သေခြင်း၊ရှင်ခြင်း ပင်လယ်
Vol. 28 Ch. 395
...
"ဒါကတော့ အနောက်ပိုင်းတိုက်ကြီးရဲ့ နယ်နိမိတ်ပဲ" ဟု ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်က အာရန်အား အသိပေးလိုက်သည်။
"ဒီမြစ်ကြောင်းကို ကျော်လွန်ရင် မြောက်ဘက်တိုက်ကို ရောက်နိုင်လိမ့်မယ်"
ကာဒီနယ်ရဟန်းအမတ်သည် အနောက်ပိုင်းတိုက်၏ နယ်နိမိတ်ကို ကျော်လွန်သည်နှင့် သူ၏စွမ်းအား လျော့နည်းသွားမည်ကို သိရှိထားသည်။
အကြောင်းမှာ နတ်ဘုရားမ၏ ကောင်းချီးသည် မြောက်ပိုင်းတိုက်ထိ မသက်ရောက်နိုင်သောကြောင့်ပင်တည်း။
သို့သော်လည်း သူသည် အာရန်အား ထိုအကြောင်းကို မပြောပြခဲ့ပေ။
သူ အားနည်းနေကြောင်း အာရန် သိရှိသွားမည်ကို မလိုလားခဲ့ပေ။
သူသာထိုသို့ သိရှိခဲ့ပါက လုံခြုံမှုပိုမိုရှိစေရန်အတွက် အခြားမဟာအကြီးအကဲများကို ပြန်လည်ခေါ်ဆောင်ရန် ပြန်လှည့်သွားမည်အား စိုးရိမ်မိခဲ့သောကြောင့်လည်း ဖြစ်လေ၏။
သို့သော် အာရန်သည် ထိုအကြောင်းကို ယခင်ကတည်းကပင် သိရှိပြီးဖြစ်ကြောင်းကို တော့ သူသဘောမပေါက်ခဲ့ပေ။
အမှန်ဆိုလျှင် ထိုအကြောင်းကြောင့်ပင် သူသည် ကာဒီနယ်ရဟန်းအမတ်နှင့်အတူ နှစ်ဦးတည်း အတူလိုက်ပါလာခဲ့ခြင်းလည်း ဖြစ်လေ၏။
"မြောက်ပိုင်းတိုက်ကြီးထဲ မဝင်ခင် အထူးဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိသေးလား" ဟု အာရန်က ကာဒီနယ်ရဟန်းအမတ်အား မေးမြန်းလိုက်သည်။
"နယ်စပ်ကို ဖြတ်ကျော်လိုက်တာနဲ့ ကျုပ်တို့ကို သူတို့ ထောက်လှန်း သိရှိသွားရင် ဘယ်လိုလုပ်မလဲ"
"နယ်စပ်တစ်လျှောက်မှာ ထောက်လှမ်းရေးပုံစံကွက် ဝင်္ကဘာတွေ အများကြီး ဖြန့်ကျက်ထားပေမယ့် စိုးရိမ်စရာတော့ မရှိဘူး" ဟု ကာဒီနယ်ရဟန်းအမတ်က ပြန်ဖြေလိုက်သည်။
"ကျွန်ုပ်တို့ရဲ့ အကြိမ်ပေါင်းများစွာ စုံစမ်းထောက်လှမ်းမှုတွေတစ်ပြီးတဲ့နောက်မှာ အဲ့ဒီပုံစံကွက်ဝင်္ကဘာတွေ သက်ရောက်မှုရှိမနေတဲ့ နေရာ အတော်များများကို တွေ့ရှိခဲ့တယ်။ အဲဒီထဲက တစ်နေရာကို ခုအသုံးပြုမှာဖြစ်တယ်"
ထိုသို့ပြောဆိုပြီးနောက် ကာဒီနယ်ရဟန်းအမတ်သည် မြစ်ပြင်ပေါ်မှ ပျံသန်းသွားခဲ့သည်။
မြစ်အလယ်ကောင်တည့်တည့်သို့ ရောက်ရှိသည့်အခါ မြစ်အောက်သို့ လှည့်မကြည့်မိရန် ထရီနီယယ် မှ အာရန်အား သတိပေးလိုက်သည်။
အာရန်သည် အဘယ်ကြောင့် ထိုသို့ လှည့်မကြည့်ရန် အကြံပြုသည်ကို နားမလည်ခဲ့သော်လည်း ထိုစကားကို လိုက်နာခဲ့လေသည်။
ထို့နောက် ဆန့်ကျင်ဘက်ရေစီးကြောင်းနှစ်ခုဆုံနေသော မြစ်ကြောင်းဆုံမှတ်ပေါ်သို့ ရောက်ရှိသောအခါ အမည်မသိသားရဲကြီးတစ်ကောင်မှ သူ့အား စိုက်ကြည့်နေသကဲ့သို့ အန္တရာယ်ကြီးမားသည့် အငွေ့အသက်တစ်ခုကို ခံစားမိခဲ့သည်။
အာရန်သည် အောက်သို့အမှန်တကယ် ငုံ့ကြည့်လိုက်မိပါက အစစ်အမှန် အန္တရာယ်တစ်ခုနှင့် ပက်ပင်း ကြုံတွေ့ရလိမ့်မည်ဟုလည်း အာရုံရနေလေ၏။
ထိုခံစားချက်ကို သူနားမလည်နိုင်ခဲ့ပေ။
