ချန်ကျိုစစ် မင်းဘယ်လိုတောင် ငါ့ကိုသတ်ရဲတာလဲ!_၄
Vol. 17 Ch. 227
ကျိုးချူသည် လှောင်အိမ်တံခါးကို ဖွင့်လိုက်ပြီး ပြောသည်။
“ထွက်လာခဲ့တော့၊ မင်းအခု လွတ်လပ်သွားပြီ”
“လာ လှောင်အိမ်တွေ အကုန်ဖွင့်ကြမယ်!”
ထိုအခါ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် လှောင်အိမ်တံခါးများကို ဖွင့်ကြသည်။ သူတို့သည်လည်း စိတ်ရှုပ်ထွေးကာ တုန်ယင်နေကြသည်။ သူတို့သည် သိုင်းလောကမှ ကြမ်းကြုတ်သော သိုင်းသမားများဖြစ်ကြသည့်တိုင် လူများကို ခွေးများအလား လှောင်အိမ်ဖြင့် ပိတ်လှောင်ထိန်းသိမ်းခြင်းမျိုးကိုမူ ဘယ်သောအခါမျှ မစဉ်းစားခဲ့ဖူးပေ။
ထို့ပြင် ကလေးများကို ကိုယ်လုံးတီး ပိတ်လှောင်ထားခြင်းဖြင့် လူသားဂုဏ်သိက္ခာကို ဆုတ်ဖြဲဖျက်ဆီးထား၏။
သူတို့မှ လှောင်အိမ်တံခါးဖွင့်ပေးသည့်တိုင် ကလေးများသည် ထွက်မလာရဲကြပေ။
လှောင်အိမ်ထဲမှ ထွက်သွားကြသူများကို သူတို့မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ဖူးသည်။ ထိုသို့ထွက်ပြေးသူများသည် အပြင်ဘက်ရှိ သူတို့ကိုမွေးမြူထားသူများ၏ ဖမ်းဆီးခံရပြီး ခြေလက်များ ဖြတ်တောက်ခံရခြင်း မျက်လုံးဖောက်ထုတ်ခံရခြင်း၊ လျှာနှင့် နားရွက်များ ဖြတ်တောက်ခံရခြင်းတို့ကို ကြုံတွေ့ရလေသည်။ ထို့ပြင် ထိုထွက်ပြေးသူများကို သူတို့၏လှောင်အိမ်ရှေ့သို့ ပစ်ထုတ်၍ တဖြည်းဖြည်း သေဆုံးသွားသည်ကို ကြည့်နေခိုင်းကြသည်။
သို့ဖြင့် လှောင်အိမ်တံခါးများ ဖွင့်ထားသည့်တိုင် မည်သူမျှ ထွက်မပြေးရဲကြပေ။
ထိုအခါ ကျိုးချူမှ ကလေးမလေးတစ်ယောက်ကို ပြောလိုက်သည်။
“ထွက်လာခဲ့ပါ။ ဘာမှမဖြစ်ဘူး။ အစ်ကိုကြီးတို့က မင်းတို့ကို လာကယ်တာပါ”
ထိုအခါ ကလေးမလေးသည် လှောင်အိမ်ထဲမှနေ၍ ခေါင်းတွင်တွင်ခါရမ်းသည်။
“ဟင့်အင်း မထွက်ဘူး!”
မည်သူမျှ ထွက်မလာချင်သည်ကို နားလည်လိုက်သည်တွင် ကျိုးချူသည် အဘယ်သို့ပြုလုပ်ရမည်နည်းဟု တွေးတောနေခဲ့သည်။ ထိုစဉ် အပြင်ဘက်မှ ချန်ကျဲ့၏အသံ ထွက်ပေါ်လာ၏။
“လောင်ကျိုး ရှာတွေ့ပြီလား”
အသံနှင့်အတူ လှံရှည်ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦး အပြေးဝင်ရောက်လာသည်။ အပြင်ဘက်ရှိ တိုက်ပွဲကိုမူ ဝူဟုန်မှ ကိုင်တွယ်ဖြေရှင်းနေရစ်သည်။
ချန်ကျဲ့သည် ရွေ့ရွေ့ကို ရှာဖွေရန်အတွက် တစ်ဟုန်ထိုးဝင်ရောက်လာခဲ့သည်။ သို့သော် သူအထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အံ့ဩမင်သက်သွားတော့သည်။ ထို့နောက်တွင် သူ၏မျက်လုံးအစုံမှာ သွေးနီရောင်လွှမ်းသွားရသည်။
“ရွေ့ရွေ့ ရွေ့ရွေ့!”
