မြောက်ပိုင်းတိုက်ကို စတင်ထိန်းချုပ်ခြင်း
Vol. 28 Ch. 405
…
အန်ညာနှင့် လီယိုတို့ အစည်းအဝေးခန်းမမှ ထွက်ခွာသွားပြီးနောက် အစည်းအဝေး သည် ခေတ္တရပ်တန့်သွားခဲ့သည်။
ဤနေရာရှိ ဧည့်သည်များအားလုံးသည် အန်ညာနှင့် လီယိုတို့ ဤကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သိရှိနေသည်ကို ခံစားမိခဲ့ကြသည်။
၎င်းက နစ်ခရိုမန်ဆာမျှော်စင်တွင် အမှန်တကယ် တစ်စုံတစ်ရာ ဖြစ်ပျက်နေခြင်းဖြစ်ကြောင်း သူတို့အား နားလည်စေခဲ့၏။
"သူတို့က ကျုပ်တို့ကိုတောင် ဘယ်လိုများ လျစ်လျူရှုနိုင်ရတာလဲ။ ကျုပ်တို့ကို သိပိုင်ခွင့် မရှိဘူးလို့ သတ်မှတ်ထားကြတာလား" ဟု အဆင့်နိမ့် မိသားစုခေါင်းဆောင်တစ်ဦးမှ မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
သူ၏ မိသားစုသည် ဂရေရန်ဒေါ် သို့မဟုတ် ရိုတန်ဟိမ်း မိသားစုများနှင့် နှိုင်းယှဉ်နိုင်လောက်သည်အထိ အင်အားမကြီးသော်လည်း ၎င်းတို့ကဲ့သို့ ငယ်ရွယ်သော မျိုးဆက်သစ်များမှ သူ့ကဲ့သို့ခေါင်းဆောင်တစ်ဦးအား လျစ်လျူရှု၍ ဆက်ဆံခြင်းသည် အတော်လေးခံရခက်စရာ ကိစ္စပင် ဖြစ်သည်မဟုတ်ပါလော...။
ဤသို့ဖြင့် ထိုသို့ လုံးဝလျစ်လျူရှု ခံလိုက်ရခြင်းကလည်း ဤနေရာရှိ မိသားစုခေါင်းဆောင်များနှင့် မိသားစုအမွေဆက်ခံသူအချို့အား သိမ်ငယ်စိတ်များ ဝင်လာစေခဲ့ကာ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများသည် သူတို့ပင် မသိလိုက်ရဘဲ အတော်လေး အားနည်းသွားခဲ့ရလေသည်။
"နစ်ခရိုမန်ဆာမျှော်စင်ရဲ့ အစောင့်အရှောက်နှစ်ဦးရဲ့ တပည့်တွေဖြစ်ရင်တောင် ကျုပ်တို့ကို ဒီလို အဖက်မလုပ်တာမျိုးကတော့ မဖြစ်သင့်ဘူး။ ဒါက ကျုပ်တို့အတွက် အသက်တမျှ အရေးကြီးတဲ့ ကိစ္စတစ်ခုပဲလေ။ သူတို့ကို ပြန်ဆွဲခေါ်လာသင့်တယ်" ဟု အခြားမိသားစုခေါင်းဆောင်တစ်ဦးက ကီးလ်မိသားစု ခေါင်းဆောင်အား ထိုသို့ မကျေနပ်ချက်အား ပြောလိုက်စဥ်မှာပင် သူ၏မျက်လုံးများသည် မူးဝေမှုကြောင့် တဖြည်းဖြည်း ထွေပြားလာခဲ့၏။
ရုတ်တရက် အိပ်ငိုက်ချင်စိတ်တစ်ခုက သူ၏ စိတ်ကို စတင်လွှမ်းမိုးလာခဲ့သည်။
အားနည်းသော မိသားစုခေါင်းဆောင်များသည် ထိုသက်ရောက်မှုကို အရင်ဆုံး ခံခဲ့ရပြီး သူတို့သည် စားပွဲပေါ်တွင် ခေါင်းငိုက်စိုက်ကျကာ အိပ်ပျော်သွားခဲ့ကြသည်။
ထိုသို့ ရုတ်တရက် မူးဝေလာသည်ကို ခံစားမိလိုက်သောအခါ သံသယဖြစ်လာသူ အနည်းငယ် ရှိနေခဲ့သော်လည်း သူတို့သည် တုံ့ပြန်ရန် များစွာနောက်ကျခဲ့ပြီးဖြစ်၏။
ထိုဆေး၏ အာနိသင်ကို ပိုမိုအားကောင်းလာစေရန် ထူးဆန်းသော အငွေ့တစ်မျိုးကိုလည်း အခန်းအတွင်းတွင် တိတ်တဆိပ် ပျံ့နှံ့နေခဲ့ရာ သူတို့အား ပို၍ ပင် သက်ရောက်မှုရှိစေခဲ့သည်။
"မင်း...မင်း... ဘာလုပ်လိုက်တာလဲ"