ကုန်းမြေပေါ်တွင် ရှိစဉ်က ထိုမြစ်ကို ကြည့်ရှုနိုင်သော်လည်း မြစ်ပေါ်တည့်တည့်ရောက်ကာမှ အဘယ်ကြောင့် ကြည့်၍မရသနည်း။
ဤခံစားချက်သည် အာရန်တစ်ယောက် ထိုမြစ်ကို ကျော်ဖြတ်ကာ မြောက်ပိုင်းတိုက်ကြီးသို့ ရောက်ရှိမှသာ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအခါမှသာ အာရန်သည် နောက်သို့လှည့်ကာ အစောပိုင်းမြစ်နေရာကို ပြန်လှည့်ကြည့်မိလိုက်သည်။
ထိုထူးဆန်းသည့်မြစ်ကြီးသည် ယခင်ကအတိုင်း စိတ်လှုပ်ရှားဖွယ် ကောင်းနေသေးသော်လည်း မည်သည့်အန္တရာယ်အငွေ့အသက်ကိုမျှ မူ ထပ်မံ မခံစားရတော့ပေ။
"အဲဒီမြစ်ထဲမှာ ဘာတွေရှိနေတာလဲ" ဟု အာရန်သည် အတော်လေး စိတ်ဝင်စားမိလိုက်သဖြင့် ထရီနီယယ်အား လွှတ်ကနဲ မေးလိုက်မိ၏။
သူသည် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ပိုင်းတိုက်ကြီးများကြားရှိ မြစ်ကြီးများကို ဖြတ်ကျော်ခဲ့ဖူးသော်လည်း ဤကဲ့သို့ ခံစားရခြင်းမှာ ယခုသည် ပထမဆုံးအကြိမ် ဖြစ်လေသည်။
"ဒီအရာတွေက မသိတာ ပိုကောင်းပါတယ်" ဟု ထရီနီယယ်က အာရန်အား ပြန်ပြောလိုက်ရာ သူကိုယ်တိုင်လည်း ထိုအရာအတွက် တိကျရေရာသော အဖြေ မရှိနေကြောင်း ရှင်းရှင်းလင်းလင်း သိသာစေခဲ့သည်။
"ဒီကမ္ဘာပေါ်မှာ မသိတာ ပိုကောင်းတဲ့အရာတွေ အများကြီးရှိကြတယ်"
"ထူးဆန်းလိုက်တာ..."
အာရန်တစ်ယောက်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။
ယီလန်အား ဆက်လက် မေးမြန်းခဲ့သည့်တိုင် အဖြေတစ်ခုကိုမရရှိခဲ့ချေ။
သူမကဲ့သို့ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ဘူးသည့် ပထမဝိညာဥ်ဘုရင်မပင် ထိုအရာကို သိရှိမနေခဲ့ပဲ လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာ ကာလများကတည်းက ထိုအရာသည် ထိုအတိုင်းပင်တည်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် ပြောပြခဲ့သည်။
မြစ်အောက်ခြေတွင် မည်သည့်အရာများ ရှိသည်ကို မည်သူမျှ အမှန်တကယ် မသိနိုင်ခဲ့ကြပဲ ထိုအရာကို သိရှိရန် ကြိုးစားခဲ့ကြသူများမှာလည်း ဘယ်တော့မှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြပေ။
အရှင်သခင်များပင်လျှင် ဤအကြောင်းကို မသိရှိနိုင်ခဲ့ကြဘဲ အဖြေရှာရန်လည်း မကြိုးစားဝံ့ခဲ့ကြပေ။
ဤအခြေအနေသည် စာရေးဆရာဆိုသူတစ်ဦးတည်းကသာ သိရှိနိုင်သော အရာတစ်ခုဖြစ်နေမလားဟု အာရန်တစ်ယောက်ထပ်မံ တွေးမိလိုက်သည်။
အာရန်သည် သူ၏ အသက်ကို မြတ်နိုးသူတစ်ဦးဖြစ်သဖြင့် ထိုမြစ်အကြောင်းကို ဆက်လက်တွေးတောခြင်းမှ ရပ်နားထားလိုက်သည်။
သူ့ထက် များစွာခွန်အားကြီးမားသူများပင် အဖြေမရှာနိုင်ခဲ့ကြသော အရာတစ်ခုကို သူသည် ထပ်မံစူးစမ်းရန် မကြိုးစားလိုတော့ပေ။
ထို့နောက်အာရန်သည် ကာဒီနယ်ရဟန်းအမတ်နောက်သို့သာ တစ်စိုက်မက်မက် လိုက်ပါသွားခဲ့ပြီး ဝေးလံသော မိုးကုပ်စက်ဝိုင်းအတွင်းသို့ ဝင်ရောက်၍ ပျောက်ကွယ်သွားခဲ့လေသည်။
.....
