← Chapters

ချန်ကျိုစစ် မင်းဘယ်လိုတောင် ငါ့ကိုသတ်ရဲတာလဲ!_၆

Vol. 17 Ch. 229

ချန်ကျိုစစ် မင်းဘယ်လိုတောင် ငါ့ကိုသတ်ရဲတာလဲ!_၆

Vol. 17 Ch. 229

“လာ ချန်ကျိုစစ်၊ ငါ့ကို နည်းနည်းလောက် ထပ်ထိုးလိုက်ဦးလေ လာ!”

“ချန်ကျိုစစ် မင်းဒီနေ့ ငါ့ကို မသတ်နိုင်ရင် ငါ သေချာပေါက် မင်းရဲ့ဇနီးကို သတ်ဖို့ အခွင့်အရေးရှာမယ်။ ပြီးတော့ မသတ်ခင်မှာ ငါသေချာပေါက် သူ့ကို လောကကြီးထဲမှာ ရင်ဖိုစရာအကောင်းဆုံး အတွေ့အကြုံကို ခံစားရစေမယ်။ ငါ လူဆယ်ယောက် မဟုတ်သေးဘူး အယောက်နှစ်ဆယ်ကို တစ်ပြိုင်နက်တည်း ခေါ်ထားပေးမယ်၊ ဟားဟားဟား မင်းစောင့်နေလိုက်ပေါ့”

“မင်းလုပ်ရဲလား!”

“ငါက ဘာလို့ မလုပ်ရဲရမှာလဲ။ မင်း ဒီ‌နေ့ ငါ့ကို မသတ်နိုင်ရင် မင်းညီမလေး ရှိနေတဲ့နေရာကို ဘယ်တော့မှ မသိနိုင်မယ့်အပြင် ငါ့ရဲ့ညီနောင်တွေက သေချာပေါက် မင်းကို လိုက်သတ်ဖြတ်လိမ့်မယ်။ နောက်ဆုံးအနေနဲ့ မင်းရဲ့ ငယ်ရွယ်လှပတဲ့ ဇနီးလေးလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ငါ့တို့သူဖုန်းစားဂိုဏ်းကို လာထိပါးတာ ငါ ထွီ! မင်းကိုယ်မင်း အရည်အချင်း ပြည့်မီတယ်များထင်နေလား”

“ဘယ်လိုလုပ်မလဲ ငါ့ကိုသတ်မှာလား မသတ်ဘူးလား”

“ဟားဟား မင်းမှာ မင်းအဖိုးငါနဲ့ ဆော့ကစားဖို့ သတ္တိမရှိဘူးဆိုရင်လည်း ငါမင်းကို လွတ်လမ်းတစ်ခု ပေးနိုင်ပါတယ်။ ဒူးထောက်ပြီး မင်းအဖိုးငါ့ကို သနားညှာတာပေးဖို့ တောင်းဆိုစမ်း။ နည်းနည်းလောက် အရှက်တကွဲပုံစံဖြစ်ပြလိုက်ရင် မင်းအဖိုးငါက မင်းကို သက်ညှာပေးရင် ပေးလောက်မှာပေါ့။ မင်းရဲ့ဇနီးလေးကို ချမ်းသာပေးရုံတင်မကဘဲ ဘယ်သူပြောနိုင်မလဲ.. ငါက မင်းညီမလေး ရှိနေတဲ့နေရာကိုလည်း ပြောပြကောင်း ပြောပြနိုင်တယ်လေ။ မင်းတို့ မိသားစုလေး ပြန်ပေါင်းထုပ်နိုင်သွားတာပေါ့”

“ငါက အတော်လေး သနားညှာတာတတ်ပါတယ်ကွ ဟားဟားဟား…”

