မိစ္ဆာဂိုဏ်းမှ ရူးသွပ်နေသော အကြီးအကဲ
Vol. 28 Ch. 404
...
"သူတို့နှစ်ဖက် သဘောတူညီမှု ရသွားပြီလို့ ကျုပ် ယုံကြည်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မိစ္ဆာဂိုဏ်းရဲ့ စစ်သင်္ဘောတစ်စင်း ကျုပ်တို့ နယ်မြေထဲကို ကျူးကျော် ဝင်လာခဲ့တယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ ဒါ ပထမဆုံးအကြိမ်ပါပဲ"
"စစ်သင်္ဘောတစ်စင်းဟုတ်လား။ ဘာလို့ ကျုပ်တို့ကို အသိမပေးတာလဲ"
စစ်သင်္ဘောအကြောင်းကို ကြားသိလိုက်ရသည်နှင့် မိသားစုခေါင်းဆောင်များသည် စတင်၍ စိုးရိမ်လာမိကြလေသည်။
"မိစ္ဆာဂိုဏ်းက စစ်သင်္ဘောတွေတောင် ဒီကို စေလွှတ်တယ်ဆိုတာက သူတို့တွေ ဘုရားကျောင်းနဲ့ သာမန်သဘောတူထားတာထက် ကျော်လွန်သွားပြီလို့ ယူဆရတယ်။ ဒါက သူတို့ဆီက သတိပေးချက်တစ်ခုများလား"
"ဒါက နစ်ခရိုမန်ဆာမျှော်စင်က လူတွေ ခုတလော တံခါးပိတ်ဝါဒကျင့်သုံးနေတာနဲ့ ပတ်သက်မှုရှိနိုင်လား"
မိသားစုခေါင်းဆောင်များသည် ထိုသတင်းကြောင့် အတော်လေးစိတ်ရှုပ်ထွေးသွားကြပြီး တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ငြင်းခုံမှုများစတင်ဖြစ်ပွားလာကြသည်။
နစ်ခရိုမန်ဆာမျှော်စင်မှ ရုတ်တရက် အားလုံးနှင့်အဆက်အသွယ်ဖြတ်၍ တံခါးပိတ်ဝါဒကျင့်သုံးလိုက်ရသည့်အကြောင်းအရင်းကို မည်သူမျှ မသိရှိထားခဲ့ကြပေ။
လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း ၎င်းတို့ မိသားစုများအနေဖြင့် နစ်ခရိုမန်ဆာမျှော်စင်နှင့် ဆက်သွယ်မှုပြုလုပ်ရန်ပင် မဖြစ်နိုင်လောက်အောင် ဖြစ်ခဲ့ရလေသည်။
ယခုလည်း မိစ္ဆာဂိုဏ်းနှင့် ဘုရားကျောင်းမှ လှုပ်ရှားမှုများ စတင်လုပ်ဆောင်လာနေပြီဖြစ်လေ၏။
အရာအားလုံးက တစ်စုံတစ်ရာကို အဓိပ္ပာယ်ဖော်ဆောင်သွားမည်အား သူတို့စတင် စိုးရိမ်မိလာကြသည်။
ယမကာအတွင်းရှိ အိပ်ဆေးတစ်မျိုး၏ သိမ်မွေ့သော အကျိုးသက်ရောက်မှုမှာလည်း စတင်လာခဲ့သဖြင့် ဤနေရာရှိ မိသားစုခေါင်းဆောင်နှင့်ကိုယ်စာလှယ်များ၏ စိတ်များသည် တဖြည်းဖြည်း မကြည်မလင်ဖြစ်လာခဲ့ကြသည်။
သို့သော် မသိသာသေးသည့် အဆင့်တစ်ခုမှာပင် ရှိနေသေးလေ၏။
