ကယ်တင်ရှင်သူရဲကောင်း
Vol. 28 Ch. 400
...
မိန်းကလေးသည် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်ကို ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျစေလိုက်သည်။
ထိုအခိုက်အတန့်တွင် သူမသည် မျက်လုံးများကို မှိတ်ထား၍ သူမ၏ ကံကြမ္မာကို လက်ခံလိုက်သောအခါ အရာအားလုံးသည် အဓိပ္ပာယ်မဲ့သွားသကဲ့သို့ ထင်မှတ်လိုက်ရ၏။
"ရပ်... ရပ်လိုက်စမ်း"
အစောင့်များသည် မိန်းကလေးမှ ထိုသို့ အမှန်တကယ် ခုန်ချလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြသောကြောင့် အတော်ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့နှင့်အတူ ပြန်လိုက်မည့်အစား သူမသည် သေသည်အထိ ခေါင်းမာသွားခဲ့သည်တဲ့လား။
အစောင့်များသည် ချောက်ကမ်းပါးဆီသို့ အလျင်အမြန်ပြေးသွားပြီး အောက်သို့ငုံ့ကြည့်လိုက်ရင်း သူတို့မျက်နှာများတွင် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
သူတို့၏ ပျက်ကွက်မှုအတွက် မိသားစုခေါင်းဆောင်မှ သူတို့အား မည်သို့ အပြစ်ပေးမည်ကို တွေးမိရင်း လွန်စွာ စိုးရိမ်နေခဲ့မိကြသည်။
"ဒါနဲ့ အဲဒါက ဘာကြီးလဲ"
အစောင့်များထဲမှ တစ်ဦးသည် ဝေးကွာသောနေရာတစ်ခုတွင် ထူးဆန်းသော အတောင်ပံပါသည့် သားရဲတစ်ကောင်ကို မြင်တွေ့လိုက်ရသဖြင့် ရုတ်တရက် အော်ပြောလိုက်မိသည်။
ထိုအစောင့်၏ တုန်ယင်နေသောအသံက အခြားအစောင့်များ၏ အာရုံကို ဖမ်းစားလိုက်သလိုဖြစ်သွားကာ သူတို့သည်လည်း ထိုမရင်းနှီးသော သားရဲကို သတိပြုမိလိုက်ကြသည်။
"အဲဒါ ပက်ဂါဆပ် မဟုတ်ဘူးလား"
ထိုအသွင်အပြင်ရှိသော သားရဲအကြောင်းကို သူတို့ မည်သည့်နေရာတွင် ကြားဖူးသည်အား ပြန်လည်အမှတ်ရလိုက်သောအခါ သူတို့၏ မျက်နှာအမူအရာများ မှောင်မိုက်သွားခဲ့ရသည်။
၎င်းသည် အနောက်ပိုင်းတိုက်ကြီးတွင်သာ တွေ့ရလေ့ရှိသော သားရဲတစ်မျိုးပင်ဖြစ်လေ၏။
ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ၎င်းသည် ဘုရားကျောင်းမှ လူများသာ အသုံးပြုသော သားရဲတစ်မျိုး ဖြစ်နေခြင်းပင်။
"သူတို့ ဒီမှာ ဘာလာလုပ်ကြတာလဲ"