ချန်ကျဲ့သည် ရူးနှမ်းနေသော ဖုန်းစစ်ကို စိုက်ကြည့်နေသည်။ သူ၏အကြည့်များမှာ စူးရဲထက်ရှ၏။ ဤဖုန်းစစ်သည် ကလေးများ၏ ခြေလက်များကို ဖြတ်တောက်ပြီး မျက်လုံးဖောက်ထုတ်ခြင်းကဲ့သို့သော လုပ်ရပ်များကို နေ့စဉ်နေ့တိုင်း ပြုလုပ်လေ့ရှိသည့် အရိုင်းအစိုင်းကောင်ဖြစ်သည်။ ဖုန်းစစ်သည် စိတ္တဇကောင်တစ်ကောင်သာ မဟုတ်ခဲ့ပါက ဤအခြေအနေတွင် အစောကြီးကတည်းက သတိမေ့မြောသွားခဲ့လောက်ပေပြီ။

ဖုန်းစစ်မှာ အမှန်တကယ်ပင် ထိုသို့စွမ်းရည်မျိုးရှိထား၏။

တကယ့်ကို စွမ်းဆောင်ရည်မြင့်မားသည့် အရူးကောင်ပင်။ သူ့ကို အသက်ရှင်လျက်ထားလိုက်ပါက အဘယ်သို့သော နောက်ဆက်တွဲအကျိုးဆက်များ တည်ရှိပါစေ သေချာပေါက် လက်တုံ့ပြန်လိမ့်မည်ဖြစ်သည်။

ချန်ကျဲ့သည် ဖုန်းစစ်ကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။

ချန်ကျဲ့သည် ဖုန်းစစ်၏ အသွေးအသားထဲ စိုက်ဝင်နေသော ဓားကို ဆွဲထုတ်လိုက်သည်။ ဖုန်းစစ်သည် နာကျင်မှုကြောင့် မျက်နှာတွန့်ရှုံ့သွား၏။ သို့သော် ဆက်လက် ‌ရယ်မောနေဆဲပင်။ ထို့နောက် ပြောသည်။

“အင်း မင်း ငါ့လက်ချောင်းတွေကို တစ်ချောင်းပြီးတစ်ချောင်း ဖြတ်ကြည့်လို့ရတယ်။ မျက်လုံးကို ဖောက်ထုတ်တာတို့၊ လျှာဖြတ်တာတို့လည်း စမ်းကြည့်လို့ရတယ်။ မဟုတ်သေးဘူး၊ လျှာဖြတ်လို့ မရဘူး။ မင်းက မင်းညီမ ရှိတဲ့နေရာကို သိဖို့လိုသေးတယ်လေ”

“မင်း ညှိနှိုင်းကြည့်လို့လည်း ရတယ်။ ညတာက ရှည်လျားပါတယ်။ ဘာလို့များ ကိုယ့်ကိုယ်ကိုယ် အဲဒီနည်းလမ်းတွေနဲ့ အပျင်းပြေအောင် မလုပ်ကြည့်လဲ?”

ဖုန်းစစ်သည် ချန်ကျဲ့ကို သာယာကြည်နူးစွာဖြင့် ကြည့်နေခဲ့သည်။ ငါတို့သူဖုန်းစားဂိုဏ်းရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ နှိုင်းယှဉ်လိုက်ရင် ငါတို့သူဖုန်းစားဂိုဏ်းက မင်းတို့ထက် အဆပေါင်း ထောင်သောင်းချီ ပိုပြီးရက်စက်ယုတ်မာနိုင်တယ်!

သူဖုန်းစားဂိုဏ်းက ဘယ်လိုမျိုးလဲဆိုတာ မင်းတို့သိကြလား။

သူဖုန်းစားဂိုဏ်းသားတွေက လူ့အဖွဲ့အစည်းရဲ့ အောက်ဆုံးက လူတွေပဲ။ အစားလေးတစ်လုပ်အတွက်တောင် လူသတ်နိုင်တဲ့သူတွေ။

