သူရဲဘောကြောင်သူ
Vol. 28 Ch. 399
.....
ကာဒီနယ်ရဟန်းအမတ်ဖြစ်သူ ထရီနီယယ် အတွက်မူ မြောက်ပိုင်းတိုက်ကြီးမှ လူများသည် သားရဲများနှင့် မခြားနားပေ။
ဤမြို့၌ ဖြစ်ပျက်ခဲ့သည့် မည်သည့်အရာပင်ဖြစ်စေ သူ့အတွက် မထူးဆန်း။
သူ့အတွက်မူ အားကောင်းသည့် သားရဲတစ်ကောင်မှ ခွန်အားနည်းသည့် သားရဲအချို့အား ဖျက်ဆီးပစ်ခြင်းမျှသာ ဖြစ်လေ၏။
ဤအကြောင်းကို စဥ့်စားစရာပင် မလိုချေ။
အာရန်မှာမူ သူနှင့်မတူပဲ ကွဲပြားစွာ တွေးမိခဲ့သည်။
ကီးလ်မိသားစုက သူ၏ လူများကို ပြန်လည် တိုက်ခိုက်ခဲ့ခြင်းသည် အမှန်ပင်လား။
သို့မဟုတ် ဤနေရာတွင် အခြားတစ်စုံတစ်ရာ ဖြစ်ပွားနေခဲ့ခြင်းများလား...။
ဤဖြစ်ရပ်သည် စာရေးဆရာ၏ သတိပေးချက်နှင့် ဆက်စပ်မှုကော ရှိနိုင်မည်လား...။
အာရန်သည် ထိုမြို့ပျက်အား ခေတ္တခန့် ငေးကြည့်ရင်း သူ၏လက်မောင်းတစ်ဖက်ကို ညင်သာစွာ ပွတ်သပ်လိုက်မိသည်။
သူ၏ ထူးခြားသော ဓား အမှတ်အသားတစ်ခုသည် ထိုနေရာ၌ ရှိနေခဲ့လေသည်။
စာရေးဆရာ ယခင်က သတိပေးခဲ့သည့်အတိုင်း ဤဓားသည် သူ့အား ကူညီနိုင်မည့် အရာတစ်ခု ဖြစ်လေသည်။
တစ်ခုတည်းသော ပြဿနာမှာ ထိုဓားကို သူမည်သို့ထုတ်ယူရမည်မှန်း သိမနေခြင်းပင်။
ထိုဓားအား စိတ်ကူး ပုံဖော်ကြည့်ခြင်းမှအစပြုကာ တိုက်ရိုက်ခေါ်ထုတ်ခြင်း နည်းလမ်းများအထိ မျိုးစုံကြိုးခုန်၍ပင် ကြိုးစားကြည့်ခဲ့ပြီး ဖြစ်၏။
ကံမကောင်းစွာဖြင့် ထိုနည်းလမ်းများထဲမှ မည်သည့်တစ်ခုကမျှ အလုပ်မဖြစ်ခဲ့ပေ။
ထိုနေရာရှိ ဓား၏ တည်ရှိမှုကိုပင် သူသည် မခံစားမိနိုင်ခဲ့ပေ။
သူ၏လက်မောင်းပေါ်ရှိ ထိုဓားအမှတ်အသားသည် သာမန်တက်တူးတစ်ခုထက် မပိုသကဲ့သို့ပင် ဖြစ်နေလေသည်။
အာရန်သည် သူ၏ အတွေးနက်နက်အတွင်း၌ နစ်မျောနေပုံရပြီး ကာ ဒီနယ်ရဟန်းအမတ်က သူ့အား ထူးဆန်းစွာ ကြည့်နေခဲ့သည်ကိုပင် သတိမထားမိခဲ့ချေ။
ကာဒီနယ်ရဟန်းအမတ်သည်လည်း အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။ အဘယ်ကြောင့် အာရန်သည် ဤမျှအရေးမပါသော နေရာကို အရေးထားနေရသည်အား သူနားမလည်နိုင်ခဲ့ပေ။
ဤလူများအတွက် သူသည် အမှန်တကယ်ပင် သနားနေခြင်းလော..။
ထိုအရာသည်မဖြစ်သင့်ပေ။
