ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ချန်ကျိုစစ်က ဘယ်လောက်ကြီးမြတ်တဲ့ကောင်မို့လို့လဲ_၆
Vol. 17 Ch. 235
ဝူဟုန်မှ တစ်ခုခုပြောလိုသော်ငြား ကျန်းလီယဲ့မှ ခပ်ဖျော့ဖျော့ ခေါင်းရမ်းပြသည်။
စီရင်စု ရာဇဝတ်တရားသူကြီးမှာ ထိုသို့ပြောလာခဲ့ရာ သူတို့အတွက် ကိုင်တွယ်ရ ခက်ခဲသွားစေသည်။
ဖန်းရှစ်ကျုံးလည်း မျက်မှောင်ကြုတ်သွား၏။ ချောင်ဟုန်ယန်သည်တော့ ချန်ကျဲ့ကို ဝင့်ကြွားထောင်လွှားခြင်းသော အကြည့်များဖြင့် ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးအစုံသည် “မင်းအခု လူကို ဘယ်လိုခေါ်ထုတ်နိုင်မလဲ”ဟု ပြောနေသည့်အလားပင်။
ယီးဟုန်ဂေဟာကနေ ဘယ်သူမှ လူရွေးနုတ်လို့ မရဘူး။
မင်းဆိုရင်လည်း မရနိုင်ဘူးပဲ ချန်ကျိုစစ်!
လူငယ်လေး၊ မင်းရဲ့အဆက်အသွယ်တွေက အစိုးရပိုင်းရော၊ ပုဂ္ဂိလိကအဖွဲ့အစည်းပိုင်းရော နှစ်ဖက်စလုံး ပါဝင်ပြီး ချဲ့ကားကျယ်ပြန့်လွန်းပေမဲ့၊ အစောင့်အရှောက်ကြီး၁၃ဦးထဲက နှစ်ယောက်ကို လှုပ်ရှားစေနိုင်ခဲ့ပေမဲ့.. ဒါပေမဲ့လည်း မင်းဒီနေ့ လူကို ခေါ်ထုတ်မသွားနိုင်ဘူးပဲ။
မယုံကြည်နိုင်သေးရင် အစောင့်အရှောက်ကြီး၁၃ဦးထဲက နောက်ထပ် နှစ်ယောက်လောက် ထပ်ခေါ်လိုက်ပါလား။ ရလဒ်ကို စောင့်ကြည့်ရအောင်လေ။
ထိုသို့အတွေးများဖြင့် ချောင်ဟုန်ယန်သည် ရယ်မောနေခဲ့သည်။ သူမသည် ချန်ကျိုစစ်၏ သရုပ်မှန်အကြောင်းကို စုံစမ်းစစ်ဆေးပြီးဖြစ်၏။ ချန်ကျိုစစ်၏နောက်ခံသည် အလွန်ရိုးရှင်းသည်။ ရှန်းထောင်မြို့လေးမှ အရေးမပါသည့် လူငယ်လေးတစ်ဦးမျှသာ ဖြစ်ခဲ့ပြီး ဖန်းရှစ်ကျုံး၏ တန်ဖိုးထားခြင်းခံရကာ မွေးစားသားအဖြစ် မွေးစားခံခဲ့ရသည်။
သို့ဖြစ်ရာ ချောင်ဟုန်ယန်သည် ဖန်းရှစ်ကျုံး ရောက်လာခြင်းကို မအံ့ဩမိပေ။
သို့သော် ကျန်းလီယဲ့ ရောက်ရှိလာခြင်းကိုမူ သူမ အံ့ဩမိပါ၏။ သူမ၏အမြင်၌ ကျန်းလီယဲ့သည် ချန်ကျိုစစ်နှင့် ဆက်နွယ်မှု မရှိပေ။ ဒီနေ့ သူမ တကယ်ပဲ သတိလက်လွတ်ဖြစ်သွားခဲ့သည်။ အကယ်၍များ ထန်ဝမ့်နျန် ရှိမနေခဲ့ပါက ဤကိစ္စကို အဆုံးသတ်ရန် ခက်ခဲပေလိမ့်မည်။
ယခုတွင် ချန်ကျဲ့၏အဆက်အသွယ်များလည်း ကုန်ဆုံးလုနီးပြီဟု ချောင်ဟုန်ယန် ခံစားမိ၏။
ချန်ကျဲ့ ဤမျှအထိ လုပ်ဆောင်နိုင်ခဲ့ခြင်းမှာလည်း အမှန်တကယ် အံ့အားသင့်ဖွယ်ကောင်းနေပြီဖြစ်ကြောင်း သူမ အသိအမှတ်ပြုပါ၏။
