ဒဏ္ဍာရီလာသားရဲတစ်မျိုး
Vol. 28 Ch. 392
...
"သွေဖယ်ခြင်း။"
စာရေးဆရာ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်းဖြင့် အာရန်၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုတည်းသာ ကြီးစိုးနေခဲ့တော့၏။
အာရန်သည် သူ့ကိုယ်သူ ကာကွယ်ရန် ဓားဧကရာဇ်၏ ဓားကို အသုံးပြုရမည်ဆိုသည့် စာရေးဆရာ၏ အကြံပြုချက်ကို မှတ်မိနေသော်လည်း သွေဖယ်ခြင်းသွေးမျိုးဆက် အကြောင်း သူ၏ အတွေးများကိုမူ ဖယ်ရှားခြင်း မပြုနိုင်ခဲ့ပေ။
၎င်းက မည်သို့သော သွေးမျိုးဆက်မျိုးနည်း...။
သူ့တွင် သွေးမျိုးဆက်များစွာ ပိုင်ဆိုင်ထားပြီးဖြစ်သည်။
ဝါးမြိုသူသွေးမျိုးဆက်နှင့်ပင် အာရန်သည် အချိန်ကြာလာသည်နှင့်အမျှ စွမ်းရည်အမျိုးမျိုးရှိသော သွေးမျိုးဆက်များစွာကိုပင် စုဆောင်းနိုင်ခဲ့ပြီး ဖြစ်လေသည်။
သို့သော် အမြင့်ဆုံးစွမ်းရည်ရှိသည့် သွေးမျိုးဆက်များနှင့်ပတ်သက်လာသောအခါ ၎င်းသည် ကွဲပြားခြားနားလေသည်။
မူလနတ်ဆိုးဝါးမြိုသူပင်လျှင် သူ၏ ကိုယ်ခန္ဓာကို ပျက်ဆီးစေနိုင်သည့် အန္တရာယ်ရှိနေသည့်အတွက် အခြား အမြင့်ဆုံးသောစွမ်းရည်ရှိသည့် သွေးမျိုးဆက်တစ်ခုကိုဝါးမြိုရန်မှာ အတော်လေးစွန့်စားမှုတစ်ခု ယူရမည်ဖြစ်သည်။
သို့သော် အာရန်အတွက်မူ သွေဖယ်ခြင်းသွေးမျိုးဆက်ကိုသာ ထည့်မတွက်ပါက သူ့တွင် အမြင့်ဆုံးသော သွေးမျိုးဆက်နှစ်ခုတိတိကိုပင် ရယူပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်၏။
ပထမတစ်ခုမှာ ဝါးမြိုသူသွေးမျိုးဆက်ဖြစ်ပြီး ဒုတိယတစ်ခုမှာ မကြာသေးမီက ပင်လယ်နဂါးသွေးမျိုးဆက်မှ အသွင်ပြောင်းလဲလာသော ကောင်းကင်နဂါးသွေးမျိုးဆက်ပင်ဖြစ်လေသည်။
ဤသို့ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်သည် ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နိုင်နေဆဲပင်။
အာရန်သည် အကယ်၍ သူသာ နောက်ထပ် သွေဖယ်ခြင်းသွေးမျိုးဆက်ကို ထပ်မံနိုးထစေနိုင်ခဲ့ပါက သူ၏ ခန္ဓာကိုယ်သည် မည်သို့သော သက်ရောက်မှုမျိုး ကြုံတွေ့ရနိုင်မည်နည်းဟု တစ်ချက်တွေးမိလိုက်သည်။
သို့သော်သူ၏ ဤစိုးရိမ်ပူပန်မှုများကို ရှုယင်အား မမြင်စေလိုခဲ့ပေ။