ထိုမိသားစုများအတွင်းမှ ခေါင်းဆောင်တစ်ဦးသည် အားတင်းထရပ်၍ ကီးလ်မိသားစုခေါင်းဆောင်အား လက်ညှိုးထိုး၍ မေးလိုက်သည်။
သူသည် ကီးလ်မိသားစု ခေါင်းဆောင်ဆီသို့ လျှောက်သွားပြီး ထိုသူ၏ ဝတ်စုံအား ဆွဲကိုင်ရန် ကျိုးစားလိုက်စဥ်မှာပင် သူ၏ မျက်လုံးများသည် တဖြည်းဖြည်း အားပျော့ကာ မှေးစင်းလာခဲ့၏။
ကီးလ်မိသားစု ခေါင်းဆောင်က ရိုးရှင်းစွာပင် ပြုံးပြလိုက်ပြီး ...
"ကျုပ်က သခင်လေးရဲ့ အကျိုးစီးပွားအတွက်ဆိုရင် ကျုပ် လုပ်နိုင်တာ မှန်သမျှ အကုန်လုပ်မှာပဲ" ဟု ပြန်ပြောလိုက်သည်။
ထို့နောက် ကီးလ်မိသားစုခေါင်းဆောင်သည် ထိုလူအား တွန်းထုတ်လိုက်ရာ နောက်ပြန်လန်ကျသွား၍ ၎င်း၏မျက်လုံးများ
တဖြည်းဖြည်း မှေးစက် အိပ်ပျော်သွားခဲ့သည်။
စားပွဲပေါ်ရှိ အခြားမိသားစုခေါင်းဆောင်များ၏ အဖြစ်မှာ ပို၍ပင် ဆိုးရွားသောအခြေအနေတွင် ရှိနေကြသည်။
တတိယ၊ စတုတ္ထနှင့် ပဉ္စမမိသားစုများ၏ အမွေဆက်ခံသူများမှာမူ အစောပိုင်း ကတည်းက အိပ်ပျော်သွားခဲ့ကြပြီဖြစ်ကာ အားနည်းသော မိသားစု ခေါင်းဆောင်များထက်ပင် ခုခံနိုင်စွမ်းနည်းခဲ့ကြဟန်တူသည်။
မကြာမီပင် အစည်းအဝေးခန်းမရှိ လူတိုင်းနီးပါး အိပ်ပျော်သွားခဲ့လေသည်။ ထိုနေရာတွင် ကီးလ်မိသားစု ခေါင်းဆောင်တစ်ဦးတည်းသာ နိုးကြားလျက်ကျန်ရစ်နေခဲ့၏။
"ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်လဲ။ အရေးအပါဆုံး ငှက်နှစ်ကောင်က လုံးဝသက်ရောက်မှုမရှိခင် လှောင်အိမ်ထဲက ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ကြတယ်" ဟုပြောရင်း ကီးလ်မိသားစု ခေါင်းဆောင်သည် အစည်းအဝေးခန်းထဲတွင် အိပ်ပျော်နေသော အခြားဧည့်သည်များကို ချန်ထားခဲ့ကာ အခန်းအတွင်းမှ ထွက်ခွာလာခဲ့သည်။
အခြားမိသားစုခေါင်းဆောင်များသည် ထိုဆေး၏ အာနိသင်ကို မခုခံနိုင်ခဲ့ကြသော်လည်း အန်ညာနှင့် လီယိုတို့မှာမူ ကွဲပြားခြားနားကြောင်း သူ အစောပိုင်းကတည်းက ကြိုတင်တွက်ဆခဲ့ပြီးဖြစ်၏။
သူတို့သည် အခြားလူငယ်သုံးဦးကဲ့သို့ အင်အားကြီးမားသော မိသားစုများ၏ အမွေဆက်ခံသူများ သက်သက် မဟုတ်ပေ။
သူတို့သည် နစ်ခရိုမန်ဆာမျှော်စင်၏ အစောင့်အရှောက်နှစ်ဦး၏ တပည့်ရင်းများဖြစ်ကြသည့်အပြင် သေခြင်းမှော်အစွမ်းများကို အသုံးပြုနိုင်သော မှော်ဆရာများ ကိုယ်တိုင်ပင် ဖြစ်နေလေသည်။
သူတို့ကဲ့သို့သော သူများအတွက် ဤဆေးအဆင့်လောက်သည် များစွာ သက်ရောက်မှု မရှိနိုင်ပေ။
ထို့ကြောင့် ကီးလ်မိသားစု ခေါင်းဆောင်သည် ထိုသူနှစ်ဦးအတွက် ပိုမိုအံ့အားသင့်စရာကောင်းသော အစီအစဥ်အချို့ကို ပင် ကြိုတင် စီစဉ်ထားခဲ့ပြီးဖြစ်လေသည်။
သို့သော် သူတို့သည် ထိုသို့ရုတ်တရက် အစည်းအဝေးမှ ထွက်ခွာသွားပြီး သူ့အား ထိုအစီအစဥ်ကို အကောင်အထည်ဖော်ရန်ပင် အခွင့်အရေးမပေးခဲချေ။
...
