← Chapters

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ချန်ကျိုစစ်က ဘယ်လောက်ကြီးမြတ်တဲ့ကောင်မို့လို့လဲ_၃

Vol. 17 Ch. 232

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ချန်ကျိုစစ်က ဘယ်လောက်ကြီးမြတ်တဲ့ကောင်မို့လို့လဲ_၃

Vol. 17 Ch. 232

ထန်ဝမ့်နျန်သည် ထိုသို့ပြောခဲ့ပြီး အာရုံမစိုက်တော့ချေ။

ဤအခိုက်အတန့်၌ ဂေဟာတစ်ခုလုံးမှာ ပွဲကြည့်သူများနှင့် ပြည့်နှက်နေပေသည်။ ကိုယ်ပိုင်အရေးကိစ္စများနှင့် အလုပ်များနေသူများမှအပ ဆူညံသံများကို ကြားမိသည့် အခြားသူများအားလုံးမှာ ထွက်ကြည့်ကုန်ကြသည်။ မည်သို့ပင်ဖြစ်‌စေ ယီးဟုန်ဂေဟာအတွင်း ပြဿနာဖြစ်ခြင်းအား တွေ့ရခဲသည် မဟုတ်ပါလော။

လူအုပ်စုကြီးသည် ယီးဟုန်ဂေဟာတစ်ခုလုံးအပြည့် ကြုံရာကျပန်း ရပ်၍ စုဝေးစကားပြောနေကြ၏။

ယီးဟုန်ဂေဟာ၏ စောင့်ကြပ်သူများသည် ချန်ကျဲ့နှင့် ငါးဖမ်းကုန်သည်အဖွဲ့သား၆ဦးကို ဝန်းရံထားသည်။

“ကျားဖြူခန်းမက မိတ်ဆွေတို့၊ ဒီနေရာက ယီးဟုန်ဂေဟာပါ။ ဒီနေရာမှာ ပြဿနာရှာတာက စိတ်ကူးကောင်းမဟုတ်ဘူးနော်”

ချန်ကျဲ့ သူ၏ရှေ့ရှိ လူကြီးကိုကြည့်လိုက်သည်။ ဦးဆောင်သူလူကြီးသည် အမှောင်စွမ်းအင်အဆင့်ရှိသော သန်စွမ်းကြံ့ခိုင်သူတစ်ဦးဖြစ်ကြောင်း ချန်ကျဲ့ သတိထားမိလိုက်သည်။

ချန်ကျဲ့မှ ပြောသည်။

“ကျုပ် ဒီကို ပြဿနာရှာဖို့လာခဲ့တာ မဟုတ်ဘူး။ ခင်ဗျားတို့ ဘာလို့ ကျုပ်ကို ဝိုင်းထားကြတာလဲ”

“ဟမ် ဒီလိုသွေးဆာနေတဲ့ ချီစွမ်းအင်အရှိန်အဝါမျိုးနဲ့ကို လူကြီးမင်းက အပျော်လာရှာတာလားဗျ။ ကျွန်တော်တို့ဂေဟာက မိန်းကလေးတွေက လူကြီးမင်းကို မခစားဝံ့ပါဘူး”

အစောင့်ခေါင်းဆောင်မှ ပြော၏။ ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ကျုပ် ဒီကို အပျော်လာရှာတာလည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ စီမံခန့်ခွဲရေးမှူးဘယ်မှာလဲ။ ကျုပ် လူရွေးဖို့ လာခဲ့တာ”

လူရွေးမယ်!

ထိုစကားကို ကြားလိုက်ရသည်တွင် အားလုံးမှာ ချန်ကျဲ့ကို အံ့အားသင့်ကုန်ကြသည်။

ယီးဟုန်ဂေဟာကို လူရွေးဖို့ လာတာပေါ့လေ။ ငါတို့ နားကြားမမှားပါဘူးနော်။ ယီးဟုန်ဂေဟာမှာ လူပြန်ရွေးခွင့်ပြုမထားဘူး။ ဒီလူက ဘယ်သူ့အတွက် အရာအားလုံးကိုရင်းနှီးပြီး စွန့်စားနေတာလဲ။