မိစ္ဆာဂိုဏ်းရှိ ထိုသူ၏ ဂုဏ်သတင်းမျိုးနှင့်ဆိုပါလျှင် ဘာမဟုတ်သည့် သေးငယ်သော အကြောင်းပြချက်ကလေးများဖြင့်ပင် ဤထက် ဆိုးရွားသော အရာများကို သူလုပ်ခဲ့ဖူးခဲ့ရမည် မဟုတ်ပါလော...။
"သင်အဆင်ပြေရဲ့လား" ဟု ထရီနီယယ်သည် အာရန်၏ လက်ရှိအပြုအမူနှင့် သူ့အကြောင်း ကြားဖူးထားသည့် ကောလာဟလများကြားတွင် သိသိသာသာ ကွဲပြားနေသည်ကို သတိထားမိလိုက်ရာ လှမ်းခေါ်လိုက်၏။
"အဆင်ပြေပါတယ် ကျုပ် တွေးနေတာ... ဒါက ကီးလ်မိသားစုရဲ့ လက်ချက်မဟုတ်ရင် ဘယ်သူ့လက်ချက်ဖြစ်နိုင်မလဲလို့" ဟု ပြန်ပြောပြီးနောက် အာရန်သည် ပက်ဂါဆပ်ဆီသို့ ပြန်လျှောက်လာလိုက်သည်။
"ကျုပ်ထင်တာ မမှားဘူးဆိုရင် ဒီမှာ ကီးလ်မိသားစုထက် ပိုပြီးကြီးမားတဲ့ အင်အားစုတွေ ရှိနေနိုင်တယ်"
" ပိုပြီးကြီးမားတဲ့ အင်အားစုတွေဟုတ်လား"
ကာဒီနယ်ရဟန်းအမတ်သည် အာရန်အား စပ်စုစွာ တစ်ချက်ကြည့်လိုက်သည်။
ဤသူသည် နစ်ခရိုမန်ဆာမျှော်စင်မှ တစ်စုံတစ်ဦးအား စေလွှတ်ခဲ့ပြီးပြီလားဟု စိုးရိမ်နေခြင်းလား။
ထိုသို့တွေးလိုက်မိသဖြင့် ထရီနီယယ်သည် စိတ်ထဲတွင် ကြိတ်၍ ရယ်မောလိုက်မိ၏။
သူသည် နစ်ခရိုမန်ဆာမျှော်စင်မှ ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်၍ မိစ္ဆာဂိုဏ်းမှ အကြီးအကဲများကို မျှော်စင်သို့ ပြန်ခေါ်သွားမည်ဆိုခြင်းသည် အာရန်အား လိမ်ညာခဲ့ခြင်းမျှသာ ဖြစ်သည်။
ဤသူသည် ထိုကောလာဟလကို အလေးအနက်ထားကာ နစ်ခရိုမန်ဆာမှ ကိုယ်စားလှယ်များ ရောက်ရှိနေပြီလားဟု စိုးရိမ်နေသည်တဲ့လား...။
'ဘယ်လောက်တုံးအလိုက်တဲ့ကောင်လဲ။ ကီးလ်မိသားစုမှာ ဘယ်မိစ္ဆာဂိုဏ်းရဲ့ အကြီးအကဲမှ မရှိဘူး။ နစ်ခရိုမန်ဆာမျှော်စင်က တစ်စုံတစ်ယောက်က ဘာလို့ ဒီကို ကိုယ်တိုင်လာရမှာလဲ'
ထရီနီယယ်သည် ထိုသို့ တွေးမိလိုက်သဖြင့် မိစ္ဆာဂိုဏ်းမှ တစ်စုံတစ်ယောက်သည် ထိုမျှသူရဲဘောကြောင်နေခြင်းကိုတွေ့လိုက်ရသဖြင့် ကြိတ်၍ လှောင်ရယ်လိုက်မိ၏။
သူသည် ထိုအရာကို တွေးမိလေလေ မိစ္ဆာဂိုဏ်းအကြောင်း ကောလာဟလများသည် ချဲ့ကားမှုများသာ ဖြစ်နိုင်ကြောင်း ပိုမို၍ သဘောပေါက်လာလေလေဖြစ်ခဲ့ရသည်။
သူတို့သည် အလွန်အမင်း သတိကြီးကြီးထားကြပြီး သူတို့ထက်ခွန်အားကြီးသူများကို အလွန်အမင် ကြောက်ရွံ့နေပုံလည်းရလေသည်။
