← Chapters

သင်ယူစိတ်ပြင်းထန်သည့် အရိုးရိုင်း

Vol. 29 Ch. 421

သင်ယူစိတ်ပြင်းထန်သည့် အရိုးရိုင်း

Vol. 29 Ch. 421

အရိုင်းနယ်မြေ၏ အဓိကမြို့တော်သည် ဟန်ရွှေမြို့တော်ဖြစ်သည်။ အရေးပါဆုံးနှင့်အတိုးတက်ဆုံးမြို့တော်ဖြစ်သည်။ အလောင်းထိန်းဂိုဏ်းသည် ဟန်ရွှေမြို့အပြင်ဘက် ယင်ဓာတ်အပြင်းထန်ဆုံးဖြစ်သည့် ယင်အလောင်းတောင်တန်းတွင် တည်ရှိသည်။ အလောင်းမွေးမြူဖို့ အကောင်းဆုံးနေရာလည်းဖြစ်သည်။

အလောင်းထိန်းသမားများအားလုံး ယင်တောင်တန်းကို တော်ဝင်မြေအဖြစ် အလေးအမြတ်ထားကြသည်။

အလောင်းထိန်းဂိုဏ်းနယ်မြေသို့ ဝင်လိုက်သည်နှင့် နေသာသည့်ရာသီဥတုဖြစ်သည့်တိုင် လုယန်နှင့်မုန်ကျင်းကျိုးတို့ နွေးထွေးမှုကို လုံးဝမခံစားရဘဲ အရိုးခိုက်မတတ်အေးစိမ့်မှုကိုသာ ကြုံတွေ့ရသည်။

ကျောက်ပိုကတော့ ပတ်ဝန်းကျင်ကို ကျေနပ်သည့်အမူအရာမျိုး ရှိနေသည်။

ထာဝရနတ်မယ် အံ့ဩခြင်းမရှိ။

"အလောင်းထိန်းသမားတွေတင်မဟုတ်ဘူး။ ယင်ဓာတ်ပညာရပ်တွေ ကျင့်ကြံတဲ့လူမှန်သမျှ ဒီနေရာရောက်ရင် သက်တောင့်သက်သာခံစားရမှာပဲ။ မိုးရွာရင်တောင် မိုးကြိုးဘယ်တော့မှပစ်မှာမဟုတ်ဘူး။ အတော်စိတ်ချရတယ်"

ယင်ဓာတ်ကျင့်စဉ်ပညာဆိုသည်မှာ သရဲများ၊ ဝိာဉ်များ၊ အလောင်းများ စသည်တို့နှင့် ဆက်စပ်နေသည့် ကျင့်စဉ်နည်းလမ်းများကို ဆိုလိုသည်။ ကိုးငရဲဂိုဏ်းဝင်များ လေ့ကျင့်ကြသည့် ကျင့်စဉ်နည်းများကိုလည်း ယင်ဓာတ်ပညာရပ်များဟု သတ်မှတ်နိုင်သည်။

လျှပ်စီးမိုးကြိုးသည် အစွန်းရောက်ယန်ဓာတ်ကို ကိုယ်စားပြုသည်။ ထို့ကြောင့် ယန်ဓာတ်နှင့် ဆန့်ကျင့်ဘက်ဖြစ်သည့် ယင်ဓာတ်ကျင့်ကြံသူများ အကြောက်ဆုံးဖြစ်သည်။

နေနှင့်သက်ဆိုင်သည့် ဝေါဟာရနှစ်ဆယ့်လေးခုတွင် "ကျန်းကျဲ့"ဟူသည့် စကားလုံးပါသည်။ ယင်သတ္တဝါများအပေါ် သက်ရောက်နိုင်သည့် ကြောက်စရာမိုးကြိုးစွမ်းအားကို ဖော်ပြခြင်းဖြစ်သည်။

"အကိုကျောက် ပြန်လာပြီလား"

ဂိတ်စောင့်တပည့်နှစ်ယောက်က ကျောက်ပိုကိုမြင်သည်နှင့် ချက်ချင်းအရိုအသေပေးကြသည်။

ထိုနှစ်ယောက်ဘေးတွင်စောင့်ကြပ်နေသည့် သူတို့ကိုယ်ပိုင် ဖုတ်ကောင်တစ်ကောင်စီ ရှိသည်။

လူငယ်မျိုးဆက်၏ ဒုတိယအတော်ဆုံးတပည့်ဖြစ်၍ ကျောက်ပိုကို ဂိုဏ်းတပည့်အ‌တော်များများ လေးစားကြသည်။

