အန်းညာ
Vol. 28 Ch. 397
....
"အမေ ကြည့်ပါဦး"
ကီးလ်မိသားစု၏ နယ်မြေအနီးတွင် ကလေးငယ်တစ်ဦးသည် မိုးကောင်းကင်အား မော့ကြည့်မိလိုက်ရာ အမျိုးအမည်မသိသော သားရဲကြီးတစ်ကောင် ပျံသန်းလာနေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ၏မျက်လုံးလေးများသည် ထိတ်လန့်တုန်လှုပ်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။
ညသည် မှောင်မိုက်တိတ်ဆိပ်လျက်ရှိနေခဲ့ပြီး လမင်းသည်ပင် ကီးလ်မိသားစု၏ နယ်မြေအတွင်းသို့ ပျံသန်းလာသော ထိုနဂါးနှင့်တူသည့် ဧရာမ သားရဲကြီး၏ နောက်ကွယ်တွင် ပုန်းလျိုးကွယ်လျိုးပြုမူနေခဲ့ဟန် ရလေ၏။
ကလေးငယ်သည် သူ့မိခင်၏ လက်ကို ဆွဲကိုင်ရင်း သူ၏အသံမှာလည်း အနည်းငယ် တုန်ယင်နေခဲ့သည်။
"အမေ အဲဒါ ဘာကောင်ကြီးလဲ။ အရမ်းကြီးတာပဲ သား ဒါမျိုးတစ်ခါမှ မမြင်ဖူးဘူး"
"မ...မကြည့်နဲ့"
မိခင်သည် သူ၏ ကလေးအား အလျင်အမြန်ပင် ပွေ့ဖက်လိုက်ကာ မိုးကောင်းကင်အား လှည့်မကြည့်မိစေရန် တားမြစ်လိုက်သည်။
သူမသည် ကောင်းကင်ယံရှိ ထိုသားရဲကို အမှန်တကယ် ကြောက်ရွံ့ပုံရသည်။
သို့မဟုတ် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော သားရဲဖြင့် ခရီးသွားနိုင်သူများကို ကြောက်ရွံ့နေခြင်းဖြစ်သည်ဟု ဆိုလျှင်မူ ပိုမှန်ပေလိမ့်မည်။
ထိုသားရဲ ဖြတ်သန်းသွားစဉ် သူ၏နောက်တွင် လေပြင်းများ ကပ်လျက်လိုက်ပါလာပြီး လမ်းတစ်လျှောက်ရှိ သစ်ပင်များစွာကို အမြစ်ပါမကျန် လဲကျသွားစေခဲ့လေသည်။
၎င်းသားရဲပေါ်တွင် စီးနင်းလိုက်ပါလာသူသည် သူ၏ လမ်းတစ်လျှောက် ဖြစ်ပေါ်စေခဲ့သော ပျက်စီးဆုံးရှုံးမှုများကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရပေ။
ထိုညတွင် ကီးလ်မိသားစု နယ်မြေအနီး၌ ထိုကဲ့သို့သော သားရဲမျိုးကို မြင်တွေ့ရခြင်းသည် ယခုသည် ပထမဆုံးအကြိမ် ဖြစ်သည်တော့ မဟုတ်ခဲ့ချေ။
အခြားနေရာများတွင်လည်း ထိုနည်းတူ ကြောက်မက်ဖွယ်ကောင်းသော သားရဲများ ကီးလ်မိသားစုဆီသို့ ပျံသန်းလာနေသည်ကို တွေ့မြင်နိုင်လေ၏။
"မင်း ဗိုက်ဆာနေပြီလား" ဟု မိန်းကလေးတစ်ဦးသည် ဖုတ်ကောင်နဂါးကြီးတစ်ကောင်၏ ကိုယ်ပေါ်တွင် ထိုင်နေရင်းဖြင့် ၎င်းနဂါးကြီး၏ ကျောကို ပွတ်သပ်ပေးနေခဲ့သည်။
ဖုတ်ကောင်နဂါးဆီမှ မည်သည့်အသံမျှ မထွက်လာသော်လည်း ၎င်းသည် သူမနှင့် ဆက်သွယ် စကားပြောနိုင်ဟန်ရလေသည်။
"သိပ်မကြာခင်က မြို့တစ်မြို့ကို မြင်ခဲ့ရတယ်လို့ ထင်တယ်။ မင်းဗိုက်ဆာနေရင် စားသောက်ပွဲတစ်ပွဲ စီစဥ်ပေးမယ်လေ"
သူမက တစ်ချက်ပြုံး၍ ပြောလိုက်ရာ ဖုတ်ကောင်နဂါးဆီမှ အော်ရာသည်ပင် အနည်းငယ် ပို၍ ပြင်းထန်လာခဲ့သည်။
...