ထိုသားရဲများ၏ တည်ရှိမှုကို သဘောပေါက်လိုက်သောအခါ အစောင့်များ၏ မျက်နှာများမှာ ပိုမို၍ပင် ဖြူဖျော့သွားခဲ့ကြသည်။
ဘုရားကျောင်းသည် နစ်ခရိုမန်ဆာမျှော်စင်နှင့် အဆင့်တူသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။
သူတို့နှင့် မနီးမဝေးတွင် နောက်ထပ်ပက်ဂါဆပ် နောက်တစ်ကောင်အား ထပ်မံ၍ သတိပြုမိလိုက်ကြ၏။
၎င်း၏ကျောကုန်းတွင်လည်း လူတစ်ဦး လိုက်ပါစီးနင်းလာခဲ့သည်။
တစ်ခုတည်းသော ခြားနားချက်မှာ ထိုလူ၏ အဝတ်အစားများပင်ဖြစ်လေသည်။
ထိုလူသည် ဘုရားကျောင်းမှ ကာဒီနယ်ရဟန်းအမတ်များသာ ဝတ်ဆင်လေ့ရှိသော ဝတ်စုံကို ဝတ်ဆင်ထားသည်။
အစောင့်များသည် ထိုနောက်ကျောရှိ ပုဂ္ဂိုလ်ကို မြင်လိုက်မိသည်နှင့် လွန်စွာ ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။
သူတို့၏ ဝိညာဉ်များပင် တုန်ယင်သွားသည်ဟု ခံစားမိလိုက်ကြ၏။
နောက်တစ်ကြိမ်ပင် ထပ်မစဥ့်စားတော့ဘဲ သူတို့သည် နောက်ပြန်လှည့်ကာ တဟုန်ထိုး ပြန်ပြေးလေတော့သည်။
ဤအကြောင်းအား မိသားစုခေါင်းဆောင်ကို အသိပေးရန်လိုအပ်လေသည်။
ကာဒီနယ်ရဟန်းအမတ်တစ်ဦး မြောက်ပိုင်းတိုက်ကြီးသို့ ဝင်ရောက်လာခြင်းသည် သူတို့မိသားစုအတွက် နစ်ခရိုမန်ဆာမျှော်စင်အား ဆက်သွယ်နိုင်ရန် လုံလောက်သော အကြောင်းပြချက်တစ်ခုလည်းဖြစ်သည်။
ကာဒီနယ်ရဟန်းအမတ်သည် ဆန္ဒရှိပါက ထိုအစောင့်သုံးဦးအား ထွက်ပြေးခြင်းမှ လွယ်ကူစွာ တားဆီးနိုင်လေသည်။
သူ့အတွက် ၎င်းအစောင့်များအား သတ်ဖြတ်ရခြင်းသည် ကလေးကစားသကဲ့သို့ပင် လွယ်ကူလွန်းသည်။
သို့သော် သူသည် ထိုသို့လုပ်ရန် မကြိုးစားခဲ့ပေ။
မည်သို့ပင်ဆိုစေ ထရီနီယယ်သည် စိတ်ထဲတွင်ကြိတ်၍ပင် ၎င်းတို့အား ဘေးကင်းစွာ ပြန်ရောက်စေလိုနေခဲ့၏။
ထိုအစောင့်များသာ ကီးလ်မိသားစုကို ပြန်လည်အသိပေးနိုင်ခဲ့လျှင် သူ၏အစီအစဉ်များ ပိုမိုလွယ်ကူစွာ အောင်မြင်သွားနိုင်လိမ့်မည် မဟုတ်ပါလော...။
ဤအစီအစဥ်တွင် ကီးလ်မိသားစုသာမက နစ်ခရိုမန်ဆာမျှော်စင်ပင် ပါဝင်ရမည်ဖြစ်လေသည်။
ထရီနီယယ်သည် အစောင့်များ ထွက်ပြေးသည်ကိုကျေနပ်စွာဖြင့် လက်ပိုက် ကြည့်နေမိခဲ့သည်။
....
