← Chapters

ချောင်ဟုန်ယန် : ချန်ကျိုစစ်၊ မင်းဘယ်လိုလုပ်ပြီး ငါ့ကို အခွင့်ကောင်းယူရဲရတာလဲ

Vol. 17 Ch. 236

ချောင်ဟုန်ယန် : ချန်ကျိုစစ်၊ မင်းဘယ်လိုလုပ်ပြီး ငါ့ကို အခွင့်ကောင်းယူရဲရတာလဲ

Vol. 17 Ch. 236

ယီးဟုန်ဂေဟာအတွင်း၌ ချောင်ကုန်သည်အဖွဲ့၏ ပိုင်မော့ရှန်းနှင့် ငါးဖမ်းကုန်သည်အဖွဲ့၏ လင်းယုန်ခန်းမအရှင်သခင် ချင်းယင်တို့ ရောက်လာသည်။

အဖြစ်အပျက်တစ်ခုလုံးသည် တစ်ဖက်စောင်းနင်း အခြေအနေသို့ ပြောင်းလဲဝင်ရောက်သွားသည်။

ထိုအခိုက်အတန့်၌ သူတို့နှစ်ဦးသည် ချောင်ဟုန်ယန်အနီးသို့ ချဉ်းကပ်သွားသည်။ လူကြီးမင်းပိုင်သည် ညာလက်တွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားပြီး ဘယ်လက်ဖြင့် အုပ်ကိုင်ကာ ဓလေ့ထုံးတမ်းအတိုင်း အရိုအသေပြု နှုတ်ဆက်သည်။

“မိန်းကလေးဟုန်ယန်ကို တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်”

ချင်းယင်သည် ချောင်ဟုန်ယန်ကို အထက်အောက်စေ့စပ်စွာ ကြည့်ရှုအကဲခတ်၍ သူ၏အကြည့်များတွင် အံ့အားသင့်မှုနှင့် အသိအမှတ်ပြုခြင်းတို့ ထင်ဟပ်နေခဲ့သည်။

ချင်းယင်သည် အရင်က လှပသော အမျိုးသမီးများစွာကို မြင်တွေ့ဖူးသော်ငြား ချောင်ဟုန်ယန်ကဲ့သို့ အလှတရားမျိုးမှာမူ အမှန်တကယ် ရှားပါးလှ၏။ သူမ၏မျက်နှာကို မမြင်ရသည့်တိုင် အသွင်အပြင်တစ်ခုတည်းသည်ပင် လူတစ်ယောက်၏စိတ်အာရုံကို စိတ်ကူးယဉ်‌အတွေးများဖြစ်ပေါ်စေပြီး မွှေနှောက်ပစ်နိုင်လေသည်။

အထူးသဖြင့် သူမ၏ခန္ဓာကိုယ်မှ မွှေးရနံ့ဖြင့် ပေါင်းလိုက်သောအခါတွင် ဖြစ်သည်။ သူမကို အဆင့်အတန်းကွာခြားသွားစေ၏။

အစောင့်အရှောက်ကြီး၁၃ဦးထဲတွင် သူမသည် သူ၏ အလေးထားမှုကို ရယူနိုင်သော တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။

ချင်းယင်သည် အစောင့်အရှောက်ကြီး၁၃ဦးထဲတွင် ဆီကုန်သည်မှာလည်း အမျိုးသမီးတစ်ဦးဖြစ်ကြောင်း မသိထားပေ။

ဆီကုန်သည်၏ သရုပ်မှန်ကို အတော်လေး နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားကာ ပုံမှန်အားဖြင့်လည်း အခြားသူများနှင့် များများစားစား ဆက်ဆံခြင်း မရှိပေ။ မှောင်ခိုဈေး၏ အရေးကိစ္စများကိုလည်း ‌အဖိုးကြီးကျုံးမှ ကိုင်တွယ်ဦးစီးသည်။ ထို့ကြောင့် လူအများသည် အဖိုးကြီးကျုံးကို ဆီကုန်သည်ဟု အထင်မှားတတ်ကြသည်။