လူအုပ်ကြီးသည် သူတို့အချင်းချင်း စကားဝိုင်းဖွဲ့ပြောဆိုနေကြသည်။

ထိုအခါ ဂေဟာထဲရှိ ပြည့်တန်ဆာတို့သည်လည်း ချန်ကျဲ့ကြောင့် အံ့ဩသွားကြ၏။ ယီးဟုန်ဂေဟာတွင် လူရွေးရန် လာရှာရဲလောက်သည်အထိ ချန်ကျဲ့ မြတ်နိုးရသူမှာ မည်သူမည်ဝါဖြစ်ကြောင်း သူတို့အချင်းချင်း မှန်းဆပြောဆိုကြတော့သည်။

“မမ ဒီလူကိုသိလား။ သူက မမကို ရွေးဖို့အတွက်များ ရောက်လာတာလား”

“ညီမလေး မမကို နောက်မနေပါနဲ့။ မမ ဒီလူကို မသိပါဘူး။ ဒါပေမဲ့လည်း ဒီလူက ယီးဟုန်ဂေဟာကို လူရွေးဖို့အတွက် လာရဲတယ်၊ ဟူး– သူ တကယ်ပဲ ငါ့အတွက် ရောက်လာတာဆိုရင် ငါသူ့ကို စိတ်လိုလက်ရနဲ့ ကိုယ့်ကိုယ်ကိုယ် ပေးအပ်ပစ်လိုက်မှာပဲ”

“အာ သူက ဘယ်သူ့ရဲ့ချစ်သူလဲဆိုတာ သိချင်လိုက်တာ။ နှမြောစရာပဲ။ ယီးဟုန်ဂေဟာကို စတင်တည်ထောင်ကတည်းက ဘယ်သူမှ လူရွေးဖို့ မအောင်မြင်ခဲ့ဖူးဘူး။ ဒီလူကောင်းလေး ရောက်လာတာကလည်း အချည်းနှီးပဲဖြစ်သွားလောက်တယ်”

“နှမြောဖို့ကောင်းလိုက်တာနော်”

…

ပြည့်တန်ဆာလေးများသည် ချန်ကျဲ့ကို လေးစားသော မျက်လုံးအကြည့်တို့ဖြင့် ကြည့်နေလျက် ဝမ်းနည်းပူဆွေးမှုကို ခံစားမိလိုက်ကြသည်။ သရုပ်ဆောင်များသည် နှလုံးသားကင်းမဲ့ပြီး လူရွှင်တော်များသည် အတွေးအခေါ်မရှိကြ။ ခံစားချက်အနက်ရှိုင်းဆုံးသူများမှာ မိမိတို့ ပြည့်တန်ဆာအမျိုးသမီးများသာလျှင် ဖြစ်ကြပေသည်။

စစ်မှန်တဲ့နှလုံးသားကို တောင်းဆိုလို့ မရနိုင်တာ နှမြောစရာပဲ။ စဉ်းစားကြည့်လိုက်ရင် ကောင်းမွန်တဲ့ အမျိုးသားဘယ်နှယောက်ကများ သူတို့ရဲ့လက်တွဲဖော်ကို ပြည့်တန်ဆာအိမ်မှာ လာရှာကြလို့လဲ။

ပြည့်တန်ဆာအိမ်ကို ရောက်လာကြတဲ့သူတွေ အများစုက ဦးနှောက်နဲ့ ‌စဉ်းစားဆင်ခြင်ပြီး ရောက်လာကြတာ မဟုတ်ဘဲ သူတို့ရဲ့ အခြားတစ်ဖက်ခြမ်းရဲ့ စေစားမှုကြောင့် ရောက်လာကြတာပဲ။ ဘယ်လိုလုပ်ပြီး ချစ်ခြင်းအစစ်အမှန်ကို ရှာနိုင်မှာတဲ့လဲ။

အားလုံးသည် လူရွေးရန်အတွက် ပဟေဠိဆန်စွာ ရောက်ရှိလာသည့် ချန်ကျဲ့ကို စူးစမ်းသိလိုစိတ်ဖြင့် ကြည့်နေကြသည်။

