ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ချန်ကျိုစစ်က ဘယ်လောက်ကြီးမြတ်တဲ့ကောင်မို့လို့လဲ_၅
Vol. 17 Ch. 234
ဖန်းရှစ်ကျုံးသည် အနက်ရောင်မျက်နှာလွှားဇာကို ဝတ်ဆင်ထားဆဲဖြစ်သည့် ချောင်ဟုန်ယန်ကို အကြည့်မလွှဲတမ်း ကြည့်နေသည်။ မျက်နှာကို ဖုံးအုပ်ထားသည့်တိုင် မျက်နှာလွှားဇာမှတစ်ဆင့် ချောင်ဟုန်ယန်သည် အလွန်လှပသည့် အလှလေးဖြစ်ကြောင်း သိနိုင်ပေသည်။
ထိုအခိုက်အတန့်၌ အနီးဝန်းကျင်ရှိ ဧည့်သည်များအားလုံးမှာ အံ့အားသင့်စွာ အော်ပြောမိကြ၏။
“သူက ချောင်ဟုန်ယန်ပဲ!”
“သူမကို မြင်တွေ့နိုင်ခဲ့မှတော့ ဒီနေ့ လာရတာ တန်သွားပြီကွာ!”
“ဟုတ်တယ်။ တခြားလူတွေတော့ ငါတို့ကို အားကျနေကြတော့မှာပဲ”
လူအုပ်ကြီးသည် အဆက်မပြတ် ဆွေးနွေးပြောဆိုနေသည်။ ဖန်းရှစ်ကျုံးသည် မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ ဒီနေ့အခြေအနေအရ လူကို အတင်းအကျပ်ခေါ်ထုတ်သွားရန်မှာ အတော်လေး ခက်ခဲပေလိမ့်မည်။ အတင်းအကျပ် အင်အားသုံးခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကို မဆိုထားနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းပင်လျှင် အောင်မြင်နိုင်ခြေ အလွန်နည်းပါး၏။
ဖန်းရှစ်ကျုံး အကျပ်ရိုက်နေစဉ် အပြင်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြန်သည်။
“ချောင်ဟုန်ယန် ထွက်လာခဲ့ပြီပဲ။ ကြည့်ရတာ ကျုပ်က အချိန်ကောင်းမှာ ကွက်တိရောက်လာခဲ့ပုံပဲ။ ဒါနဲ့ ကျုပ်တစ်ယောက် ရောက်လာတာနဲ့ဆို လူလွှတ်ပေးဖို့ အင်အားလုံလောက်ပြီလား သိချင်မိပါရဲ့”
ထိုစကားနှင့်အတူ အပြင်ဘက်မှ အမျိုးသားနှစ်ဦး ဝင်ရောက်လာသည်။ နှစ်ဦးစလုံးသည် ေဗြာင်ဝတ်စုံများကို ဝတ်ဆင်ထားသည့်တိုင် အားလုံးသည် ထိုနှစ်ဦး၏သရုပ်မှန်ကို ချက်ချင်း မှတ်မိနိုင်ကြ၏။
“ဘုရားရေ ကာကွယ်ရေးဦးစီးချုပ်ကျန်း ကျန်းလီယဲ့ရောက်လာတာပဲ!”