"ကျုပ်တို့ စစ်သင်္ဘောကို ပစ်ချနိုင်ခဲ့တယ်။ အဲ့ဒီလုပ်ရပ်ကြောင့် ကျုပ်တို့လူအများကြီး ဆုံးရှုံးခဲ့ရတယ်။ ကံမကောင်းစွာပဲ သင်္ဘောပျက်ကျသွားတဲ့အခါ ပါလာတဲ့ လူအားလုံးဟာ သေနေပြီဖြစ်တဲ့အတွက် ဘာကိုမှ စစ်ဆေးလို့ မရနိုင်ခဲ့ဘူး" ကီးလ်မိသားစုခေါင်းဆောင်သည် အခြားမိသားစုဝင်များအား အာရုံပိုမိုပျံ့လွင့်ရန် သူ၏စကားများကို အနည်းငယ်ပိုမို အချိန်ဆွဲ၍ ပြောနေခဲ့လေသည်။
ကီးလ်မိသားစုခေါင်းဆောင်သည် သူ၏စကားကို မသင်္ကာဖြစ်မသွားစေရန် အမှန်တရားကိုသာ ပြောပြခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် သူ့နှင့် ဘာမှမဆိုင်သောကြောင့် လိမ်လည်ရန်လည်း မလိုအပ်ပေ။
"သူတို့က ကျုပ်တို့လက်ထဲမှာ အရှင်ဖမ်းမိခံရမှာကို မလိုချင်လို့ ကိုယ့်ကိုကိုယ်ပြန် သတ်သေလိုက်ကြတာများလား" ဟု မိသားစုခေါင်းဆောင်တစ်ဦးက ကျယ်လောင်စွာ ထပြောလိုက်ရာ အခြားသူများကိုလည်း ထိုကဲ့သို့သော ကောက်ချက်များ ချမိစေခဲ့သည်။
"မိစ္ဆာဂိုဏ်းကလူတွေက ကောလာဟလတွေထဲကအတိုင်းပဲ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်တောင် အရမ်းရက်စက်ကြတယ်"
"ဒီအချက်အလက်အားလုံးကို နစ်ခရိုမန်ဆာမျှော်စင်ကို တင်ပြခဲ့ပေမယ့် ဘာတုံ့ပြန်မှုမှ မရရှိသေးပါဘူး။ သိတဲ့အတိုင်းပဲ နစ်ခရိုမန်ဆာမျှော်စင်က လက်ရှိမှာ တံခါးပိတ်ဝါဒကို ကျင့်သုံးနေတယ်လေ"
ကီးလ်မိသားစုခေါင်းဆောင်သည် သူ့ရှေ့တွင် ချထားသော ယမကာခွက်ကို ကိုင်မြှောက်လိုက်ကာ တစ်ငုံသောက်လိုက်လေသည်။
ထိုခွက်သည် ဤနေရာတစ်ခုလုံးတွင် ဆေးမခပ်ထားသော တစ်ခုတည်းသော ခွက်လည်း ဖြစ်လေ၏။
"အဲ့ဒီတော့ ကျုပ်လည်း မိတ်ဆွေတို့အားလုံးကို ဆက်သွယ်ဖို့ကလွဲရင် တခြားရွေးချယ်စရာ မရှိတော့ဘူးပေါ့" ဟု ကီးလ်မိသားစုခေါင်းဆောင်သည် တရားမျှတမှုကို ရှေးရှု၍ ၎င်းတို့အား ဖိတ်ခေါ်လိုက်ရဟန်ဖြင့် ပြောဆိုလိုက်သည်။
"တကယ်လို့ တိုက်ကြီးနှစ်ခုသာ ကျုပ်တို့ကို ပူးပေါင်းပြီး တိုက်ခိုက်တော့မယ်ဆိုရင် ကျုပ်တို့အနေနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားဖို့ လိုအပ်တယ်။ နစ်ခရိုမန်ဆာမျှော်စင်ဆီကနေ အချိန်မီ အကူအညီတွေမရနိုင်ရင် ကျုပ်တို့ကိုယ်တိုင်ပဲ တိုက်ပွဲတွေကို ကိုယ်အရင်ဆုံး ရင်ဆိုင်တိုက်ခိုက်ရဖို့ ဖြစ်လာနိုင်တယ်"
"ဒီလိုမျိုး လေးနက်တဲ့ကိစ္စတွေ ဖြစ်လာတာတောင် နစ်ခရိုမန်ဆာမျှော်စင်ဘက်က ဘာလို့ မတုံ့ပြန်တာလဲ"