ပထမတပည့်ဟွမ်မင်နှင့်မတူ။ ကျောက်ပိုသည် တစ်ခြားလူများကို အကူအညီများစွာ ပေးတတ်သဖြင့် အလောင်းထိန်းဂိုဏ်းတွင် အလွန်လူသိများသည်။

"ဒီနှစ်ယောက်က ဘယ်သူတွေလဲ အကိုကျောက်"

"တာအိုလမ်းစဉ်ဂိုဏ်းက မိတ်ဆွေတွေပါ။ လုယန်နဲ့ မုန်ကျင်းကျိုးတဲ့။ ငါတို့အလောင်းထိန်းဂိုဏ်းကို လာလည်ကြတာ"

ဂိတ်စောင့်နှစ်ယောက် အံ့အားသင့်သွားသည်။

"တာအိုလမ်းစဉ်ဂိုဏ်းကလူ ထပ်ရောက်လာပြန်ပြီလား"

"ထပ်ရောက်လာပြန်ပြီဆိုတာက..ဘာကို‌ပြောချင်တာလဲ"

"အကိုကျောက်မသိသေးဘူး။ အကိုမရှိတဲ့အချိန် အရိုင်းမျိုးနွယ်က တာအိုလမ်းစဉ်ဂိုဏ်းတပည့်တစ်ယောက် ကျုပ်တို့ဂိုဏ်းကို ရောက်လာပြီး အလောင်းထိန်းပညာတွေ သင်နေတယ်"

"သူ့နာမည်က အရိုးရိုင်းလား"

လုယန် မေးလိုက်မိသည်။

"ဟုတ်တယ်၊ အဲဒီ့နာမည်ပဲ"

"ဘာလို့အရိုးရိုင်းက အလောင်းထိန်းပညာတွေ သင်နေတာလဲ။ သူက စာပေကျင့်ကြံသူမဟုတ်လား"

မုန်ကျင်းကျိုး နားမလည်နိုင်အောင် ဖြစ်နေသည်။

"ငါလည်းမပြောတတ်တော့ဘူး"

ဂိတ်စောင့်များ သတင်းသွာားပို့ပြီးနောက် ဂိုဏ်းထိန်းတစ်ယောက် ထွက်လာပြီး ကိုယ်တိုင်ကြိုဆိုသည်။

"ကျုပ်တို့အရိုအသေလာပေးတာ ဂိုဏ်းချုပ်ကို အကြောင်းကြားပေးလို့ရမလား"

လုယန် တောင်းဆိုလိုက်သည်။

ဂိုဏ်းထိန်း အခက်တွေ့သွားဟန်ရှိသည်။

"ဂိုဏ်းချုပ်ကြီးက ကျင့်စဉ်ဝင်တာ အရေးကြီးတဲ့အချိန်ကို ရောက်နေပြီ။ ဟွမ်မင်ကိုတပည့်လက်ခံပြီးကတည်းက တံခါးပိတ်ကျင့်ကြံခဲ့တာ။ ဘယ်သူ့ကိုမှ အတွေ့လက်မခံဘူး"

"ရပါတယ်၊ ခင်ဗျားတို့ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်နဲ့ပဲ ကျုပ်တို့တွေ့ပါ့မယ်"

လုယန် သိပ်မစိုးရိမ်။

မည်သို့ဆိုစေ သူတို့သည် မုန်ကျင်းကျိုးကျိန်စာအတွက် ဖြေရှင်းနည်းလာရှာခြင်းဖြစ်သည်။ ဘယ်သူ့ဆီ အကြံတောင်းရတောင်းရ ကိစ္စမရှိ။

"ကျုပ်ဆရာနဲ့တွေ့ဖို့ ခေါ်သွားပေးပါ့မယ်။ သူက မဟာအကြီးအကဲပါ"

ကျောက်ပိုက ပြုံး၍ပြောသည်။

ဂိုဏ်းပြိုင်ပွဲ ပြီးသွားပြီးနောက် ဟွမ်မင်ကို ဂိုဏ်းချုပ်က တပည့်အဖြစ်လက်ခံခဲ့သည်။ ကျောက်ပိုက မဟာအကြီးအကဲ၏ တပည့်ဖြစ်လာသည်။ ရာထူးအဆင့်အတန်းအရ ကျောက်ပိုသည် ဤဂိုဏ်းထိန်းထက် ပိုမြင့်သည်။