ထိုစဥ် မြေပြင်ရှိ ကလေးမိခင်အမျိုးသမီးသည် ထိုလေပြင်းများအား အသည်းအသန် တွန်းလှန်၍ ရပ်နိုင်ရုံလေးပင် မနည်းကျိုးစားနေရသည်။
လေပြင်းတိုက်ခပ်မှု ပြန်လည်ရပ်တံ့သွားမှသာ သူမသည် နောက်ဆုံးတွင် သက်ပြင်းချကာ စိတ်သက်သာရာရသွားခဲ့သည်။
သူ၏သားကို မြေပေါ်သို့ ပြန်ချထားလိုက်ကာ အနားယူရန် ပြောမည်ပြုစဉ် သူမ၏ တစ်ကိုယ်လုံး ရုတ်တရက် ကြောက်ရွံ့မှုဖြင့် အေးစက်သွားခဲ့သည်။
မိုးကောင်းကင်သည် ရုတ်တရက် ပြန်လည်မှောင်မိုက်သွားခဲ့ကာ စိုးရိမ်ထိတ်လန့်မှုသည် သူမ၏ တစ်ကိုယ်လုံးသို့ပင် ပျံ့နှံ့သွားခဲ့၏။
တုန်ယင်စွာဖြင့် သူမသည် နောက်သို့ ဖြေးညှင်းစွာ ပြန်လှည့်ကြည့်လိုက်သည်။
ခန္ဓာကိုယ်ရှိ အသားစ ဆွေးမြေ့နေပုံရသော အလောင်းကောင်နှင့်တူသည့် နဂါးကြီးတစ်ကောင်သည် ထိုနေရာသို့ ဆင်းသက်လိုက်သဖြင့် မြေပြင်တစ်ခုလုံးသည်ပင် တုန်လှုပ်သွားခဲ့ရသည်။
သူမသည် မည်သို့မျှတုံ့ပြန်နိုင်ခြင်း မရှိတော့ပဲ နေရာတွင်ပင် အေးခဲ၍ ကျောက်ရုပ်တစ်ရုပ်လို ရပ်တံ့နေမိခဲ့၏။
ထို့နောက် သူမမြင်လိုက်ရသည်မှာ ထိုဖုတ်ကောင်နဂါးသည် သူ၏ ပါးစပ်ကြီးကို ဖွင့်ကာ သူမနှင့် သူမ၏သားကို ကိုက်စားရန် ကျိုးစားလာခြင်းပင်တည်း။
"ပြေး..."
