← Chapters

ချန်ကျိုစစ် မင်းဘယ်လိုတောင် ငါ့ကိုသတ်ရဲတာလဲ!_၃

Vol. 17 Ch. 226

ချန်ကျိုစစ် မင်းဘယ်လိုတောင် ငါ့ကိုသတ်ရဲတာလဲ!_၃

Vol. 17 Ch. 226

နောက်ဆုံးအခိုက်အတန့်တွင် ရှောင်တိမ်းခဲ့သောကြောင့် မဟုတ်ပါက ဖုန်းစစ်မှာ သေဆုံးပြီးလောက်ပေပြီ။

ဖုန်းစစ် ချွေးအေးများ ထွက်လာရ၏။ သို့သော် အမြန် အာရုံပြန်စုစည်းကာ ရုတ်ချည်း အနီးကပ်သွား၍ ချန်ကျဲ့၏ လှံရှည်လက်ကိုင်ရိုးတံတစ်ဝိုက်ကို သူ၏ဓားဖြင့် ခုတ်ပိုင်းတိုက်ခိုက်သည်။

ချန်ကျဲ့ လှံရှည်ကို ခဏမျှ လက်လွှတ်လိုက်ရသည်။ သို့မဟုတ်ပါက ဖုန်းစစ်၏ဓားသည် သူ၏လက်ချောင်းများကို ဖြတ်တောက်သွားခဲ့ပေလိမ့်မည်။

ချန်ကျဲ့မှ လှံရှည်ကို လွှတ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် လှံလက်ကိုင်ရိုးအစွန် ခပ်ပြင်းပြင်း ပုတ်လိုက်ကာ အထက်အောက်ကို ခပ်ကျယ်ကျယ် လွှဲရမ်းသွား‌ေစခြင်းဖြင့် ဖုန်းစစ်ကို နောက်ဆုတ်သွားစေသည်။

ထို့နောက် လှံရှည်ကို ပြန်ဆုပ်ကိုင်ပြီး အားဖြင့် လှည့်၍ တံတိုင်းထဲ ထိုးစိုက်နေသည့် လှံထိပ်ဖျားကို အရှိန်ဖြင့် ပြန်ဆွဲထုတ်သည်။

…

ထိုအခိုက်အတန့်၌ ကျိုးချူသည် ‌အတွင်းခြံဝင်းတံခါးကို ကန်ဖွင့်၍ သူ၏လူများကို ဦးဆောင်ပြီး ခြံဝင်းအတွင်း အထဲဝင်သွားသည်။ ခြံဝင်းကိုစောင့်ရှောက်ရန်အတွက် သူဖုန်းစား ၅ယောက်၊ ၆ယောက်ခန့် ချန်ထားခဲ့ရာ ထိုသူဖုန်းစားများသည် ကျိုးချူတို့ ဝင်လာသည်ကို မြင်တွေ့သည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်ခုခံရန် ပြင်သည်။ သို့သော် ကျိုးချူ၏နောက်လိုက်များ၏ လျင်မြန်စွာ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

“သူတို့ကို စောင့်ကြည့်ထား”

“ရွေ့ရွေ့…”

ကျိုးချူသည် လူနှစ်ယောက်နှင့်အတူ အဆောက်အဦးထဲသို့ ပြေးဝင်သွားခဲ့သည်။ အဆောက်အဦးထဲသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ကျိုးချူနှင့် နောက်မှလိုက်ဝင်လာသော ငါးဖမ်းကုန်သည်အဖွဲ့သားနှစ်ဦးမှာ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကြက်သေသေသွားရလေသည်။

“ဒီ… ဒီတိရိစ္ဆာန်ကောင်တွေ!”

ကျိုးချူ၏ မျက်လုံးအစုံမှာ အဆုံးမဲ့သော သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူ၏ သတ်ဖြတ်လိုသည့်ဆန္ဒကို မထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။

‌အဆောက်အဦးအခန်းထဲတွင် အိပ်ရာမရှိ၊ ပရိဘောဂမရှိ၊ လူနှင့်ဆိုင်သော ပစ္စည်းဥစ္စာများ မရှိပေ။