အမှန်တကယ်ပင် ရောက်ရှိလာသူများမှာ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးဖြစ်သည့် ကျန်းလီယဲ့နှင့် ဝူဟုန်တို့ဖြစ်သည်။
ချန်ကျဲ့နှင့် ဝူဟုန်တို့ အကြည့်ချင်းဆုံလိုက်ကြချိန်တွင် ဝူဟုန်မှ ခပ်သာသာ ခေါင်းညိတ်ပြသည်။
သူဖုန်းစားဂိုဏ်း၏ သားရဲတွင်းကို သုတ်သင်ရှင်းလင်းပြီးနောက်၌ ချန်ကျဲ့သည် ယီးဟုန်ဂေဟာသို့ လူတောင်းရန် သွားမည်ဖြစ်ကြောင်းကို ဝူဟုန်သိ၏။ ၎င်းမှာ ခက်ခဲလိမ့်မည်ဖြစ်ကြောင်းလည်း သိရှိလေရာ ဝူဟုန်သည် ချက်ချင်း အပြေးပြန်သွားခဲ့ကာ ဆရာဖြစ်သူ ကျန်းလီယဲ့ကို သွားရှာခဲ့သည်။
ကျန်းလီယဲ့သည် ကနဦးတွင် ဤသို့ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းငှာ သူ့၏ဂုဏ်သိက္ခာနှင့် မထိုက်တန်သောကြောင့် ယီးဟုန်ဂေဟာသို့ လာရောက်ရန် အစီအစဉ် မရှိခဲ့ပေ။ သို့သော် သူ၏တစ်ဦးတည်းသော တပည့်လေးသည် အပူတပြင်း အကူအညီတောင်းခံခဲ့လေသည်။
သူ ဘယ်လိုများ ငြင်းနိုင်ပါ့မလဲ။
အထူးသဖြင့် ဝူဟုန်မှ ပြောခဲ့သည်။
“ဆရာ ကျိုစစ်က ကျွန်တော့်ညီပါ။ ပြီးတော့ ရွေ့ရွေ့က ကျွန်တော့်ညီမလေးပါ။ ကျွန်တော် ဒီကိစ္စကို လျစ်လျူရှုမထားနိုင်ပါဘူး။ အကယ်၍ ဆရာ့အနေနဲ့ ဝင်မပတ်သက်ချင်ဘူးဆိုရင်လည်း ကျွန်တော် တစ်ယောက်တည်းပဲ သွားလိုက်ပါ့မယ်”
သို့ဖြင့် ကျန်းလီယဲ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ ယီးဟုန်ဂေဟာသို့ ရောက်လာရတော့သည်။
ကျန်းလီယဲ့ ရောက်ရှိလာသည်တွင် အားလုံးသည် ချန်ကျဲ့ကို အံ့အားတကြီး ကြည့်ကုန်ကြလေသည်။
ကြည့်ရတာ ဒီလူငယ်လေးရဲ့ အဆက်အသွယ်ကွန်ရက်က မယုံကြည်နိုင်လောက်အောင် ကျယ်ပြန့်ပုံပဲ။
အချိန်တခဏလေးအတွင်း၌ ဩဇာလွှမ်းမိုးမှုကြီးမားသည့် ပုဂ္ဂိုလ်ကြီးနှစ်ဦး ရောက်ရှိလာခဲ့လေပြီ။
ယခု၌ ချောင်ဟုန်ယန်ပင်လျှင် ချန်ကျဲ့ကို သေချာစေ့စပ်စွာ အကဲခတ်ကြည့်လာတော့သည်။ ဤလူငယ်လေးမှာ အဘယ်သို့သော ကျောထောက်နောက်ခံများရှိလို့ ဤသို့ဩဇာလွှမ်းမိုးသည့် ပုဂ္ဂိုလ်ကြီးများက သူ့ကိုကူညီဖို့ ရောက်လာကြသနည်းဟု သိချင်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ချန်ကျဲ့သည် ချောင်ဟုန်ယန်၏ အာရုံထဲသို့ အမှန်တကယ် ဝင်ရောက်သွားခဲ့လေပြီ။
မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေမှာ အနည်းငယ် ထိန်းချုပ်မှုကင်းလွတ်သွားခဲ့လေပြီ။ ကျန်းလီယဲ့ ထွက်ပေါ်လာမှုသည် ဟန်ချက်ညီမှုကို ဖျက်ဆီးသွားခဲ့သောကြောင့် ချောင်ဟုန်ယန်လည်း မျက်မှောင်ကြုတ်သွားရသည်။
ထိုအခိုက်အတန့်၌ ဖန်းရှစ်ကျုံးသည်လည်း ကျန်းလီယဲ့၏ ဤသို့ကိစ္စမျိုးတွင် ပါဝင်လာမှုကြောင့် အံ့ဩသွားခဲ့ရသည်။ သို့သော် ကျန်းလီယဲ့၏ဘေးရှိ ဝူဟုန်ကို သတိထားမိလိုက်ရာ ဝူဟုန်သည် ချန်ကျဲ့၏ စင်စစ်သော သေအတူရှင်မကွာ ညီအစ်ကိုဖြစ်ကြောင်း နားလည်လိုက်တော့သည်။
မိမိ၏ဩဇာအာဏာသည်လည်း သေးငယ်လှသည် မဟုတ်လေရာ ကျန်းလီယဲ့ ပါဝင်လာခြင်းနှင့် ပေါင်းလိုက်သော် ရှေ့ဆက်တိုးရန်လမ်းကြောင်း ထွက်ပေါ်လာနိုင်ကောင်း၏။
ထိုစဉ် ဘေးတွင်ရပ်နေသည့် ဖုန်းရွှမ်နှင့် ဖန့်ဖူတို့သည်လည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အထူးသဖြင့် ဖုန်းရွှမ်သည် ချန်ကျဲ့ကို စူးစိုက်စွာ ကြည့်နေပေသည်။ ယခင်က ဖုန်းရွှမ်သည် ညီငယ်၅အား ထူးထူးခြားခြား ဘာမျှမရှိဟုသာ သတ်မှတ်ထားခဲ့သည်။ ညီငယ်၅သည် အခြေခံအုတ်မြစ်တိမ်ပါးသောကြောင့် သူ့အပေါ် မည်သို့မျှ ခြိမ်းခြောက်မှုမဖြစ်နိုင်ဟုပင် သတ်မှတ်ထားခဲ့သည်။ သို့သော် ယခု၌မူ …
ကြည့်ရတာ ညီငယ်၅က အခြေခံအုတ်မြစ်တိမ်ပါးတဲ့သူ လုံးဝ မဟုတ်ဘူးပဲ။ တကယ်တော့ သူ့ရဲ့အတိမ်အနက်ကို ကောင်းကောင်းဖုံးကွယ်ထားနိုင်တဲ့သူပဲ။ သူက ဘယ်တုန်းကတည်းကများ ကျန်းလီယဲ့နဲ့ ပတ်သက်ဆက်နွယ်မှုရှိသွားရတာလဲ။
ဖုန်းရွှမ်၏အကြည့်များတွင် သံသယအငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
သူ၏စိတ်ခံစားချက်အတွင်း၌ အံ့ဩမင်သက်မှုများ လွှမ်းမိုးနေတော့သည်။
ထိုစဉ် ဒုတိယထပ်၌ ကိုယ်ရံတော်မှ ပြောသည်။
“ရာဇဝတ်တရားသူကြီးမင်း ကာကွယ်ရေးဦးစီးချုပ်ကျန်း ရောက်လာပါတယ်”
“အင်း သူက တကယ်ကြီး ဒီလိုကိစ္စမျိုးမှာ ဝင်ပါလာတယ်လား!”