သူတို့မှာ အောက်ခြေစည်းမျဉ်းဆိုတာမျိုး မရှိဘူး။ ဂုဏ်သိက္ခာမရှိဘူး။ လောကကြီးရဲ့ နာကျင်မှုအလုံးစုံကို ကြံ့ကြံ့ခံပြီး တစ်လောကလုံးရဲ့ အထင်မြင်သေးမှုတွေကို ခံစားခဲ့ရတဲ့သူတွေပဲ။ အဲဒါကြောင့် သူတို့က လက်ဆလက်န ပိုပြင်းထန်ပြီး လူသားဆန်မှုတော့ နည်းပါးကြတယ်။

နာကျင်‌ရမှာကြောက်တယ်၊ ‌သေရမှာကြောက်တယ်ဆိုရင် မင်းတို့က သူဖုန်းစားဂိုဏ်းကို လာပြီး ဘာလုပ်နေကြသေးလဲ။

သူနှင့် သူ၏အစ်ကိုဖုန်းစန်းတို့သည် သူဖုန်းစားလေးနှစ်ယောက်မှသည် လက်ရှိအခြေအနေထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ရက်စက်မှုမရှိဘဲ၊ ကိုယ့်ကိုယ်ကိုယ် အပေါ်ရော ရန်သူအပေါ်ရော ရက်စက်ယုတ်မာမှု မရှိဘဲနဲ့ သူတို့ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ရောက်လာနိုင်ခဲ့ပါ့မလဲ။

ဖုန်းစစ်သည် လောင်းကြေးထပ်နေခြင်း ဖြစ်၏။ သူနှင့် ချန်ကျဲ့တို့နှစ်ဦးတွင် မည်သူက ပို၍ ရက်စက်မည်နည်းဟု လောင်းကြေးထပ်နေခြင်းပင်။

ချန်ကျဲ့မှ ခြံဝင်းတံခါးကို ကန်ဖွင့်လိုက်ချိန်မှ စတင်၍ ဒီနေ့ သူလွတ်မြောက်နိုင်မည့် အခွင့်အရေးမှာ အလွန်တရာ နည်းပါးကြောင်းကို ဖုန်းစစ် နားလည်လိုက်ပြီး ဖြစ်သည်။ လက်ရှိအချိန်၌ အားနည်းသည့်ပုံစံကို ပြသလိုက်ခြင်းသည် ဆိုးရွားသည့် အဆုံးသတ်သို့ သေချာပေါက် ဦးတည်သွားစေလိမ့်မည်။ နောက်ဆုံးအချိန်အထိ ခုခံနေခြင်းသာလျှင် သူ၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်ပေသည်။ ထိုသို့နည်းလမ်းဖြင့် ချန်ကျဲ့မှ သူ၏အစ်ကိုဖြစ်သူ ဖုန်းစန်းနှင့် သူဖုန်းစားဂိုဏ်း၏ အင်အားတို့ကို ထည့်တွက်၍ စိုးရိမ်ပူပန်ကာ ဖိအားအောက်တွင် ပြိုလဲသွားစေရန် မျှော်လင့်နိုင်လိမ့်မည်။

ချန်ကျိုစစ် ဒူးထောက်လိုက်သ၍ သူ အနိုင်ရသည်ပင်။ နောက်ဆုံးတွင် အောင်နိုင်သူကသာ အရာအားလုံး သိမ်းပိုက်နိုင်‌လိမ့်မည်။

ချန်ကျိုစစ်မှ သူအနိုင်ယူနိုင်လောက်မည့် တစ်စုံတစ်ရာကို ထုတ်ပြလိုက်သည်နှင့် သူ ပြောခဲ့သည့်အတိုင်းပင် ထိုအရာကို အသုံးချ၍ ချန်ကျိုစစ်အား တစ်သက်လုံး ခြိမ်းခြောက်နိုင်လိမ့်မည်။

ရွေ့ရွေ့ကို သူ၏ အပေးအယူညှိနှိုင်းရန် တိုကင်ပြားအဖြစ် အသုံးချနိုင်ကာ သို့ဖြင့် ချန်ကျိုစစ်ကို သူ၏ခွေးတစ်ကောင်အဖြစ် ပြောင်းလဲပစ်ပေမည်။

