← Chapters

ချောင်ဟုန်ယန် : ချန်ကျိုစစ်၊ မင်းဘယ်လိုလုပ်ပြီး ငါ့ကို အခွင့်ကောင်းယူရဲရတာလဲ_၉

Vol. 17 Ch. 237

ချောင်ဟုန်ယန် : ချန်ကျိုစစ်၊ မင်းဘယ်လိုလုပ်ပြီး ငါ့ကို အခွင့်ကောင်းယူရဲရတာလဲ_၉

Vol. 17 Ch. 237

ကျန်းလီယဲ့သည် ချန်ကျဲ့ကို လေးနက်စွာ ကြည့်နေခဲ့ရင်း အနာဂတ်တွင် ဝူဟုန်အနေဖြင့် သူ၏ ဤညီနောင်နှင့်ပတ်သက်ပြီး သတိထားရမည်ဟု တွေးနေခဲ့သည်။

ထိုအချိန်တွင် ပိုင်မော့ရှန်းသည်လည်း ချန်ကျဲ့ကို အထက်အောက် အကဲခတ်ကြည့်နေသည်။ သူ၏မျက်လုံးများထဲတွင် အသိအမှတ်ပြုခြင်းတို့ ထင်ဟပ်နေ၏။

အဆက်အသွယ်တွေကို အခြေအနေအလိုက် ကောင်းကောင်းအသုံးချနိုင်တယ်။ ဒီလူငယ်လေးက နည်းနည်းတော်သားပဲ။

ချင်းယင်သည် အရိုအသေပြုနေရင်း ချန်ကျဲ့ကို မျက်မှောင်ကြုတ်ကြည့်နေ၏။ မျက်နှာမှာလည်း အထင်မြင်သေးခြင်းတို့ ထင်ဟပ်နေခဲ့၏။

“ဟမ့် ဟာသပဲ။ သူ့ကိုယ်သူ ငါ့ကို အကွက်ချကြံစည်နိုင်မယ်များ ထင်နေလား။ ငါ ဒီကိုရောက်လာတာက ခေါင်းဆောင်ရဲ့ အမိန့်ကြောင့်ပဲ။ မဟုတ်မှ သူက ခေါင်းဆောင်ကိုပါ လှည့်စားနိုင်မှာမို့လို့လား”

“အဲဒါက ဘယ်လိုလုပ်ပြီး ‌ဖြစ်နိုင်မှာလဲ။ သူ့လောက်နဲ့လေ ဟက်…”

ချင်းယင် မယုံကြည်ပေ။

ငါးပေါက်လေးက အင်အားကြီးပုဂ္ဂိုလ်ကြီးတွေကို အကွက်ချကြံစည်တယ်ပေါ့လေ။ အဲဒီလိုဆိုရင်တော့ ချန်ကျိုစစ်‌တစ်ယောက် ဝက်ဝံအသည်းကို စားပြီး ကျားသစ်လို သတ္တိမျိုးရှိမှပဲ ရလိမ့်မယ်။

သို့တိုင် နောက်ဘက်ရှိ ဝူဟုန်သည်တော့ ဘာကိုမျှ အရေးမထားဟန်ရှိ၏။ ဝူဟုန်သည် သူ၏ညီအစ်ကိုထံမှ တွက်ချက်ကြံစည်ခြင်း ခံရခြင်းကို အထွေအထူး မခံစားမိပါချေ။ သူသည် ရွေ့ရွေ့ကို စိတ်ရင်းအမှန်ဖြင့် ကယ်တင်လိုခဲ့ခြင်းဖြစ်သည်။ ထိုအတွက် ညီအစ်ကိုတစ်ဦး၏ လိုသလို ထိန်းချုပ်ကြံစည်ခံခဲ့ရလျှင်သော်မှ သူ လက်ခံနိုင်ပေသည်။

ဖန်းရှစ်ကျုံး၏ ဘေးတွင်ရပ်နေသည့် ဖုန်းရွှမ်၏မျက်လုံးများတွင် သတိတကြီးထားရှိမှုတို့ဖြင့် ဖုံးလွှမ်းသွားခဲ့၏။ ချောင်ဟုန်ယန်မှ ချန်ကျဲ့ကို ညွှန်ပြပြောဆိုလာမှသာ ချန်ကျိုစစ်၏ ညီမတစ်ယောက်ကို ကယ်တင်ရန်အတွက် အလွန်များပြားသည့် အင်အားကြီးပုဂ္ဂိုလ်ကြီးများ ဝင်ပါလာခြင်းကဲ့သို့သော မဖြစ်တန်သည့် အကြောင်းအရာကို ဖုန်းရွှမ် နားလည်သွားရသည်။