"ဘာလို့ သူတို့ တိတ်ဆိတ်နေတာလဲ။ ကံဆိုးတာ တခြားတိုက်ကြီးနှစ်ခုက ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာတွေသိထားလဲဆိုတာတောင် ကျုပ်တို့ မသိနိုင်ဘူးဖြစ်နေတယ်"
"ဒါက ကျုပ်တို့ရဲ့ အနာဂတ်အတွက် တကယ့်ခြိမ်းခြောက်မှုတစ်ခုပဲ။ ကျုပ်တို့အနေနဲ့ ဘုရားကျောင်းကိုတောင် ရင်ဆိုင်ဖို့မလွယ်ကူတာ မိစ္ဆာဂိုဏ်းပါပါလာရင် ပိုဆိုးဖို့ပဲရှိတယ် သူတို့ဆီမှာ ကိုယ်သတ်လိုက်တဲ့လူတွေရဲ့ အသားတွေကို ပြန်စားလေ့ရှိတဲ့ ဂိုဏ်းအကြီးအကဲတွေတောင် ရှိတယ်လို့ ကြားဖူးထားတယ်"
မိသားစုခေါင်းဆောင်များသည် မြောက်ပိုင်းတိုက်ကြီးတွင် အင်အားအကြီးဆုံး တည်ရှိမှုများထဲတွင် ပါဝင်သော်လည်း အလွန်အင်အားကြီးမားသော မဟာအင်အားစုကြီးနှစ်ခုဖြစ်သည့် တိုက်ကြီးနှစ်တိုက် အတူတကွ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက်မူ လုံလောက်စွာ အင်အားမရှိနေကြောင်း သိရှိထားကြလေသည်။
အထူးသဖြင့် ၎င်းအင်အားစုကြီးနှစ်ခုသည် တစ်ခုချင်းစီသည်ကပင် နစ်ခရိုမန်ဆာမျှော်စင်နှင့် နှိုင်းယှဉ်နိုင်သည်အထိ အင်အားကြီးမားသောအချိန်တွင် ဖြစ်လေ၏။
တတိယအင်အားအကြီးဆုံး မိသားစု၏ အမွေဆက်ခံသူက အန်ညာနှင့် လီယိုတို့ ဘက်သို့လှည့်ကြည့်ကာ တိုက်ရိုက်ပင်မေးခွန်းထုတ်လိုက်သည်။
"မင်းတို့နှစ်ယောက်က နစ်ခရိုမန်ဆာမျှော်စင်ရဲ့ ဘယ်ဘက်ရုံးနဲ့ ညာလက်ရုံး အစောင့်အရှောက်တွေရဲ့ တပည့်တွေပဲ တစ်ခုခု သိထားတာများရှိနေမလား"
အန်ညာနှင့် လီယိုတို့သည် ထိုသူ၏အမေးကို ပြန်မဖြေခဲ့ကြပေ။
ထို့အစား ထိုသူ၏ စကားကြောင့် ခေတ္တတိတ်ဆိတ်သွားခဲ့ကြပြီး ကိုယ်စီ အတွေးပွားနေမိခဲ့ကြသည်။
နစ်ခရိုမန်ဆာမျှော်စင်သည် ဘာကြောင့် တံခါးပိတ်ဝါဒကို ရုတ်တရက်ကြီး စတင်ကျင့်သုံးရသည့်အကြောင်းအရင်းအား အန်ညာနှင့် လီယိုတို့မှလွဲ၍ ဤနေရာရှိလူများသည် အနည်းငယ်မျှပင် မသိရှိနိုင်ခဲ့ကြပေ။
အမှန်မှာ နစ်ခရိုမန်ဆာမှော်ဆရာများသည် နစ်ခရိုမန်ဆာမျှော်စင်အတွက် အရေးအကြီးဆုံးအရာဖြစ်သော ငရဲတံခါးဖွင့်လှစ်ရန်အတွက် ပြင်ဆင်မှုများဖြင့် အလုပ်များနေခဲ့ကြခြင်းဖြစ်လေသည်။
မျှော်စင်သခင်ကိုယ်တိုင်ပင် ကြီးမှူး၍ ၎င်းကို အထူးဂရုပြုလုပ်ဆောင်နေခဲ့ခြင်းဖြစ်လေ၏။