ဤအလောင်းအစားတွင် သူလည်း သေချာပေါက် ရှုံးနိမ့်သွားနိုင်ပါ၏။ ဒါပေမဲ့ အဲဒီတော့ရော ဘာဖြစ်သလဲ။ ချန်ကျိုစစ်က ငါ့ကို သတ်ရဲမှာတဲ့လား။

သူကိုယ်တိုင်သည်တော့ သူဖုန်းစားဂိုဏ်းသည် ငါးဖမ်းကုန်သည်အဖွဲ့နှင့် တိုက်ခိုက်ရန် ရည်ရွယ်ထားကြောင်း သိထားသည်။ သို့သော် ငါးဖမ်းကုန်သည်အဖွဲ့သည်တော့ သူဖုန်းစားဂိုဏ်း၏ တိုက်ပွဲခေါ်လိုသည့် သဘောထားကို မသိထားပေ။

အဲဒီလိုဆိုမှတော့ သူတို့က အခြေအနေတွေ ပွက်လောရိုက်ကုန်မှာကို ထည့်တွက်စဉ်းစားနေရဦးမှာပဲ မဟုတ်လား။

ထို့ပြင် သူ၏အစ်ကို ရွှေဓားဖုန်းစန်းသည် ရက်စက်ကြမ်းကြုတ်သည့် အရူးအနှမ်းတစ်ဦးဖြစ်ပြီး မျန့်ရွှေစီရင်စုတစ်ခွင် ကျော်ကြားသူဖြစ်သည်။

မင်းငါ့ကို ထိရဲလို့ကတော့ ငါ့အစ်ကိုက ဘာတွေပဲဖြစ်နေပါစေ သေချာပေါက် မင်းအသက်ကို နုတ်ယူလိမ့်မယ်!

ချန်ကျိုစစ် မင်းက ဦီးနှောက်မရှိတဲ့ ငတုံးကောင်မဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်တွေကို သေချာစဉ်းစားသင့်တယ်။

အဲဒီတော့ ဒီအလောင်းအစားကို ရှုံးသွားခဲ့ရင် နည်းနည်း ဒုက္ခခံစားရမယ်ဆိုပေမဲ့ ငါ့မှာ လာကယ်မယ့် အစ်ကိုကြီးရှိတာပဲ– ဘာမှ ကြီးကြီးမားမားကိစ္စကြီး မဟုတ်ပါဘူး။

ထို့ကြောင့် ဖုန်းစစ်သည် အလွန်ရဲတင်းနေခြင်းဖြစ်သည်။

ချန်ကျဲ့သည် အကြောက်အရွံ့ကင်းမဲ့သည် ဖုန်းစစ်ကို ကြည့်၍ ပြောလိုက်သည်။

“ငါ့မှာ မင်းနဲ့ စကားပြောပြီး အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး။ ငါ့မင်းကို နောက်ဆုံးအကြိမ်‌ မေးမယ်။ ငါ့ညီမ ဘယ်မှာလဲ”

“ဟားဟား– မသိဘူး!”

“အရမ်းကောင်းတယ်။ ဒါဆို မင်းသေလို့ရပြီ”

“ဟက် မင်းလုပ်ရဲ… အားး… မင်းလုပ်ရဲလား?!!”

ဖုန်းစစ် မျက်လုံးပြူးသွား၏။ သူသည် ချန်ကျဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ ချန်ကျဲ့သည် ထိုမျှ ဆုံးဖြတ်ချက်ပြတ်သားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ချန်ကျိုစစ်က ငါ့အစ်ကို လက်တုံ့ပြန်လာမှာကို မကြောက်ဘူးလား။