ထို့ကြောင့်အာရန်သည် သူမအား အားတင်းကာ ပြုံးပြလိုက်ပြီး စကားအကြောင်းအရာကို အမြန်ပင်ပြောင်းလဲလိုက်ရသည်။
"အဝတ်အစားတွေ အမြန်ဝတ်တော့လေ။ ဘာလဲကိုယ့်ကို အပြင်လိုက်မပို့တော့ဘူးလား" ဟု အာရန်သည် အိပ်ယာခင်းလေးတစ်ခုကိုသာ ပတ်ထားသည့် ရှုယင်အား ပြောလိုက်လေသည်။
အာရန်သည် ထိုဓားသာမရှိခဲ့ပါက လုံးဝမုချသေဆုံးရမည်ဟု သတိပေးခံထားခဲ့ရသော်လည်း သူသည် သန့်စင်မြို့တော်မှ ထွက်ခွာရန်မူ ဆုံးဖြတ်ခဲ့ပြီးဖြစ်၏။
သူသည် ရှုယင် အဆင်သင့်ဖြစ်သည်အထိ စောင့်ဆိုင်းပေးခဲ့ပြီး အခန်းတွင်းမှ အတူတကွထွက်လာခဲ့ကာ ဇီယာ၊ယုလင်းတို့နှင့် တွေ့ဆုံလိုက်သည်။
ထိုမိန်းကလေးသုံးဦးသည် အာရန်အား နန်းတော် အပြင်သို့ လိုက်ပို့ခဲ့ရာ ကာဒီနယ်ရဟန်းအမတ်မှာ သူ့အား အပြင်တွင် အဆင်သင့် စောင့်ဆိုင်းနေခဲ့လေသည်။
သန့်စင်ဧကရာဇ်ဟန်ဆောင်နေသော သူ၏ ကိုယ်ပွားနှင့်ပင် လမ်းတွင် တွေ့လိုက်ရသေး၏။
အာရန်သည် သူ၏ကိုယ်ပွားနှင့် စကားများအပြန်အလှန်ပြောဆိုနေခဲ့မိသော်လည်း ကိုယ့်ကိုကိုယ် ပြန်ပြောနေရသလို ဖြစ်နေခဲ့သောကြောင့် အနည်းငယ် ကိုးရိုးကားယား နိုင်နေခဲ့လေသည်။
သို့သော် အာရန်သည် ဟန်ဆောင်မှုကို ကောင်းစွာဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။
သန့်စင်ဧကရာဇ်သည် နန်းတော်အတွင်းရှိ လူများရှေ့တွင် အာရန်နှင့်လုံးဝ ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ဦး အဖြစ်ဆက်လက်၍ သံသယမဝင်မိအောင် ဟန်ဆောင်နိုင်ခဲ့လေသည်။
"နောက်ဆုံးတော့ရောက်လာပြီပေ့ါ"
ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် အာရန်အား မြင်သောအခါ လှမ်း၍ နှုတ်ဆက်လိုက်သည်။
သူသည် ဤခရီးစဥ်အတွက် အသင့်ရွေးချယ်ထားသော စီးတော်ယာဉ်ဖြစ်သည့် ပက်ဂါဆပ်သားရဲ၏ ဘေးတွင် စောင့်နေခဲ့ခြင်းဖြစ်သည်။
[မှတ်ချက်။ ။ ပက်ဂါဆပ် (Pegasus) ဆိုတာ ဂရိဒဏ္ဍာရီလာ အတောင်ပံပါတဲ့ မြင်းဖြူကြီးတွေကိုရည်ညွှန်းတာပါ ကောင်းကင်ပေါ်မှာလွတ်လပ်စွာ ပျံသန်းနိုင်စွမ်းရှိပြီး ယူနီကွန်း(Unicorn) မြင်းဖြူတွေနဲ့ မတူပါဘူးနော် ယူနီကွန်က နှာဖူးအလယ်မှာ ဦးချိုတစ်ချောင်းပါပြီး ပက်ဂါဆပ်လို အတောင်ပံမပါပါဘူး]