ကံဆိုးစွာဖြင့် ချန်ကျိုစစ်သည် ခြေတစ်လှမ်းလိုအပ်သွားခဲ့ရုံသာ ဖြစ်သည်။
သို့သော် သေချာပေါက်ပင် ဒီနေ့အဖြစ်အပျက်သည် ချန်ကျိုစစ်ကို မျန့်ရွှေရှိလူများအားလုံး မှတ်မိစေရန်အတွက် လုံလောက်ပါ၏။ သူ့အတွက် ဩဇာကြီးမားသည့် ပုဂ္ဂိုလ်ကြီးနှစ်ဦးမှ တိုက်ခိုက်ပေးခဲ့သည်ဖြစ်ရာ သူ၏ဂုဏ်သတင်းကိုလည်း တည်ဆောက်ပြီး ဖြစ်ပေသည်။
ဒီလောက်ဆို တော်လောက်ပြီ။ ကိုယ့်ကိုယ်ကိုယ် ဒီအခြေအနေအထိ တွန်းပို့နိုင်ခဲ့တယ်ဆိုရင် ချန်ကျိုစစ် မင်းဂုဏ်ယူနေသင့်ပြီ။
ချောင်ဟုန်ယန်သည် ချန်ကျဲ့ကိုကြည့်လျက် ထိုသို့တွေးနေခဲ့သည်။
သို့သော် ထိုတဒင်္ဂ၌ ချန်ကျဲ့သည် ချောင်ဟုန်ယန်ကို ပြန်မော့ကြည့်လိုက်ရာ ချောင်ဟုန်ယန်မှ အံ့ဩထိတ်လန့်သွားရ၏။
အဲဒီအကြည့်က မဟုတ်သေးဘူး!
သူ့မှာ နောက်ထပ် အရန်အစီအစဉ် ရှိနေသေးတာများလား။
ချန်ကျဲ့၌ အမှန်တကယ်ပင် နောက်တစ်ကွက် ရှိနေပါသေးသည်။
ငါက ယီးဟုန်ဂေဟာကို ရုတ်တရက် စိတ်ကူးပေါက်တာနဲ့ အစီအစဉ်မရှိ ဝင်မွှေမယ်ထင်နေလား။
တကယ်တမ်းတွင် သူ စီစဉ်ထားခဲ့ပါသည်။ ချန်ကျဲ့သည် ဖန်းရှစ်ကျုံးရောက်လာမည်ဟု တွက်ချက်ခဲ့ပြီး ဖြစ်သည်။ တကယ်လည်း သူ၏မွေးစားအဖေသည် သူ့ကို စိတ်မပျက်စေပါချေ။
ထို့ပြင် ကျန်းလီယဲ့ ရောက်လာမည်ကိုလည်း ချန်ကျဲ့သည် ၉၀ရာခိုင်နှုန်း သေချာနေခဲ့သည်။ ဝူဟုန်နှင့် သူ၏ဆက်ဆံရေး၊ စူးညီအစ်မတို့၏ ဆက်ဆံရေးတို့ကြောင့် ဝူဟုန်သည် ဘာမျှမလုပ်ဘဲ ရပ်ကြည့်နေလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ယီးဟုန်ဂေဟာသို့ မလာရောက်မီ၌ ချန်ကျဲ့သည် ထိုနှစ်ဦးအတွက် တွက်ချက်ထားပြီးဖြစ်သည်။
သို့သော်ငြား ယီးဟုန်ဂေဟာတွင် ထန်ဝမ့်နျန်ရှိနေမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ကနဦး၌ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ နှစ်ဦးဖြင့် လုံလောက်မည်ဟု တွေးထားခဲ့သည်။ သို့သော် လက်ရှိအခြေအနေတွင်တော့ မလုံလောက်တော့ချေ။
သို့သော် ၇၀ရာခိုင်နှုန်းခန့်သာ သေချာမှုရှိသည့်တိုင် ချန်ကျဲ့အတွေးထဲတွင် နောက်ထပ်လူတစ်ယောက် ရှိနေသေးသည်။
“ဟား ဟား ဟား စည်းကားနေလိုက်တာဗျာ။ ကျုပ် ပိုင်မော့ရှန်း မဖိတ်ခေါ်ပါဘဲ ရောက်လာခဲ့ပါတယ်။ အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက် အားနာပါရဲ့”
ထိုအခါ ယီးဟုန်ဂေဟာအတွင်းရှိ လူအားလုံးမှာ အံ့ဩမင်သက်ကုန်ရသည်– နောက်တစ်ယောက်ရောက်လာတယ်!