ထန်ဝမ့်နျန်သည် လက်ထဲမှ သေရည်ခွက်ကို ပြန်ချလိုက်ရင်း မျက်နှာထက်တွင် ပျော်လိုပြက်လိုသော အမူအရာတစ်မျိုး ထွက်ပေါ်လာခဲ့သည်။
ထိုစဉ် အပြင်ဘက်၌ ကျန်းလီယဲ့မှ ပြောသည်။
“မင်းက ချောင်ဟုန်ယန်ဖြစ်မယ်။ ငါ မင်းအကြောင်း အများကြီးကြားဖူးပေမဲ့ တစ်ခါမှ ဆုံတွေ့ဖို့ အခွင့်အရေးမရခဲ့ဘူး”
ထိုအခါ ချောင်ဟုန်ယန်မှ အရိုအသေပြုလိုက်ပြီး ပြောသည်။
“ဦးစီးချုပ်ကျန်းလည်း ဒီနေ့ကိစ္စအတွက် စိုးရိမ်ပူပန်နေတာပါပဲလား”
ကျန်းလီယဲ့မှ ရယ်မောလျက် ပြောသည်။
“အမှန်ပါပဲ။ ကျုပ်တပည့်နဲ့ ကျိုစစ်က သေအတူရှင်မကွာ ညီအစ်ကိုတွေပါ။ အခု ကျုပ်တပည့်က ကျုပ်ဆီ ရောက်လာခဲ့တော့ ကျုပ်လည်း လာတောင်းဆိုပေးဖို့အပြင် ရွေးချယ်စရာ မရှိတော့ဘူးလေ။ အဲဒါကြောင့် ကျေးဇူးပြုပြီး မိန်းကလေး၊ ကျုပ်ကို ကူညီပေးတဲ့အနေနဲ့ လူလွှတ်ပေးလိုက်ပါ”
ချောင်ဟုန်ယန်မှ ပြောသည်။
“ဦးစီးချုပ်ကျန်း ဒါက စည်းမျဉ်းနဲ့ မကိုက်ညီပါဘူး”
ကျန်းလီယဲ့မှ ပြောသည်။
“ဘာစည်းမျဉ်းလဲ”
ချောင်ဟုန်ယန်မှ ပြောသည်။
“ပြည့်တန်ဆာရောင်းချခြင်းကို တော်ဝင်တရားရုံးတော်က ဥပဒေနဲ့အတူ ခွင့်ပြုထားပါတယ်။ မိန်းကလေးတွေက ယီးဟုန်ဂေဟာကို သဘောတူညီချက်နဲ့အတူ ရောင်းချထားပြီးသားပါ။ အဲဒါကလည်း ဥပဒေရဲ့ ကာကွယ်မှုအောက်မှာ ရှိပါတယ်။ တကယ်ဆို ဥပဒေကို အာဏာတည်စေတဲ့ ဦးစီးချုပ်ကျန်းအနေနဲ့ ယီးဟုန်ဂေဟာကို ကာကွယ်ပေးသင့်တာပါ။ အဲဒါကို ဘယ်လိုလုပ်ပြီး သူတို့နဲ့အတူ ဒီကိုရောက်လာပြီး လူတောင်းနေရတာပါလဲ”
ကျန်းလီယဲ့သည် သူမ၏စကားတို့ကို အဆုံးထိ နားထောင်ပြီးနောက် ပြောသည်။
“အင်း မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ ဒီနေ့က ငါ့ရဲ့နားရက်လေ။ ငါက အခု ဦးစီးချုပ်ကျန်း မဟုတ်ဘဲ သာမန်လူအိုကြီးကျန်းလီယဲ့ပါပဲ။ အခု ငါ့တပည့်ရဲ့ညီမက မင်းဆီ ခေါ်သွားခံထားရတော့ ငါလည်း မင်းနဲ့ လာဆွေးနွေးရတော့တာပေါ့”
ချောင်ဟုန်ယန် မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။
“ကျွန်မ အခုပဲ ယီးဟုန်ဂေဟာကို လူလာလုနေပါတယ်ဆိုပြီး တရားရုံးတော်ကို တိုင်ကြားလိုက်ရင် ရုံးတော်က ဒီအမှုကို ကိုင်တွယ်မလားဆိုတာ သိချင်မိပါရဲ့”
“ကိုင်တွယ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ လူကို ငါတို့ခေါ်သွားရမယ်”
“မင်းအနေနဲ့ ဒီလူအိုကြီးကို အဲဒါလေး ကူညီပေးနိုင်မလားဆိုတာ သိချင်မိပါရဲ့”
“ပြီးတော့ ကျုပ်ကိုရောပဲ”
ဖန်းရှစ်ကျုံးမှလည်း ပြောသည်။ ချောင်ဟုန်ယန် လက်သီးတင်းတင်းဆုပ်လိုက်၏။ သို့သော် ခဏအကြာ၌ ပြန်လည်ဖြေလျှော့လိုက်သည်။ သူမသည် အပြုံးမျက်နှာသို့ ပြောင်းလဲလိုက်ပြီး ပြောသည်။
“လူကြီးမင်းထန် လူတချို့က ရှင့်ရဲ့လုပ်ငန်းကို နှောင့်ယှက်ဖို့ကြိုးစားနေတယ်။ ရှင်တစ်ချက်လောက် ထွက်မကြည့်တော့ဘူးလား”
လူကြီးမင်းထန်!