"ဒါဆို တူတော်ကျောက်ပိုကိုပဲ ဒုက္ခခံခိုင်းရတော့မယ်"

"ရပါတယ် ဦးလေး"

လူသုံးယောက် အလောင်းတစ်လောင်းနှင့် မြင်းတစ်ကောင် အလောင်းထိန်းဂိုဏ်းထဲဝင်သွားသည်။ မြင်းအိုကို ကြိုးဖြင့်ချည်ထားခဲ့ပြီးနောက် အလောင်းထိန်းဂိုဏ်းမဟာအကြီးအကဲနှင့်တွေ့ဆုံရန် ဆက်သွားကြသည်။

"ဒါဘာနံ့လဲ၊ အတော်မွှေးတာပဲ"

တစ်ခါမှမကြုံဖူးသည့် ရနံ့တစ်ခု ကျောက်ပိုရှူရှိုက်မိသည်။

"အနံက တကယ်မွှေးတယ်။ ဒီအနံ့ကို သိနေသလိုပဲ"

မုန်ကျင်းကျိုးလည်း လေထဲသို့ အနံ့ခံကြည့်သည်။ အသားကင်နံ့ဖြစ်ကြောင်း သိလိုက်သည်။

"အရိုးရိုင်းဆိုတာ သေချာပါတယ်"

လုယန် ပြုံး၍ပြောသည်။

ထာဝရဂိုဏ်းအကြီးအကဲများ၊ ကိုးငရဲဂိုဏ်းဝင်များနှင့် သူတို့သုံးယောက်သာ ထိုအနံ့မျိုး ထုတ်လုပ်နိုင်သည်။

တစ်နည်းပြောရသော် နတ်ဆိုးဂိုဏ်းများမှလွဲလျှင် သူတို့သုံးယောက်သာ ထိုမျှမွှေးပျံ့သည့်ရနံ့ကို ဖန်တီးနိုင်သည်။

"သူ့ကို သွားတွေ့ရအောင်"

မုန်ကျင်းကျိုး သူ့ကျိန်စာကို ခဏမေ့သွားပြီး အနံ့လာရာသို့ လျှောက်သွားသည်။

အနံ့လာရာသို့လိုက်သွားလျှင် အရိုးရိုင်းကိုတွေ့ရမည်။ သို့သော် ယခုအဖြစ်က အနံ့နောက်သို့လိုက်ဖို့ပင်မလို။ လူများဝိုင်းအုံနေသည့်နေရာသို့ သွားရုံသာဖြစ်သည်။

အလောင်းထိန်းဂိုဏ်းတပည့်များ တစ်စုံတစ်ခုကို စိတ်ဝင်တစားဝိုင်းအုံကြည့်နေသည်။ မွှေးပျံ့သည့်ရနံ့က လူအုပ်အလယ်မှ ထွက်လာသည်။

"လမ်းဖမ်ပေးပါ၊ လမ်းဖမ်ပေးပါ"

သူတို့သုံးယောက် လူအုပ်ကိုတိုးဝှေ့၍ ဝင်သွားသည်။ အရိုးရိုင်းကို တွေ့လိုက်ရသည်။

အရိုးရိုင်း မြေပေါ်တွင် တင်ပျဉ်ခွေထိုင်၍ တစ်စုံတစ်ခု တီးတိုးရေရွတ်နေည်။

သိုးကင်အလောင်းနှစ်ခု မီးပုံပေါ်တွင် လူးလွန့်ကခုန်နေသည်။ တစ်ကောင်နှင့်တစ်ကောင် အမွှေးအကြိုင်များ သုတ်လိမ်းပေးနေသည်။ အသားကင်နံ့က ဟင်းခတ်အမွှေအကြိုင်များနှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်သွားသည်။ မီးတောက်မှအပူကြောင့် သွားရည်ယိုစရာ အသားကင်နံ့ထွက်ပေါ်လာသည်။

သိုးကင်အရောင်ကလည်း ဝင်းဝါနေပြီး စားချင့်စဖွယ်ဖြစ်သည်။

"ခွဲမယ်"