ထရီနီယယ်သည် အာရန်အပေါ် အတော်အတန် ရန်လိုနေမိခဲ့သော်လည်း သူ၏ မျက်နှာတွင်မူ ထိုအရာကို ထုတ်ဖော်မပြသခဲ့ပေ။
အတွင်းစိတ်တွင်မူ ၎င်းသည် အာရန်အတွက် နောက်ဆုံးခရီးစဥ် ဖြစ်တော့မည်ဟု သတ်မှတ်ထားပြီးဖြစ်၏။
"ဒါ ခင်ဗျား ရွေးချယ်ထားပေးတဲ့ စီးတော်ယာဉ်ဆိုတာလား" အာရန်သည် ပုံပြင်များထဲမှ တိုက်ရိုက်ထွက်လာသကဲ့သို့ ခံစားရသော အလွန်လှပသည့် ပက်ဂါဆပ်မြင်းဖြူကြီးထံ သို့ ချဉ်းကပ်ရင်း မေးလိုက်သည်။
၎င်းသည် သူ၏ ဖီးနစ်ငှက်မလေးကဲ့သို့သော အဆင့်မြင့်ဒဏ္ဍာရီလာ သားရဲ မဟုတ်သေးသော်လည်း အနောက်တိုက်ကြီးတွင်သာ တွေ့ရသော ထူးခြားသည့် သားရဲတစ်မျိုး ဖြစ်နေဆဲပင်။
အနောက်တိုက်ကြီးရှိ ပက်ဂါဆပ်အားလုံးကို သန့်စင်ဘုရားကျောင်းမှ ထိန်းချုပ်ထားခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် သာမန်တောအုပ်ထဲတွင် ထိုပက်ဂါဆပ်များကို တစ်ကောင်တလေပင် ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်သလောက်ပင်။
"ကျုပ်တို့ ဒီအတိုင်းကိုယ်တိုင် ပျံသန်းတာထက် သူတို့နဲ့ဆို ပိုပြီးမြန်မြန်ဆန်ဆန် ခရီးရောက်နိုင်ပါတယ်" ဟု ကာဒီနယ်ရဟန်းအမတ်က အာရန်အား ပြန်ပြောလိုက်ရာ သူ၏ တည်ငြိမ်မှုဟန်ပန်သည် အနည်းငယ်မျှပင် ပျောက်ပျက်မသွားခဲ့ပေ။
"ကျွန်ုပ်တို့ရဲ့ စစ်သင်္ဘောတွေကိုလည်း ယူသွားလို့ရတယ်ဆိုပေမဲ့ အဲ့ဒီလိုဆိုရင် မိုင်ပေါင်းများစွာကနေကို လှမ်းမြင်နိုင်လိမ့်မယ်။ ဒါက ရန်သူကို ကျုပ်တို့ ရောက်ရှိလာပြီဆိုတာကို သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်"
"ကျွန်ုပ်တို့တွေက မြောက်ပိုင်းတိုက်ကြီးထဲကို ခိုးဝင်ပြီး စုံစမ်းဖို့ စီစဉ်နေတာဆိုတော့ အန္တရာယ်က နည်းလေကောင်းလေပဲ မဟုတ်ဘူးလား" ဟု ထရီနီယယ် က ပြန်မေးလိုက်သည်။
"မှန်ပါတယ်"
အာရန်သည် ကာဒီနယ်ရဟန်းအမတ်၏ အကြံပြုချက်ကို သဘောတူလိုက်သည်။
သူသာ ကောင်းစွာ မသိထားခဲ့ပါက ကာဒီနယ်ရဟန်းအမတ် ထရီနီယယ် သည် သံတမန်များ ပျောက်ဆုံးခြင်းကို အလေးအနက်ထား စုံစမ်းလိုသည်ဟုပင် အမှန်တကယ် ယုံကြည်ခဲ့မိပေလိမ့်မည်။
"ဪ ဒါနဲ့ ကျုပ် ဘာလိုအဲ့ကိစ္စကို မေ့နေရတာလဲ" ကာဒီနယ်ရဟန်းအမတ်က အရေးကြီးသော တစ်စုံတစ်ခုကို ရုတ်တရက်ပြန်မှတ်မိသွားသည့်အလား ဟန်ဆောင်လိုက်သည်။
