိကျသေချာစွာဖြင့် ပြောသည်။

သူမ၏ မျက်လုံးရွဲရွဲကြီးများမှာ ယုံကြည်မှုအပြည့်ဖြစ်နေသည်။

အိမ်တော်ထိန်းမှ ပြန်ပြောသည်။

“ငါမင်းလို အရူးလေးနဲ့ စကားလုံးတွေ မဖြုန်းတီးချင်ဘူး။ မြန်မြန်စား၊ သွား ကိုယ်လက်သန့်စင်ပြီး တရေးအိပ်လိုက်ဦး။ မနက်ဖြန်ကစပြီး သင်ယူရတော့မှာ။ မှတ်ထား သေချာ မသင်ယူရင် အပြစ်ပေးခံရမယ်”

“အဟမ်း အဒေါ်တို့ပဲ အရင်အိပ်လိုက်ကြပါ။ သမီး အစ်ကိုကြီး လာခေါ်တာကို စောင့်လိုက်ဦးမယ်”

“မစားနဲ့တော့!”

ယခု၌ အိမ်တော်ထိန်းသည် ဒေါသထွက်သွားပြီး ရွေ့ရွေ့လက်ထဲရှိ ပန်းသီးကို ရိုက်ချလိုက်သည်။ ကလေးမလေးသည် မြေပြင်ပေါ် ပြုတ်ကျသွားသည့် ပန်းသီးကြည့်နေခဲ့ရင်း အိမ်တော်ထိန်းကို မော့ကြည့်လာသည်။ မျက်နှာအမူအရာမှာ သနားစဖွယ်ဖြစ်၏။

“ရေဆေးလိုက်ရင် စားလို့ရသေးတယ်မလားဟင်”

“စား စား ‌ကောင်းပြီ၊ မင်းက စားချင်တာမလား။ အခုကနေ နောက်တစ်နေ့မနက်အထိ မင်းကို အစားစားခွင့်မပြုဘူး။ မင်းတို့နှစ်ယောက် သူ့ကို စောင့်ကြည့်ထား”

အိမ်တော်ထိန်းသည် ၁၄နှစ်၊ ၁၅နှစ်ခန့်အရွယ်ရှိသည့် အစေခံမလေးနှစ်ဦးကို ညွှန်ကြား၏။

“ဟုတ်ကဲ့ပါ အိမ်တော်ထိန်း”

“အခု သူ့ကို အိပ်ဖို့ခေါ်သွားတော့”

“ဟုတ်ကဲ့”

အစေခံ‌မလေးများမှ ကလေးမလေးကို အိပ်ဖို့ခေါ်သွားသည်တွင် အိမ်တော်ထိန်းသည် ဒေါသများဆူပွက်နေသည်။ ထိုစဉ် အလုပ်သမားတစ်ဦးမှ တီးတိုးပြောသည်။

“အိမ်တော်ထိန်း ဒီကလေး‌မလေးက သူ့အစ်ကိုကြီးအကြောင်းကို ဆက်တိုက်ပြောနေတာ။ သူ့အစ်ကိုကြီးက အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်‌ယောက်တော့ ဖြစ်မနေလောက်ပါဘူးနော်”

အိမ်တော်ထိန်းမှ လှောင်ရယ်လျက် ပြန်ပြောသည်။

“ဟက် သူက အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ရော ဘာအရေးလဲ။ ဒါက ယီးဟုန်ဂေဟာပဲ။ နှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ ဒီနေရာကနေ တစ်ယောက်ယောက် ကယ်ထုတ်လို့ရသွားတာကို မြင်ဖူးသလား။ ဒီနေရာကို ရောက်ပြီးတာနဲ့ ကောင်းကင်မင်းကြီးတောင် လမ်းလျှောက်ထွက်မသွားနိုင်ဘူးပဲ”

“အဲဒီတော့ သူ့ရဲ့အစ်ကိုကြီးက ဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူး”

ထိုအခါ အလုပ်သမားမှ ရယ်မောလျက် ပြောသည်။

“ဟား အိမ်တော်ထိန်းပြောတာ မှန်ပါတယ်။ ယီးဟုန်ဂေဟာကနေ ဘယ်သူ့ကိုမှ ကယ်ထုတ်မရနိုင်ဘူး”

…

ထိုစဉ် ယီးဟုန်ဂေဟာအပြင်ဘက်၌ ချန်ကျဲ့သည် လှံရှည်ကိုကိုင်လျက် ရပ်နေသည်။ သူ့နောက်တွင် ငါးဖမ်းကုန်သည်အဖွဲ့သား၆ယောက် ပါလာသည်။ ယီး‌ဟုန်ဂေဟာ၏အစောင့်များသည် လက်နက်ကိုင်ဆောင်လာသည့် လူတစ်စုကို မြင်သောအခါ ပြဿနာလာရှာသူရှိသည်ဟူ၍ အချက်ပြ အကြောင်းကြားလိုက်ကြသည်။

