← Chapters

မြောက်ပိုင်းတစ်တိုက်လုံးကို ပစ်မှတ်ထားခြင်း

Vol. 28 Ch. 396

မြောက်ပိုင်းတစ်တိုက်လုံးကို ပစ်မှတ်ထားခြင်း

Vol. 28 Ch. 396

    ....

    ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည်သာ အာရန်အား အမှန်တကယ် လုပ်ကြံလိုပါက မြောက်ပိုင်းတိုက်ကြီးသို့ ဝင်ရောက်သည်နှင့် စတင် တိုက်ခိုက်နိုင်သည့် အခွင့်အရေးရှိခဲ့လေသည်။

    သို့သော် ကာဒီနယ်ရဟန်းအမတ်၏ လုပ်ရပ်များသည် ဆန့်ကျင်ဘက်ကို ညွှန်ပြနေခဲ့သည်။

    အာရန် နားလည်လိုက်သည်မှာ ကာဒီနယ်ရဟန်းအမတ်၏ အစီအစဉ်သည် သူ့ကို လုပ်ကြံရုံကဲ့သို့ ရိုးရှင်းသည်တော့ မဟုတ်လောက်ပေ။

    သူသည် အာရန်ကို ဤနေရာသို့ ခေါ်ဆောင်လာပြီး မိစ္ဆာဂိုဏ်းဝင်များ၏ ကြေကွဲဖွယ် အဆုံးသတ်ကို မြင်တွေ့စေခဲ့ခြင်းမှာ ရည်ရွယ်ချက်တစ်ခုအတွက် ဖြစ်ဟန်ရသည်။

    ကာဒီနယ်ရဟန်းအမတ်သည် အာရန်အား မြောက်ပိုင်းသားများအပေါ် မုန်းတီးမှု ကို ပိုမို ဖြစ်ပေါ်စေလိုခဲ့သည်။

    မိစ္ဆာဂိုဏ်းမှ မဟာအကြီးအကဲများသည် အနည်းငယ်မျှသော မကျေနပ်မှုအတွက်ပင် လက်စားချေတတ်ကြောင်း လူသိများလေသည်။

    ကာဒီနယ်ရဟန်းအမတ်သည် အာရန် စိတ်ရူးပေါက်ပြီး ဤဒေသအား အုပ်ချုပ်နေသော အဓိကမိသားစုများအား တိုက်ခိုက်ကာ နောက်ဆုံးတွင် နစ်ခရိုမန်ဆာမျှော်စင်၏ လက်ချက်ဖြင့် သေဆုံးသွားရန် မျှော်လင့်နေခဲ့ဟန်ရသည်။

    ဤနည်းဖြင့် ကာဒီနယ်ရဟန်းအမတ်သည် နစ်ခရိုမန်ဆာမျှော်စင်နှင့် မိစ္ဆာဂိုဏ်းကြားတွင် မပြေလည်နိုင်သော ရန်ငြိုးတစ်ခုကို တည်ပေးနိုင်လိမ့်မည်ဖြစ်၏။

    အာရန်သည် ဤကဲ့သို့ လက်စားချေရန် မကျိုးစားတော့ဘဲ ရိုးရှင်းစွာ ပြန်လှည့်သွားရန် အကြံပြုခဲ့ခြင်းမှာ သူ့အတွက် အမှန်တကယ် မမျှော်လင့်ထားသော ကိစ္စလည်းဖြစ်လေသည်။

    ထရီနီယယ်သည် ဤမဟာအကြီးကဲမှာ သူ၏ သာမန်တပည့်တစ်ဦးကို စော်ကားခဲ့သောကြောင့် ဂိုဏ်းအများအပြားကိုပင် လိုက်လံဖျက်ဆီးခဲ့သူပင် အမှန်တကယ် ဟုတ်ပါလေစ ဟုတွေးမိလိုက်သည်။