ဆီကုန်သည်သည် စွဲမက်ဖွယ်သော အသွင်အပြင်ဖြင့် ရင်သပ်ရှုမော‌ဖွယ် အလှလေးဖြစ်ကြောင်း မည်သူက ထင်ထားပါအံ့နည်း။

ချောင်ဟုန်ယန်သည်တော့ ပန်းများအားလုံးကို လွှမ်းမိုးနိုင်သည့် အလှလေးဖြစ်ပြီး ဥယျာဉ်ကို လွှမ်းမိုးချုပ်ကိုင်သည့် ပျိုနီပန်းပင်နှင့် ပို၍ဆင်တူပေသည်။

သို့ဖြင့် ချင်းယင်သည် ချောင်ဟုန်ယန်ကို စိတ်အားထက်သန်စွာ နှစ်ကြိမ်မျှ အထက်အောက်ကြည့်ရှုလိုက်သည်။ ချောင်ဟုန်ယန်၏မျက်နှာမှာ ဖုံးအုပ်ထားသည့်တိုင် သူမ၏ မကျေနပ်မှုမှာ သိသာထင်ရှားနေခဲ့၏။ သူမသည် အေးစက်စက် မျက်နှာလွှဲလိုက်ပြီး အင်္ကျီလက်ကြားထဲမှ လက်ဖဝါးရိုက်ချက်တစ်ချက်ဖြင့် ရုတ်တရက် တိုက်ခိုက်သည်။ အရှိန်နှုန်းမှာလည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လျင်မြန်သည်။

ပန်းပွင့်များကြားထဲမှ တစ်ဟုန်ထိုး ရွေ့လျားလာသည့် လက်တစ်ဖက်ပမာ လျင်မြန်ကာ မွှေးရနံ့နှင့်အတူ ချင်းယင်သို့ တန်းတန်းမတ်မတ် ဦးတည်တိုက်ခိုက်သည်။

ချင်းယင်မှလည်း ရုတ်ချည်း တုံ့ပြန်၏။ လက်ယာလက်ဖြင့် ‌သူ့ထံ ဦးတည်လာသည့် ပန်းပွင့်လက်ကို အပြင်းအထန် ကုတ်ခြစ်တိုက်ခိုက်သည်။

လင်းယုန်လက်သည်းသည် အားပြင်းစွာ ပြန်တိုက်ခိုက်လိုက်သော်ငြား ထိုအခိုက်၌ ပန်းပွင့်လက်သည် ရှောင်တိမ်းသွားပြီး လင်းယုန်လက်သည်း၏ ထက်ရှသောအစွန်းများတွင် ကျင်လည်စွာ ဝန်းရံကာ အနည်းငယ် လှည့်လိုက်သည်။ ထို့နောက် လက်ဖဝါးရိုက်ချက်တစ်ခုနှင့်အတူ ချင်းယင်၏လက်ကောက်ဝတ်နှင့် ထိခတ်မိသွားပြီး ချင်းယင်မှာ နောက်သို့ ခြေတစ်လှမ်းဆုတ်သွား၏။

ထို့နောက်တွင် ချင်းယင်သည် သူ၏လက်များကို လင်းယုန်တစ်ကောင် အတောင်ပံဖြန့်ကျက်သကဲ့သို့ ကိုယ်နေဟန်ထားမျိုးကို အသင့်ပြင်သည်။

အား…

အားလုံးမှာ လင်းယုန်ငှက်ကြီးတစ်ကောင်၏ အော်ညည်းသံကို ကြားလိုက်ရသည့်အလားပင်။ ထိုစဉ် ချောင်ဟုန်ယန်မှ ရယ်မောလျက် ပြောသည်။

“လူကြီးမင်းချင်းယင်က တကယ့်ကို အထင်ကြီးလောက်ပါပေတယ်။ ကျွန်မတော့ လေးစားမိသွားပြီ!”