ချန်ကျိုစစ်က ဒီလိုလွှမ်းမိုးနိုင်စွမ်းမျိုးကို ဘယ်ကနေ ရလာတာလဲ။

ဒါပေမဲ့ ဒီအခြေအနေအရ တကယ်ပဲ ချန်ကျဲ့က အကွက်ချကြံစည်ပြီး ဒီပုဂ္ဂိုလ်ကြီး‌တွေကို လှည့်စားခဲ့တာဆိုရင် ငါ ချန်ကျဲ့ကို ပိုလို့တောင် သတိထားသင့်ပြီပဲ။ ဘယ်လိုတောင် အစီအစဉ်ဆွဲရာမှာ ထက်မြက်လိုက်သလဲ။ ဒီတစ်ယောက်က အန္တရာယ်များတဲ့သူပဲ။

ထိုစဉ် အပေါ်ထပ်၌ စီရင်စု ရာဇဝတ်တရားသူကြီး ထန်ဝမ့်နျန်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ကြည့်လျက် သေရည်တစ်ငုံသောက်ရင်း ခပ်ဖျော့ဖျော့ရယ်မောသည်။

“စိတ်ဝင်စားစရာပဲ။ ဒီလူငယ်လေးက အမှုထမ်းလောကအစား သိုင်းလောကကို ရွေးချယ်လိုက်တာ နှမြောစရာပဲ။ ဒီလူငယ်လေးက ကိစ္စကြီးတွေကို အောင်မြင်စေနိုင်မယ့်သူမျိုးပဲ”

ထိုအခါ ကိုယ်ရံတော်မှ ပြောသည်။

“တရားသူကြီးမင်း အခု ဒီအခြေအနေကို တကယ်ပဲ ချန်ကျိုစစ်က အကွက်ချကြံစည်ထားတာလို့ တွေးနေတာလား”

ထန်ဝမ့်နျန်မှ ပြန်ပြောသည်။

“မင်း တံတိုင်းကြီးတည်ဆောက်ဖို့အတွက် ကျောက်တုံးတစ်တုံးကို ရွှေ့နေတဲ့ အလုပ်သမားတွေကို မြင်ဖူးလား။ သူတို့ အဲဒီကျောက်တုံးကို နေရာတကျဖြစ်အောင် ဘယ်လိုမျိုး ထိန်းချုပ်ရွှေ့ပြောင်းကြလဲ”

“ယေဘုယျအားဖြင့်တော့ ရှည်လျားတဲ့မောင်းတံကို အသုံးပြုတဲ့အပြင် အပေါ်ကို ကလော်တင်နိုင်ဖို့အတွက် အနားမှာ ကျောက်တုံးအသေးတစ်တုံး ထားပါတယ်”

ထန်ဝမ့်နျန်မှ ပြောသည်။

“သူက အဲဒီမထင်ရှားတဲ့ အခရာကျတဲ့ ကျောက်တုံးအသေးလေးပဲ”

ကိုယ်ရံတော် မေးသည်။

“ဒါက တကယ်ပဲ သူ့အကြံအစည်လား”

ထန်ဝမ့်နျန်မှ ပြန်ပြောသည်။

“အဲဒီလိုမဟုတ်ခဲ့ရင်တောင် သူက ဒီအခြေအနေကို ဖြစ်မြောက်အောင် ပံ့ပိုးဆောင်ရွက်တဲ့သူပဲ။ သူ မဟုတ်ခဲ့ရင် ဒီလူတွေ ဒီနေရာမှာ အခုလို စုဝေးမိမှာ မဟုတ်သလို ဒီကြီးမားလှတဲ့ ယီးဟုန်ဂေဟာကိုလည်း ရပ်တည်ချက်ပြောင်းလဲစေနိုင်ခဲ့မှာ မဟုတ်ဘူး”

ထိုအခါ ကိုယ်ရံတော်မှ ပြောသည်။

“တရားသူကြီးမင်းကို ကြည့်ရတာ ဒီကိစ္စကို လုံးဝ စိတ်ထဲမထားပုံပဲ။ ယီးဟုန်ဂေဟာမှာ တရားသူကြီးမင်းလည်း တိတ်တဆိတ် ရင်းနှီးမြှုပ်နှံထားတယ်လေ”

