ကောလာဟလမဟုတ်ဘူး
Vol. 28 Ch. 403
....
ကီးလ်မိသားစု ခေါင်းဆောင်သည် အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်လာ၍ ကြီးမားသော စားပွဲဝိုင်းတစ်ခုကို ပြင်ဆင်ထားပြီး ဧည့်သည်များ ထိုင်ရန် ထိုင်ခုံများကို စားပွဲပတ်လည်တွင် ချထားသည်ကိုစစ်ဆေးအကဲခတ်နေခဲ့၏။
စားပွဲပေါ်တွင် ရောက်ရှိလာမည့် ဧည့်သည်တော်များအတွက် ယမကာများ ပြည့်နှက်နေသော ဖန်ခွက်များကို ပြင်ဆင်ထားလေသည်။
ကီးလ်မိသားစု ခေါင်းဆောင်၏ လက်ထဲတွင်လည်း အမည်မသိ အကြည်ရောင် အရည်အနည်းငယ်ပါသော ပုလင်းငယ်လေးတစ်ခုကို ကိုင်ဆောင်ထား၍ စားပွဲပတ်လည်တွင် လှည့်ပတ်သွားလာနေခဲ့၏။
သူသည် ထိုပုလင်းငယ်လေးထဲမှ အရည်တစ်စက်ချင်းစီကို ဖန်ခွက်တစ်လုံးစီထဲသို့ ဂရုတစိုက် လိုက်ထည့်နေလေသည်။
အရည်များသည် ယမကာထဲသို့ ရောနှောသွားသည်နှင့် လုံးဝအစအန ရှာမရတော့ပေ။
၎င်းက မူလယမကာအတိုင်းပင် တည်ရှိနေခဲ့ကာ အရောင် သို့မဟုတ် အနံ့တို့တွင် မည်သည့်ပြောင်းလဲမှုမျှ မဖြစ်ပေါ်ခဲ့ချေ။
မိသားစုခေါင်းဆောင်သည် ဖေး၏ ညွှန်ကြားချက်များအတိုင်း အရာအားလုံးကို စနစ်တကျ လုပ်ကိုင်ပြီးစီးခဲ့သဖြင့် သူ့ကိုယ်သူ အတော်လေး ကျေနပ်နေပုံရသည်။
ယခုအခါ လုပ်ရန်ကျန်ရှိနေသည်မှာ ဧည့်သည်တော်များ ထိုအရည်များကို သောက်သုံးပြီးသော အချိန်တွင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ အားလျော့ကျသွားရန်သာ ဖြစ်လေ၏။
သို့သော် သူ၏ ကျေနပ်နေသည့် အမူအရာသည် ကြာရှည်မခံခဲ့ပေ။
မိသားစုခေါင်းဆောင်သည် အိမ်တော်တစ်ခုလုံး တုန်လှုပ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး ပေါက်ကွဲသံတစ်ခုလည်း ပါဝင်နေလေသည်။
သူသည် မျက်မှောင်ကြုတ်လျက် အစည်းအဝေးခန်းမမှ ထွက်ခွာကာ ဆူညံသံ၏ မူလရင်းမြစ်ဆီသို့ အလျင်အမြန်ပြေးသွားလိုက်သည်။
မိသားစုခေါင်းဆောင် ထိုနေရာသို့ ရောက်သည်နှင့် သူ၏ စံအိမ်တော်ကြီး၏ အစိတ်အပိုင်း တစ်ခုလုံးသည် လုံးဝပျက်စီးသွားသည်ကို သတိပြုမိလိုက်၏။
ဤ မြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ထိုနေရာရှိ အပျက်အစီးများအောက်တွင် မည်မျှများပြားသော လူများ မြုပ်နှံသင်္ဂြိုလ်ပြီးဖြစ်နေမည်ကိုပင် အတိအကျ မသိနိုင်တော့ပေ။
သေချာသည့်အချက်တစ်ခုမှာ ကီးလ်မိသားစု အစောင့်တပ်မှူးသည်ပင် ထိုအထဲတွင် ရောနှော သေဆုံးသွားခဲ့ခြင်းဖြစ်လေသည်။
အစောင့်တပ်မှူးသည် ခန္ဓာကိုယ်၏ တစ်ဝက်သာ ကျန်ရှိတော့ပြီး ကျန်တစ်ဝက်မှာ ထိခိုက်မှုကြောင့် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်၏။