ချင်းယင်မှာ ခုနလေးကပင် တစ်ချက်ရှုံးနိမ့်သွားခြင်းဖြစ်၏။ သူ၏အင်အားသည် ချောင်ဟုန်ယန်နှင့် မယှဉ်နိုင်ကြောင်း သိသာထင်ရှားလေရာ ချောင်ဟုန်ယန်၏ ထိုစကားသည် ချင်းယင်အား မျက်နှာတည့်တည့်သို့ မသိမသာ ရိုက်နှက်လိုက်ခြင်း ဖြစ်ပေသည်။

ချင်းယင်သည် အံ့တင်းတင်းကြိတ်ထားမိသည့်တိုင် ဘာမျှမပြောနိုင်ခဲ့ချေ။

သူ ဒီနေ့ ရောက်လာရသည့် ရည်ရွယ်ချက်မှာ တိုက်ခိုက်ရန် မဟုတ်ပေ။

အမှန်တကယ် တိုက်ခိုက်ရန် လာရောက်ခဲ့ခြင်း ဖြစ်လျှင်သော်မှ သူ့ဘက်မှ အသာစီးရနိုင်မည် မဟုတ်ပေ။ သို့ဖြင့် ချင်းယင်မှာ ရွေးချယ်စရာမရှိတော့ဘဲ ကိုယ်နေဟန်ထားကို ပြင်လိုက်ကာ ငြိမ်းချမ်းမှုကို အလေးပေးရတော့သည်။ ချင်းယင်မှ ပြောသည်။

“မိန်းကလေးဟုန်ယန်က တကယ့်ကို ထူးခြားပြောင်မြောက်တာပါပဲ။ ခုနက လက်ဝါးသိုင်းကွက်က ဘယ်လိုသိုင်းပညာများလဲ”

ချောင်ဟုန်ယန်မှ ရယ်မောလိုက်ပြီး ပြောသည်။

“မေ့တောင်ဖြိုခွင်း ပန်းလက်ဝါးသိုင်း”

“အမြင်ကျယ်ရပါတယ်!”

ချင်းယင်မှ ပြန်ပြောသည်။

ချောင်ဟုန်ယန်သည် ဘာမှပြန်မပြောပေ။ ထိုစဉ် ပိုင်မော့ရှန်းမှ ကြားဝင်ပြောသည်။

“မိန်းကလေးဟုန်ယန်က တကယ့်ကို မယုံကြည်နိုင်လောက်စရာပါပဲ! မိန်းကလေးဟုန်ယန်က အလှတရားကတင် ပန်းတွေနဲ့အပြိုင် လှပတာ မဟုတ်ဘဲ သိုင်းပညာကပါ ကဗျာဆန်တာပဲ။ ပန်းဆွတ်ခူးဖို့အတွက် လက်လေးတစ်ဖက် တိမ်စိုင်တွေကြားကနေ ထွက်ပေါ်လာသလိုမျိုး မြင်ကွင်းကို လုံးဝ အံဝင်ခွင်ကျဖြစ်စေတာပါပဲ”

“ချီးမွမ်းလွန်းနေပါပြီ”

ချောင်ဟုန်ယန်မှ ယဉ်ကျေးပျူငှာစွာ ပြန်ပြောသည်။

ထိုစဉ် ဖန်းရှစ်ကျုံးမှ မေး၏။

“လူကြီးမင်းတို့နှစ်ယောက်က ဒီနေ့ ဒီနေရာကို ဘာကိစ္စကြောင့်များ ရောက်လာကြတာပါလဲ”

ဖန်းရှစ်ကျုံးသည် သူတို့၏ ရည်ရွယ်ချက်များကို မှန်းဆမိပြီးဖြစ်သည်။ သို့‌တိုင် ထိုသူနှစ်ဦးကို သတိပေးရန်အတွက် မေးမြန်းသင့်သည်ဟု ခံစားမိ၏။