"ဒါကတော့ မိစ္ဆာဂိုဏ်းရဲ့ စစ်သင်္ဘောပဲ"
ကာဒီနယ်ရဟန်းအမတ်သည် မြောက်ပိုင်းတိုက်ကြီး၏ နယ်နိမိတ်နှင့် မနီးမဝေးတစ်နေရာတွင် မြေပြင်ပေါ်သို့ ပျက်ကျနေပုံရသည့် စစ်သင်္ဘောတစ်စင်းရှေ့တွင် ရပ်တန့်လိုက်သည်။
စစ်သင်္ဘောသည် အကောင်းပကတိအတိုင်း ရှိနေသေးသော်လည်း ဆက်လက်၍ အသုံးပြုနိုင်မည့်ပုံ မပေါ်တော့ပေ။
၎င်းဆီမှ စွမ်းအင်အရင်းအမြစ်များအပြင် လက်နက်များသည်လည်း တစ်စုံတစ်ဦးမှ သင်္ဘောပေါ်မှ ခိုးယူသွားခြင်းခံရသကဲ့သို့ ပြောင်သလင်းခါလျက်ရှိလေသည်။
သင်္ဘော၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းအချို့ကိုလည်း တွေ့မြင်နိုင်၏။
ဤသင်္ဘောသည် မိစ္ဆာဂိုဏ်းမှ အကြီးအကဲသုံးဦး အနောက်ပိုင်းတိုက်ကြီးသို့ လာရောက်ခဲ့သည့် သင်္ဘောပင်ဖြစ်သည်။
အာရန်သည် ထိုသင်္ဘောကို ထပ်မံစူးစမ်းကြည့်လိုက်ရာ မြောက်ပိုင်းတိုက်ကြီး၏ စစ်တပ်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုများကြောင့် သင်္ဘောပျက်ကျခဲ့ဟန်ရကြောင်း ခံစားမိနိုင်သည်။
ဤနေရာတွင် ဖန်တီးယူ၍မရသော ထင်ရှားသည့် လက္ခဏာများစွာ ရှိနေလေသည်။
သူသာ ထိုဇာတ်လမ်းကို ကောင်းစွာ သိရှိထားခဲ့ခြင်းမရှိပါက မိစ္ဆာဂိုဏ်းမှ သံတမန်များကို မြောက်ပိုင်းတိုက်ကြီး၏ စစ်တပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမှန်တကယ်ပင် ယူဆမိခဲ့ပေလိမ့်မည်။
ကာဒီနယ်ရဟန်းအမတ်၏ နောက်ကျောကို တစ်ချက်ကြည့်လိုက်ကာ စီစဉ်ထားမှု၏ ပိရိသေသပ်မှုကြောင့် စိတ်ထဲမှနေ၍
တစ်ချက်ချီးကျူးမိလိုက်သည်။
ဘုရားကျောင်းသည် သံတမန်များကို ပြန်ပေးဆွဲပြီးနောက်တွင်ပင် ပေါ့ပေါ့ဆဆ မပြုမူခဲ့ကြပေ။
သူတို့သည် စစ်သင်္ဘောကို ထိန်းချုပ်ကာ မြောက်ပိုင်းတိုက်ကြီးသို့ ယူဆောင်လာခဲ့ပြီး မြောက်ပိုင်းစစ်တပ်များကို စစ်သင်္ဘောအား တိုက်ခိုက်စေကာ ပျက်ကျစေရန် ဖိအားပေးခဲ့ခြင်းဖြစ်တန်ရာ၏။
ဤသို့ဖြင့် ဤနေရာရှိထောက်လှမ်းရေးပုံစံကွက်များကို တမင်တကာပင် အသက်ဝင်နေစေရန် ပြုမူခဲ့ခြင်းဖြစ်မလားဟုပင် တွေးမိလိုက်သည်။
၎င်းသည် ထိုစစ်သင်္ဘောကို ရှာဖွေရန် ပိုမိုလွယ်ကူစေရန်လည်း ဖြစ်နိုင်လေသည်။
ပက်ဂါဆပ်သည် စစ်သင်္ဘော၏ ကုန်းပတ်ပေါ်သို့ ဆင်းသက်လိုက်ပြီး အာရန်သည်လည်း ထိုနေရာတွင်ပင် အောက်သို့ဆင်းလိုက်သည်။