ထန်ဝမ့်နျန်မှ ရယ်မော၏။

“အဲဒီတော့ ဘာဖြစ်လဲ။ သူတို့ အဲဒီကလေးမလေးကို ခေါ်ထုတ်သွားနိုင်‌လည်း ငါ့ရမယ့် အကျိုးအမြတ်ဝေစုကို ထိခိုက်မှာမှ မဟုတ်တာပဲ”

“ဒါပေမဲ့ ယီးဟုန်ဂေဟာရဲ့ နှစ်၂၀ကြာတည်မြဲလာတဲ့ ဘယ်သူ့ကိုမှ ရွေးနုတ်လို့မရဆိုတဲ့စည်းမျဉ်းသာ ကျိုးပျက်သွားခဲ့ရင် အနာဂတ်မှာ တခြားသူတွေကပါ ရွေးနုတ်ချင်လာရင် ဘယ်လိုလုပ်မလဲ။ ဒီက စီးပွားရေးလုပ်ငန်းကို ဘယ်လိုလုပ်ကြမလဲ”

ထန်ဝမ့်နျန်မှ တခစ်ခစ်ရယ်မော၏။

“ကျိုးပျက်တယ်? ကျိုးပျက်လို့လား”

“မ မကျိုးပျက်ဘူးလား”

ကိုယ်ရံတော်မှာ ရှုပ်ထွေးနေတော့သည်။

ထန်ဝမ့်နျန်မှ ရှင်းပြသည်။

“ရွေးနုတ်ချင်တဲ့သူက သူ့ဘက်ကနေ ကြားဝင်ဖြန်ဖြေပေးဖို့အတွက် အစောင့်အရှောက်ကြီး၁၃ဦးထဲက ၄၊၅ယောက်လောက် ဖိတ်ခေါ်လာနိုင်မယ်ဆိုရင်တော့ အင်း စည်းမျဉ်းကျိုးပျက်နိုင်ပါတယ်။ မဟုတ်ရင်တော့ ဒီစည်းမျဉ်းက ဘာကြောင့်များ ကျိုးပျက်ရမတဲ့လဲ”

ထိုအခါမှ ကိုယ်ရံတော်သည် သေချာပြန်ပြောင်းစဉ်းစားပြီး နားလည်သွားခဲ့သည်။

ချန်ကျိုစစ်မှ လူရွေးနုတ်ရန် အောင်မြင်သွားခြင်းသည် အခြားသူများမှလည်း ထိုသို့လိုက်ပါလုပ်ဆောင်နိုင်မည်ဟု မဆိုလိုပေ။

ကိုယ့်ဘက်ကနေ ကြားဝင်ဖျန်ဖြေပေးဖို့အတွက် အစောင့်အရှောက်ကြီး၁၃ဦးထဲက ၄၊၅ယောက်လောက်ကို ဖိတ်ခေါ်ပြီး ယီးဟုန်ဂေဟာကို လူရွေးနုတ်ဖို့ လာနိုင်တဲ့သူက ဘယ်နှယောက်များ ရှိနိုင်မှာတဲ့လဲ။

အဲဒီလိုဖိတ်ခေါ်လာနိုင်စွမ်းမရှိမှတော့ ယီးဟုန်ဂေဟာကရော ဘာကြောင့်များ လူကို ရွေးနုတ်ခွင့်ပေးရမတဲ့လဲ။

အဲဒီတော့ စည်းမျဉ်းကျိုးပျက်သွားရတာက လက်ရှိ ဒီအခိုက်အတန့် ဒီအခြေအနေတစ်ခုတည်းအတွက် ကျိုးပျက်သွားခဲ့တာပဲ!