ထို့နောက် ရှေ့ခြံဝင်းရှိ အရေးကိစ္စများအတွက် တာဝန်ရှိသော အိမ်တော်ထိန်းအမျိုးသမီးတစ်ယောက် ရောက်လာသည်။ ချန်ကျဲ့ကို သေချာအကဲခတ်ကြည့်ပြီးနောက် အိမ်တော်ထိန်းမှ ပြောသည်။

“လူကြီးမင်း ကျွန်မက ဒီနေရာရဲ့ အိမ်တော်ထိန်းပါ။ လူကြီးမင်းမှာ ကိစ္စတစ်ခုခုရှိရင် ကျွန်မကို ပြောနိုင်ပါတယ်”

ချန်ကျဲ့မှ ပြောသည်။

“ဒါဆို ကောင်းပြီ။ ကျုပ် ခင်ဗျားကိုပြောမယ်။ အခြေအနေက ဒီလိုပဲ။ ကျုပ်ရဲ့ညီမဖြစ်သူက ခင်ဗျားတို့ဂေဟာကို လူကုန်ကူးခံခဲ့ရတယ်။ အဲဒီ‌တော့ ကျုပ်ရဲ့ညီမကို ပြန်ရွေးချင်တယ်။ ကျေးဇူးပြုပြီး ကျုပ်ကို အဲဒီကိစ္စလေး ကူညီဆောင်ရွက်ပေးပါ”

“ကျွန်မတို့ဂေဟာကို လူကုန်ကူးခံရတယ်တဲ့လား”

အိမ်တော်ထိန်းမှ မေးသည်။

“နာမည်ဘယ်သူလဲရှင့်”

“စူးယွင်ရွေ့၊ ရွေ့ရွေ့လို့လည်း ခေါ်တယ်”

ထိုအခါ အိမ်တော်ထိန်းမှ အမိန့်ပေးသည်။

“သွားစစ်ဆေးလိုက်”

အစေခံတစ်ဦးသည် ဂေဟာအနောက်ဘက်သို့ ရုတ်ချည်း ပြေးသွား၏။ ထိုစဉ် အနောက်ခြံဝင်းအတွင်း၌…

“ကျစ်ရွှမ်း ပြဿနာရှာမနေဘဲ သွားအိပ်တော့”

“မအိပ်ဘူး။ သမီးရဲ့အစ်ကိုကြီးက မကြာခင် လာခေါ်တော့မှာ။ သမီး အစ်ကိုကြီးကို စောင့်ရမယ်”

“မင်းရဲ့အစ်ကိုကြီး ရောက်မလာနိုင်တော့ဘူး ကျစ်ရွှမ်း။ မင်း ဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင် အိမ်တော်ထိန်းက မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်”

“သမီးနာမည် ကျစ်ရွှမ်း မဟုတ်ဘူး။ သမီးက ရွေ့ရွေ့၊ စူးယွင်ရွေ့လို့!”

…

အစေခံသည် ရောက်ရှိသည်နှင့် အနောက်ခြံဝင်း၏ အိမ်တော်ထိန်းနှင့်တွေ့ဆုံခဲ့ပြီး ဒီနေ့ရောက်ရှိလာသည့် မိန်းကလေးအသစ်များ ရှိ၊မရှိကို စုံစမ်းမေးမြန်းသည်။ အိမ်တော်ထိန်းသည် အံ့ဩသွားလျက် ပြန်ပြောသည်။

“ရှိတယ်”

“အဲဒီမိန်းကလေးတွေထဲမှာ စူးယွင်ရွေ့၊ ရွေ့ရွေ့လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် ပါခဲ့လား”

“ဟမ်!”

