ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ချန်ကျိုစစ်က ဘယ်လောက်ကြီးမြတ်တဲ့ကောင်မို့လို့လဲ_၄
Vol. 17 Ch. 233
အဖိုးကြီးမှ မေးမြန်းသည်။ သူ၏မျက်လုံးများသည် အားအင်အပြည့်ဖြစ်၏။ ထိုအဖိုးကြီးမှာ မျန့်ရွှေစီရင်စု ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၏ ခေါင်းဆောင်ဟောင်းကြီး စွင်းပုအာမှတစ်ပါး အခြားမဖြစ်နိုင်ချေ။
စွင်းပုအာမှ ယီးဟုန်ဂေဟာထဲသို့ ဝင်ရောက်လာသည်တွင် ကျိုးချူလည်း နောက်မှ လိုက်ပါလာသည်။ ကျိုးချူ၏ ချန်ကျဲ့ကိုကြည့်သည့် အကြည့်များမှာ “ညီနောင် ငါမင်းကို ကူညီပေးဖို့ ရောက်လာပြီ”ဟု ပြောနေသည့်အလားပင်။
ချန်ကျဲ့သည် ခေါင်းဆောင်စွင်း အနီးသို့ ချဉ်းကပ်လာသည်တွင် ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်သည်။ ခေါင်းဆောင်စွင်းမှ အရှေ့ခြံဝင်းအိမ်တော်ထိန်းသို့ ပြောသည်။
“ကျုပ်ရဲ့နိမ့်ပါးတဲ့ ဩဇာလွှမ်းမိုးမှုလေးနဲ့ အိမ်တော်ထိန်းကို နည်းနည်းလောက် သက်ညှာပေးဖို့ တောင်းဆိုလို့ရမလား။ လိုအပ်တဲ့ငွေပမာဏကိုတော့ ကျုပ်တို့ရွှင်းဖုန်းကိုယ်ရံတော်အဖွဲ့အစည်းက ဖြေရှင်းနိုင်ပါတယ်”
ခေါင်းဆောင်စွင်းကို မြင်သောအခါ အိမ်တော်ထိန်း၏ နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် ကွေးတက်သွားကာ အမြန်ပြောလာသည်။
“ခေါင်းဆောင်စွင်း၊ ဒါက ကျွန်မ ခေါင်းဆောင်စွင်းကို မျက်နှာသာမပေးချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အလွယ်တကူ ချိုးဖောက်လို့်မရတဲ့ စည်းမျဉ်းတွေ ရှိတယ်မဟုတ်လားရှင်။ ကျေးဇူးပြုပြီး ခေါင်းဆောင်စွင်း မငြိုငြင်လိုက်ပါနဲ့”
“ဒါပေမဲ့ ခေါင်းဆောင်စွင်းက ဒီနေရာအထိ ရောက်လာခဲ့ပြီးမှတော့ ကျွန်မအနေနဲ့ ခေါင်းဆောင်စွင်းကို လက်ဗလာနဲ့ ပြန်သွားခွင့်မပြုသင့်ပေဘူး။ ဒီနေ့အတွက် ခေါင်းဆောင်စွင်းရဲ့ ကုန်ကျစရိတ်အားလုံးကို ကျွန်မ ကျခံပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်မကို အခက်တွေ့အောင် မလုပ်ပါနဲ့တော့”