"သင် စိုးရိမ်နေတာလား" ဟု ထရီနီယယ်သည် အာရန်အား ပြောင်လှောင်သောလေသံမျိုးဖြင့် မေးလိုက်သည်။
"တကယ်လို့ သင်စိုးရိမ်နေရင် ပြန်လှည့်လို့ရတယ်။ မဟာအကြီးအကဲရန်က ဒီလောက်စိုးရိမ်တတ်တယ်ဆိုတာကို ဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ ကျွနိုပ် ကတိပေးပါတယ်"
"ပြန်လှည့်မယ်လို့ တစ်ခါမှလဲ မပြောဘူးပါဘူး" ဟု အာရန်သည် ပက်ဂါဆပ်ပေါ်သို့ တက်လိုက်ရင်း ပြန်ပြောလိုက်သည်။
ထရီနီယယ်သည် သူ့အား အဘယ်ကြောင့် မခံချင်အောင်လှုံ့ဆော်နေရကြောင်းကို သူ ကောင်းစွာ သိရှိထားသော်လည်း ထိုအရာသည် ကိစ္စတော့မရှိချေ။
ဤအခြေအနေတွင် သူသည် အမှန်တကယ်ပင် ပြန်လှည့်၍ မရနိုင်တော့ပေ။
မည်သို့ပင်ပေးဆပ်ရစေကာမူ ဘုရားကျောင်းအား ဤစစ်ပွဲအတွင်းသို့ ဆွဲသွင်းရမည်သာ ဖြစ်လေ၏။
"သင် တစ်ခုခုဆို ဟန်ဆောင်နေစရာမလိုပါဘူး။ ခုကိစ္စကို ရှောင်ထွက်ချင်တယ်ဆိုရင် လည်း သင့်ရဲ့လျှို့ဝှက်ချက်က ကျွန်ုပ် လုံခြုံအောင်ထိမ်းသိမ်းပေးပါ့မယ်" ဟု ကာဒီနယ်ရဟန်းအမတ်သည် အာရန်အား ထပ်မံသွေးတိုးစမ်းလိုက်ရင်း သူသည်လည်း ပက်ဂါဆပ်ပေါ်သို့ တက်လိုက်လေသည်။
"နတ်ဘုရားမရဲ့ နောက်လိုက်တစ်ယောက်က ကျုပ်အတွက် လိမ်ညာပေးမယ်လို့ ပြောနေတာလား။ ခင်ဗျားတို့ရဲ့ ယုံကြည်မှုက အဲဒီလောက်အထိတောင် အားနည်းရသလား" ဟု အာရန်က ပြန်လည် တုံ့ပြန်လိုက်ရာ ကာဒီနယ်ရဟန်းအမတ်၏ မျက်နှာအမူအရာသည် ရုတ်တရက် မှောင်ကျသွားလေသည်။
သူ၏မကောင်းကြောင်းကို အခြားသူများပြောဆိုသည်ကို သူ ဂရုမစိုက်သော်လည်း သူ၏ နတ်ဘုရားမအပေါ် ယုံကြည်မှုအတွက် အသက်ကိုပင် စွန့်လွှတ်ရန် ဆန္ဒရှိနေချိန်တွင် သူ၏ ယုံကြည်မှုအား သံသယရှိသည့်ဟန်ပြောလိုမှုသည် သူ့အတွက်မည်သို့မျှ လက်သင့်ခံပေး၍ မရပေ။
သူသည် တစ်စုံတစ်ရာ တုံ့ပြန်မှု မပြုနိုင်မှီမှာပင် အာရန်၏ ပက်ဂါဆပ်သည် စတင်ပြေးထွက်သွားပြီး မကြာမီ လေထဲသို့ မြင့်တက်သွားခဲ့၏။
ကာဒီနယ်ရဟန်းအမတ်သည်လည်း သူ၏ ထပ်ပြောမည့် စကားလုံးအချို့ကို ပြန်လည် မြိုချလိုက်ရကာ သူ၏ရည်ရွယ်ချက်ကို မမေ့ဘဲ အာရန်၏ နောက်သို့ ထပ်ကျပ်မကွာ လိုက်ပါသွားခဲ့သည်။
....