တစ်ဆက်တည်းတွင် နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
“ဟားဟားဟား.. ချောင်ကုန်သည်အဖွဲ့တောင် ရောက်နေမှတော့ ကျုပ် ချင်းယင်က ဘယ်လိုများ လွဲချော်လို့ဖြစ်ပါ့မလဲ။ နှောင့်ယှက်မိလို့ အားနာပါတယ်၊ အားနားပါတယ်”
ထိုစကားသံတွင် အားလုံး အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။
ထိုအခါ လူနှစ်ယောက် အတူတကွ ရောက်ရှိလာသည်ကို မြင်လိုက်ရ၏။
တစ်ဦးသည် ဆီးနှင်းများကဲ့သို့ ဆွတ်ဆွတ်ဖြူသည့် အပြင်အဆင်ဖြင့် တစ်ဦးသည်တော့ မင်အလား မည်းနက်သည့် အပြင်အဆင်ဖြင့် ဖြစ်သည်။
အစောင့်အရှောက်ကြီး၁၃ဦးထဲမှ ပိုင်မော့ရှန်း!
အစောင့်အရှောက်ကြီး၁၃ဦးထဲမှ လင်းယုန်၊ ကျား၊ ကျားသစ်: ချင်းယင်!
ထိုပုဂ္ဂိုလ်ကြီးနှစ်ဦး အတူတကွ ရောက်ရှိလာရာ အားလုံးမှာ ချန်ကျဲ့အား အံ့ဩမင်သက်စွာ စူးစိုက်ကြည့်နေမိတော့သည်။
“ဒါတွေအားလုံးက သူ့ရဲ့အဆက်အသွယ်တွေလား?!”
ထိုအခိုက်အတန့်၌ ချန်ကျဲ့ကိုယ်တိုင်ပင်လျှင် အနည်းငယ် အံ့ဩမိသွားရသည်။ ချန်ကျဲ့သည် ချောင်ကုန်သည်အဖွဲ့မှ တစ်ယောက်ယောက် စေလွှတ်လိုက်မည်ကို ၇၀ရာခိုင်နှုန်း သေချာမှုရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဒီနေ့ ရွေ့ရွေ့ကို ရှာဖွေနေချိန်၌ ချောင်ကုန်သည်အဖွဲ့သည်လည်း အရှေ့မြို့တွင် ရှာဖွေနေခဲ့ပြီး ဤအကြောင်းအရာသည် အနောက်မြို့အထိ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။
ချန်ကျဲ့ ရုတ်ချည်း နားလည်လိုက်၏။ ချောင်ကုန်သည်အဖွဲ့သည် ရင်းနှီးချစ်ကြည်ရေးသဘောထားကို ထုတ်ဖော်ပြသနေခြင်းပင်။
ကောင်းမွန်သည့် သဘောထားကို ထုတ်ဖော်ပြသလိုသည်ဖြစ်ရာ သာမန်ကာလျှံကာမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ– ဒီနေ့ည၏ မြင်ကွင်းအရ ချောင်ကုန်သည်အဖွဲ့သည် သူတို့၏အလေးထားမှုကို လူလွှတ်ပြသပေလိမ့်မည်။
ဤနည်းဖြင့် ကျားဖြူခန်းမကို ပို၍နီးကပ်လာစေမည်။