ချန်ကျဲ့သည် ဂေဟာထဲသို့ ဝင်ရောက်ရန် အလျင်မလိုပေ။ သို့သော် ထိုအစား ယီးဟုန်ဂေဟာရှေ့၌ လှံရှည်ကြီးကို စိုက်ထူထား၏။

ထို့နောက် ခြေလှမ်းကျဲကျဲများဖြင့် အထဲဝင်သွားသည်။

သူ့နောက်မှ ကျားဖြူခန်းမ၏အဖွဲ့သား၆ဦး လိုက်ပါလာသည်။

ချန်ကျဲ့နှင့်အတူ ဂေဟာထဲသို့ လိုက်ပါလာသည့် လူ၆ဦးသည် ဂေဟာထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့ကို ဝိုင်းလိုက်ကြသည်။ သို့ဖြင့် မိမိတို့ဘာသာ သောက်စားပျော်မြူးနေကြသော လူတစ်စုအား အုံးအုံးကြွကြွဖြစ်သွားစေခဲ့သည်။

ဘာဖြစ်တာလဲ။ တစ်ယောက်ယောက်က ပြဿနာရှာနေတာပဲ ဒါပေမဲ့ အဲ့လိုက အဓိပ္ပာယ်မရှိဘူးလေ– ဒါက ဘယ်လိုပဲဖြစ်ဖြစ် ယီးဟုန်ဂေဟာ မဟုတ်လား။ ဘယ်သူက ဒီနေရာမှာ ပြဿနာရှာဖို့ သတ္တိရှိမှာလဲ။

သူတို့ သေခြင်းတရားဆိုတဲ့ စကားလုံးကို မသိကြဘူးလား။

တဒင်္ဂအတွင်း၌ လူအုပ်ကြီးမှာ စုဝေးသွားပြီး စိတ်လှုပ်ရှားဖွယ်မြင်ကွင်းကို စောင့်ကြည့်ရင်း အချင်းချင်း ဆွေးနွေးပြောဆိုကြတော့သည်။

ထိုအခိုက်အတန့်၌ အပေါ်ထပ်တွင် မျန့်ရွှေစီရင်စု ရာဇဝတ်တရားသူကြီး ထန်ဝမ့်နျန်သည် အလှလေးတစ်ဦးနှင့် သောက်စားပျော်ပါးနေ‌သည်။ ထိုစဉ် အောက်ထပ်မှ ဆူဆူညံညံအသံများကို ကြားလိုက်ရ၏။ ထန်ဝမ့်နျန်မှ သူ၏ကိုယ်ရံ‌ေတာ်ကို ကြည့်လိုက်ရာ ကိုယ်ရံတော်သည် သီးသန့်အခန်းပြတင်းအနီးသို့ ရုတ်ချည်းသွားရောက်၍ အနည်းငယ် ဖွင့်ဟကာ အောက်ဘက်သို့ ကြည့်လိုက်သည်။

ခဏ‌ကြာပြီးနောက် ကိုယ်ရံတော်မှ ပြောသည်။

“ရာဇဝတ်တရားသူကြီးမင်း ကြည့်ရတာ ပြဿနာတက်နေပုံပါပဲ”

“ပြဿနာ?”

ထန်ဝမ့်နျန် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူသည် မကြာမီက အလှလေးခွံ့ကျွေးထားသည့် စပျစ်သီးကို မျိုချလိုက်ရင်း မေးသည်။

“ဘယ်သူလဲ”

“အဝတ်အစားကို ကြည့်ရတာတော့ ငါးဖမ်းကုန်သည်အဖွဲ့ ကျားဖြူခန်းမကလူတွေ ဖြစ်နိုင်ပါတယ်”

ထိုအခါ ထန်ဝမ့်နျန်မှ မေးသည်။

“ဖန်းရှစ်ကျုံးလား”

“တရားသူကြီးမင်းက ဝင်ပါချင်လို့လား”

“ငါက ဘာလို့ဝင်ပါရမှာလဲ။ ငါက ၂၀ရာခိုင်နှုန်းပဲ ထည့်ဝင်ပိုင်ဆိုင်ထားတဲ့ တွဲဖက်လုပ်ငန်းရှင်လေ။ ဒီလိုကိစ္စမျိုးအတွက် ငါရှေ့ထွက်ဖို့ လိုလို့လား။ ပြဇာတ်ပဲကြည့်ကြတာပေါ့။ ဒီနေရာမှာ စီမံထိန်းသိမ်းရေးမှူးတွေ ခန့်ထားတာ အကြောင်းမဲ့သက်သက်မှ မဟုတ်ဘဲ”

All Chapters