    အာရန်က ပြန်သွားရန် အကြံပြုသောအခါ ထရီနီယယ်သည် ခဏတာမျှ စိတ်ဓာတ်ကျသွားခဲ့ရသည်။

    အာရန်အား ဖျောင်းဖျနိုင်ရန် သူလုပ်စေလိုသည့်အရာကို ပွင့်ပွင့်လင်းလင်း အကြံပြုခဲ့ပြီး ဖမ်းဆီးခံထားရဆဲဖြစ်သော သံတမန်များကို ကယ်တင်နိုင်ရန် မျှော်လင့်ချက် ရှိသေးကြောင်း ပြောလိုက်သည်။

    "သူတို့ အသက်ရှင်နေရင်တောင် နစ်ခရိုမန်ဆာမျှော်စင်ကို မကြာခင်ရောက်သွားနိုင်တယ်။ နစ်ခရိုမန်ဆာမျှော်စင်ကို တစ်ယောက်တည်းသွား တိုက်တာက မိုက်မဲရာကျလွန်းလိမ့်မယ်" ဟု အာရန်သည် ကာဒီနယ်ရဟန်းအမတ်၏ ထိတ်လန့်နေသော မျက်နှာကို နှစ်သက်စွာ ကြည့်ရင်း ပြောလိုက်သည်။

    အာရန်သည် ပက်ဂါဆပ်ပေါ်သို့ တက်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်ပြီးဖြစ်ကြောင်း အရိပ်အမြွက် ပြောဆိုလိုက်သည်။

    "အ..အဲဒီလို မဟုတ်သေးဘူး။ ဒီဒေသကို ထိန်းချုပ်ထားတဲ့ အဓိကမိသားစုကပဲ သံတမန်တွေကို  ဖမ်းထားတာ ဖြစ်နိုင်တယ်" ဟု ထရီနီယယ်သည် အာရန်၏ ပက်ဂါဆပ်အား မပျံသန်းနိုင်အောင် လက်ဖြင့် တားထားရင်း ထပ်မံပြောလိုက်သည်။

    "နစ်ခရိုမန်ဆာမျှော်စင်မှာ သူတို့မရှိဘူးဆိုတာ ခင်ဗျားဘယ်လိုသိလဲ"

    "ကျွန်ုပ်တို့အတွက် ဒီဒေသကို အုပ်ချုပ်တဲ့ ကီးလ်မိသားစုအတွင်းမှာ အလုပ်လုပ်ပေးနေတဲ့ သူလျှိုအချို့ ရှိထားပါတယ်" ဟု ကာဒီနယ်ရဟန်းအမတ်သည် ဇာတ်လမ်းတစ်ပုဒ်ကို လုပ်ကြံဖန်တီးလိုက်လေသည်။

    " ဒီမနက်ပဲ အဲ့ဒီသူလျှိုတွေဆီကနေ ကီးလ် မိသားစုက ဓားစာခံတချို့ကို ဖမ်းဆီးထားပြီး နစ်ခရိုမန်ဆာမျှော်စင်က ကိုယ်စားလှယ်တစ်ဦး လာခေါ်မှာကို စောင့်နေတယ်လို့ သတင်းရထားပါတယ်"

    ယခု သူ၏ လုပ်ကြံဇာတ်လမ်းသည် လက်ခံနိုင်စရာ ယုတ္တိရှိနေသမျှ ကာလပတ်လုံး အမှန်တရားဖြစ်စရာ မလိုအပ်ပေ။

    အာရန်သည် အသက်ရှင်လျက် ပြန်လာနိုင်မည် မဟုတ်ပေ။

    သူသည် အမှန်တရားကို ရှာဖွေတွေ့ရှိသွားချိန်တွင်မူ အလွန်နောက်ကျနေပြီ ဖြစ်ပေလိမ့်မည်။

    "နစ်ခရိုမန်ဆာမျှော်စင်က ကိုယ်စားလှယ်တွေတွေ နှစ်ရက်အတွင်း ရောက်လာမယ်လို့ ပြောတယ်။ သင်တို့လူတွေကို ကယ်ဖို့ ကျွန်ုပ်တို့မှာ နှစ်ရက်ပဲ အချိန်ရှိမယ်။ မဟုတ်ရင် အရမ်း နောက်ကျသွားလိမ့်မယ်" ဟု ထရီနီယယ်သည် အချိန်ကုန်လုနီးပြီဖြစ်ကြောင်း ထင်ပေါ်စေရန် ဆက်လက်ပြောဆိုလိုက်သည်။