ထိုအရာကိုကြည့်ခြင်းဖြင့် သူ အသတ်ခံရချိန်တွင် အနည်းငယ်မျှပင် ပြန်လည်မခုခံနိုင်ခဲ့သည်မှာ ရှင်းလင်းနေလေသည်။
ကီးလ်မိသားစု ခေါင်းဆောင်သည် ဤဖျက်ဆီးမှုများ ကျူးလွန်ခဲ့သူကို လှမ်း၍ ရှာဖွေကြည့်လိုက်သည်။
ထိုအခါ သူ့နှင့် မနီးမဝေးတစ်နေရာတွင် မိန်းကလေးတစ်ဦးသည် မျက်နှာတွင် အေးစက်သော အမူအရာဖြင့် ရပ်နေခဲ့သည်ကို တွေ့လိုက်ရလေသည်။
"မင်း ဘာလုပ်လိုက်တာလဲ"
ကီးလ်မိသားစု ခေါင်းဆောင်သည် ဂရေရန်ဒေါ်မိသားစုမှ မိန်းကလေးအား တည်ငြိမ်သောလေသံဖြင့် ဆက်လက်မေးလိုက်သည်။
သူသည် မိန်းကလေးအား ယမကာအရည်များကို သောက်သုံးရန် ဆွဲဆောင်ရဦးမည်ဖြစ်သောကြောင့် သူမအား မည်သို့မျှ မစော်ကားမိစေရန် အတော်လေး ပြန်လည် ထိမ်းချုပ်ထားလိုက်ရ၏။
သူမ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သူများအတွက်မူ သူ ဂရုမစိုက်ပေ။
သူ ဂရုစိုက်သည်မှာ သခင်လေး အမိန့်များကို လိုက်နာရန်သာ ဖြစ်သည်။
သူ၏စိတ်နှင့် ခန္ဓာအားလုံးမှာ ဖေး၏ ထိန်းချုပ်မှုအောက်တွင် လုံးဝသက်ဆင်းသွားခဲ့ဟန်ရလေသည်။
"သူကို ကျွန်မ အချိန်တွေ လာဖြုန်းတီးသလိုဖြစ်ရင် သေရလိမ့်မယ်လို့ ကြိုပြောခဲ့သားပဲ"
အန်ညာက ဖုတ်ကောင်နဂါးပေါ်မှ ခုန်ဆင်းလိုက်ပြီး ကီးလ်မိသားစု ခေါင်းဆောင်၏ ရှေ့တွင် အနည်းငယ်မျှပင် ဂရုစိုက်ဟန်မပြပဲ ပြန်ပြောလိုက်သည်။
" ရှင် နောက်ဆုံးတော့ ထွက်လာပြီပဲ ဒီလိုမှန်းသိရင် ကျွန်မအစောကြီးကတည်းက ဒါမျိုး လုပ်သင့်ခဲ့တယ် ထင်တယ်"
သူမသည် ကီးလ်မိသားစု ခေါင်းဆောင်ကို တစ်ချက်မျှပင် မကြည့်ဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။
"ရှင်ဘာပြောမလဲဆိုတာတော့ ကျွန်မ မသိဘူး၊ ဒါပေမယ့် ကျွန်မပေးနိုင်မဲ့အချိန်ကတော့ နည်းလိမ့်မယ်"
သူမသည် စကားအနည်းငယ်ပြောရင်း လီယို ရိုတန်ဟိမ်းအား တစ်ချက်အကဲခပ်ကြည့်လိုက်၏။
လီယိုသည် သူမအား ကလေးတစ်ဦး ကစားနေသည်ကို စောင့်ကြည့်နေသကဲ့သို့ ပုံစံမျိုးဖြင့် စိုက်ကြည့်နေခဲ့ကြောင်း တွေ့လိုက်ရသည်။
"ဘာလို့ ငါတို့ကို ဒီကို ဖိတ်လိုက်တာလဲဆိုတဲ့အကြောင်း အရင် နားထောင်ကြည့်လိုက်ရအောင်လား။ ခုကိစ္စက ဘုရားကျောင်းနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ"
လီယိုသည် အန်ညာ၏ ပြောင်လှောင်သရော်ဟန်စွက်သည့် အပြုအမူများကို တုံ့ပြန်ခြင်းအလျှင်းမရှိဘဲ ကီးလ်မိသားစု ခေါင်းဆောင်ကိုသာ အာရုံစိုက်ထားလိုက်၏။