ဤကဲ့သို့သောအချိန်တွင် အခြားမည်သည့်အရာအတွက်မျှ အာရုံပျံ့လွင့်ခြင်းမရှိစေရန် တံခါးပိတ်ဝါဒကို ကျင့်သုံးရန် ဆုံးဖြတ်လိုက်ရခြင်းပဲ ဖြစ်လေသည်။
အန်ညာနှင့် လီယိုတို့သည် တစ်ယောက်ကိုတစ်ယောက် အတွေးကိုယ်စီဖြင့် အပြန်အလှန် လှည့်ကြည့်မိလိုက်၏။
ဘယ်တုံးကမှ အတူတကွ မပူးပေါင်းခဲ့ဘူးသော အင်အားစုနှစ်ခုသည် ယခုအချိန်တွင်မှ ပူးပေါင်းလုပ်ဆောင်နေရခြင်း၏ အဓိက အကြောင်းရင်းမှာ နစ်ခရိုမန်ဆာမျှော်စင်၏ ရည်ရွယ်ချက်အမှန်ကို ၎င်းတို့ သိရှိထားခြင်းကြောင့်လည်း ဖြစ်လေသည်။
၎င်းတို့စီစဥ်နေမှုသာ အောင်မြင်သွားပါက နစ်ခရိုမန်ဆာမျှော်စင်အား ပိုမိုအင်အားကြီးမားလာစေမည်ဖြစ်ကာ အရှင်သခင်လေးဦးကြား ဟန်ချက်ညီမှုကို ချိုးဖျက်မိသလိုဖြစ်သွားမည်အား အခြားတိုက်ကြီးနှစ်ခုက မလိုလားသောကြောင့် ပူးပေါင်းလိုက်ခြင်း ဖြစ်တန်ရာ၏။
အကယ်၍ နစ်ခရိုမန်ဆာများ၏လုပ်ရပ်ကို အခြားတိုက်များ သိရှိသွားခဲ့ခြင်း မှန်ကန်နေပါက တောင်ဘက်တိုက်သည်ပင် မကြာမှီပါဝင်လာနိုင်ချေရှိနေကာ သူတို့၏ မြောက်ဘက်တိုက်အား အတူတကွတားဆီးရန် ကြိုးစားလာခြင်းသည် မဖြစ်နိုင်သော ကိစ္စတော့ မဟုတ်ပေ။
၎င်းသည် တိုက်ကြီးများကြား စစ်ပွဲဟုခေါ်ဆိုခြင်းထက် မြောက်ပိုင်းတိုက်အား ကျန်တိုက်ကြီးသုံးခုမှ ပူးပေါင်း ကျူးကျော်ဝင်ရောက်ခြင်းအသွင်သို့ ပြောင်းလဲသွားနိုင်ပေသည်။
အန်ညာနှင့် လီယိုတို့ နှစ်ဦးလုံး၏ စိတ်ထဲတွင် တူညီသော မေးခွန်းများ ရှိနေခဲ့ကြသည်။
ယခုကိစ္စအား နစ်ခရိုမန်ဆာမျှော်စင်ကို အသိပေးအကြောင်းကြား သင့်သလား။
သို့သော် ၎င်းသတင်းပို့မှုကြောင့် နစ်ခရိုမန်ဆာများအား အာရုံပျံ့လွင့်စေပြီး ငရဲတံခါးဖွင့်ခြင်းအား အနှောက်အယှက်ပေးသလိုဖြစ်သွားခဲ့ပါက သူတို့နှစ်ယောက်သည် ထိုအကျိုးဆက်များကို ရင်ဆိုင်နိုင်ပါမည်လား။
"ဒီလိုအချိန်မှာ နစ်ခရိုမန်ဆာတွေကို အာရုံပျံ့လွင့်အောင် လုပ်လို့မရဘူး။ တခြားတိုက်ကြီးတွေက တိုက်ချင်ရင်တောင် ကျွန်မတို့ကပဲ သူတို့ကို အရင်ဦးဆုံး ခုခံရင်ဆိုင်မှဖြစ်လိမ့်မယ်" ဟု အန်ညာသည် ပထမဆုံးအကြိမ် လီယိုအပေါ် ရန်လိုမှု မပါသော လေသံဖြင့် ပြောလိုက်၏။
သူတို့နှစ်ယောက်အတွက်မူ နစ်ခရိုမန်ဆာမျှော်စင်၏ အကျိုးစီးပွားထက် မည်သည့်အရာမျှ ပို၍ မကြီးမြတ်ပေ။