အစည်းအဝေးခန်းမအပြင်ဘက်တွင် ကီးလ်မိသားစု ခေါင်းဆောင်သည် ဦးထုပ်ရှည်ကြီးတစ်လုံးကို ဆောင်းထားသော ပုံရိပ်လေးတစ်ခုကို စိုက်ကြည့်နေသည်။
သူသည် ဦးထုပ်ဆောင်းထားသော ပုံရိပ်၏ ရှေ့တွင် ခေါင်းငုံ့ကာ သူ့၏ ကျရှုံးမှု တစ်စိတ်တစ်ပိုင်း အတွက် တောင်းပန်လိုက်နေခဲ့သည်။
ဦးထုပ်ဆောင်းထားသူမှာ အခြားမဟုတ် ဖေးပင်ဖြစ်လေသည်။
ဖေးသည် ထိုကိစ္စများကို အလေးအနက်မထားခဲ့ပေ။
ယခု သူ့အတွက် အရေးအကြီးဆုံးမှာ အချိန်ပင်ဖြစ်လေသည်။
အန်ညာနှင့် လီယိုတို့အား ချက်ချင်း ထိန်းချုပ်၍မရသေးလျှင်ပင် ယခုရလာဒ်သည် ဘာမှမလုပ်နိုင်ခြင်းထက်တော့ သာ၍ ကောင်းနေသေး၏။
"သူတို့ရဲ့ ကံကြမ္မာကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာတော့မဟုတ်ပါဘူး။ သူတို့က ရှောင်လွှဲမရတဲ့အရာကို အနည်းငယ် နှောင့်နှေးစေခဲ့ရုံပါပဲ ဒ့ါထက်မပိုဘူး" ဟု ဖေးသည် အစည်းအဝေးခန်း ဝင်ပေါက် တံခါးကို ဖွင့်ရင်း တီးတိုးပြောလိုက်သည်။
ဖေးသည် အစည်းအဝေးခန်းမထဲသို့ တည်ငြိမ်စွာဖြင့် ဝင်ရောက်သွားခဲ့သည်။
ဤနေရာတွင် ကီးလ်မိသားစု ခေါင်းဆောင်သည် သူ့သခင်အား မည်သူမျှ မနှောင့်ယှက်နိုင်စေရန် ကာကွယ်ပေးရသည့် အစောင့်တစ်ဦးအဆင့်သာ ရှိနေခဲ့လေသည်။
အစည်းအဝေးခန်းမ၏ တံခါးက ဒုန်းကနဲ မြည်သံနှင့်အတူ ပြန်ပိတ်သွားခဲ့၏။
....