ဖုန်းစစ် နားမလည်နိုင်ပေ။

သို့သော် ချန်ကျဲ့သည် မျက်နှာအမူအရာကင်းမဲ့နေ၏။ ဖုန်းစစ်၏အစ်ကို၊ အနောက်မြို့ သူဖုန်းစားဂိုဏ်းခေါင်းဆောင် ဖုန်းစန်းမှ လက်တုံ့ပြန်ခြင်းကိုမူ ချန်ကျဲ့ လုံးဝ ဂရုမစိုက်ပါချေ။ ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့တို့မှ သူဖုန်းစားဂိုဏ်းကို တိုက်ခိုက်မည့်အကြောင်း သိထားပြီး မဟုတ်ပါလော။ မည်သို့ပင်ဖြစ်စေ သူတို့မှာ မကြာမီအတွင်း ရန်သူများ ဖြစ်လာကြမည်ပင်။

ထို့ပြင် ချန်ကျဲ့သည် ဖုန်းစစ်ကို အသက်ဆက်ရှင်ခွင့်မပြုရဲပါချေ။

ဖုန်းစစ်သည် အရူးအနှမ်းကောင်ဖြစ်၏။ ဖုန်းစစ် ခုနက ပြောခဲ့သည့်စကားများကို ချန်ကျဲ့ နားလည်သည်။ ဖုန်းစစ်ကို အသက်ရှင်လျက်ထားလိုက်ပါက သူ၏ဇနီးသည်မှာ အန္တရာယ်ရှိနေလိမ့်မည်။ စူးယွင်ကျင်းသည် သူ၏ အကြေးခွံဖြစ်၏– စူးယွင်ကျင်းကို ထိပါက သေရမည်ပင်။

ထို့ကြောင့် ချန်ကျဲ့ ဖုန်းစစ်ကို သတ်ခဲ့သည်။

“ကျိုစစ်!”

ဖုန်းစစ်၏ လည်တိုင်ကို ဓားဖြင့်လှီးလိုက်သည့် မြင်ကွင်းတွင် ဝူဟုန်မှ အံ့ဩထိတ်လန့်စွာ အော်ခေါ်သည်။

ထို့နောက် ရှေ့သို့အမြန်လျှောက်လာပြီး စစ်ဆေးကြည့်သည်။ ဖုန်းစစ် အသက်မရှူတော့ကြောင်း အတည်ပြုပြီးသောအခါ ဝူဟုန်မှ ပြောသည်။

“ကျိုစစ် မင်းသူ့ကို ဘာလို့ သတ်လိုက်တာလဲ။ ငါတို့ ‌ရွေ့ရွေ့ရှိတဲ့နေရာကို မသိရသေးဘူးလေ။ ပြီးတော့ သူ့အစ်ကိုက အရူးဖုန်းစန်းနော်။ မင်း သူ့ညီကို သတ်လိုက်တာကို သူသိသွားရင် သူ သေချာပေါက် မင်းကို သေတဲ့အထိ တိုက်ခိုက်လိမ့်မယ်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဘယ်လိုဖြစ်ဖြစ် သူက ကျွန်တော့်ကို ရွေ့ရွေ့ရှိတဲ့နေရာကို ပြောပြမှာ မဟုတ်ဘူး။ ဖုန်းစန်းကတော့.. ဘယ်သူက ဘယ်သူ့လက်ထဲ ကျရှုံးရမလဲဆိုတာ မသေချာသေးပါဘူး”

“ကျိုစစ် အာ မင်းသတိထားသင့်တယ်။ အဲဒီဖုန်းစန်းက အရမ်းအင်အားကြီးတယ်။ သူ့ရဲ့ကျင့်ကြံဆင့်က သံမဏိအရိုးအဆင့်ပဲ။ မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး”

ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ဖုန်းစန်းရဲ့ကျင့်ကြံဆင့်က စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်နေရင်တောင် ဖုန်းစစ်က သေသင့်တယ်!”

ထိုသို့ပြောရင်း ချန်ကျဲ့သည် ဖုန်းစစ်၏ဦးခေါင်းကို ခုတ်ဖြတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ဆွဲကိုင်လိုက်သည်။ ထိုအခါ ဝူဟုန်မှ အံ့အားသင့်စွာဖြင့် ပြောသည်။

“မင်း ဘာလုပ်နေတာလဲ”

“လှောင်အိမ်တွေ ဖွင့်!”