စွင်းပုအာ မျက်မှောင်ကြုတ်လိုက်၏။
“မင်းက ငါ့မျက်နှာကိုတောင် မထောက်ထားဘဲ ငြင်းမလို့လား”
အိမ်တော်ထိန်းမှ ပြန်ပြောသည်။
“ကျွန်မ ခေါင်းဆောင်စွင်းကို မျက်နှာမထောက်ထားဘဲ ငြင်းပယ်တာ မဟုတ်ရပါဘူး။ ကျွန်မအနေနဲ့ လိုက်လျောပေးဖို့ မတတ်နိုင်တာပါ”
“ယီးဟုန်ဂေဟာ ဖွင့်လှစ်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကာလအတွင်းမှာ ဘယ်သူ့ကိုမှ ပြန်ရွေးနုတ်ခွင့်ပြုခြင်းမျိုး မရှိခဲ့ပါဘူး။ ခေါင်းဆောင်စွင်းရဲ့ ဩဇာအာဏာဟာ ပင်လယ်လေးစင်းအထိတိုင် ဖြန့်ကျက်နိုင်လောက်မှာပေမဲ့ နှစ်ပေါင်းနှစ်ဆယ်သက်တမ်းရှိတဲ့ ဓလေ့ထုံးတမ်းကိုတော့ သူ့ရဲ့စကားတစ်ခွန်းတည်းနဲ့ လွယ်လင့်တကူ ပြောင်းလဲချိုးဖောက်ဖို့ရာ မဖြစ်နိုင်ပါဘူး”
တစ်နည်းဆိုရသော် စွင်းပုအာ၏ ဩဇာအာဏာဖြင့်ပင် မလုံလောက်ဟု ဆိုလိုခြင်းဖြစ်၏ ။
စွင်းပုအာသည် မျက်နှာအမူအရာ အနည်းငယ် မည်းမှောင်သွား၏။ ထိုစဉ် အပြင်ဘက်မှ အသံထွက်ပေါ်လာပြန်သည်။
“ခေါင်းဆောင်စွင်းရဲ့ ဩဇာအာဏာက မလုံလောက်ဘူးဆိုရင် ငါ့ကိုပါ ထည့်တွက်ကြည့်ရင်ရော ဘယ်လိုလဲ”
ထိုစကားကြောင့် အားလုံးသည် တံခါးဝသို့ လှည့်ကြည့်လိုက်ကြသည်။ ဖန်းရှစ်ကျုံးသည် ဖုန်းရွှမ်၊ ဖန့်ဖူ၊ လင်းယုန်အစောင့်အရှောက်၁၂ဦးတို့နှင့်အတူ ရောက်ရှိလာခြင်းဖြစ်သည်။
ဖန်းရှစ်ကျုံး ရောက်ရှိလာသောအခါ အားလုံးမှာ အံ့အားသင့်စွာ အာမေဋိတ်ပြုမိကြရသည်။ ဒီနေ့ ဒီနေရာသို့ ဤမျှအင်အားကြီးပုဂ္ဂိုလ်ကြီးတစ်ဦး ရောက်ရှိလာလိမ့်မည်ဟု သူတို့အားလုံး မျှော်လင့်မထားခဲ့ကြပေ။
“ဘုရားရေ ဖန်းရှစ်ကျုံးရောက်လာတယ်!”
“မြတ်စွာဘုရား တကယ်ကြီးဟ! တကယ်ကြီး ဖန်းရှစ်ကျုံး ရောက်လာတယ်။ ချန်ကျိုစစ်က တကယ်ကြီး ဖန်းရှစ်ကျုံးကို ခေါ်လာနိုင်တာပဲ!”
“အင်း အခုတော့ ယီးဟုန်ဂေဟာ ပြဿနာတက်ပြီပဲ!”