ထိုအခါ ပိုင်မော့ရှန်းမှ ရယ်မောလျက် ပြန်ပြောသည်။

“အာ ဟုတ်သားပဲ။ ကျုပ်မှာ မိန်းကလေးရဲ့ အလှတရားကြောင့် အာရုံထွေပြားပြီး လာရင်းကိစ္စကို မေ့တော့မလို့။ မိန်းကလေးဟုန်ယန် ကျုပ် ဒီနေ့လာရတာက ခေါင်းဆောင်ရဲ့အမိန့်ကြောင့်ပါ။ ကျုပ်တို့ခေါင်းဆောင်နဲ့ ခန်းမအရှင်သခင်ဖန်းတို့က မိတ်‌ဆွေဟောင်းကြီးတွေပါ။ ကျုပ် ဒီနေ့လာရတာက ခန်းမအရှင်သခင်ဖန်းရဲ့ တောင်းဆိုမှုကို မိန်းကလေးဟုန်ယန်အနေနဲ့ ဖြည့်ဆည်းပေးဖို့ လာရောက်တောင်းဆိုတာပါပဲ။ ဒီတောင်းဆိုမှုအတွက် ချောင်ကုန်သည်အဖွဲ့က မိန်းကလေးဟုန်ယန်ရဲ့ ကျေးဇူးကို မှတ်သားထားမှာပါ။ မိန်းကလေးဟုန်ယန် အနေနဲ့ ကူညီပေးနိုင်မလားဆိုတာလေး မေးမြန်းချင်ပါတယ်”

ချောင်ဟုန်ယန်၏ အသံမှာ အေးစက်နေ၏။

“ဒီလိုအသေးအမွှားကိစ္စလေးက ခေါင်းဆောင်လျိုကိုတောင် အလုပ်ရှုပ်စေမိတာပဲ။ ကျွန်မ တကယ်ကို ဘာပြောရမယ် မသိတော့ပါဘူး”

ထို့နောက် ချင်းယင်မှ ပြောသည်။

“မိန်းကလေးဟုန်ယန် ကျုပ်လည်း ခေါင်းဆောင်ရဲ့အမိန့်ကြောင့် လာခဲ့တာပါပဲ။ ခန်းမအရှင်သခင်ဖန်းက ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ဦးပါ။ ကျေးဇူးပြုပြီး ခေါင်းဆောင်ရဲ့မျက်နှာကို ထောက်ထားပြီး ခန်းမအရှင်သခင်ဖန်းရဲ့ တောင်း‌ဆိုမှုကို လိုက်လျောပေးစေလိုပါတယ်။ ငါးဖမ်းကုန်သည်အဖွဲ့က မိန်းကလေးဟုန်ယန်ကို အရမ်းကိုမှ ကျေးဇူးတင်နေမှာပါ”

ထိုအခါ ချောင်ဟုန်ယန်သည် ဤအရာအားလုံးမှာ မိမိနှင့် လားလားမျှ မသက်ဆိုင်သည့်အလား လူအုပ်ကြားထဲတွင် သိသာထင်ရှားခြင်းမရှိအောင် ပုန်းကွယ်နေသည့် ချန်ကျဲ့ကို လှည့်ကြည့်လိုက်သည်။ ချန်ကျိုစစ်၏ ပြဿနာကို လမ်းလွဲချော်စေသည့် အရည်အချင်းမှာ သာမန်လူများ စီမံလုပ်ဆောင်နိုင်သည့်အရာမျိုး မဟုတ်ပေ။

ထို့နောက် ချောင်ဟုန်ယန်သည် ချန်ကျိုစစ်ကို အမည်တပ်လျက် ပြော၏။

“ချန်ကျိုစစ် ဒါက မင်းနာမည်လား”

ထိုအခါ ချန်ကျဲ့သည် ဘေးရှိလူများကို တစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီးနောက် ရှေ့သို့တိုးသွားကာ လက်သီးယှက်အရိုအသေပြုလိုက်သည်။

“စီနီယာဟုန်ယန်ကို တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်”

“စီနီယာ?!”