မိန်းကလေးသည် ချောက်ကမ်းပါးအတွင်း ပြုတ်ကျသွားစဉ် သူမ၏ ပတ်ပတ်လည်ရှိ ကမ္ဘာကြီးသည် အနည်းငယ်နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်သောလေအေးများသည် သူမအား အောက်ဘက်မှ ပင့်၍ တိုက်ခတ်လျက်ရှိနေခဲ့၏။
သူမသည် မျက်လုံးများ မှိတ်ထားဆဲဖြစ်ကာ သေဆုံးခြင်းအခိုက်အတန့်တွင် မည်သို့ ခံစားရမည်ကို တွေးတောနေမိသည်။
မြေပြင်နှင့် နီးကပ်လာသည်ကို ခံစားမိသည်နှင့်အမျှ သူမသည် အနည်းငယ် ကြောက်ရွံစိတ်များပင် ဝင်ရောက်လာခဲ့သည်။
သူမ၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို သတိမထားမိခဲ့ပေ။
အထူးသဖြင့် အနောက်ပိုင်းတိုက်ကြီးမှ လူများ ရောက်ရှိလာခြင်းကိုဖြစ်လေသည်။
ရုတ်တရက် သူမ၏လက်မောင်းတစ်ဖက်ကို သန်မာသည့်လက်တစ်စုံဖြင့် သူမအား ဆွဲယူလိုက်သည်ဟု ခံစားမိလိုက်၏။
သူမသည် မည်သို့မည်ပုံ ဖြစ်သွားသည်ကိုပင် မသိလိုက်ရမီ တစ်စုံတစ်ဦး၏ နွေးထွေးသော ရင်ခွင်ထဲသို့ ရောက်ရှိနေနှင့်ပြီသားဖြစ်နေခဲ့သည်။
အမျိုးသားတစ်ဦး၏ ကိုယ်နံ့တစ်ခုကိုလည်း ရုတ်တရက်ခံစားမိလိုက်သည်။
သူမသည် လွန်စွာထိတ်လန့်တုန်လှုပ်သွားခဲ့ကာ မိသားစုအစောင့်များမှ ပြန်လည် ဖမ်းမိသွားခဲ့ခြင်းများလားဟု တွေးမိလိုက်သဖြင့် လွန်စွာထိတ်လန့်သွားခဲ့သည်။
ထို့နောက် သူမအား ကာကွယ်ပေးထားသူကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်မိ၏။
ကံမကောင်းစွာဖြင့် သူမသည် ထိုသို့ပြုလုပ်ရန် လုံလောက်သည့် အင်အားရှိမနေခဲ့ချေ။
ထိုအမျိုးသား၏ ရင်ခွင်မှ သူမကိုယ်သူမ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့သည့်အတွက် အတော်လေးထိတ်လန့်သွားမိခဲ့သည်။
"မိန်းကလေးက ကျုပ်ကိုပါ သတ်ဖို့ ကြိုးစားနေတာလား" ဟု အာရန်သည် ကြောက်လန့်နေသော မိန်းကလေး၏ မျက်နှာကို ကြည့်ရင်း ညင်သာစွာ မေးလိုက်သည်။
"ဒါက မင်းရဲ့ ကယ်တင်ရှင်ကို ကျေးဇူးဆပ်တဲ့ ပုံစံမျိုးလား" ဟု သူမသည် ထိုသို့ ကယ်တင်ခံရခြင်းအား အဘယ်ကြောင့် ပိုမိုစိုးရွံ့နေသည်အား တွေးတောရင်း နောက်ပြောင်လိုက်လေသည်။
စူးစမ်းလိုစိတ်ဖြင့် အာရန်သည် မိန်းကလေး၏ အချက်အလက်များကို စစ်ဆေးရန် ခွဲခြားသတ်မှတ်ခြင်အစွမ်း ကို အသုံးပြုလိုက်၏။
ထို့နောက် အာရန်၏ရှေ့တွင် စနစ်ဖန်သားပြင်တစ်ခု ပေါ်လာခဲ့ပြီး ဖော်ပြချက်ကို ဖတ်လိုက်မိသောအခါ သူသည် အတော်လေး အံ့အားသင့်သွားခဲ့ရတော့သည်။
...
အမည်: ရူဘီ ကီးလ်
နောက်ခံအချက်အလက် : ကီးလ်မိသားစု ခေါင်းဆောင်၏ သမီး
အဆင့်: ၂၃
ဖော်ပြချက် : ဖခင်၏သိစိတ်ကို အမည်မသိဧည့်သည်တစ်ဦးမှ ကျွန်ပြုလိုက်သည်အား သိရှိခဲ့ပြီးနောက် နေအိမ်မှ ထွက်ပြေးလာသော ကီးလ်မိသားစု၏ မင်းသမီးလေး။
...