ပွဲကြည့်နေသည့် လူအုပ်ကြီးမှာ အံ့အားသင့်စွာဖြင့် ပင့်သက်ရှိုက်မိကြ၏။ ခြုံငုံသုံးသပ်သော် ဖန်းရှစ်ကျုံးသည် စွင်းပုအာမျှသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ။ စွင်းပုအာ၏ ဩဇာအာဏာသည် ဆက်ဆံရေးများမှ ရရှိထားခြင်းဖြစ်ပြီး ဖန်းရှစ်ကျုံးသည်တော့ စင်စစ်သော အင်အားအာဏာပိုင်ရှင်ဖြစ်သည်။
မျန့်ရွှေစီရင်စု အစောင့်အရှောက်ကြီး၁၃ဦးဟူသည် ဗလာသက်သက်သော ဂုဏ်ပုဒ်အမည်မျှ မဟုတ်ပါချေ။ အမည်တစ်ခုချင်းစီတိုင်း၌ အဓိပ္ပာယ်ပြည့်ဝသော အလေးချိန်ကို သယ်ဆောင်ထားခြင်း ဖြစ်သည်။
ဖန်းရှစ်ကျုံး ဝင်ရောက်လာသည်တွင် အခြေအနေသည် ပို၍ရှုပ်ထွေးသွားတော့သည်။
ဖန်းရှစ်ကျုံးကို မြင်သောအခါ ချန်ကျဲ့သည် ရိုသေလေးစားမှုဖြင့် ချက်ချင်း နှုတ်ဆက်သည်။
“မွေးစားအဖေ”
ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။
“အင်း ဒါက ဘာမဟုတ်တဲ့ကိစ္စလေးပါ”
ထို့နောက် ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ရှေ့သို့ ဝင်ရပ်လိုက်သည်မှာ “ဘာမှမစိုးရိမ်နဲ့။ ဒီမွေးစားအဖေက ဖြေရှင်းပေးမယ်”ဟု ပြောလိုက်သည့်အလားပင်။
ထိုစဉ် အခန်းအတွင်းရှိ ရာဇဝတ်တရားသူကြီး ထန်ဝမ့်နျန်သည် ကိုယ်ရံတော်၏ပြောစကားကြောင့်
ခေါင်းမော့ကြည့်လာ၏။ ကိုယ်ရံတော်မှ ဤသို့ပြောသည်။
“ရာဇဝတ်တရားသူကြီးမင်း ဖန်းရှစ်ကျုံး ရောက်လာပါတယ်”
ထန်ဝမ့်နျန် မျက်လုံးမှေးကျုံ့လိုက်ရင်း ရေရွတ်၏
“အင်း အံ့ဩစရာ မရှိပါဘူး။ ဖန်းရှစ်ကျုံးက အကာအကွယ်ပေးတတ်သူတစ်ယောက်အဖြစ် နာမည်ကြီးတယ်လေ။ ဒါပေမဲ့ သူတစ်ယောက်တည်းနဲ့ လူကို ခေါ်ထုတ်သွားနိုင်မှာ မဟုတ်ဘူး။ အစောင့်အရှောက်ကြီး၁၃ဦးထဲက တစ်ယောက်က တစ်ယောက်ယောက်ကို ခေါ်ထုတ်သွားနိုင်မယ်ဆိုရင် ဒီနှစ်တွေအတွင်းမှာ ပြန်ရွေးနုတ်မရတဲ့သူရယ်လို့ ရှိခဲ့မှာ မဟုတ်ဘူး”
အပြင်ဘက်တွင် အုတ်အော်သောင်းတင်းဖြစ်နေသည့်တိုင် ထန်ဝမ့်နျန်သည် သေရည်ကိုသာ ဆက်သောက်နေခဲ့သည်။ ဖန်းရှစ်ကျုံးမှ အိမ်တော်ထိန်းကိုကြည့်၍ ပြောသည်။
“အခု ငါရောက်လာတော့ လူကို ခေါ်သွားလို့ ရနိုင်ပြီလား”
ဖန်းရှစ်ကျုံး၏ အသံအနေအထားမှာ ယဉ်ကျေးပျူငှာမှုနှင့် အလွန်ဝေးကွာလွန်းလှသည်။ မျန့်ရွှေ၏ ထိပ်တန်းလုပ်ငန်းတစ်ခုအပေါ် လေးစားမှုအနည်းငယ်ကိုသာ ပြသထား၏။ ခြုံငုံလိုက်သော် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးအနေဖြင့် ဖန်းရှစ်ကျုံးသည် ရာဇဝတ်တရားသူကြီးနှင့် ဆုံတွေ့လျှင်သော်မှ တွန့်ဆုတ်သွားမည့်သူ မဟုတ်လေရာ အိမ်တော်ထိန်းတစ်ဦးကိုဖြင့် မျက်လုံးထဲပင် ထည့်မနေချေ။
ဖန်းရှစ်ကျုံး၏ အပြုအမူကြောင့် အိမ်တော်ထိန်းအမျိုးသမီးမှာ ထိတ်လန့်သွားပုံရသည်။
သူမသည် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားပြီး မည်သို့တုံ့ပြန်ရမည် မသိတော့ပေ။ ထိုစဉ် အပေါ်ထပ်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
အပေါ်ထပ်ရှိ အခန်းပြတင်းတံခါးတစ်ခု ပွင့်လာခဲ့ပြီး ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာကို မျက်နှာလွှားဇာဖြင့် ဖုံးအုပ်ထားသည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ သူမ၏နောက်တွင်လည်း ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပသည့် အမျိုးသမီးနှစ်ဦး ရပ်နေသည်။ ဧည့်သည်များမှာ အံ့အားသင့်စွာဖြင့် အော်ဟစ်ကြလေသည်။
“ချွမ်းနဲ့ ရှားပဲ!”