ထန်ဝမ့်နျန်သည် အလှလေး၏ နှိပ်နယ်ပေးမှုကို ကြည်နူးခံစားရင်း သေရည်ကို အရသာခံသောက်သုံးရင်းဖြင့် အလွန်တရာ ကျေနပ်အားရနေပေသည်။

“လူ့လောကရဲ့ သာယာကြည်နူးဖွယ်တွေဆိုတာ အပြည့်အဝ ခံစားပျော်မွေ့သင့်တယ်။ လရောင်ကို တစ်ကိုယ်တည်း မျက်နှာမူရင်းနဲ့ သေရည်တစ်ခွက်ကို မဖြုန်းတီးလိုက်လေနဲ့။ မင်း အခုချက်ချင်း အပြင်ထွက်ပြီး တံခါးပိတ်ခဲ့လိုက်တော့။ ငါ အနားယူ‌တော့မယ်…”

ထန်ဝမ့်နျန်သည် ပန်းပွင့်များကြား လဲလျောင်းလိုက်ရင်း ကြိုးစားအားထုတ်သော လိပ်ပြာငယ်လေးအဖြစ် ပြောင်းလဲသွားခဲ့သည်။

အပြင်လောကမှာ သူနှင့် လားလားမျှ မသက်ဆိုင်တော့သည့်အလားပင်။

…

အပြင်ဘက်၌ ချန်ကျဲ့သည် လက်သီးယှက်ထားမြဲဖြင့် ပြောသည်။

“စီနီယာဟုန်ယန်၊ ကျွန်တော့်ညီမလေးကို ပြန်လွှတ်ပေးဖို့ ကျွန်တော် စီနီယာကို အနူးအညွတ်တောင်းပန်ပါတယ်။ ကျွန်တော် စီနီယာကို အတိုင်းအဆမရှိ ကျေးဇူးတင်နေမှာပါ”

ချောင်ဟုန်ယန်သည် နှိမ့်ချစွာတောင်းဆိုနေဟန်သော ချန်ကျဲ့ကို ကြည့်နေခဲ့၏။

“မင်း ဒီလိုမျိုး သူ့ကို ခေါ်သွားတာက ယီးဟုန်ဂေဟာရဲ့ နှစ်၂၀သက်တမ်းရှိတဲ့ စည်းမျဉ်းကို ချိုးဖျက်လိုက်တာဖြစ်ပြီး ငါတို့ကို အပြစ်ပြုစော်ကားလိုက်တာပဲလို့ သတ်မှတ်ခံရမယ်ဆိုတာ သိရဲ့လား။ မင်း မကြောက်ဘူးလား”

“ကြောက်ပါတယ် ဒါပေမဲ့ ကျွန်တော် ညီမလေးကို ခေါ်ထုတ်ရပါမယ်”

ချန်ကျဲ့၏တုံ့ပြန်မှုသည် တည်ကြည်လေးနက်ပြီး ခိုင်မြဲ၏။

“ဘာလို့လဲ”

ချောင်ဟုန်ယန်၏ အမေးစကားသည် ထောင်ချောက်တစ်ခုဖြစ်သည်။ အားလုံးသည် အံ့အားသင့်သွားကြ၏– ဘာလို့လဲဟူသည့် အမေးမှာ ပြည့်တန်ဆာအိမ်သည် ရည်မွန်ကောင်းမွန်သည့် အမျိုးသမီးများ နေထိုင်သင့်သည့် နေရာတစ်ခုအလားပင်!

သို့သော် ၎င်းကို ပွင့်ပွင့်လင်းလင်းကြီး ပြောလိုက်ခြင်းငှာ မသင့်တော်ပေ။

ချောင်ဟုန်ယန်သည် ဒေါသထွက်နေကြောင်း သိသာလှပြီး သူမ၏‌အမျက်ဒေါသကို ချန်ကျဲ့ထံ ဖွင့်ထုတ်ပစ်ချင်နေသည်။ ချန်ကျဲ့မှ စကားလုံးလေး တစ်လုံးတစ်လေမျှ မှားယွင်းပြောဆိုခဲ့လျှင်ပင် ချန်ကျဲ့မှ တကယ်ကြီး သူမကို အပြစ်ပြုလိုက်ခြင်းအဖြစ် အဆုံးသတ်သွားပေလိမ့်မည်။ ဤသည်မှာ ချန်ကျဲ့၏ လိုက်လျောညီထွေဆောင်ရွက်နိုင်မှုကို စမ်းသပ်နေခြင်းပင်။

ချောင်ဟုန်ယန်၏ ထိုစကားတွင် ချန်ကျဲ့သည် သေချာစဉ်းစား‌ဆင်ခြင်သည်။ ထို့နောက် မမျှော်လင့်စွာဖြင့် ချန်ကျဲ့သည် ဆို့နင့်နေသည့် အသံကြီးဖြင့် စတင် သရုပ်ဆောင်တော့သည်။