ချန်ကျဲ့မှာ ရွေ့ရွေ့အား လှောင်အိမ်ထဲတွင် ပိတ်၍ ခွေးတစ်ကောင်ကဲ့သို့ မွေးမြူခံရသည့်မြင်ကွင်းကို မည်သို့မျှ စိတ်ကူးမရနိုင်ပါချေ။ သူ ကျိုးချူကို လှည့်ကြည့်လိုက်သည်။
“ရွေ့ရွေ့ ဘယ်မှာလဲ”
ကျိုးချူမှ ပြောသည်။
“သူ ဒီမှာ မရှိဘူး”
ချန်ကျဲ့မှ မေးသည်။
“သူ ဘယ်ရောက်သွားတာလဲ”
ကျိုးချူသည် လှောင်အိမ်ထဲရှိ ကလေးမလေးကို လက်ညှိုးထိုးလိုက်ပြီး ပြောသည်။
“သူ မင်းကို ပြောပြလိမ့်မယ်”
ချန်ကျဲ့ လှောင်အိမ်အနီးသို့ ကပ်သွားလိုက်ပြီး ကလေးမလေးကို ပြောသည်။
“အစ်ကိုကြီးကို ပြောပြပါ၊ မင်း ဒီလောက်အရပ်ရှိတဲ့ ကလေးမလေးတစ်ယောက်ကို မြင်မိသေးလား”
ထိုစကားတွင် ကလေးမလေးသည် သူမ ကျိုးချူကို ပြောခဲ့ပြီးသည့်အကြောင်းတို့ကို ထပ်ပြောပြသည်။
ချန်ကျဲ့မှာ ထပ်မံ မင်သက်သွားရသည်။ ဤသူဖုန်းစားတစ်စုသည် ကလေးမလေးများကို ပြောမထွက်နိုင်လောက်အောင် ဆိုးရွားသည့်လုပ်ရပ်များ လုပ်ခဲ့ကြောင်း ကြားသိရအပြီးတွင် အလွန်ဒေါသထွက်လာခဲ့ပြီး သူ့အား ပေါက်ကွဲလုနီးပါး အခြေအနေအထိ တွန်းပို့လိုက်လေသည်။
ရုတ်တရက် အခြားကလေးတစ်ယောက်မှ မဝံ့မရဲဖြင့် မေးလာသည်။
“အစ်ကိုကြီးက အစ်ကိုကြီးက ချန်ကျိုစစ်လား”
ချန်ကျဲ့ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ လှောင်အိမ်အသစ်တစ်ခုထဲတွင် အဝတ်အစားများ ဝတ်ဆင်ထားဆဲဖြစ်သော ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကလေးသည် သူ့ကိုကြည့်နေ၏။
ချန်ကျဲ့ ရုတ်ချည်း ပြေးသွားပြီး ပြောလိုက်သည်။
“ဟုတ်တယ် အစ်ကိုကြီးက ချန်ကျိုစစ်ပဲ။ မင်း အစ်ကိုကြီးကို သိတယ်လား”
“မသိပါဘူး။ ဒါပေမဲ့ လောဘကြီးတဲ့ ကောင်မလေးက သူ့ရဲ့အစ်ကိုကြီးက ချန်ကျိုစစ်လို့ ခေါ်တယ်လို့ ပြောတာကြားလိုက်တာ။ သူပြောတာ သူ့အစ်ကိုကြီးက အရမ်းတော်တယ်တဲ့။ သေချာပေါက် သူ့ကိုကယ်ဖို့ ရောက်လာမှာတဲ့။ သူက ဒီကခေါင်းဆောင်ကြီးကို လိမ်ပြီးတော့တောင် ပေါက်စီနှစ်လုံး တောင်းစားလိုက်သေးတာ”
“တကယ်လား။ အဲဒီကောင်မလေး အခုဘယ်မှာလဲ။ အစ်ကိုကြီးက သူ့ရဲ့အစ်ကိုကြီးပဲ။ သူဘယ်မှာလဲ”
“မသိဘူး။ ခေါင်းဆောင်ကြီးက သူ့ကို ခေါ်သွားတယ်”
ထိုအခါ ချန်ကျဲ့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ မသေဆုံးသေးကြောင်း သိထားရပါက တော်သေးပေသည်။ ခေါ်သွားခံရခြင်းသည် ပြန်ရှာတွေ့နိုင်သေးပေသည်။
ထိုသို့တွေးနေရင်း ချန်ကျဲ့သည် ပွင့်နေသည့် လှောင်အိမ်တံခါးကိုကြည့်၍ ပြောလိုက်သည်။
“ကလေးတို့ ထွက်လာခဲ့ကြ! မင်းတို့ အထဲမှာ ဘာလုပ်နေကြတာလဲ!”