သူမသည် မြေပြင်ရှိ သူမ၏ သားလေးကို ထွက်ပြေးရန် အော်ဟစ်ပြောဆို လိုက်သော်လည်း အရာရာသည် အလွန်နောက်ကျသွားခဲ့ပြီဖြစ်လေသည်။
သူမ ထိတ်လန့်စွာဖြင့် ကြည့်နေစဉ်မှာပင် ဖုတ်ကောင်နဂါးသည် သူမ၏ သားဖြစ်သူအား တစ်ကိုက်တည်းဖြင့် တစ်ကိုယ်လုံးအား ကိုက်ဝါးပစ်လိုက်သည်။
"ကျွန်မရဲ့ ကလေးလေးက လတ်ဆတ်ပြီး နူးညံ့တဲ့အသားတွေကိုပဲ ကြိုက်တာ။ ဒါ့ကြောင့် နင် လို ရင့်မှည့်နေတဲ့သူတွေရဲ့အသားကို မလိုအပ်ဘူး ခုပဲထွက်သွားတော့"
မိန်းကလေးငယ်တစ်ဦးသည် မာနကြီးသော လေသံဖြင့်ပြောလိုက်ရင်း ဖုတ်ကောင်နဂါး၏ ကျောပေါ်မှ ခုန်ဆင်းလိုက်လေ၏။
သူမ၏ နဂါးက ထိုမိခင်အမျိုးသမီး၏ ကလေးငယ်ကို ရက်စက်စွ ဝါးစားပြီးနောက်တွင်ပင် သူမက မိခင်ဖြစ်သူအား သနားညှာတာပေးသည့်ဟန်ဖြင့် စကားကို ဆိုလိုက်သေးသည်။
ဖုတ်ကောင်နဂါးသည် ထိုနေရာတွင်ပင် မရပ်တန့်ခဲ့ပေ။
ဖုတ်ကောင်နဂါးသည် ထိုနေရာရှိ အိမ်တစ်အိမ်ပြီးတစ်အိမ် ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်နေခဲ့ကာ လူအများအား အပြင်သို့ အရှင်လတ်လတ် ဆွဲထုတ်ကာ မြင်မြင်သမျှ စိတ်ရှိလက်ရှိသတ်ဖြတ်ဖျက်ဆီး၍ သူတို့၏ ကလေးငယ်များ၏ အသားကိုမူ အရသာရှိသော စားဖွယ်များအလား မြိန်ရေယှက်ရေ စားသောက်နေခဲ့၏။
ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတရားတို့ လွှမ်းမိုးခြင်းကို ခံလိုက်ရသော မိခင်ဖြစ်သူတွင် မည်သည့်အကြောက်တရားမျှ မရှိတော့ပဲ ထိုမိန်းကလေးဆီသို့ ပြေးဝင်သွားခဲ့သည်။
"မိုက်မဲလိုက်တာ။ ဒီပိုးကောင်လိုရွံစရာ လူသားတွေ ဘာလို့ ငါ့ရဲ့ ကြင်နာမှုကို နားမလည်နိုင်ကြရတာလဲ" ဟု အသက်နှစ်ဆယ်အရွယ် မိန်းကလေးသည် စိတ်ပျက်သွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
သူမသည် လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ အမည်မသိ အင်အားတစ်ခုသည် ထိုမိခင်အမျိုးသမီးအား ဝိုင်းရံလိုက်ပြီးနောက် သူမ၏ အသားစများသည် စတင်ဆွေးမြေ့လာခဲ့ကာ တအောင့်ကြာသောအခါ ထိုနေရာတွင် အရိုးစုတစ်ခုသာ ကျန်ရှိတော့ပြီး မိန်းကလေး၏ ခြေရင်းတွင် ဖုတ်ကလည်း ပြုတ်ကျသွားခဲ့သည်။
"နင် ငါ့ရဲ့ ကြင်နာမှုကို လက်ခံခဲ့သင့်တယ်" ဟု မိန်းကလေးသည် ခေါင်းခါရင်း ပြောလိုက်ပြီးနောက် မိခင်အမျိုးသမီး၏ ဦးခေါင်းခွံကို တက်နင်းချေလိုက်ရာ ထိုရောတစ်ဝိုက်တွင် ကျေမွနေသော အပိုင်းအစအချို့သာ ကျန်ရစ်ခဲ့တော့၏။