ထိုအမျိုးသမီးနှစ်ဦးမှာ ယီးဟုန်ဂေဟာ၏ နာမည်အကြီးဆုံး ပြည့်တန်ဆာလေးဦးထဲမှ နှစ်ဦးဖြစ်သော ချွမ်းနှင့် ရှား ဖြစ်သည်။
ဤအခိုက်အတန့်၌ ထိုအမျိုးသမီးနှစ်ဦးသည် မျက်နှာဖုံးကာထားသည့် အမျိုးသမီးတစ်ဦးနောက်တွင် ရပ်၍ နောက်လိုက်နေရာတွင် စိတ်လိုလက်ရ နေကြလေသည်။
ထိပ်တန်းပြည့်တန်ဆာနှစ်ဦး၏ ပံ့ပိုးမှုအလယ်၌ ခရမ်းရောင်ဝတ် မျက်နှာဖုံးအမျိုးသမီးသည် အလွန်သိမ်မွေ့နူးညံ့သော အလှတရားကို ဖော်ဆောင်နေခဲ့သည်။ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသည့်တိုင် သူမ၏ ပုံပန်းသွင်ပြင်တစ်ခုတည်းဖြင့်ပင် အသက်ရှူမှားလောက်အောင် လှပလွန်းပေသည်။
အမျိုးသမီးသည် ပြတင်းတံခါးတွင် ရပ်၍ အပြင်ဘက်ရှိ ဆူညံသံများကို နားထောင်နေခဲ့ပြီး ရယ်သွမ်းသွေးလျက် ပြောသည်။
“ခန်းမအရှင်သခင်ဖန်း ရှင်က အမည်ကျော်ကြားတဲ့ သူရဲကောင်းတစ်ယောက်ပါ။ ရှင် အခုလို ကျွန်မရဲ့ နေရာသေးသေးလေးကို လာပြီး အားနည်းတဲ့ မိန်းမသားတစ်စုကို အနိုင်ကျင့်နေတာ ဒါကြီးက လှောင်ရယ်စရာ ဖြစ်မနေဘူးလား”
ဖန်းရှစ်ကျုံးမှ ထိုအမျိုးသမီးကို မော့ကြည့်ပြီး ပြန်ပြောသည်။
“ဟက် ချောင်ဟုန်ယန်ကို အားနည်းတဲ့မိန်းမသားလို့ သတ်မှတ်ဖို့ရာ ခက်ခဲလှပါတယ်”
အမျိုးသမီးမှ တခစ်ခစ် ရယ်မော၏။
“ကျွန်မက ဒီတိုင်း ဒီနေရာမှာ ရှင်သန်နေထိုင်ဖို့ ကြိုးစားနေရုံပါ။ ခန်းမအရှင်သခင်ဖန်း ကျွန်မကို မလှောင်ပြောင်ပါနဲ့”
ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။
“ဟက် မျန့်ရွှေရဲ့ ထိပ်တန်းဂေဟာက ဟာသပြက်လုံးတစ်ခုမှ မဟုတ်တာပဲ။ တကယ့်ကို ချောင်ဟုန်ယန်ရဲ့ နာမည်ကျော်ကြားမှုက ထိုက်တန်လွန်းပါပေတယ်။ ဒါပေမဲ့ ဒီနေ့တော့ ချောင်ဟုန်ယန်အနေနဲ့ ကျုပ်ကို တစ်ချက်လောက် ကူညီပြီး ကျုပ်မွေးစားသားရဲ့ ညီမလေးကို လွှတ်ပေးနိုင်မလား”
“ခန်းမအရှင်သခင်ဖန်း ရှင် အဲဒါကို တောင်းဆိုတာတော့ ကျွန်မကို အခက်တွေ့အောင် လုပ်လိုက်တာပါပဲ။ တကယ်တမ်းပြောရရင် ရှင် ဒီကိုရောက်လာမှတော့ ကျွန်မအနေနဲ့ ရှင့်ကို နည်းနည်းလောက် မျက်နှာသာပေးသင့်တာပါ”