'ဟင် အိမ်က ထွက်ပြေးလာတဲ့ ကီးလ်မိသားစုရဲ့ မင်းသမီးလေးတဲ့လား'
သူမ၏ အချက်အလက်များအရ သူမသည် အတော်လေး အသုံးဝင်နိုင်ကြောင်း သူတွေ့ရှိခဲ့သော်လည်း ပို၍စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ သူမ၏ ဖခင်သည် တစ်စုံတစ်ဦး၏ ကျွန်ပြုခံထားရသည်ကို ပြောပြထားသည့် နောက်ဆုံးစာကြောင်း တစ်ကြောင်းပင်။
စိတ်ကို ကျွန်ပြုခြင်းအကြောင်း တွေးလိုက်မိသောအခါ အာရန်၏ စိတ်ထဲတွင် သူတစ်ယော်သာ ပေါ်လာခဲ့လေသည်။
ထိုသူသည် မြောက်ပိုင်းတိုက်ကြီးတွင် နေထိုင်သူတစ်ဦးလည်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် ဤမျှတူညီသော စွမ်းရည်ကို အသုံးပြုနိုင်သူ မည်မျှရှိမည်ကို သူ မခန့်မှန်းနိုင်သော်လည်း ၎င်းသည် တိုက်ဆိုင်မှုသက်သက်ဖြစ်သည်ဟုတော့ ယူဆရန်မဖြစ်နိုင်ပေ။
'ဖေးက င့ါကြောင့် သူ့ကျွန်တွေကို ဆုံးရှုံးသွားပြီးနောက် နောက်ထပ်ကျွန်တွေ ထပ်ပြီးဖန်တီးချင်နေတာ သဘာဝကျပါတယ်။ ကီးလ်မိသားစုခေါင်းဆောင်ကလည်း သူပစ်မှတ်ထားရလောက်အောင် အရေးပါတဲ့သူမျိုးပဲ'
ဖေးသည် စာရေးဆရာဆိုသူမှ သူ့အား သတိပေးခဲ့ခြင်း၏ အကြောင်းရင်းများလားဟု အာရန်တစ်ယောက်တွေးမိလိုက်သည်။
'ဖေးက ကီးလ်မိသားစုခေါင်းဆောင်ကို ထိန်းချုပ်နိုင်ခဲ့ရင်တောင် သူက အဲဒီလောက် အထိအင်အားမကြီးလာနိုင်သေးဘူး။ ဒါမှမဟုတ်ရင်တော့...'
အာရန်၏ အတွေးများသည် လမ်းတစ်လျှောက် သူမြင်ခဲ့ရသော ဖျက်ဆီးခံရသည့် မြင်ကွင်းပေါ်သို့ ပြန်ရောက်ရှိသွားခဲ့သည်။
၎င်းသည် ကီးလ်မိသားစုခေါင်းဆောင်သက်သက် မဟုတ်တော့ပေ။
ဤ လေးလံနေသည့် ခံစားချက်မှာ ဘာဆိုတာကို နောက်ဆုံးတွင် သူ ကောင်းစွာ နားလည်နိုင်ခဲ့လေ၏။
ကာဒီနယ်ရဟန်းအမတ်ပင် ကီးလ်မိသားစုမှာ ဘာတွေဖြစ်နေလဲဆိုတာ အတိအကျ မသိရှိထားပေ။
ဖေးသာ ပါဝင်ပတ်သတ်နေတယ်ဆိုလျှင် ပို၍ အင်အားကြီးမားသောသူများ ဤနေရာတွင် ထပ်မံရောက်ရှိလာခြင်းသည် သဘာဝကျလေသည်။
အာရန်သည် ဖေး၏ ရှုထောင့်မှနေ၍ တွေးတောကြည့်လိုက်သည်။
သူသာ ကီးလ်မိသားစုခေါင်းဆောင်ကို ထိန်းချုပ်နိုင်ခဲ့လျှင် ကီးလ်မိသားစုသည် အခြားမိသားစုများကိုပါ ဆက်သွယ်နိုင်သောကြောင့် ကျွန်များ ပိုမိုစုဆောင်းရန် ထိုသို့ အသုံးချရန် ကြိုးစားမိပေလိမ့်မည်။