မိနစ်အနည်းငယ်အတွင်း ထိုနေရာရှိ မြို့တစ်ခုလုံး ပျက်သုဥ်းသွားခဲ့ရသည်။
မြို့ထဲတွင် လူတစ်ဦးတစ်ယောက်မျှပင် အသက်ရှင်ကျန်ရစ်မနေခဲ့ပေ။
ဤမြို့လေးသည် ကီးလ်မိသားစု၏ နယ်မြေအတွင်းတွင် ရှိနေခဲ့ခြင်းဖြစ်သော်လည်း မိန်းကလေးသည် အနည်းငယ်မျှပင် ဂရုစိုက်ပုံမရချေ။
သူမ၏ဟန်ပန်သည် အလွန်ပင် ပေါ့ပါးနေဟန်ပေါက်ကာ မြို့တစ်မြို့လုံးအား ဖျက်ဆီးလိုက်ခြင်းအား မည်သို့မျှ မခံစားရသကဲ့သို့ပင်။
ထို့နောက် ဗိုက်ဝသွား၍ ပြန်လည် တည်ငြိမ်သွားပြီဖြစ်သော သူမ၏ ဖုတ်ကောင်နဂါးဆီသို့ ပြန်လည် လျှောက်သွားလိုက်သည်။
ထို့နောက် မိန်းကလေးသည် ထိုဖုတ်ကောင်နဂါး၏ ကိုယ်ပေါ်သို့ ပြန်တက်လိုက်ပြီးနောက် ဖုတ်ကောင်နဂါးသည် ၎င်း၏ ဆွေးမြေ့နေသော အတောင်ပံများကို ဖြန့်ကျက်လိုက်ကာ ကောင်းကင်ပေါ်သို့ ထပ်မံပျံတက်သွားခဲ့သည်။
ဖုတ်ကောင်နဂါး ထိုမြို့လေးအတွင်းမှ ထွက်ခွာသွားသည်နှင့် ထိုနေရာတစ်ခုလုံးသည် သုဿန်တစ်စပြင်ကဲ့သို့ ဖြစ်သွားခဲ့ရလေသည်။
ဤကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပွားခြင်းသည် ဤနေရာတစ်ခုတည်းမဟုတ်ပေ။
ထိုတစ်ညထဲမှာပင် အခြားနေရာများစွာ၌လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပွားခဲ့လေ၏။
ထိုဖြစ်ရပ်များအားလုံးသည် ထိုမိသားစုများအား ဖိတ်ခေါ်ခဲ့သော ကီးလ်မျိုးနွယ်စု၏ နယ်မြေအတွင်း၌သာ ဖြစ်ပွားခဲ့ကြပုံရလေသည်။
မည်သည့်မိသားစု ကိုယ်စားလှယ်ကမျှ ကီးလ်မိသားစု၏ ဂုဏ်သိက္ခာကို ဂရုစိုက်သည့်ဟန် မပေါ်ခဲ့ကြချေ။
အဘယ်ကြောင့်ဆိုသော် ကီးလ်မိသားစုသည် အဓိကမိသားစုများထဲတွင်ပင် အားအနည်းဆုံး မိသားစုတစ်ခုဖြစ်နေခဲ့ခြင်းကြောင့်ပင်တည်း။
အနောက်တိုက်မှ သန့်စင်ဘုရားကျောင်းနှင့်ပတ်သတ်သည့် အရေးကြီး ဆွေးနွေးစရာ အကြောင်းများရှိသည်ဟုသာ ပြောထားခဲ့ခြင်းမရှိပါက မိသားစုများစွာသည် ဤကျိန်စာသင့်နေသော နယ်မြေသို့ လာရောက်ရန် စိတ်ပင်ကူးမိကြမည်မဟုတ်ပေ။
မည်သို့ပင် ဖြစ်စေကာမူ အချို့မိသားစုခေါင်းဆောင်များသည် ကိုယ်တိုင်လာရောက်ရန်ပင် အာရုံမရှိခဲ့ကြဘဲ သူတို့၏ မျိုးဆက်သစ်များကိုသာ ဤနေရာသို့ စေလွှတ်ခဲ့ကြသည်။
မိသားစုခေါင်းဆောင်အနည်းငယ်သာ ကိုယ်တိုင်လာရောက်ခဲ့ကြပြီး ထိုသို့လာရောက်ကြသူများမှာလည်း အောက်ခြေအဆင့်နိမ့်မိသားစုလေးများသာ ဖြစ်လေသည်။
...