“ဒါပေမဲ့ စည်းမျဉ်းက စည်းမျဉ်းပဲ၊ ပြောင်းလဲလို့ မရဘူး။ ဒါပေမဲ့ ရှင်စိတ်ချပါ။ ရှင့်မွေးစားသားရဲ့ ညီမက အဆင့်အတန်းတစ်ခုရှိတာဖြစ်တဲ့အတွက် ကျွန်မတို့ သူ့ကို ဧည့်သည်တွေကို ဖျော်ဖြေပေးဖို့ အတင်းအကျပ် ခိုင်းစေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ သူ့ကို ဒီယီးဟုန်ဂေဟာမှာပဲ နေထိုင်စေပါမယ်။ ယီးဟုန်ဂေဟာရဲ့ စည်းမျဉ်းကို မဖောက်ဖျက်ဘဲ ကျားဖြူခန်းမရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းပေးပါ့မယ်။ အဲဒီလိုဆိုရင်ရော ဘယ်လိုသဘောရလဲ”
ထိုအခါ ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကို လှည့်ကြည့်၏။
ချန်ကျဲ့ ဘာမျှမပြောပေ။ သို့သော် ထိုဖြေရှင်းချက်ကို သူ မကျေနပ်ကြောင်း အတော်လေး သိသာနေခဲ့ပါ၏။
ဖန်းရှစ်ကျုံးသည် ခဏမျှစဉ်းစားပြီးနောက် ပြောသည်။
“ကျုပ်အထင်တော့ ယီးဟုန်ဂေဟာကို ဆက်ပြီး ဒုက္ခမပေးတော့ပါဘူး။ ကျုပ်ရဲ့မွေးစားသားမှာ သူ့ညီမကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ငွေကြေးဥစ္စာရှိပါသေးတယ်”
ထိုအခါ ချောင်ဟုန်ယန်မှ ပြန်ပြောသည်။
“ခန်းမအရှင်သခင်ဖန်း ကျွန်မဘက်က ညှိနှိုင်းပေးပြီးပါပြီ။ ရှင် သဘောမတူရင်တော့ ကျွန်မ တတ်နိုင်တာ ဘာမှမရှိတော့ပါဘူး။ စည်းမျဉ်းကို ပြောင်းလဲလို့မရဘူး။ ဒီနေ့ ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပြုနိုင်ပါဘူး”
“ကျုပ် အတင်းအကျပ် ခေါ်ထုတ်သွားမယ်ဆိုရင်ရော?”
ထိုအခါ အမျိုးသမီးမှ ရယ်မော၏။
“ခန်းမအရှင်သခင်ဖန်း ရှင်ကြိုးစားကြည့်နိုင်ပါတယ်”
ထိုစကားအဆုံး၌ အမျိုးသမီးသည် ပြတင်းတံခါးမှ ခုန်ထွက်လာသည်။ သူမသည် လိပ်ပြာတစ်ကောင်အလား လှေကားထစ်များကို နှစ်ချက်မျှသာ ခုန်ကျော်၍ ဆင်းလာခဲ့သည်။ ထိုအခါ ခန်းမတစ်ခုလုံးသို့ မွှေးရနံ့တစ်မျိုး တိုးဝှေ့လွှမ်းခြုံသွားခဲ့သည်။