"မမလေးရေ ရပ်လိုက်ပါတော့။ ပြေးစရာနေရာလည်း မကျန်တော့ပါဘူး" ဟု အမျိုးသားတစ်ဦးက တောင်းပန်ခယသောလေသံဖြင့် အော်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး မိသားစုခေါင်းဆောင်ရဲ့ ညွှန်ကြားချက်တွေကို နားထောင်ပြီး ကျွန်တော်တို့နဲ့အတူ အိမ်ကို ပြန်လိုက်ခဲ့ပါနော်။ ကျွန်တော်တို့ မမလေးကို မထိခိုက်စေလိုပါဘူး" ဟု အခြားအမျိုးသားတစ်ဦးက ထပ်မံပြောလိုက်သည်။
"ကျေးဇူးပြုပြီး မိသားစုခေါင်းဆောင်အတွက် ပြဿနာတွေ ထပ်မရှာပါနဲ့တော့။ ငြိမ်းငြိမ်းချမ်းချမ်း ပြန်လိုက်ခဲ့ပါ မဟုတ်ရင်..."
တတိယအမျိုးသားတစ်ဦးကလည်း သတိပေးသည့် စကားများ ထပ်မံပြောဆိုလိုက်သည်။
အမျိုးသားသုံးဦးလုံးသည် ချောက်ကမ်းပါးစွန်းတွင် ရပ်နေသော မိန်းကလေးငယ်လေးတစ်ဦးအား ဝိုင်း၍ ပိတ်ဆို့ထားကြလေသည်။
သူမ၏ အဝတ်အစားများတွင် ချွေးများဖြင့် ရွှဲနစ်နေဟန်ရပြီး အချိန်အတော်ကြာကတည်းက ပြေးလွှားနေခဲ့ရဟန်ပင်။
သူမသည် ချောက်ကမ်းပါးစွန်းတွင် ရပ်နေခဲ့ခြင်းဖြစ်သည်။
နောက်သို့တစ်လှမ်းခန့် ဆက်လက် လှမ်းလိုက်သည်နှင့် အောက်သို့ပြုတ်ကျ၍ သေဆုံးသွားတော့မည်ပင် ဖြစ်၏။
တစ်ဖက်တွင်မူ သူမ၏ဖခင်က သူမကို ပြန်ခေါ်ရန် စေလွှတ်ထားသော အစောင့်တပ်သားများ ပိတ်ဆို့ထားကြသည်။
ထိုအစောင့်များသည် လေးစားစရာကောင်းသော်လည်း သူမသည် သူတို့နှင့်အတူ ပြန်လိုက်မသွားနိုင်ပေ။
"ရှင်တို့ ဘာမှ နားလည်မှာ မဟုတ်ဘူး..."