ထိုအခါ ကလေးများသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကြသည်။ သို့သော် ထွက်မလာရဲကြပေ။ ထိုစဉ် ကလေးမလေးမှ ပြောသည်။
“သခင်က ပြောတယ်။ သူ့အမိန့်မပါဘဲ လှောင်အိမ်ထဲက ထွက်ရဲတဲ့ ဘယ်သူမဆို ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ပြီး ခွေးကျွေးပစ်မယ်တဲ့။ သမီးတို့ မထွက်ရဲဘူး”
“သခင်? ဖုန်းစစ်လား”
ချန်ကျဲ့ ရေရွတ်ပြောဆိုလိုက်သည်။
“မစိုးရိမ်နဲ့။ မင်းတို့ကို သူ ထပ်ပြီး ပြဿနာမရှာနိုင်တော့ဘူး။ ထွက်လာခဲ့ပါ။ မင်းတို့ လုံခြုံတယ်ဆိုတာ အစ်ကိုကြီး အာမခံတယ်”
ခွေးများအလား ဆက်ဆံခံထားရသည့် ကလေးများမှာ ကြောက်ရွံ့နေကြဆဲပင်။ သူတို့သည် ခေါင်းငုံ့လျက် လှောင်အိမ်ထောင့်တွင် ကိုယ်ကိုကွေးကျုံ့ထားကြကာ မလှုပ်ရှားရဲကြပေ။
ဖုန်းစစ်သည် သူတို့၏စိတ်နှလုံးအတွင်းရှိ အိပ်မက်ဆိုးကြီးဖြစ်၏။ ဖုန်းစစ် ရှိနေသ၍ သူတို့သည် လှောင်အိမ်ထဲမှ ထွက်ခွာရဲကြမည် မဟုတ်ပေ။
ချန်ကျဲ့မှ သူတို့ကို လှောင်အိမ်ထဲမှ အတင်းအကြပ် ဆွဲထုတ်လိုက်လျှင်သော်မှ သူတို့၏စိတ်မှာမူ လှောင်အိမ်ထဲမှ ထွက်သွားကြလိမ့်မည် မဟုတ်ပေ။
ဖုန်းစစ်သည် မရေမတွက်နိုင်လောက်အောင်သော ကလေးများစွာကို အန္တရာယ်ပြုခဲ့သည်။
ရွေ့ရွေ့သည်လည်း သူတို့ထဲမှတစ်ယောက် ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။
ချန်ကျဲ့လည်း အခြေအနေကို နားလည်သဖြင့် ကလေးများကို ထပ်မံ မဖျောင်းဖျတော့ဘဲ လှည့်ထွက်လာခဲ့၏။
လှံရှည်ကို လက်တွင် တင်းတင်းဆုပ်ကိုင်လျက် မျက်လုံးအစုံမှာ ပြင်းပြတောက်လောင်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ဖုံးလွှမ်းနေသည်။
ချန်ကျဲ့ အပြင်သို့ ပြန်ထွက်လိုက်ချိန်တွင် ဝူဟုန်သည် ဖုန်းစစ်နှင့် တိုက်ခိုက်နေဆဲပင်။ ဝူဟုန်သည် ဖုန်းစစ်ထက် အင်အားကြီးမား၏။ သို့သော် ဝူဟုန်၏ဒဏ်ရာများမှာ အပြည့်အဝ မပျောက်ကင်းသေးသောကြောင့် တိုက်ခိုက်မှုအရည်အသွေးမှာ အကန့်အသတ်ရှိသွားလေသည်။ ထို့ကြောင့် ဖုန်းစစ်နှင့် သူ၏တိုက်ပွဲမှာ မဆုတ်သာ မတိုးသာအခြေအနေဖြင့် တန့်နေခဲ့သည်။
ချန်ကျဲ့သည် ထွက်လာပြီးနောက် တံခါးဝတွင် ရပ်နေသည်။ ထို့နောက် လှံရှည်ကို တင်းတင်းဆုပ်ကိုင်လျက် ေအာ်ဟစ်၏။
“ဖုန်းစစ်!”