    "ဒါကို ခင်ဗျားသိရင်လည်း ဘာလို့ အစောက မပြောတာလဲ။ စောစောကသာ ကြိုသိခဲ့ရင် တခြား မဟာအကြီးအကဲတွေကိုပါ ခေါ်လာခဲ့မှာပေ့ါ" ဟု အာရန်သည် ကာဒီနယ်ရဟန်းအမတ်အား အသက်ရှူချောင်ခွင့် မပေးပဲအနည်းငယ်ထပ်မံ၍ ဖိအားပေးလိုက်ပြန်သည်။

    "သူလျှိုတွေက ဘုရားကျောင်းနဲ့ တိုက်ရိုက်ဆက်သွယ်လို့ မရဘူး။ ကျုပ်တို့ ဒီမြောက်ပိုင်းတိုက်ကြီးထဲ ဝင်ရောက်လာမှပဲ ဆက်သွယ်ရေးသလင်းကျောက်ကနေ ဒီသတင်းကို လက်ခံရရှိခဲ့တာမို့ပါ" ဟု ကာဒီနယ်ရဟန်းအမတ်ကလည်း အလျှင်အမြန်ပင် ဖြေရှင်းချက်တစ်ခုကို ပြန်ပေးလိုက်လေ၏။

    "တကယ်လို့ အစောကတည်းကသာ ကြိုသိခဲ့ရင် ကျွန်ုပ်လည်း အခြား ကာဒီနယ်ရဟန်းအမတ်တွေကိုပါ သင်တို့ကို ကူညီဖို့ ခေါ်လာခဲ့မိမှာ။ ကံမကောင်းစွာနဲ့ပဲ အခုအချိန် အကူအညီခေါ်ဖို့ ပြန်သွားရင် အရမ်းနောက်ကျသွားလိမ့်မယ်။ အခုချိန်မှာတော့ သူတို့ကို ကယ်တင်နိုင်မဲ့သူဆိုလို့ ကျွန်ုပ်တို့ နှစ်ယောက်ပဲ ရှိနေတယ်"

    ကာဒီနယ်ရဟန်းအမတ်သည် သူ၏ ဇာတ်လမ်းကို အလွန်ယုံကြည်ဖွယ်ဖြစ်အောင် ဖန်တီးခဲ့လေသည်။

    သူသည် အာရန်အား အစောပိုင်းက မကူညီနိုင်ခဲ့၍ ဝမ်းနည်းသကဲ့သို့ပင် ဟန်ဆောင်လိုက်သည်။

    ထရီနီယယ်သည် သရုပ်ဆောင်ရာတွင် အမှန်တကယ်ပင် ဆရာတစ်ဆူ ဖြစ်ဟန်ရသည်။

    ကံမကောင်းစွာဖြင့် အာရန်သည် ကာဒီနယ်ရဟန်းအမတ်ပြောခဲ့သည့် စကားလုံးတိုင်းနီးပါးသည် လိမ်လည်မှုများသာဖြစ်ကြောင်း ကြိုတင်သိရှိထားပြီဖြစ်နေသည်။

    သို့တိုင် သူသည် ထိုအရာကို မဖော်ထုတ်ခဲ့ပေ။

    ကာဒီနယ်ရဟန်းအမတ်က သူ့အား အသုံးချ၍ မိစ္ဆာဂိုဏ်းနှင့် နစ်ခရိုမန်ဆာမျှော်စင်ကြားတွင် ရန်ငြိုးရန်စတစ်ခုကို ဖန်တီးလိုပါက သူသည်လည်း ထိုအတိုင်းပင် ပြန်လည် တုံ့ပြန်ရမည်ဖြစ်၏။

    အကယ်၍ သူသာ သန့်စင်ပရောဟိတ်မကို ဖြုတ်ချလိုပါက ထိုမျှ အင်အားကြီးမားသော အင်အားစုတစ်ခု၏ အကူအညီကို အမှန်တကယ်လိုအပ်လေသည်။