အရွယ်အစားမျိုးစုံသော ကလေးများကို ထည့်ထားသည့် ခွေးလှောင်အိမ် တသီတတန်းကြီးကို တွေ့လိုက်ရပေသည်။ ထို့ပြင် အခန်းတစ်ခုလုံးမှာ ပြင်းထန်သည့် သွေးညှီနံ့များ၊ အညစ်အကြေးအနံ့များဖြင့် ပြည့်နှက်နေသည်။

အခန်းထောင့်၌ မရှင်းလင်းရသေးသည့် အလောင်းများစွာ စုပုံနေသည်။

ကလေးများမှာ ၇နှစ်၊ ၈နှစ်အရွယ်ခန့်ရှိသော ကလေးများဖြစ်ပုံရသည်။ သို့သော် ခန္ဓာကိုယ်များမှာ ခြေလက်အင်္ဂါများ ဖြတ်တောက်ခံထားရ၍ ခြေမရှိ၊ လက်မရှိ သို့မဟုတ် မျက်လုံးမရှိ၊ နားရွက်မရှိ ဖြစ်နေကြသည်။

အချို့မှာ မီးလောင်ဒဏ်ရာများ ရထားပြီး ရုပ်ရည်သွင်ပြင်မှာ လုံးဝ မမှတ်မိနိုင်တော့ပေ။ အချို့မှာ ဓားဒဏ်ရာများရှိနေကြပြီး ကြောက်မက်ဖွယ်ကောင်းကာ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းပေသည်။ ထိုကလေးများအားလုံးသည် မေးခိုင်ပိုးဝင်ခြင်း၊ ဒဏ်ရာပိုးဝင်ခြင်း၊ ပြည်တည်ခြင်းနှင့် ဆေးကုသမှု မခံယူရခြင်းတို့ကြောင့် သေဆုံးကြရသည်။

ကိုယ်အင်္ဂါဖြတ်တောက်ခြင်း!

ဤသည်မှာ သူဖုန်းစားဂိုဏ်း၏ ကိုယ်အင်္ဂါဖြတ်တောက်ခြင်း အလေ့အထဖြစ်ပြီး မည်သူမျှ ထိုအလေ့အထမှ မလွတ်မြောက်နိုင်ပေ။ ‌မေးခိုင်ပိုးဝင်ခြင်းသည် ဤသို့ပတ်ဝန်းကျင်မျိုးတွင် ပုံမှန်ဖြစ်ပြီး အချို့ကလေးများသည် ဖြတ်ကျော်ရှင်သန်ပြီး အချို့သည်တော့ သေဆုံးသွားကြရသည်။

သေဆုံးသွားခဲ့လျှင်တော့ မြေမြှုပ်ခံလိုက်ရလေသည်။

မည်သူမျှ သူတို့ကို ဂရုမစိုက်ပေ။

လှောင်အိမ်ထဲရှိ ကလေးအများစုသည် ကြောက်ရွံ့မနေလျှင် ကြောင်အနေကြကာ သေးငယ်ပြွတ်သိပ်နေသည့် လှောင်အိမ်များထဲတွင် ခွေးများကဲ့သို့ ပျိုးထောင်ခံရလေသည်။

အဝတ်များမှာလည်း ဆုတ်ဖြဲခံထားရ၏။ သူတို့၏ရှေ့တွင် အမဲရောင်ရှိသည့် တစ်စုံတစ်ရာကို ခွေးစာခွက်ထဲ ထည့်ထားပြီး မည်သည့်အရာဖြစ်ကြောင်းကို ခွဲခြားမရပေ။

ခွေးလှောင်အိမ်တစ်ခုစီ‌တိုင်း၏ ဘေးတွင် အဖမ်းခံထားရသော ကလေးများ အသုံးပြုနိုင်သည့် မစင်ပုံး တစ်ပုံးစီ ရှိသည်။

သေချာပေါက်ပင် မိမိစိတ်ရှိပါက ကြမ်းပြင်ထက်တွင်လည်း စွန့်နိုင်ပေသည်။

ဤနေရာတွင် လူများကို လူကဲ့သို့ မဆက်ဆံဘဲ ခွေးများကဲ့သို့သာ ဆက်ဆံလေသည်။

လူသားဂုဏ်သိက္ခာကို ချနင်းထားသည့်မြင်ကွင်းကို မြင်လိုက်ရသည်တွင် ကျိုးချူ၏မျက်လုံးများမှာ သွေးရောင်အလား နီမြန်းသွားရပြီး နှလုံးအိမ်သည်လည်း နစ်မြုပ်သွားရသည်။ ရွေ့ရွေ့သာ ဤသို့အခြေအနေတွင် ပိတ်လှောင်ခံထားရပါက ချန်ကျိုစစ်မှာ မည်သို့တုံ့ပြန်လိမ့်မည်ကို သူ စိတ်ကူးမရနိုင်ပါချေ။