မိန်းကလေးသည် သူမ၏ အင်အားများ အလုံးစုံ ကုန်ဆုံးသွားပြီဖြစ်မှန်း နားလည်လိုက်သည်။
သူမ၏ဖခင်သည် တစ်စုံတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် လုံးဝကျရောက်သွားသကဲ့သို့ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူမနောက်လိုက်နေသော အစောင့်များကို ပြောပြရန်ကျိုးစားခဲ့ပြီးဖြစ်သည်။
ပထမတွင် သူမ၏ဖခင်ကို မည်သူက ထိန်းချုပ်နေသည်ကို သူမ မသိခဲ့ပေ။
သို့သော် သူမ၏ဖခင်က သူမအား ယခုညတွင် ဖေး၏ အိပ်ခန်းသို့ သွားရန် ပြောသောအခါတွင်မှ ထိုထိန်းချုပ်နေသူသည် မည်သူဖြစ်မှန်း သူမ သဘောပေါက်သွားခဲ့ခြင်းဖြစ်သည်။
သူမသည် သူမ၏ ဖခင်ကို တားဆီးနိုင်မည်မဟုတ်သလို ထိုသူ၏ ထိန်းချုပ်မှုမှ လွတ်မြောက်စေနိုင်မည့်နည်းလမ်းသည်လည်း သူမတွင်ရှိမနေပေ။
ကီးလ်မိသားစု နယ်မြေအတွင်းတွင် သူမ၏ဖခင်ကို အနိုင်ယူနိုင်မည့်သူ ဟူ၍လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ချေ။
သူမ အကူအညီတောင်းခံ၍ အော်ဟစ်ခဲ့သည်ဆိုဦးတော့ မည်သူမျှ ကူညီနိုင်လိမ့်မည်မဟုတ်ပေ။
တခြားရွေးချယ်စရာ မရှိသော်လည်း သူမသည် ဖေးထံသို့ ကိုယ်တိုင် သွားရောက်အသုံးတော်ခံရန်ကိုမူ သူမ၏မာနက ငြင်းဆန်နေခဲ့၏။
သူမ၏ မိသားစုသည် သူမအား မကာကွယ်ပေးနိုင်တော့ပါက သူမ၏ဖခင်ကို တားဆီးနိုင်မည့်သူတစ်ဦးကို ရှာဖွေရန် သူမ ဆုံးဖြတ်ချက်ချခဲ့သည်။
ထို့နောက် သူမ၏ အိမ်မှ ထွက်ပြေးလာခဲ့ကာ နစ်ခရိုမန်ဆာမျှော်စင်သို့ သွားရောက်အကြောင်းကြားရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။
နစ်ခရိုမန်ဆာများသာ သူမ၏ဖခင်ကို ထိုသူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်စေရန် တားဆီးပေးနိုင်မည်ဖြစ်လေသည်။
ကီးလ်မိသားစု နယ်မြေတစ်ဝက်ပင် ခရီးမပေါက်မှီမှာပင် ယခုကဲ့သို့ ပြန်လည် ဖမ်းမိခဲ့လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
သူမ၏ သားရဲကိုလည်း အစောင့်များက တားဆီးရင်းဖြင့် သတ်ပစ်ခဲ့မိသွားခဲ့သည်။
ထိုသို့ဖြစ်စေကာမူ သူမ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ယခုမူချောက်ကမ်းပါးအစွန်းတွင် ပိတ်မိသွားခဲ့ပြီးဖြစ်နေ၏။
သူမသည် မျက်လုံးများကို မှိတ်လိုက်ကာ သူမ၏ ဖခင်အား မကူညီနိုင်ခဲ့ခြင်းအတွက် တောင်းပန်စကားတစ်ခွန်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ထို့နောက် သူမသည် နောက်သို့ ချေတစ်လှမ်းဆုတ်လိုက်ကာ သူမ၏ ခန္ဓာကိုယ်ကို ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျစေလိုက်တော့သည်။
#Catfoot