    အာရန်သည် မိစ္ဆာဂိုဏ်း၏ အကူအညီကို ရယူနိုင်သော်လည်း အကယ်၍တိုက်ပွဲဖြစ်ကာ ဘုရားကျောင်းအား အနိုင်ယူနိုင်လျှင်ပင် မိစ္ဆာဂိုဏ်းအား များစွာ အားနည်းသွားစေလိမ့်မည် ဖြစ်သည်။

    ၎င်းသည် သူရဲကောင်းအကယ်ဒမီအတွက် ကောင်းကင်ဘုံမှ အခွင့်အရေးတစ်ခု ပေးအပ်လိုက်သည်နှင့် တူညီမနေ ပေဘူးလား။

    ထို့ကြောင့်အာရန်သည် ယင်းအစား နစ်ခရိုမန်ဆာမျှော်စင်ကို အသုံးချလိုနေခြင်း ဖြစ်သည်။

    အမှန်တကယ်မူ ထိုအကြံသည် ထရီနီယယ် ၏ အကြံအစည်အပေါ်အခြေခံ၍ အာရန်၏ ခေါင်းထဲတွင် အစောပိုင်းအတွင်းကမှ ပေါ်လာခဲ့သော အကြံလည်းဖြစ်လေ၏။

    ကြီးမားသော စစ်ပွဲတစ်ခု စတင်ရမည်ဆိုလျှင်ပင် နစ်ခရိုမန်ဆာမျှော်စင် သခင်အား ထိုဖြစ်ရပ်ထဲ ဆွဲသွင်းလိုနေခဲ့သည်။

    ထိုစစ်ပွဲကို စတင်ရန်သော့ချက်မှာ ကာဒီနယ်ရဟန်းအမတ်ကိုယ်တိုင်မှလွဲ၍ တခြားမရှိနိုင်ပေ။

    'ငါ့ရဲ့ ချစ်လှစွာသော ပရောဟိတ်မလေး င့ါကို ထောင်ချောက်ဆင်ဖို့ ဒီလောက် အားထုတ်ခဲ့ပြီးဆိုမှတော့ ငါကလည်း ဒီတိုင်း ပြန် ကျေးဇူးဆပ်မယ်ဆိုရင် စိတ်ထဲမထားနဲ့နော် ဟိ'

    သန့်စင်ပရောဟိတ်မ အနိုင်ရသည်ဖြစ်စေ၊ နစ်ခရိုမန်ဆာမျှော်စင် သခင် ဘက်မှ အနိုင်ရသည်ဖြစ်စေ ကိစ္စမရှိပေ။

    သူတို့၏ သွေးများကို ရယူနိုင်သမျှကာလပတ်လုံး အမှန်တကယ့်အနိုင်ရမည့်သူမှာ သူကိုယ်ပင် ဖြစ်နေလိမ့်မည်မဟုတ်ပါလော...။

    အာရန်သည် ကာဒီနယ်ရဟန်းအမတ်၏ ဤအကြံပြုချက်ကို လက်ခံရန် အနည်းငယ် စိတ်နှစ်ခွဖြစ်နေကြောင်း သူ၏မျက်နှာတွင် ထုတ်ဖော်ပြသလိုက်သည်။

    သူသည် အချိန်တအောင့်ယူပြီးနောက်မှ သဘောတူလိုက်သည်။

    "ဒါဆိုရင် ခင်ဗျားရဲ့ အကြံပြုချက်ကို လက်ခံလိုက်မယ်။ ကျုပ်တို့ ကီးလ်မိသားစုကို အရင်ဝင်ရောက်တိုက်ခိုက်ကြမယ်"

    ကာဒီနယ်ရဟန်းအမတ်သည် ထိုစကားကြောင့် သူ၏ စိတ်ထဲတွင် အလွန်ပျော်ရွှင်သွားမိသော်လည်း မျက်နှာအမူအရာများမှာ တည်ငြိမ်နေခဲ့လေသည်။

    သူ၏ အစီအစဉ်သည် ကျရှုံးလုနီးပါးဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် အောင်မြင်နိုင်ခဲ့ပြီဖြစ်၏။

    ထရီနီယယ်သည် အာရန်၏ ပက်ဂါဆပ်ကို ကိုင်ထားသောလက်ကို လွှတ်ပေးလိုက်ပြီး သူသည်လည်း သူ၏ ပက်ဂါဆပ်ဆီသို့ ပြန်လည် လျှောက်သွားလိုက်သည်။

    ထို့‌နောက်သူတို့နှစ်ဦးစလုံးသည် ပက်ဂါဆပ်ကိုယ်စီဖြင့် ကီးလ်မိသားစုဆီသို့ ဦးတည်၍ ထွက်ခွာလာခဲ့သည်။

    ...