ကျိုးချူသည် တစ်ကိုယ်လုံး တုန်ယင်နေလျက် ကျယ်လောင်စွာ အော်ခေါ်သည်။

“ရွေ့ရွေ့ ရွေ့ရွေ့…”

ကျိုးချူ အော်ခေါ်သော်ငြား မည်သူမျှ မတုံ့ပြန်ပေ။ လှောင်အိမ်ထဲရှိ ကလေးများသည် မည်သူဝင်လာမှန်း မသိသောကြောင့် ထောင့်လေးတွင် ကိုယ်ကိုကွေးကျုံ့လျက် ကြောက်ရွံ့ထိတ်လန့်နေကြပေသည်။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ အချို့ကလေးများသည် ကြောက်ရွံ့ရ‌ကောင်းမှန်း လုံးဝ မသိကြတော့ခြင်းပင်။ ထုံအစွာဖြင့်ပင် ခွေးစာခွက်ထဲမှ အစားအသောက်များကို တိရိစ္ဆာန်များကဲ့သို့ စားနေကြလေသည်။

အချို့မှာ ခြေလက်များ မရှိကြတော့ပေ။ လက်မောင်း သို့မဟုတ် ခြေထောက်များ ဖြတ်တောက်ခံထားရသည်။

မြင်ကွင်းမှာ သည်းမခံနိုင်လောက်အောင် ဝမ်းနည်းဖွယ်ကောင်းလှပေသည်။

ကျိုးချူသည် အချိန်အတော်ကြာ အော်ခေါ်နေခဲ့သော်ငြား မည်သူမျှ မဖြေပေ။ လှောင်အိမ်တစ်ခုချင်းစီတိုင်းကို စစ်ဆေးသော်ငြားလည်း ရွေ့ရွေ့ကို ရှာမတွေ့ပေ။

ထိုအခါ ကျိုးချူ ထိတ်ပျာသွား၏။

သူတို့ဘယ်မှာလဲ။

သေသွားပြီများလား။

နစ်မွန်းနေသည့် စိတ်နှလုံးနှင့်အတူ ကျိုးချူသည် အလောင်းပုံကြားထဲကို စတင်ရှာဖွေတော့သည်။

တစ်ပြိုင်နက်တည်းပင် ရွေ့ရွေ့ကို အလောင်းပုံကြားထဲမှ ရှာတွေ့မည်ကိုလည်း စိုးရိမ်နေခဲ့သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ရှာမတွေ့ခဲ့ပေ။

“မင်းဘာရှာနေတာလဲ”

ကျိုးချူမှ ဘာဆက်လုပ်ရမှန်း မစဉ်းစားနိုင်‌ဘဲ ဖြစ်နေစဉ်တွင် ကလေးမလေးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။ ကျိုးချူ အသံလာရာသို့ လှည့်ကြည့်လိုက်သည်။

မျက်နှာတွင် မှဲ့ခြောက်များပြည့်နှက်နေသည့် အသားညိုကာ ဆံပင်ဝါများရှိသည့် ကလေးမလေးတစ်ဦးကို ကျိုးချူမြင်လိုက်ရသည်။ ကလေးမလေးမှာ လူသားတစ်ယောက်ထက် ပိန်လှီနေသည့် ခွေးတစ်ကောင်နှင့် ပို၍ ဆင်တူပေသည်။

သို့သော် သူမ၏မျက်လုံးများမှာ တောက်ပနေ၏။

ကျိုးချူမှ မေးသည်။

“ဒီလောက်အရပ်ရှိတဲ့ ကလေးမလေးကို မြင်မိသေးလား” ကျိုးချူမှ လက်ဟန်ဖြင့် ပုံဖော်ပြသည်။

“ဒီနေ့မှ ခေါ်လာတာလေ”

ကလေးမလေးမှ ပြန်ဖြေသည်။

“အသစ် အဖမ်းခံရတဲ့သူတွေက ဟိုဘက်မှာ၊ ဟုတ်တယ်မလား”

“မဟုတ်ဘူး!”