ထို့ကြောင့် ချန်ကျဲ့ လှံရှည်ကိုကိုင်ဆောင်၍ အဓိကလမ်းမကြီးတွင် လျှောက်နေခဲ့ခြင်းမှာ တကယ်တမ်းတွင် ချောင်ကုန်သည်အဖွဲ့ကို သတင်းပို့နေခြင်း ဖြစ်ပေသည်။
ငါ ယီးဟုန်ဂေဟာကို လူခေါ်ထုတ်ဖို့ ချင်းနင်းဝင်ပစ်တော့မယ်။ မင်းတို့ရဲ့ ကောင်းမွန်တဲ့သဘောထားကို ပြသချင်တယ်ဆိုရင် မင်းတို့ မြန်မြန်လုပ်တာ ကောင်းလိမ့်မယ်။ ဒါက ရှားပါးတဲ့အခွင့်အရေးကြီးနော် ဟူ၍။
သို့သော် ချန်ကျဲ့မှ ရောက်လာနိုင်ခြေ ၃၀ရာခိုင်နှုန်းသာ ရှိသည်ဟု ခန့်မှန်းထားသည့် ငါးဖမ်းကုန်သည်အဖွဲ့မှလည်း လူလွှတ်ပေးလာခဲ့သည်။
အကြောင်းမှာ ချောင်ကုန်သည်အဖွဲ့မှ ကျားဖြူခန်းမနှင့် မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းနေချိန်တွင် ငါးဖမ်းကုန်သည်အဖွဲ့မှလည်း တုံ့ပြန်ရပေမည်။ သို့သော် နန်ပါးထျန်းနှင့် ဖန်းရှစ်ကျုံးတို့ကြားတွင် ရန်ငြိုးရန်စရှိ၏။ ချန်ကျဲ့သည် နန်ပါးထျန်း၏ သဘောထားကြီးမှုကို မသေချာလေရာ ၃၀ရာခိုင်နှုန်းသာ ခန့်မှန်းထားခဲ့သည်။
ထို့ကြောင့် ချင်းယင်ရောက်ရှိလာသည်ကို မြင်သောအခါ ချန်ကျဲ့လည်း တခဏမျှ အံ့ဩသွားခဲ့သည်။
သို့သော် ချန်ကျဲ့သည် အမြန်ပြန်၍ အာရုံစုစည်းလိုက်သည်။
ချောင်ဟုန်ယန်သည် ချန်ကျဲ့၏ မျက်နှာအမူအရာအလုံးစုံကို စောင့်ကြည့်နေခဲ့ပြီး ယခုတွင် ချောင်ဟုန်ယန်မှာ မျက်မှောင်ကြုတ်နေပေသည်။
ဒီချန်ကျိုစစ်က တကယ်ပဲ ဘယ်သူလဲ။ ချောင်ကုန်သည်အဖွဲ့နဲ့ ငါးဖမ်းကုန်သည်အဖွဲ့နှစ်ခုစလုံးကို လှုပ်ရှားစေနိုင်တာ!
ချန်ကျိုစစ်၏သရုပ်မှန်သည် ရှင်းလင်းပြီး နားလည်သိရှိလွယ်သောကြောင့် မဟုတ်ခဲ့လျှင် ချန်ကျိုစစ်မှာ မျန့်ရွှေစီရင်စု၏ အုပ်ချုပ်သူအစစ်ဖြစ်သော မုလန်လူမျိုး စီရင်စုအုပ်ချုပ်ရေးမှူး၏ တရားမဝင်သားဟုပင် သူမ အထင်မှားမိလောက်ပေသည်။
သို့မဟုတ်ပါက မည်သို့မျှ နားမလည်နိုင်ပေ။
မျန့်ရွှေစီရင်စုမှာ တံငါသည်တစ်ယောက်ရဲ့သားအဖြစ် မွေးဖွားလာခဲ့တဲ့သူက အဆက်အသွယ်ဘယ်လောက်များများ ရှိနိုင်မှာမို့လို့လဲ။ သူ့ဆရာ ပိုင်ဝမ့်ကျင်းတောင် အစောင့်အရှောက်ကြီး၁၃ဦးကို မလှုပ်ရှားစေနိုင်ဘူးလေ!