အာရန်သည် စနစ်တကျ စုံစမ်းစစ်ဆေးနေသကဲ့သို့ သင်္ဘောအတွင်းသို့ ဝင်ရောက် ရှာဖွေနေဟန်ပြုမူလိုက်၏။
လမ်းတစ်လျှောက်တွင် အလောင်းများစွာ ပြန့်ကျဲနေသည်အားလည်း တွေ့ရှိခဲ့ရသည်။ အများစုမှာ သင်္ဘောသားများနှင့် သင်္ဘောကပ်ပတိန်း၏ အလောင်းများဖြစ်ကြသည်။
"သင်တို့ရဲ့ သံတမန်လို့ထင်ရတဲ့သူတွေကိုကော တွေ့ခဲ့ရဲ့လား" ဟု ကာဒီနယ်ရဟန်းအမတ်က အဖြေကို သိရှိထားပြီးဖြစ်သော်လည်း သနားဂရုဏာသက်နေသော သောလေသံဖြင့် အာရန်အား မေးလိုက်သည်။
အာရန်လည်း ကာဒီနယ်ရဟန်းအမတ်နှင့်အတူ လိုက်လျောညီထွေဖြစ်စေရန် မသိချင်ယောင်သာ ဆောင်နေလိုက်ရသည်။
"ဒီမှာ တစ်လောင်းမှ မတွေ့ရဘူး။ မြောက်ပိုင်းတိုက်ကလူတွေ တခြားနေရာတစ်ခုခုကို ခေါ်သွားပုံရတယ်"
"ဒီအခြေအနေမှာတော့ မြောက်ပိုင်းတိုက်ကြီးရဲ့ လက်ချက်ဆိုတာ အနည်းဆုံးတော့ သေချာနေပြီ။ ဆက်ပြီးစုံစမ်းနေစရာမလိုတော့ဘူး။ ကျုပ်တို့ မိစ္ဆာဂိုဏ်းကို ပြန်သွားပြီး ဂိုဏ်းချုပ်ကို အသိပေးဖို့ပဲကျန်တော့မယ်။ သူမက ဒီကိစ္စကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး" ဟု အာရန်က မိစ္ဆာဂိုဏ်းသားများ၏ အလောင်းများကို ကြည့်ရင်း ပြောလိုက်သည်။
ထို့နောက် အာရန်သည် သူ၏ ပက်ဂါဆပ်ဆီသို့ ပြန်လှည့်သွားစဉ် ဒေါသထွက်နေပုံ ပေါ်လေသည်။
အာရန်၏ စကားများကို ကြားလိုက်သောအခါ ကာဒီနယ်ရဟန်းအမတ်သည် လွန်စွာ အံ့အားသင့်သွားခဲ့သည်။
သူသည် အာရန်အား ထိုကဲ့သို့ လွယ်ကူစွာ ပြန်ခွင့်မပြုနိုင်ပေ။
အာရန်အား မသတ်မီတွင် သူ့တွင် လုပ်စရာများ ကျန်နေသေးသည်။
"ဘယ်လိုလုပ် ပြန်လို့ရမှာလဲ။ သံတမန်တွေ သင်္ဘောပေါ်မှာ မရှိတော့ဘူးဆိုရင် သူတို့ အသက်ရှင်နေဖို့ အခွင့်အရေးများနေတယ် မဟုတ်ဘူးလား။ မြောက်ဘက်တိုက်က လူတွေခေါ်ဆောင်သွားတာသာသေခြာရင် သူတို့ကို ကယ်ဖို့ မကြိုးစားသင့်ဘူးလား။ သင်သာ ပြန်သွားရင် သူတို့ကို ကယ်ဖို့ အရမ်းနောက်ကျသွားနိုင်တယ်" ဟု ကာဒီနယ်ရဟန်းအမတ်သည် အမှန်တကယ် စိတ်ပျက်အားငယ်နေသော အသံဖြင့် အကြံပြုလိုက်သည်။
ကာဒီနယ်ရဟန်းအမတ် ထိုသို့ တုံ့ပြန်မည်ကို အာရန်တစ်ယောက်ကြိုတင် မျှော်လင့်ပြီးသားဖြစ်သည်။
ဤအရာဖြင့် သူ၏ ယူဆချက်ကို အတည်ပြုနိုင်ခဲ့သည်။
ကာဒီနယ်ရဟန်းအမတ်သည် အာရန်အား မြောက်ပိုင်းသားများ၏ လက်ထဲတွင် သေစေလိုခဲ့ခြင်း ဖြစ်လေသည်။
#Catfoot