ထိုအခါ ကလေးမလေးမှ ပြောသည်။

“ဒါဆိုရင်တော့ ဖြစ်နိုင်ခြေနှစ်ခုပဲ ရှိတယ်။ အသတ်ခံရတာ မဟုတ်ရင် အရောင်းခံလိုက်ရတာပဲ”

“အသတ်ခံရတယ်? သေပြီလား”

ကျိုးချူမှ အံ့အားသင့်စွာဖြင့် ပြောသည်။ ကလေးမလေးမှ ပြန်ပြောသည်။

“ဟုတ်တယ်။ တစ်ခါတလေကျ သခင်တွေက တခြားကလေးတွေကို ခြိမ်းခြောက်ဖို့အတွက် မနာခံတဲ့ကလေးတချို့ကို သတ်ပစ်လေ့ရှိတယ်။ တချို့ကလေးတွေကတော့ သခင်တွေက မတူညီတဲ့ပုံစံမျိုးနဲ့ ကစားချင်ရင် သတ်လေ့ရှိတယ်… ခုခံခဲ့ရင်လည်း အသတ်ခံရနိုင်တယ်”

ထိုအခါ ကျိုးချူ ဒေါသထွက်သွား၏။

“သူက ၅နှစ်ပဲရှိသေးတာလေ”

“အဲဒီတော့ ဘာဖြစ်လဲ”

ကလေးမ‌လေးသည် သတ်မှတ်ချက်အားလုံးပါဝင်သည့် အကြောင်းအရာများကို ပြောပြလာသည်။ ကျိုးချူသည် အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွား၏။

“တိရိစ္ဆာန်တွေလေ! သူတို့အားလုံးက တိရစ္ဆာန်တွေလေ!”

“ဒါပေမဲ့ ပုံမှန်ဆို သူတို့ အဲဒီလိုမလုပ်တတ်ပါဘူး။ ရှင်ရှာနေတဲ့ မိန်းကလေးက လှလား”

ကျိုးချူမှ ပြောသည်။

“လှတယ်”

“ဒါဆို သူ အသတ်ခံရတာ မဟုတ်လောက်ဘူး။ သူ ဒီမှာမရှိဘူးဆိုရင် အရောင်းခံရတာ ဖြစ်နိုင်ခြေများတယ်။ အဆုံးသတ်ကျ သခင်တွေက ရောင်းချလို့ရတဲ့ ကုန်ပစ္စည်းတွေကို အလွယ်တကူ မဖြုန်းတီးတတ်ဘူးလေ”

ကျိုးချူမှာ စိတ်သက်သာရာရသွားပြီး ပြောသည်။

“မင်းက ဒါတွေအားလုံးကို ဘယ်လိုသိတာလဲ”

ကလေးမလေးမှ ပြောသည်။

“သမီး ဒီမှာ ပိတ်လှောင်ခံထားရတာ နှစ်ဝက်ရှိနေပြီ”

“နှစ်ဝက်လား”

ကျိုးချူ အံ့အားသင့်သွား၏။

ဒီလိုပတ်ဝန်းကျင်မျိုးမှာ ကိုယ်အင်္ဂါဖြတ်တောက်မခံရဘဲ အသတ်မခံရဘဲ ရှင်သန်နေနိုင်တယ်တဲ့လား။

ကျိုးချူသည် မနီးမဝေးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကိုယ်အင်္ဂါဖြတ်တောက်ခံထားရသည့် ကလေးများကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။

ကလေးမလေးမှ ပြောသည်။

“ဟုတ်တယ်။ သမီးက ရုပ်ဆိုးတော့ ဘယ်သူမှ ဝယ်မှာမဟုတ်ဘူးလေ။ ဒါပေမဲ့ သမီးက မိန်းကလေးဖြစ်နေတော့ ရောင်းလို့ရနိုင်တဲ့ အခွင့်အရေးရှိသေးတယ်။ အဲဒါကြောင့် သူတို့ သမီးကို ကိုယ်အင်္ဂါတွေ မဖြတ်ဘူး”

ကျိုးချူ နားလည်သွား၍ ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်သည်။

“သိပြီ၊ မင်းကို ကျေးဇူးတင်ပါတယ်”

All Chapters