အိမ်တော်ထိန်းသည် အနည်းငယ် အံ့အားသင့်သွား‌၍ ပြော၏။

“ပါတယ်၊ အဲဒါဘာဖြစ်လို့လဲ”

“အပြင်မှာ ကျားဖြူခန်းမက လူတစ်ယောက်ရောက်လာပြီး သူ့ရဲ့ညီမက ယီးဟုန်ဂေဟာကို ကုန်ကူးခံခဲ့ရတယ်လို့ ပြောပြီး လူရွေးချင်နေတာပါ”

“သူ တကယ်ရောက်လာတာပဲ”

အိမ်တော်ထိန်းသည် အံ့အားသင့်နေဆဲပင်။ ယခင်က ရွေ့ရွေ့မှ ချဲ့ကားပြောဆိုနေခြင်းဟု သူမ ထင်ထားခဲ့ခြင်းဖြစ်၏။ သို့သော် နောက်ဆုံးတွင်တော့ သူမ၏အစ်ကိုကြီးသည် အမှန်တကယ် ရောက်ရှိလာခဲ့လေသည်။

အိမ်တော်ထိန်းသည် ခဏမျှရပ်တန့်သွား၏။

“ဂေဟာရဲ့ရပ်တည်ချက်က ဘယ်လိုရှိလဲ”

“သတင်း မတင်ပြရသေးတာကြောင့် လောလောဆယ် မသိသေးပါဘူး”

“အင်း မင်းသွားတော့”

အိမ်တော်ထိန်းမှ ညွှန်ကြားသည်။ သို့ဖြင့် အစေခံသည် အရှေ့ခြံဝင်းသို့ အမြန်ပြန်လာခဲ့ကာ ချန်ကျဲ့၏ရှေ့၌ပင် အရှေ့ခြံဝင်း၏အိမ်တော်ထိန်းကို အနားကပ်၍ တစ်စုံတစ်ရာ တီးတိုးပြောဆို၏။ ချန်ကျဲ့သည် မျက်လုံးအိမ်တို့မှေးကျဉ်းလျက် စကားတစ်လုံးတစ်လေဖြစ်စေ သိရှိနိုင်ရန် ကြိုးပမ်းနေမိသည်။

အစေခံ၏ပြောစကားကို နားထောင်ပြီးနောက် အိမ်တော်ထိန်းသည် ချန်ကျဲ့သို့ လှည့်ကြည့်လာ၍ ပြောသည်။

“အမ်း တကယ့်ကို အဲဒီနာမည်နဲ့မိန်းကလေး ရှိပါတယ်”

ချန်ကျဲ့မှ ပြောသည်။

“ဒါဆိုလည်း အိမ်တော်ထိန်းကြီး၊ ကျေးဇူးပြုပြီး ဈေးခေါ်လိုက်ပါ။ ကျုပ် နှစ်ဆပေးပြီး သူ့ကို ပြန်ရွေးပါမယ်”

ချန်ကျဲ့သည် ဤကြိုးပမ်းမှုတွင် စစ်မှန်ရိုးသား၏။ သူ့တွင် ယီးဟုန်ဂေဟာကို အပြစ်ပြုလိုစိတ် လုံးဝ မရှိပေ။ သို့ဖြင့် ငွေဖြင့် ဖြေရှင်းနိုင်သည့် အကြောင်းကိစ္စအားလုံးသည် ပြဿနာမဟုတ်ဟူ၍ ချန်ကျဲ့ တွေးလိုက်သည်။

ထိုအခါ အရှေ့ခြံဝင်းအိမ်တော်ထိန်းမှ ပြောသည်။

“လူငယ်လေး ကျွန်မတို့ယီးဟုန်ဂေဟာက ငွေမပြတ်လပ်နေပါဘူး။ ဒါပေမဲ့ ကျွန်မတို့မှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ကျွန်မတို့ရဲ့စည်းမျဉ်းကတော့ ယီးဟုန်ဂေဟာကို ဝင်ရောက်ပြီးတာနဲ့ တစ်ဘဝလုံး ‌ပြန်ရွေးနုတ်လို့ မရနိုင်တော့ပါဘူး။ လူကြီးမင်းရဲ့ညီမဖြစ်သူက အခု ယီးဟုန်ဂေဟာကို ဝင်ရောက်ပြီးပြီဖြစ်တာကြောင့် ပြန်ရွေးလို့ မရနိုင်ပါဘူး”

ထိုအခါ ချန်ကျဲ့မှ ချေပပြောဆိုသည်။

“အိမ်တော်ထိန်းကြီး ကျေးဇူးပြုပြီး စိတ်တိုင်းကျ ဈေးနှုန်းသတ်မှတ်လိုက်ပါ”