ချန်ကျဲ့သည် ထိုသို့ပြောရင်း ခွေးလှောင်အိမ်များ အပြည့်ရှိနေသည့် အခန်းထဲသို့ ဝင်သွားသည်။ ဖုန်းစစ်၏ သွေးလွှမ်းနေသော ဦးခေါင်းကို လက်တွင်ကိုင်ထားလျက်ဖြင့် အမိန့်ပေး၏။

“ဖုန်းစစ် သေသွားပြီ။ ငါမင်းတို့အားလုံးကို အမိန့်ပေးတယ်။ လှောင်အိမ်ထဲကနေ ထွက်ခဲ့ကြ!”

“သခင် သခင် သေသွားပြီ!”

ထိုအခိုက်အတန့်၌ လှောင်အိမ်ထဲမှ ကလေးများသည် သွေးသံတရဲရဲဖြစ်နေသည့် ဖုန်းစစ်၏ဦးခေါင်းကို အကြောက်အလန့်မရှိ ကြည့်နေကြသည်။ ကလေးအချို့သည် မျက်လုံးများ တောက်ပလာ၏။ ထို့နောက်တွင် ထုံထိုင်းမှုဖြင့် အစားထိုးသွားသည်။

သခင်တစ်ယောက် သေသွားတော့ နောက်သခင်တစ်ယောက် အစားထိုးဝင်လာရုံပဲ။

သို့သော် သခင်၏အမိန့်ကို လိုက်နာရပေမည်။ သို့ဖြင့် ကလေးများသည် လှောင်အိမ်ထဲမှ အမြန်ထွက်လာကြသည်။

ချန်ကျဲ့သည် ကလေးများမှာ အဝတ်ဗလာဖြစ်နေသောကြောင့် သူ၏အပြင်ဝတ်များကို ချွတ်ပေးလိုက်ပြီး ပြောသည်။

“အပြင်ဝတ်တွေ ချွတ်ပြီး ကလေးတွေကို ဝတ်ပေးလိုက်ကြပါ”

ထိုအခါ အားလုံးသည် အပြင်ဝတ်များချွတ်၍ ကလေးများကို ဝတ်ပေးကြသည်။ ကလေးများသည်တော့ မျက်နှာအမူအရာ ကင်းမဲ့နေဆဲပင်။

ဤကလေးများအတွက် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် အချိန်လိုအပ်ကြောင်း ချန်ကျဲ့ နားလည်သည်။

ချန်ကျဲ့ ကလေးများကို ကယ်ထုတ်နေစဉ် ဝူဟုန်သည် ချန်ကျဲ့ကို အော်ခေါ်နေရင်း အလျင်စလို ပြေးဝင်လာသည်။

“ကျိုစစ် ကျိုစစ်”

အခန်းထဲ ဝင်လာသည်တွင် ဝူဟုန်သည် မြင်ကွင်းကြောင့် အံ့ဩထိတ်လန့်သွား၏။ ထို့နောက် မျက်နှာအမူအရာ မည်းမှောင်သွားကာ ဒေါသတကြီး အော်တော့သည်။

“သေသင့်တဲ့ ‌သားရဲတိရစ္ဆာန်ကောင်တွေ!”

ဝူဟုန်သည် မကောင်းမှုကို ရွံမုန်းသည့်တိုင် အလျင်အမြန် စိတ်ပြန်ထိန်းလိုက်ပြီး ပြောသည်။

“ကျိုစစ် အမြန်ထွက်လာခဲ့ဦး။ သူဖုန်းစားဂိုဏ်းသားတစ်ယောက်က ရွေ့ရွေ့ရှိတဲ့နေရာကို သူသိတယ်ပြောတယ်”

“အာ ဘယ်မှာလဲ!”

ချန်ကျဲ့ ရုတ်ချည်း အာရုံပြန်လည်စူးစိုက်လိုက်ကာ ဝူဟုန်နောက်သို့ လိုက်သွားခဲ့သည်။

All Chapters