ကီးလ်မိသားစု ခေါင်းဆောင်သည် ထိုနေရာတွင် တခြားအမွေဆက်ခံသူများနှင့် မိသားစုခေါင်းဆောင်များလည်း စောင့်ဆိုင်းနေသည်ကို သတိပြုမိလိုက်သည်။
"ကျုပ်ကလည်း မိတ်ဆွေတို့အားလုံးကို ဖိတ်ခေါ်မလို့ပါပဲ ကျေးဇူးပြုပြီး ကျုပ်နောက်ကို လိုက်ခဲ့ကြပါ" ဟု ကီးလ်မိသားစု ခေါင်းဆောင်သည် ဧည့်သည်များအား နှုတ်ဆက်ရင်း စံအိမ်ကြီးအတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။
လီယိုသည် ထိုလူနောက်မှ လိုက်ပါသွားရာ သူ၏ ဟန်ပန်မှာ အန်ညာထက် များစွာပို၍ တည်ငြိမ်နေပုံရသည်။
သို့သော်ရုတ်တရက် လီယိုသည် ပထမထပ်ရှိ ပြတင်းပေါက်တစ်ခုဆီသို့ သူ၏ အကြည့်တစ်ချက် ရောက်သွားခဲ့သည်။
ခေတ္တခန့်စိုက်ကြည့်နေပြီးနောက် မကြာမီတွင် သူသည်လည်း ဧည့်ခံဆောင်အတွင်းသို့ အများနည်းတူ ဝင်ရောက်သွားလိုက်သည်။
ထိုအချိန်တွင် ဖေးသည် လီယို ကြည့်နေသော ပြတင်းပေါက်ပတ်လည်တွင် ချိတ်ဆွဲထားသော ကုလားကာတစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်၏။
သူသည် လီယို၏ အကြည့်တစ်ချက်ရောက်မလာခင် လက်မတင်လေး လျင်မြန်စွာ ပုန်းအောင်းနိုင်ခဲ့သည်။
"ဒီလူက... အာရုံခံနိုင်မှု အတော်လေး ကောင်းတယ်။ င့ါအတွက် ကျွန်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်"
တိတ်ဆိတ်နေသော အခန်းထဲတွင် ဖေး၏ အသံတိုးတိုးလေးအချို့ ထွက်ပေါ်နေခဲ့သည်ကိုမူ မည်သူမျှ မကြားနိုင်ခဲ့ကြပေ။
"ဒီတစ်ခေါက် ကျရှုံးစရာအကြောင်းမရှိဘူး။ ဒါတောင် ဘာလို့ ငါ စိတ်တွေ ရုတ်တရက် မတည်မငြိမ် ဖြစ်နေရတာလဲ"
....
ဧည့်သည်များသည် ကီးလ်မိသားစု ခေါင်းဆောင်နောက်မှ လိုက်ပါလာခဲ့ရာ သူတို့အား အစည်းအဝေးခန်းမအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
"ကျေးဇူးပြုပြီး ထိုင်ခုံတွေမှာ နေရာယူကြပါ။ ရှင်းပြချက်က ရှည်လျားပြီး အချိန်အနည်းငယ် ပေးရနိုင်ပါတယ်" ဟု ကီးလ်မိသားစုခေါင်းဆောင်သည် ဧည့်သည်များအား သူတို့ဆန္ဒအတိုင်း ထိုင်ခုံများကို ယူထိုင်ရန် လက်ဟန်ပြလိုက်သည်။
မည်သည့်ထိုင်ခုံတွင် မည်သူထိုင်ရမည်ဟု သတ်မှတ်ထားခြင်း မရှိသော်လည်း မိသားစုများသည် သူတို့နေရာကို သူတို့ သိထားကြလေသည်။
သူတို့၏ မိသားစု ခွန်အားအတိုင်းသာ ထိုင်ခုံများကို နေရာယူလိုက်ကြခြင်းဖြစ်ပြီး အသက်အရွယ်သည် အဓိက မဟုတ်ပေ။
ပထမထိုင်ခုံနှစ်လုံးကို အန်ညာနှင့် လီယိုတို့က ယူခဲ့ကြပြီး သူတို့နှစ်ဦးကြားရှိ ထိုင်ခုံကို မူ အိမ်ရှင်ဖြစ်သူ ကီးလ်မိသားစု ခေါင်းဆောင်အတွက် ချန်ထားခဲ့သည်။
ကီးလ်မိသားစု ခေါင်းဆောင်သည် စာရွက်အချို့ကို ထုတ်ယူကာ ဧည့်သည်များအား တစ်ဦးစီ ဝေမျှပေးလိုက်သည်။