နာရီအနည်းငယ် ကြာပြီးနောက် ဖုတ်ကောင်နဂါးသည် ကီးလ်မိသားစု၏ အခြေစိုက်စခန်း တည်ရှိရာ မြို့အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ချဉ်းကပ်လာသော ဖုတ်ကောင်နဂါးကို မြင်တွေ့လိုက်ရသောအခါ ကီးလ်မိသားစု အစောင့်တပ်မှူးသည် ထိုဖုတ်ကောင်နဂါးအား စီးနင်းလာသူကို ကြိုဆိုရန် ကိုယ်တိုင်ထွက်လာခဲ့လေသည်။
အစောင့်တပ်မှူးသည် ယခင်အချိန်များထက်များစွာ ပိုမိုသတိထားနေခဲ့မိသည်။
မိန်းကလေးသည် မိသားစုခေါင်းဆောင်ကိုယ်တိုင် မဟုတ်သော်လည်း မိသားစုများထဲတွင် အင်အားအကြီးဆုံး အဓိကမိသားစုကြီးတစ်ခုကို ကိုယ်စားပြု၍လာခဲ့ခြင်း ဖြစ်နေသည်။
ကီးလ်မိသားစု၏ နယ်မြေသည် မြောက်ပိုင်းတိုက်ကြီး၏ နယ်နိမိတ်အစပ်တွင် တည်ရှိနေခြင်းဖြစ်သော်လည်း ထိုဖုတ်ကောင်နဂါးစီးနင်းလာသည့် မိန်းကလေး၏ မိသားစုနယ်မြေမှာမူ နစ်ခရိုမန်ဆာမျှော်စင်နှင့် အနီးဆုံးနေရာတွင် ရှိ
နေခဲ့လေသည်။
အင်အားအရ ဂရေရန်ဒေါ်မိသားစုနှင့် ကီးလ်မိသားစုတို့၏ ခြားနားမှုမှာ ကောင်းကင်နှင့် မြေကြီးပမာပင်။
ထိုမျှနှင့်ပင် သူမ၏ အဆင့်အတန်းသည် လုံလောက်စွာ ထိတ်လန့်ဖွယ် ကောင်းနေပြီ ဖြစ်သော်လည်း ပို၍ ထိတ်လန့်စရာကောင်းသည့်နောက်တစ်ချက်မှာ ထိုမိန်းကလေးသည် နစ်ခရိုမန်ဆာမျှော်စင်၏ ရွေးချယ်ခံတစ်ဦး ဖြစ်နေခြင်းပင်တည်း။
သူမသည် နစ်ခရိုမန်ဆာမျှော်စင်မှ ဘယ်လက်ရုံး အစောင့်အရှောက်၏ တပည့်မတစ်ဦးဖြစ်နေခဲ့ပြီး သူမ၏ ပင်ကို အရည်အချင်းကို သဘောကျ၍ လက်ခံခဲ့ခြင်းဖြစ်သည်ဟု ကောလာဟလများလည်း ထွက်ပေါ်ခဲ့လေသည်။
"မင်္ဂလာပါ သခင်မလေး အန်ညာ"
"ဟမ့် ဘာလို့ ရှင်တို့ရဲ့ မိသားစုခေါင်းဆောင်က ကျွန်မကို လာကြိုဖို့ ဒီမှာရှိမနေရတာလဲ။ ဘာလဲ သူက ဂရေရန်ဒေါ်မိသားစုကို မလေးစားတာလား" ဟု ထိုမိန်းကလေးသည် အစောင့်တပ်မှူးအား အထင်သေးစွာတစ်ချက် ကြည့်ရင်း မေးလိုက်၏။
အစောင့်တပ်မှူးသည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။
သူမ၏ အပြုအမူသည် အလွန်အမင်း ရိုင်းစိုင်းနေခဲ့လေသည်။
သူမ၏ မိသားစုသည် အင်အားကြီးမားသည်မှာ မှန်သော်လည်း သူမသည် မိသားစုခေါင်းဆောင် တစ်ဦး မဟုတ်သေးပေ။
ကီးလ်မိသားစုခေါင်းဆောင်ကိုပင် သူမအား ကိုယ်တိုင်လာကြိုဆိုစေချင်သည်တဲ့လား။
ထိုအရာက သူမသည် သူတို့အား မလေးမစားပြုမူနေခြင်းပင် မဟုတ်ပေဘူးလား...။
#Catfoot