“ကျွန်တော့်ရဲ့ ဇနီးသည်နဲ့ ညီမလေးတို့က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ဖြစ်ခဲ့ရပြီး အသက်ရှင်သန်ဖို့အတွက် အချင်းချင်း မှီခိုခဲ့ရသူတွေပါ။ ကျွန်တော့်ရဲ့ဇနီးသည်က ညီမဖြစ်သူကို သူ့ရဲ့အသက်တမျှ တန်ဖိုးထားပြီး တခဏလေးတောင် မခွဲခွာရက်နိုင်ပါဘူး။ ဒီနေ့အဖြစ်အပျက်က ကျွန်တော့်ဇနီးသည်ရဲ့ စိတ်နှလုံးကို ပူပင်သောကတွေနဲ့ တောက်လောင်စေခဲ့ပါတယ်။ သူမရဲ့ အသက်ရှင်လိုစိတ်ကို ချေမွဖျက်ဆီးလို့ အကြိမ်ကြိမ်‌ သတိလစ်မေ့မြောစေခဲ့ပါတယ်။ အကယ်၍များ ညီမလေးကို ပြန်ခေါ်မသွားနိုင်ခဲ့ရင် ကျွန်တော့်ဇနီးသည်က ဝမ်းနည်းပူဆွေးမှုကြောင့် နာမကျန်းဖြစ်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်တဲ့ အခြေအနေပါ။ ကျွန်တော်က ဇနီးသည်ကို အလွန်ချစ်မြတ်နိုးတာကြောင့် သူမရဲ့အလှတရားတွေကို အခိုးအငွေ့လို ပျောက်ကွယ်သွားခွင့်မပြုနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်တော် စီနီယာဟုန်ယန်ကို အနူးအညွတ်တောင်းပန်အပ်ပါတယ်။ ကျွန်တော်တို့မိသားစုက စီနီယာဟုန်ယန်ရဲ့ ကြင်နာမှုကို ဘယ်တော့မှ မေ့လျော့မှာ မဟုတ်ပါဘူး”

ထိုသို့ပြောရင်းဖြင့် ချန်ကျဲ့သည် မျက်ရည်နှစ်စက်ကိုလည်း ညှစ်ထုတ်နိုင်ခဲ့၏။

ချန်ကျဲ့၏စကားများသည် အနီးဝန်းကျင်ရှိ အမျိုးသမီးငယ်များ၏ ဂရုဏာစိတ်ကို နှိုးဆွပေးသွား၏။ မိမိတို့၏ ဝမ်းနည်းပူဆွေးမှုများကိုလည်း တွေးတောမိသွားရကာ တိတ်တဆိတ် မျက်ရည်ကျမိကြလေသည်။

နေရာရှိ စိတ်ဝိဉာဉ်တို့မှာ ချန်ကျဲ့အပေါ် သနားဂရုဏာသက်လာကြသည်။

ပွဲကြည့်နေသည့် ဧည့်သည်များသည်လည်း နားလည်စာနာပေးနိုင်‌သဖြင့် သက်ပြင်းချမိကြ၏။

ချောင်ဟုန်ယန်သည် ထိုမြင်ကွင်းကြောင့် မျက်လုံးအိမ်တွင် အံ့အားသင့်ခြင်းတို့ ဖြတ်ပြေးသွားရကာ မျက်နှာထက်တွင် အသိအမှတ်ပြုခြင်းတို့လည်း ထင်ဟပ်သွားခဲ့သည်။

ဒီလူငယ်က ဗျူဟာခင်းတာမှာတင် ကျွမ်းကျင်တာ မဟုတ်ဘဲ သရုပ်ဆောင်စွမ်းရည်ကလည်း ထိပ်တန်းအဆင့်ပါပဲလား။

ဘယ်လိုတောင် အရည်အချင်းရှိလိုက်တဲ့ လူငယ်‌လဲ!

ထိုသို့အတွေးဖြင့် ချောင်ဟုန်ယန်မှ ပြောသည်။

“ခန်းမအရှင်သခင်ဖန်း ရှင့်ရဲ့မွေးစားသားက တကယ့်ကို အထင်ကြီးလောက်စရာပါပဲ။ ကျွန်မ သူ့ကို ခဏလောက် ငှားလို့ရမလား”

ထိုအခါ ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“အဲဒီလိုက အဆင်မပြေမှာ စိုးရွံ့မိပါတယ်”

စာစဉ်ပြီး၏

All Chapters