"ကျေးဇူးပြုပြီး ကျုပ် ရှင်းပြနေတဲ့အချိန် ဒီစာတွေကို ဖတ်ရှုကြည့်ကြပါ နောက်ပြီး ကျွန်တော်တို့ ဒေသရဲ့ အထူးအဖျော်ယမကာအချို့ကိုလည်း စီစဉ်ပေးထားပါတယ်။ မိတ်ဆွေတို့လည်း ခရီးပမ်းနေကြမှာမို့ မြည်းစမ်းကြည့်ကြပါဦး"
ကီးလ်မိသားစု ခေါင်းဆောင်သည် ဧည့်သည်တော်များအား ထိုအရည်များ သောက်သုံးစေရန်အကြံကို မမေ့လျော့ခဲ့ပဲ သူ့အား သံသယမဝင်စေရန် မသိမသာ အကြံပြုခဲ့ခြင်း ဖြစ်လေ၏။
သူ မျှော်လင့်ထားသည့်အတိုင်း မိသားစုခေါင်းဆောင်အချို့သည် သူတို့ရှေ့တွင် ချထားသော စာရွက်များကို ဖတ်ရှုရင်း ယမကာဖျော်ရည်များကို စတင်မြည်းစမ်း ၍ သောက်သုံးလာကြသည်။
အန်ညာနှင့် လီယိုတို့သည်လည်း စာရွက်များပေါ်တွင် အာရုံစိုက်ရင်း တစ်ငုံစီခန့် သောက်လိုက်မိကြသည်။
ထိုအချိန်တွင် ကီးလ်မိသားစု ခေါင်းဆောင်သည် အကြောင်းအရာကို စတင်ရှင်းပြတော့သည်။
"ဘုရားကျောင်းနဲ့ မိစ္ဆာဂိုဏ်းတို့တွေ တဖြည်းဖြည်း ပိုမိုပူးပေါင်းလာကြတဲ့ အကြောင်း ခင်ဗျားတို့လည်း ကြားလိုက်ကြမှာပါ"
"ဟုတ်ပါတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ" ဟု မိသားစုခေါင်းဆောင်များထဲမှ တစ်ဦးက ဖြတ်မေးလိုက်၏။
"အဲဒါက ကောလာဟလသက်သက်ပဲ မဟုတ်လား" ဟု အခြားမိသားစုခေါင်းဆောင်တစ်ဦးကလည်း ထပ်လောင်းပြောဆိုလိုက်သည်။
"မိစ္ဆာဂိုဏ်းက သူတို့နယ်စပ်တွေမှာ သူရဲကောင်းတွေ ရှိနေတာနဲ့တင် ခေါင်းခဲစရာြဖစ်နေပြီမဟုတ်ဘူးလား။ ဘုရားကျောင်းနဲ့ အတူတူ ပူးပေါင်းဖို့ အချိန်ကော ရှိသေးလို့လား"
"ဒါက ကောလာဟလ မဟုတ်ဘူးလို့ ကျုပ်က ပြောရင်ရော" ဟု ကီးလ်မိသားစု ခေါင်းဆောင်က ပြောလိုက်ရာ အန်ညာပင် မျက်မှောင်ကြုတ်လိုက်မိသည်။
သူမသည်လည်း ထိုကောလာဟလများကို ကြားဖူးထားသော်လည်း အရှေ့တိုက်နှင့် အနောက်တိုက် ပူးပေါင်းလုပ်ဆောင်လိမ့်မည်ဟုတော့ ဘယ်တုံးကမှ မမျှော်လင့်ထားခဲ့ပေ။
၎င်းသတင်းသည်သာ စစ်မှန်ခဲ့ပါက ငရဲတံခါးဖွင့်မည့် အချိန်မှာလည်း နီးကပ်လာပြီဖြစ်သဖြင့် မြောက်ဘက်တိုက်အတွက် အမှန်တကယ် ရှုပ်ထွေးသော အခြေအနေတစ်ခု ဖြစ်ပေါ်လာနိုင်လေသည်။
"သူတို့နှစ်ဖက် သဘောတူညီမှု ရသွားပြီလို့ ပြောချင်နေတာလား" ဟု လီယိုသည် မျက်မှောင်ကြုတ်၍ ဝင်ပြောလိုက်၏။
"ဘာလို့ အရှေ့တိုက်က အဲလိုမျိုး လုပ်ရမှာလဲ။ တခြားလူတွေရဲ့ စစ်ပွဲကို အသလွတ်ဝင်တိုက်ပေးချင်နေတာလား။ ဒါမှမဟုတ် တိုက်ကြီးတွေကြား စစ်ပွဲတစ်ခု ဖော်ဆောင်ဖို့ ကြိုးစားနေတာများလား"
#Catfoot