ဒါပေမဲ့ သူက မျန့်ရွှေရဲ့ အစောင့်အရှောက်ကြီး၁၃ဦးမှာ တစ်ဝက်လောက်ကို လှုပ်ရှားစေနိုင်ခဲ့တယ်။ သူဘယ်လိုလုပ်လိုက်တာလဲ။
ဒီလိုကျယ်ပြန့်တဲ့အဆက်အသွယ်တွေကို သူ ဘယ်ကနေ ရခဲ့တာလဲ။
ချောင်ဟုန်ယန်၏ မျက်ခုံးတို့ တွန့်ချိုးထားသည်မှာ အက်ကြောင်းတစ်ခု ဖြစ်တည်လုနီးပါးပင်။
ဤအခိုက်အတန့်၌ ပွဲကြည့်ပရိသတ်အပေါင်းမှာလည်း အံ့ဩမင်သက်နေကြသည်။ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရသည်။
ဘုရားရေ ချန်ကျိုစစ်က ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ။ အစောင့်အရှောက်ကြီး၁၃ဦးထဲက ဒီလောက်အများကြီးကို ခေါ်ထုတ်လာနိုင်တာ.. တကယ့်ကို မယုံကြည်နိုင်စရာပဲ၊ မယုံကြည်နိုင်စရာပဲ!
ရှေ့လျှောက်တွင် သူတို့အားလုံး သတိထားရပေမည်။ ချန်ကျိုစစ်ကို သွားမရှုပ်သင့်ပေ။
အားလုံး၏မျက်လုံးအစုံမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
ဒါက မယုံကြည်နိုင်စရာပဲ!
ထို့နောက် ဒုတိယထပ်၌ ထန်ဝမ့်နျန်သည် ကိုယ်ရံတော်ကို ဘေးသို့ တွန်းဖယ်လိုက်သည်။ ထန်ဝမ့်နျန်သည် အောက်ဘက်ရှိမြင်ကွင်းကို အကဲခတ်ကြည့်လိုက်ရင်း မျက်လုံးတို့မှာ အံ့အားသင့်မှုများ ဖုံးလွှမ်းသွားရ၏။
ချောင်ကုန်သည်အဖွဲ့နဲ့ ငါးဖမ်းကုန်သည်အဖွဲ့နှစ်ခုစလုံးက တစ်ချိန်တည်း လူလွှတ်လိုက်ကြတယ်။ ဒီချန်ကျိုစစ်ရဲ့ ဇာစ်မြစ်က တကယ်ပဲ ဘာကြီးလဲဟ!
“ချန်ကျိုစစ်!”
ထန်ဝမ့်နျန်သည် မျက်လုံးအိမ်တို့မှေးကျုံ့လျက် ချန်ကျိုစစ်ဟူသည့်အမည်ကို မှတ်ဉာဏ်ထဲ မှတ်သားထားလိုက်သည်။
ဘေးရှိ ကိုယ်ရံတော်မှ ပြောသည်။
“ရာဇဝတ်တရားသူကြီးမင်း ဝင်ပါမှာပါလား”
ထိုအခါ ထန်ဝမ့်နျန်မှ ပြောသည်။
“ငါက ဝင်ပါရမှာလား? ငါဝင်ပါတော့ရော ဘာအသုံးဝင်မှာတဲ့လဲ။ ဒီနေ့ ယီးဟုန်ဂေဟာရဲ့ နှစ်၂၀ကြာစည်းမျဉ်းက ပျက်စီးသွားခဲ့ပြီ!”
ထိုအခါ ကိုယ်ရံတော်သည် ချန်ကျဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်၏။
တကယ့်ကို မုန်တိုင်းဖန်တီးနိုင်တဲ့လူပဲ!
ထိုစဉ် အပြင်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်ထက်၌ တတိယသခင်မလေးဟွားမှ ပြောသည်။
“ငါတို့သွားသင့်ပြီ”
လူအိုကြီးကျုံးမှ တတိယသခင်မလေးဟွားကို ကြည့်လျက် ပြောသည်။
“သူဌေး ကျုပ်တို့ ဒီလိုပဲသွားလိုက်တော့မလို့လား”
တတိယသခင်မလေးဟွားမှ ပြန်ပြောသည်။
“ဒီလူငယ်လေးက ကျွန်မ ထင်ထားတာထက် ပိုပြီး အင်အားကြီးနေတယ်”
ထိုသို့ပြောခဲ့ပြီးနောက် တတိယသခင်မလေးဟွားသည် ညအမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
လူအိုကြီးကျုံးသည် သူ၏ဆေးတံကို ခပ်ဖွဖွထိရင်း တီးတိုးရေရွတ်၏။
“ချန်ကျိုစစ် စိတ်ဝင်စားစရာပဲ!”
ထိုသို့ပြောလျက် သူသည်လည်း တတိယသခင်မလေးဟွားနောက်သို့ ပျံသန်းလိုက်ပါသွားတော့သည်။