နစ်ခရိုမန်ဆာမျှော်စင်မှ လူများပင် ဤနေရာတွင် ရောက်ရှိလာနိုင်ချေရှိနေခဲ့၏။
စာရေးဆရာသည် သူ့အား အဘယ်ကြောင့် သတိပေးခဲ့သည်ကို အာရန်တစ်ယောက် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
သူသည် ကီးလ်မိသားစုဆီသို့ ဒီအတိုင်းမိုက်မဲစွာ တိုက်ရိုက်ဝင်ရောက် သွားခဲ့ပါက အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာရန်မှာ အမှန်တကယ်ပင် မဖြစ်နိုင်သလောက်ပင်။
အာရန်သည် အတွေးများအတွင်း နစ်မြောနေစဉ် သူ၏ ပက်ဂါဆပ်သည် ကောင်းကင်ယံတွင် ပျံဝဲနေဆဲပင်ဖြစ်သည်။
ရူဘီသည် အာရန်၏စကားကြောင့် အနည်းငယ်မှင်သက်သွားခဲ့ရသည်။
၎င်းက သူမအား လာရောက်ဖမ်းဆီးသည့် မိသားစုအစောင့်များ၏ လေသံမဟုတ်ပေ။
ဤသူသည် သူမအား ကယ်တင်ပေးခဲ့သည်ဟုပင် ပြောဆိုနေသေး၏။
သူမသည် သူမ၏ မျက်လုံးများကို ဖြေးညှင်းစွာ ဖွင့်ကြည့်လိုက်သောအခါ အလွန် ဆွဲဆောင်မှုရှိသော မျက်နှာချောချောလေးတစ်ခုကို မြင်လိုက်ရသော ခဏ အရာရာကိုခေတ္တမေ့၍ မှင်သက် ငေးမောနေမိခဲ့သည်။
ဤကဲ့သို့သော ချောမောရက်နိုင်သူမျိုး အမှန်တကယ်ပင် တည်ရှိနေသည်လော။
သူမအိမ်မက်မက်နေခြင်းလား...။
ထိုသူ၏ရင်ခွင်သည် အကြောင်းပြချက် ရေရေရာရာမရှိသော်လည်း သူမအတွက် ဘေးကင်းလုံခြုံသည်ဟုတော့ ခံစားမိလိုက်ရသည်။
"ရှင်က ဘုရားကျောင်းကလား" ဟု သူတို့စီးနင်းလာသော သားရဲအမျိုးအစားကို သတိပြုမိလိုက်သောအခါ သူမက မေးမြန်းလိုက်၏။
"မဟုတ်ဘူး ကျုပ်က မိစ္ဆာဂိုဏ်းက" ဟု အာရန်က ပြန်ဖြေလိုက်ပြီးနောက် သူ၏အာရုံကို မိန်းကလေးဆီမှ ပြန်ပြောင်းလိုက်သည်။
အာရန်သည် သူ၏အကြည့်ကို ကျဉ်းမြောင်းလိုက်ပြီး ကီးလ်မိသားစု၏ အခြေစိုက်စခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
"နောက်မှပြောကြတာပေါ့။ အရင်ပြီးအောင် လုပ်ရမဲ့ ကိစ္စလေးအချို့ရှိနေသေးတယ်" ဟု အာရန်သည် မိန်းကလေးအား ပြောလိုက်၏။
သူ၏ ပက်ဂါဆပ်သည် ရုတ်တရက် အရှိန်မြှင့်တက်သွားခဲ့ရာ မိန်းကလေးသည်ပင် တုန်လှုပ်သွားခဲ့ပြီး အောက်သို့ မကျသွားစေရန် အာရန်အား တင်းကျပ်စွာ ဖက်တွယ်ထားလိုက်ရသည်။
#Catfoot