ချန်ကျဲ့၏အော်ဟစ်သံကို ကြားလိုက်သည်တွင် ဖုန်းစစ်မှ လှည့်ကြည့်သည်။ ဝူဟုန်လည်း ရပ်တန့်သွား၏။ ချန်ကျဲ့မှ ဒေါသတကြီး ပြောသည်။
“မင်း ငါ့ညီမကို ဘယ်ကိုပို့လိုက်တာလဲ”
ဖုန်းစစ်မှ ရယ်မောလျက် ပြန်ပြောသည်။
“သိချင်လို့လား။ ငါမင်းကို မပြောပြဘူး။ မင်း ဒီတစ်သက်လုံး မင်းရဲ့ညီမကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူး။ မင်းရဲ့ညီမက ငရဲလိုဘဝမျိုးမှာ ထာဝရရှင်သန်သွားရတော့မှာ။ ယောင်္ကျားတစ်ယောက်ပြီး တစ်ယောက်ဆီ ပေးကမ်းစွန့်ကြဲခံရတဲ့ ပြည့်တန်ဆာတစ်ယောက်အဖြစ်ပေါ့။ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါက ငါလုပ်သင့်တာကို လုပ်လိုက်ရုံပါပဲ”
“ဟား ဟား ဟား…”
“ဖုန်းစစ် ငါမင်းကို တစ်ကြိမ်ပဲ မေးမယ်။ ငါ့ကို ပြောမလား မပြောဘူးလား”
“မင်းကို ဘာပြောရမှာလဲ။ အခုလောက််ဆို မင်းရဲ့ညီမက အသက်၆၀အရွယ် လူကြီးတစ်ယောက်ရဲ့ အိပ်ရာပေါ်ကို ပို့ဆောင်ခံရပြီးလောက်ပြီလေ။ မင်း အရမ်းနောက်ကျသွားပြီကွ ဟား ဟား ဟား…”
“သေချင်နေတာပဲ!”
ထိုအခိုက်အတန့်၌ ချန်ကျဲ့၏မျက်လုံးများသည် သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ဖုံးလွှမ်းနေခဲ့ကာ ဝူဟုန်ကို လှမ်းပြော၏။
“အစ်ကိုဟုန် အစ်ကို ဒီကိစ္စကို ဝင်မပါနဲ့တော့။ ကျန်တာကို ကျွန်တော့်တာဝန် ထားလိုက်ပါတော့”
ထိုသို့ပြောလျက် ချန်ကျဲ့ ရှေ့သို့တစ်ဟုန်ထိုး ပြေးဝင်သွား၏။ ယန်ချွမ်ကျင့်စဉ်ကို အင်အားအကြီးမားဆုံး အခြေအနေသို့ လှုပ်ရှားစီးဆင်းစေကာ လှံရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လျက် ဖုန်းစစ်ကို လျင်မြန်သည့် အရှိန်နှုန်းဖြင့် တိုက်ခိုက်သည်။
သိုင်းကွက်သုံးကွက်အတွင်း ရလဒ်ထွက်လာရမယ်!
ထိုသို့ရေရွတ်လျက် ချန်ကျဲ့သည် လှံရှည်ဖြင့် တိုက်ခိုက်ရာ ဦးစွာ အေးစက်သည့် အလင်းတစ်တန်း တောက်ပသွား၏။ ထို့နောက်တွင် လှံရှည်သည် နဂါးတစ်ကောင်အလား ရှေ့တိုး တိုက်ခိုက်လေသည်။
ပထမသိုင်းကွက်:
“အိပ်မက်တွေဟာ အရုဏ်တက်၅ချက်မျာ ပြိုကွဲပျောက်ကွယ်တယ်၊ ဦးချိုခရာသံဟာ လမင်းကို လွင့်ထွက်စေတယ်၊ ဒုတိယမြောက် လှံဟာ လေလွင့်ဝိဉာဉ်ဖြစ်တယ်!”
ချန်ကျဲ့သည် အတိဒုက္ခဆယ့်သုံးပါးလှံသိုင်းမှ ဒုတိယသိုင်းကွက်ဖြင့် စတင်တိုက်ခိုက်သည်။ ချန်ကျဲ့သည် အတိဒုက္ခဆယ့်သုံးပါးလှံသိုင်းတွင် သိုင်းကွက်သုံးကွက်ကိုသာ သိရှိထား၏။ သို့သော် ထိုသိုင်းကွက်သုံးကွက်သည် မဖြစ်မနေ အစဉ်လိုက် အသုံးပြရသည်မျိုး မဟုတ်ပေ။
မည်သည့်သိုင်းကွက်ကို စတင်အသုံးပြုသည်ဖြစ်စေ ကိစ္စမရှိပေ။
ချန်ကျဲ့သည် မကြာမီက အတွင်းခန်းထဲတွင် မြင်တွေ့ထားရသည့် မြင်ကွင်းကြောင့် တုန်လှုပ်နေခဲ့၏– လူ့အသက်များကို အဖိုးမတန်သည့် ကစားစရာလေးများသဖွယ် ဆက်ဆံသည့်မြင်ကွင်းကို မြင်တွေ့ခဲ့ရသောကြောင့် ချန်ကျဲ့ကို အလွန်အမင်း အမျက်ဒေါသထွက်စေလျက် သတ်ဖြတ်လိုစိတ်များ တဖွားဖွား ပေါက်ဖွားလာစေခဲ့သည်။