ထိုအခါ ပွဲကြည့်နေသူအားလုံးမှာ အံ့ဩထိတ်လန့်သွားရပြန်သည်။
စီရင်စု ရာဇဝတ်တရားသူကြီး ထန်ဝမ့်နျန်!
ထို့နောက်တွင် ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခု၏ ပြတင်းတံခါး ပွင့်လာခဲ့ပြီး ပြတင်းပေါက်တွင် ရပ်နေသည့် ကိုယ်ရံတော်မှ ပြောသည်။
“လူကြီးမင်းတို့ ဒီနေ့ကိစ္စက တော်ဝင်တရားရုံးတော်က လူတွေ ကြားဝင်ပတ်သက်သင့်တဲ့အရာ မဟုတ်ဘူးလို့ လူကြီးမင်းထန်က ပြောပါတယ်!”
ဟမ်?
အားလုံးသည် ဒုတိယထပ်သို့ မော့ကြည့်လိုက်ကြသည်။ ကျန်းလီယဲ့ မျက်လုံးအိမ်တို့ မှေးကျုံ့လိုက်၏။
ထို့နောက် ကိုယ်ရံတော်မှ ဆက်လက်၍ အလေးထားပြောဆိုသည်။
“ဦစီးချုပ်ကျန်း လူကြီးမင်းထန်က ပြောပါတယ်။ သိုင်းလောကရဲ့ အရေးကိစ္စတွေကို သိုင်းလောကသားတွေ အချင်းချင်းပဲ ဖြေရှင်းသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြားမဝင်သင့်ပါဘူး။ ဒီတိုင်း စောင့်ကြည့်ရုံ စောင့်ကြည့်နေလိုက်ပါတဲ့!”
ထိုအခါ ကျန်းလီယဲ့ သက်ပြင်းချလိုက်သည်။ ယီးဟုန်ဂေဟာက တကယ့်ကို အထင်ကြီးလောက်စရာပါပဲ!
ကျန်းလီယဲ့မှာ ရွေးချယ်စရာ မရှိပေ။ သူ အနိုင်မယူနိုင်ပေ။ မိမိမှာ တော်ဝင်တရားရုံးတော်၏ စနစ်အတွင်း ရှိနေသ၍ သည်းခံရမည့်အရာများ တည်ရှိပေသည်။ ဥပမာဆိုရသော် အထက်လူကြီး၏ ညွှန်ကြားချက်များကို လိုက်နာရခြင်းတို့ဖြစ်သည်။
သူ့တွင် လုပ်ပိုင်ခွင့်အာဏာကို အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားသည့်တိုင် အထက်လူကြီးကို လုံးလုံးလျားလျား ပစ်ပယ်၍ မဖြစ်ချေ။ သို့မဟုတ်ပါက အထက်လူကြီးသည် သူ့အား နေရာတိုင်းတွင် အခက်အခဲများ ဖန်တီးပေးလိမ့်မည်ဖြစ်၏။