“ဒါက ငွေပြဿနာ မဟုတ်ပါဘူး။ ယီးဟုန်ဂေဟာမှာ လူရွေးနိုင်တဲ့ စည်းမျဉ်းသတ်မှတ်ချက် မရှိပါဘူး။ စိတ်မကောင်းပါဘူး”

ချန်ကျဲ့ မေးလိုက်သည်။

“ခင်ဗျားတို့ နည်းနည်းလေးတောင် သက်ညှာမပေးနိုင်ဘူးလား”

အိမ်တော်ထိန်းမှ လှောင်ရယ်၏။

“ဟားဟား လူငယ်လေး၊ ကျွန်မ ရှင့်ရဲ့သရုပ်ကို စစ်ဆေးပြီးသွားပြီ။ ရှင်က ကျားဖြူခန်းမအရှင်သခင် ဖန်းရှစ်ကျုံးရဲ့ မွေးစားသား ချန်ကျိုစစ်ပဲ။ ဒါပေမဲ့ ဒီလောက်လေးက မလုံလောက်ဘူးရယ်။ အဲဒါကြောင့် ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါတော့။ စိတ်ချပါ၊ ရှင့်ညီမကို ဒီနေရာမှာ သေချာလေး ဂရုစိုက်ထားမှာပါ”

ထိုစကားတွင် ချန်ကျဲ့၏မျက်နှာ ပျက်ယွင်းသွားရကာ ချက်ချင်း ပြန်ပြောလာ၏။

“အိမ်တော်ထိန်းကြီး၊ အကယ်၍ ကျုပ်က သူ့ကို မဖြစ်မနေ ပြန်ခေါ်သွားရမယ်ဆိုရင်ရော?”

အိမ်တော်ထိန်းမှ ရယ်မောလျက် ပြောသည်။

“ရှင်တစ်ယောက်တည်းနဲ့တော့ ခေါ်သွားနိုင်မှာ မဟုတ်ဘူးရယ်”

အိမ်တော်ထိန်း၏ စကားအဆုံး၌ အစောင့်တစ်ဖွဲ့သည် အသင့်နေရာယူလိုက်ကြသည်။ အစောင့်ခေါင်းဆောင်မှ အမိန့်ပေး၏။

“လူငယ်လေး ကိုယ့်လမ်းကိုယ် သွားလိုက်ပါတော့။ ယီးဟုန်ဂေဟာက မင်း ထင်တိုင်းကြဲလို့ရတဲ့နေရာ မဟုတ်ဘူး!”

ထိုစကားနှင့်အတူ အစောင့်ခေါင်းဆောင်၏ အရိုးနှင့် ကြွက်သားများသည် ကျားနှင့်ကျားသစ် မိုးခြိမ်းသံတို့နှင့်အတူ တုန်ခါလာသည်။ ဤသည်မှာ သံမဏိအရိုးအဆင့် သိုင်းပညာရှင်များ၏ ထူးခြားလက္ခဏာတစ်မျိုးဖြစ်သည်။ ။

ချန်ကျဲ့ လက်သီးတင်းတင်းဆုပ်လိုက်သည်။ အိမ်တော်ထိန်းမှ ပြောသည်။

“ချန်ကျိုစစ်၊ ကျွန်မ ခုနက ပြောခဲ့သလိုပဲ.. ရှင် ဒီနေ့ သူ့ကို ခေါ်မသွားနိုင်ဘူး!”

“ကျုပ်ကို ထည့်တွက်မယ်ဆိုရင်ရော?”

ထိုအခိုက်အတန့်၌ အပြင်ဘက်မှ ချဉ်းကပ်လာနေသည့် ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက်တွင် ကိုယ်ရံတော်အဖွဲ့အစည်းဝတ်စုံများ ဝတ်ဆင်ထားသည့် လူတစ်စုသည် အဖိုးကြီးတစ်ဦးကို ခြံရံလျက် ယီးဟုန်ဂေဟာထဲသို့ ဝင်ရောက်လာခဲ့သည်။

All Chapters