    ကီးလ်မိသားစုအတွင်းတွင်မူ မိသားစုခေါင်းဆောင်ကြီးသည် ဒူးထောက်လျက်ရှိနေခဲ့သည်။

    ထိုအတောအတွင်း ဖေးသည် မိသားစုမိသားစုခေါင်းဆောင်ကြီး၏ ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့လေသည်။

    "မင်းရဲ့သမီးကို ပြန်တွေ့ပြီလား"

    ဖေးသည် ကီးလ်မိသားစုမိသားစုခေါင်းဆောင်ကြီးအား ထိုသို့မေးလိုက်ရာ သူသည် စိတ်မကောင်းဟန်ဖြင့် ခေါင်းကိုသာ ခါယမ်းပြခဲ့သည်။

    "အသုံးမကျလိုက်တဲ့သူ... ကိုယ့်သမီးကိုတောင် ကိုယ်မထိန်းချုပ်နိုင်ဘူးလား။ ကျုပ်တောင်းဆိုထားတဲ့အတိုင်း ကျုပ်အိပ်ခန်းကို ပို့ပေးရမယ့်အစား ထွက်ပြေးဖို့ ခွင့်ပြုရဲတဲ့ သတ္တိရှိနေတာလား" ဟု ဖေးသည် မိသားစုမိသားစုခေါင်းဆောင်ကြီးကို ဆက်လက်ကြိမ်းမောင်းနေရင်းဖြင့် သူ၏ လေသံသည် တဖြည်းဖြည်း ပိုမို၍ ဒေါသထွက်လာခဲ့ဟန်ရသည်။

    "ကျွန်တော်မျိုး ဂိုဏ်းသားတွေကို ရှာဖွေဖို့ ညွှန်ကြားထားပါတယ်" ဟု မိသားစုမိသားစုခေါင်းဆောင်ကြီးသည် သူ၏ စိတ်ကို မထိန်းချုပ်နိုင်ဘဲ ဖေးအလိုကျ ပြန်ဖြေလိုက်ရသည်။

    သူ့တွင် သိစိတ်အနည်းငယ်ကျန်ရှိနေသော်လည်း သူ၏ ခန္ဓာကိုယ်သည် ဖေးအား သူ၏ သခင်ကဲ့သို့ အမှန်အကန် ဆက်ဆံနေမိ၏။

    "သူမကို တွေ့အောင်ရှာပါ။ ငါ့ကို စောင့်ခိုင်းတဲ့အတွက် သူမကို သင်ခန်းစာပေးမှဖြစ်တယ်။ မင်း သူမကို ရှာမတွေ့ရင် ဒီအသုံးမကျတဲ့ မိသားစုတစ်ခုလုံးကို မင်းလက်နဲ့ပဲ ကိုယ်တိုင် ဖျက်ဆီးပစ်ရလိမ့်မယ်"

    မိသားစုမိသားစုခေါင်းဆောင်ကြီးသည် ခေါင်းညိတ်ပြလိုက်ရသည်။

    ထို့နောက် ဖေးသည် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

    "ဒါနဲ့ တခြားမိသားစုမိသားစုခေါင်းဆောင်ကြီးတွေ ဒီကို ရောက်လာဖို့ ဘယ်လောက်ကြာဦးမလဲ"

    "ဒီညနေလောက်ဆိုရင် မြောက်ပိုင်းတိုက်ကြီးက အဓိကမိသားစုတွေအားလုံး ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်" ဟု ကီးလ် မိသားစုမိသားစုခေါင်းဆောင်ကြီးမှ ပြန်ဖြေလိုက်သည်။

 #Catfoot

All Chapters