အစည်းအဝေးခန်းအတွင်း ဖေးသည် အိပ်ပျော်လျက်ရှိနေကြသော ဧည့်သည်များအား အပြုံးတစ်ခုဖြင့် ဝေ့ဝိုက်ကြည့်လိုက်သည်။
"မကြာခင်အချိန်ကအထိ မင်းတို့ကို ငါ ကြောက်ပြီးပုန်းအောင်းနေခဲ့ရတယ်။ ငါ့အသက်ကို ရန်ရှာမှာစိုးတဲ့အတွက် မင်းတို့ရဲ့အနားကိုတောင် ငါ မချဉ်းကပ်နိုင်ခဲ့ဘူး။ အခု မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်လိုက်ကြပါဦး ငါ့ရဲ့ သနားညှာတာမှုအပေါ် မူတည်နေတဲ့ အခြေအနေမျိုး ရောက်နေကြပြီ"
ဖေးသည် စားပွဲဝိုင်းပတ်လည်တွင် လျှောက်သွားလိုက်ပြီး လူတိုင်း၏ ပခုံးကို ညင်သာစွာ တစ်ချက်စီခန့် တို့ထိလိုက်သည်။
သူထိုသို့ တို့ထိလိုက်တိုင်း ထိုအထိခံလိုက်ရသည့် မိသားစုခေါင်းဆောင်များ၏ ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့ပြီး ၎င်းက သူတို့နှင့် သူ့ကြားတွင် ကြိုးတစ်ချောင်းအဖြစ် ချည်နှောက်လိုက်သလို ဆက်သွယ်ချက်တစ်ခု ဖြစ်သွားဟန်ရလေ၏။
"ငါသာ အလိုရှိရင် မင်းတို့အားလုံးကို ဒီမှာပဲ တစ်ချက်တည်း အကုန် သတ်ပစ်လိုက်လို့ရတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ မင်းတို့အသက်ကို ငါ မယူချင်ပါဘူး။ မင်းတို့တွေ သေနေတာထက် အသက်ရှင်နေတာက ငါ့အတွက် ပိုပြီး အသုံးဝင်တယ်လေ။ မင်းတို့ရဲ့ တန်ဖိုးမရှိတဲ့ အသက်တွေကို တန်ဖိုးရှိသွားအောင် ရည်ရွယ်ချက်အသစ်တစ်ခု ဖန်တီးပေးပါ့မယ်... မင်းတို့အသက်ရှင်ရတာ တန်ဖိုးရှိတယ်လို့ ထင်ရလောက်တဲ့အထိ ကြီးကျယ်မြင့်မြတ်တဲ့ ရည်ရွယ်ချက်တစ်ခုပေါ့"
ဖေးသည် စားပွဲဝိုင်းပတ်လည်တွင် ဆက်လက်လှည့်ပတ်နေရင်းဖြင့် သူ၏ အရေပြား သည် တဖြည်းဖြည်းပို၍ ဖြူဖျော့လာခဲ့သည်။
သူ၏မျက်လုံးများသည်လည်း အရောင်များ စတင်ပြောင်းလဲလာခဲ့ကာ သူ့အား မျက်မမြင်တစ်ဦးကဲ့သို့ ထင်မှတ်မိစေရန်အထိ ငွေရောင်မျက်လုံးများအဖြစ်သို့ ပြောင်းလဲသွားလေ၏။
သူ၏ခန္ဓာကိုယ်အတွင်းပိုင်း ပြောင်းလဲမှုများနှင့်အတူ သူ၏အော်ရာသည်လည်း ပို၍ မတည်မငြိမ်ဖြစ်လာခဲ့သည်။
သူသည် ခန်းမထဲတွင် ရှိနေသူများထက် ပို၍ အင်အားကြီးမားသော သူအချိူ့ကို ယခင်က ကျွန်ပြုခဲ့ဖူးလေသည်။
သူ၏မိခင်သည်ပင် ဤမိသားစုခေါင်းဆောင်များအားလုံးထက် ပိုမို အင်အားကြီးမားလေသည်။
တစ်ခုတည်းသော ခြားနားချက်မှာ ယခုသူသည် ဤနေရာရှိလူအားလုံးကို တစ်ချိန်တည်းတွင် ကျွန်ပြုရန် ကြိုးစားနေခြင်းဖြစ်ပြီး ၎င်းက သူ၏ခန္ဓာကိုယ်အပေါ် သိသိသာသာ ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ ဟန်တူသည်။
ကံကောင်းစွာဖြင့် သူတို့ထဲမှ မည်သူမျှ နစ်ခရိုမန်ဆာများကဲ့သို့ အင်အားမကြီးမားကြပေ။