ချောင်ဟုန်ယန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး အနည်းငယ် ဒေါသစွက်လျက် ရယ်မောသည်။

“မင်းက ငါ့အသက်ကို သိလို့လား။ အဲဒါတောင်မှ ငါ့ကို လူကြီးမင်းလို့ ခေါ်ရဲသေးတယ်!”

ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“သိုင်းလောကမှာ အရည်အချင်းသာလွန်တဲ့သူကို လေးစားမှုထားရှိရပါတယ်။ စီနီယာရဲ့ သိုင်းပညာက ကျွန်တော့်ထက် အများကြီး သာလွန်တာကြောင့် ‘စီနီယာ'ဆိုတဲ့ အ‌ေခါ်အဝေါ်က သင့်လျော်ပါတယ်”

“ဟားဟား အရမ်းကောင်းတယ်။ မင်းက ငါ့ကို အထက်လူကြီးအဖြစ် သတ်မှတ်တယ်ဆိုမှတော့ မင်းရဲ့အထက်လူကြီးတစ်ယောက်အနေနဲ့ ငါမင်းကို မေးမယ်– ဒီနေ့အဖြစ်အပျက်ကို မင်း စီစဉ်ခဲ့တာလား။ ဒီက ဩဇာလွှမ်းမိုးတဲ့ လူကြီးမင်းတွေအားလုံး ပါဝင်လာအောင်လို့ မင်း ကြံစည်ထားခဲ့တာ ဟုတ်သလား”

“ဒီငယ်သား စိုးရွံ့မိပါတယ်။ ကျွန်တော်က ဘယ်လိုလုပ်ပြီး လူကြီးမင်းတို့ကို ကြံစည်ရဲပါ့မလဲ”

ပွဲကြည့်နေသည့် လူအုပ်ကြီးသည်လည်း ချန်ကျဲ့အား အဓိပ္ပာယ်ပါဝင်သော အကြည့်များဖြင့် ကြည့်လာကြသည်။

သူတို့၏မျက်နှာအမူအရာများမှာ အမျိုးမျိုးပြောင်းလဲနေကြ၏။ ဖန်းရှစ်ကျုံး၏ မျက်နှာအမူအရာသည်လည်း ကနဦးတွင် အံ့ဩခြင်းမှ နောက်ပိုင်းတွင် တဖြည်းဖြည်း အသိအမှတ်ပြုခြင်းအဖြစ် ပြောင်းလဲနေရာယူသွားခဲ့သည်။

သားငယ်၅က တကယ့်ကို ဉာဏ်ထက်မြက်တာပဲ၊ မဆိုးဘူး မဆိုးဘူး။

ကျန်းလီယဲ့လည်း ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများထဲတွင် အသိအမှတ်ပြုသည့် အငွေ့အသက်များ ရှိနေသကဲ့သို့ အေးစက်မှုတစ်စလည်း ရှိနေသည်။

ဒီလူငယ်လေးက အရမ်းဉာဏ်များလွန်းနေတာ သူနဲ့ ဝူဟုန်ရဲ့ တွေ့ဆုံမှုကတောင်မှ တွက်ချက်ကြံစည်ထားတာ ဖြစ်နေမလား။

သူ၏ တုံးအသည့် တပည့်လေးသည် ချန်ကျိုစစ်အား သေအတူရှင်မကွာ ညီအစ်ကိုတစ်ဦးအဖြစ် သဘောထားလေသည်။

အကယ်၍ ချန်ကျိုစစ်က ငါ့ရဲ့တုံးအတဲ့တပည့်ကို ခြေနင်းကျောက်တုံးတစ်တုံးအဖြစ်ပဲ သဘောထားနေခဲ့ရင်ရော…

All Chapters