"ကျွန်ုပ်တို့ရဲ့ သန့်စင်ပရောဟိတ်မက မနေ့က ရောက်လာတဲ့ သံတမန်အသစ်နဲ့ သီးသန့် စကားပြောချင်နေပုံရတယ်။ မနေ့ညက ကောင်းကောင်း မိတ်မဆက်ဖြစ်လိုက်ရတဲ့အတွက် သူမအတွက် ထပ်ပြီးသီးခြား ဧည့်ခံ ကြိုဆိုချင်နေပုံပဲ" ဟု ထရီနီယယ်မှ အာရန်အား ပြောရင်း ရှုယင်ဘက်သို့ သူ၏ စကားဦးတည်ရာကို လှည့်လိုက်သည်။
အာရန်သည် ထရီနီယယ်မှာ ဤခရီးစဥ်တွင် အခြားသော မဟာအကြီးအကဲများအား သူ့နှင့်အတူ မလိုက်စေလိုသောကြောင့် ထိုသို့ လုပ်ဆောင်နေခြင်းဖြစ်သည်အား နားလည်ထားပြီး ဖြစ်သည်။
သို့သော်သူသည် ၎င်းကို ဂရုမစိုက်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အာရန်သည် ပထမကတည်းက ၎င်းတို့အား အတူတကွ ခေါ်ဆောင်သွားရန် အစီအစဉ်မရှိနေခဲ့သောကြောင့်ပင်တည်း။
တစ်ချိန်တည်းမှာပင် အာရန်သည် ထိုမိန်းကလေးနှစ်ဦးအား သူမပါဘဲ သန့်စင်ပရောဟိတ်မနှင့် တွေ့ဆုံခြင်းကိုလည်း လိုလားမနေခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ထိခိုက်စေနိုင်သည့် မည်သည့်အန္တရာယ်ကိုမျှ သူသည် အဖြစ်မခံလိုသောကြောင့်ပင်။
"သူတို့ သန့်စင်ပရောဟိတ်မနဲ့ မတွေ့နိုင်သေးတဲ့အတွက် ကျုပ်စိတ်မကောင်းပါဘူး။ သူတို့နှစ်ယောက်စလုံး ကျင့်စဥ်ပိုင်း တစ်စုံတစ်ရာအမှားအယွင်းဖြစ်သွားခဲ့တဲ့အတွက် နည်းနည်း နေမကောင်းဖြစ်နေကြတယ်။ ဒါကြောင့် သူတို့ အစကတည်းက ကျုပ်နောက်ကိုတောင် မလိုက်နိုင်ခဲ့ကြဘူး"
အာရန်သည် ပက်ဂါဆပ်ပေါ်သို့ တက်ရန်ကျိုးစားရင်း ထရီနီယယ်အား ရှင်းပြလိုက်သည်။
"သူတို့ နှစ်ယောက်လုံးလား" ကာဒီနယ်ရဟန်းအမတ်က ပြန်လည်မေးလိုက်ရာ သူ၏ အသံတွင် ပျော်ရွှင်မှုကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေရပုံ ရလေ၏။
"ဘယ်လောက်ကံဆိုးလိုက်သလဲ ခုလိုအချိန်မျိုးမှာမှ ဒါပေမဲ့ ဒီလိုဆိုရင်လည်း သူတို့ အနားယူတာကပဲ ပိုကောင်းပါတယ်လေ။ ကျုပ်တို့ကလည်း ခဏလောက်ဆို ပြန်ရောက်မှာပဲဆိုတော့ ပြဿနာမရှိပါဘူး။"
သူတို့နှစ်ဦး အမှန်တကယ် ဖျားနာနေသည်ဖြစ်စေ မဖျားနာသည်ဖြစ်စေ ထရီနီယယ် အတွက် အရေးမကြီးပေ။