ကိစ္စများကို ပိုမိုလွယ်ကူစေရန်လည်း သူတို့အားလုံးသည် အိပ်ဆေးတစ်မျိုး အမိခံထားရပြီး ၎င်းက သူတို့ရှိ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုအားလုံးနီးပါးကို ဖယ်ရှားပေးခဲ့သည်။
သူတို့ သတိပြန်လည်လာသည့်အချိန်တွင်မူ အရာအားလုံး ပြီးဆုံးသွားမည် ဖြစ်ပေလိမ့်မည်။
ဖေးသည် သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသော်လည်း စားပွဲဝိုင်းပတ်လည်ကို လှည့်ပတ်၍ ခေါင်းဆောင်များအား ညှို့ယူနေခြင်းအား မရပ်တန့်ခဲ့ဘဲ သူ၏ စွမ်းရည်ကို အပြည့်အဝ အသုံးပြုနေခဲ့၏။
"မင်းတို့အားလုံးကို ငါ ထိန်းချုပ်ပြီးတာနဲ့ မြောက်ပိုင်းတိုက်ကြီးရဲ့ ဒေသအများစုက ငါ့ဆန္ဒအတိုင်း ဖြစ်လာလိမ့်မယ်။ မင်းတို့က ငါ့ရဲ့ အဓိကကျွန်တွေ ဖြစ်လာခွင့်ရလိမ့်မယ်... အနောက်တိုက်ရဲ့ အရှင်သခင်ဖြစ်တဲ့ နစ်ခရိုမန်ဆာမျှော်စင်သခင်ကို ထိမ်းချုပ်နိုင်တဲ့ အဆင့်အထိရောက်ဖို့ မင်းတို့က င့ါအတွက် ခြေနင်းခံကျောက်တုံးတွေ ဖြစ်လာခွင့် ရလိမ့်မယ်"
"ဒါကြောင့် မင်းတို့ သခင်ရဲ့စကားကို အခုကစပြီး နာခံကြ။ ခုခံတာကို ရပ်လိုက်ပြီး ငါ့ကို မင်းတို့နှလုံးသားအတွင်း နက်နက်ကနေ လက်ခံလိုက်ကြစမ်း မင်းတို့သခင်ကို အစေခံလိုတဲ့ ဆန္ဒမှာ အားလုံးတစ်သွေး၊တစ်သံ၊တစ်မိန့်တည်း ဖြစ်လာကြ... ချိတ်စည်းခပ်နှိပ်တာကို လက်ခံပြီး ငါနဲ့အတူ ကြီးမြတ်တဲ့ကမ္ဘာသစ်တစ်ခုကို ဖော်ဆောင်ကြ မဟုတ်ရင်တော့ မင်းတို့ကို ဒီမှာပဲ သတ်ပစ်ရလိမ့်မယ်"
မိသားစုခေါင်းဆောင်များသည် ဖေး၏ စကားကို ကြားနိုင်သည့်ပုံမပေါ်ကြသော်လည်း သူသည် ဆက်လက်ခြိမ်းခြောက်နေခဲ့ပြီး အနည်းငယ်မျှသော ခုခံမှုကိုပင် ဖယ်ရှားရန် သူတို့၏ မသိစိတ်ကို အကြံပြုချက်များ ဆက်တိုက်သွင်းကာ ဦးနှောက်ဆေးနေခဲ့ခြင်းဖြစ်လေသည်။
ဖေးတစ်ယောက် ကျွန်ပြုခြင်းစွမ်းရည်ကို စတင်အသက်သွင်းခဲ့သည်မှာ မိနစ်အနည်းငယ်မျှသာ ကြာမြင့်သေးသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်စစီကွဲထွက်လုနီးပါး ဖြစ်နေပြီဖြစ်၏။
ဖေး၏ မျက်လုံး၊ နှာခေါင်းနှင့် နားများတွင် သွေးများ စီးကျလာခဲ့သည်။
ထိုအချိန်တွင် ထာဝရ ကျွန်ပြုခြင်း စည်းတံဆိပ်များသည်လည်း မိသားစုခေါင်းဆောင်များ၏ ခန္ဓာကိုယ်များ ပတ်လည်တွင် စတင်အသက်ဝင် ပေါ်ပေါက်လာခဲ့ကြပြီဖြစ်သည်။
တစ်ယောက်ပြီးတစ်ယောက်....
ဤသို့ဖြင့် ကျွန်ပြုခြင်းဖြစ်စဥ်သည် ဆက်လက်၍ အောင်မြင်နေခဲ့သည်။
"ထလိုက်ကြစမ်း"
ဖေးသည် စားပွဲခုံအား အားပြုကာ လဲမကျသွားရန်ပင် မနည်းထိန်းချုပ်ရင်း အမိန့်ပေးလိုက်သည်။
အိပ်ပျော်နေခဲ့ကြသော ဧည့်သည်တော်များအားလုံးသည် တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပင် သူတို့၏ မျက်လုံးများကို ပြိုင်တူ ဖွင့်လိုက်မိကြသည်။
#Catfoot