နစ်ခရိုမန်ဆာမျှော်စင်၏ ဘေးကင်းရေးနှင့်ပတ်သက်သော မေးခွန်းပေါ်လာသောအခါ သူတို့နှစ်ဖက်ကြား ယှဉ်ပြိုင်မှုသည် အဓိပ္ပါယ်မရှိတော့ပေ။
"ဘယ်လို တားဆီးမှာလဲ။ ဒီကိစ္စက ဒီလောက်လွယ်မှာမှ မဟုတ်ဘူး" ဟု လီယိုက မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်သည်။
လီယိုသည် လူတိုင်းရှေ့တွင် သူဖွင့်ပြော၍ မရနိုင်သောအရာများစွာ ရှိနေခဲ့ပြီး အန်ညာနှင့်သာ ထိုအရာများကို ဆွေးနွေးတိုင်ပင်နိုင်မည်ဖြစ်လေသည်။
ထို့နောက် အန်ညာသည် ထိုင်ခုံမှ ထရပ်လိုက်ရာ သူသည်လည်း သူမနည်းတူ ထရပ်လိုက်သည်။
သူတို့နှစ်ဦးသည် လျှို့ဝှက်ချက်အချို့ကို ဖော်ဖော်ပြောမိသလိုဖြစ်သွားမည်စိုး၍ သူတို့ဘာသာ နှစ်ကိုယ်ကြား ဆွေးနွေးရန် အစည်းအဝေးခန်းအတွင်းမှ ထွက်ခွာလာခဲ့ကြ၏။
သူတို့နှစ်ဦးသည် ကီးလ်မိသားစုစံအိမ်ကြီးမှ ထွက်ခွာလာပြီးနောက်တွင်မူ စကားဝိုင်းတစ်ခုအတွင်း နစ်မြုတ်သွားခဲ့ကြသည်။
သူတို့သည် လက်ရှိတိုက်ကြီးနှစ်ခု၏ အစီအစဥ်များကို နှောင့်နှေးသွားစေရန် သို့မဟုတ် တိုက်ကြီးနှစ်ခုကြားတွင် ပဋိပက္ခများ စတင်ဖြစ်ပွားစေရန် အဓိကမိသားစုများ၏ အကူအညီဖြင့် လုပ်ဆောင်နိုင်မည့် အထူးအစီအမံများကြောင်း ဆွေးနွေးနေခဲ့ကြလေသည်။
ထိုသို့ဆွေးနွေးမှုအတွင်း စိတ်နစ်မျောနေမိခဲ့ကြရာ သူတို့သည် ကီးလ်မိသားစု၏ မိသားစုအိမ်တော်အတွင်းမှ ဘယ်အချိန် ထွက်ခွာသွားခဲ့မိသည်ကိုပင် သတိမပြုမိခဲ့ကြဘဲ သူတို့စိတ်ထဲတွင် ထိုကိစ္စတစ်ခုတည်းကိုသာ အာရုံစိုက်နေမိခဲ့ကြ၏။
ထိုစဥ်ရုတ်တရက် လီယိုသည် သူ၏ပခုံးအား အခြားသူတစ်ဦး၏ ပခုံးနှင့် ထိမိလိုက်သည်ကိုသတိထားမိသောအခါမှသာ စကားဝိုင်းအတွင်းမှ ရုန်းထွက်မိလိုက်လေသည်။
ထို့နောက် လီယိုသည် မျက်မှောင်တစ်ချက်ကြုတ်၍ လှည့်ကြည့်လိုက်ရာ သူ၏ ဘေးတွင် လူငယ်တစ်ဦးရပ်နေသည်ကို သတိပြုမိလိုက်၏။
ထိုသူငယ်သည် ကီးလ်မိသားစု၏ သင်္ကေတပါသော ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးနှင့်အတူ ယှဥ်၍ လျှောက်လာခဲ့ခြင်းဖြစ်ဟန်ရသည်။
သို့သော် လီယိုသည် သူ၏ရှေ့မှ ထိုလူငယ်မှာ အစောပိုင်း အစည်းအဝေးတွင် ကိုယ်သတ်လိုက်သောလူများ၏အသားကို ကိုယ်ပြန်စားသည်ဟုဆိုခဲ့သော အကြီးအကဲတစ်ဦးဖြစ်နေသည်ကို အနည်းငယ်မျှပင် မရိပ်မိခဲ့ပေ။
#Catfoot