ထရီနီယယ်အတွက် အရေးကြီးသည်မှာ သူတို့ထဲမှ မည်သူမျှ အာရန်နှင့်အတူ လိုက်ပါမလာရန်ပင်ဖြစ်ပြီး ၎င်းက ကိစ္စရပ်များကို သူ့အတွက် ပိုမိုလွယ်ကူစေလိမ့်မည်ဖြစ်လေသည်။
"နောက်ပိုင်း သူတို့နေပြန်ကောင်းလာကြရင် သန့်စင်ဘုရားကျောင်းကို ကိုယ်တိုင်လာလည်ကြပါ။ သင်တို့ကို ကျွန်ုပ်တို့ပရောဟိတ်မက ကောင်းကောင်း ဧည့်ခံ ကြိုဆိုပါလိမ့်မယ်" ဟု ထရီနီယယ် က ပြောလိုက်ပြီး ပက်ဂါဆပ်၏ ကျောပေါ်သို့ တက်လိုက်သည်။
ထို့နောက် အာရန်ဘက်သို့ လှမ်းကြည့်လိုက်ကာ -
"ခုလို ပက်ဂါဆပ်တွေကို အရင်က စီးဖူးလား"
"ခင်ဗျားကဘယ်လိုထင်လို့လဲ"
အာရန်သည် လှောင်ပြောင်သရော်သည့် ပုံစံဖြင့် ပြန်ဖြေလိုက်သည်။
ပက်ဂါဆပ်အားလုံးအား သန့်စင်ဘုရားကျောင်းမှ တစ်ဦးတည်းမူပိုင် ထိန်းချုပ်ထားချိန်တွင် အရှေ့တိုက်မှလူတစ်ဦးအဖို့ ၎င်းတို့ကို မည်သို့ စီးရန်အခွင့်အရေးရခဲ့မည်နည်း။
"သူတို့ကို စီးဖို့ သင်တန်းတက်စရာ မလိုပါဘူး။ ကျွန်ုပ်တို့ရဲ့ ခွင့်ပြုချက်ရရင် ကောင်းချီးအော်ရာကို သုံးပြီး ထိန်းချုပ်ဖို့တောင် မလိုပါဘူး။ သူတို့ကို ထိန်းချုပ်ရတာ အလွန်လွယ်ပါတယ်" ဟု ကာဒီနယ်ရဟန်းအမတ်က အာရန်အား ရှင်းပြလိုက်သည်။
ထို့နောက် ထရီနီယယ်သည် သူ၏ လက်တစ်ဖက်ကို ပက်ဂါဆပ်၏ လည်ပင်းနောက်ဘက်သို့ ညင်သာစွာ သပ်ပေးလိုက်သောအခါ ထိုပက်ဂါဆပ်သည် သူ၏ အတောင်ပံများကို ဖြန့်ထုတ်လိုက်လေသည်။
"သူတို့ရဲ့ လည်ပင်းနောက်ဘက်မှာ သင့်ရဲ့လက်ကိုတင်လိုက်ပြီး အတွေးနဲ့ပဲ ညွှန်ကြားပေးလိုက်ပါ။ သူတို့ လိုက်နာပါလိမ့်မယ်"
ထရီနီယယ်သည် ထိုသို့ညွှန်ကြားချက်ပေးပြီးသည်နှင့် သူစီးထားသော ပက်ဂါဆပ်သည် ရှေ့သို့ပြေးတက်သွားကာ အပေါ်သို့မြောက်တက်စပြုလာခဲ့၏။
အာရန်သည် သူ၏ နောက်ရှိ မိန်းကလေးသုံးဦးကို လှည့်ကြည့်လိုက်သည်။
"မြန်မြန်ပြန်လာခဲ့ပါ့မယ် စိတ်မပူကြနဲ့နော်" ဟု အာရန်သည် သူတို့အား ပြောလိုက်ပြီး သူ၏ ပက်ဂါဆပ်သည်လည်း အတောင်ပံများကိုစတင် ဖြန့်ကျက်ကာ ရှေ့သို့ ပြေးထွက်သွားကာ လေထဲတွက်အရှိန်အဟုန်ဖြင့် တက်သွားခဲ့တော့သည်။
အာရန်သည် ကာဒီနယ်ရဟန်းအမတ်ထရီနီယယ် နောက်သို့ အမှီလိုက်ပါသွားရာ ၎င်းတို့နှစ်ဦးသည် ကောင်းကင်တွင် အပြေးပြိုင်နေသည့်အလားပင် ထင်မှတ်ရလေတော့၏။
#Catfoot