အရိုးရိုင်း အော်ဟစ်လိုက်သည်။ သိုးကောင်လုံးကင်နှစ်ခု အစိတ်အပိုင်းငယ်များအဖြစ် အလိုလိုကွဲထွက်သွားသည်။ ဂိုဏ်းသားတစ်ယောက်ကို အသားတစ်တုံးကျစီ ရလာသည်။

ထိုအချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၍ အလောင်းထိန်းဂိုဏ်းတပည့်များ ချက်ချင်းကိုက်စားကြသည်။ အရိုးရိုင်းကို ချီးကျူးသံများ ဆူညံစွာ ထွက်ပေါ်လာသည်။

"ဒီလောက်ကောင်းတဲ့ သိုးသားကင်မျိုး တစ်ခါမှမစားဖူးဘူး။ အရေပြားက ကြွပ်ရွပြီးမွှေးနေတာ။ အသားကလည်း ကိုက်လိုက်တိုင်း ချိုဆိမ့်သွားတာပဲ"

"ဒါတင်မကသေးဘူး။ အရင်ကငါစားဖူးတဲ့ သိုးသားကင်တွေက အကျက်မညီတာတွေ တစ်ပိုင်းကျွမ်းနေတာတွေ မကျက်တကျက်ဖြစ်နေတာတွေ အမြဲကြုံရတယ်။

မိတ်ဆွေအရိုးရိုင်းကင်ထားတဲ့ ဒီအသားကိုကြည့်လိုက်။ ကိုက်လိုက်တိုင်း အရသာအပြည့်အဝရတယ်။ အရိုးတောင်ဝါးလို့ကောင်းတယ်ကွာ"

"အား...ဒါက တာအိုလမ်းစည်ဂိုဏ်းဝင်ဖြစ်ရတဲ့ အားသာချက်ပဲ။ အလောင်းထိန်းပညာကို အသားကင်ဖို့သုံးလို့ရတယ်ဆိုတာ ငါတို့ဘာလို့မတွေးမိလဲမသိဘူး။ အခု ထွက်လာတဲ့ရလာဒ်က ဘယ်လောက်အံ့ဩစရာကောင်းလဲကြည့်စမ်း"

"အဲဒါကြောင့် သူ့လိုလူတွေက တာအိုလမ်းစဉ်ဂိုဏ်းကို ဝင်နိုင်ပြီး ငါတို့မဝင်နိုင်တာပေါ့ကွ။ သူတို့တွေးခေါ်ပုံက ငါတို့နဲ့ ကွာခြားတယ်လေ"

"တွေးခေါ်ပုံတင်မဟုတ်ဘူး။ မိတ်ဆွေအရိုးရိုင်းကိုယ်တိုင်ကလည်း အံ့ဩစရာပါရမီမျိုးရှိတယ်။ ငါတို့ကိုယ်ငါတို့ ပြန်ကြည့်လေ။ အလောင်းထိန်းပညာလေ့လာဖို့ နှစ်တွေအကြာကြီး အချိန်ယူရတယ်။ အရိုးရိုင်းက ပညာရပ်အခြေခံတွေကို လဝက်အတွင်း ကျွမ်းကျင်သွားတယ်"

"သင်ယူလေ့လာတဲ့နေရာမှာ သူ့စိတ်နှစ်မြှုပ်နှံမှုက ငါတို့ထက်အများကြီးသာတယ်ကွ"

အရိုးရိုင်းက ဝင့်ကြွားမှုမရှိသည့်လေသံဖြင့် ပြန်ပြောသည်။

"ခင်ဗျားတို့ ကျုပ်ကိုမြှောက်ပင့်လွန်းနေပါပြီ။ ကျုပ်စွမ်းရည်တွေက ကျုပ်အကိုနှစ်ယောက်နဲ့ယှဉ်ရင် ဘာမှမပြောပလောက်ဘူး။ အသေးအဖွဲ့ ပါရမီလေးပါ။ အထူးသဖြင့် အကိုလုယန်ပေါ့။

သူသာအလောင်းထိန်းပညာကိုသင်ပြီး ရသာသုံးမျိုးမီးတောက်နဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင် သိုးသားကင်အရသာက ဒီထက်အများကြီး ထူးခြားသွားမှာ"

ထိုထက်ပိုကောင်းမည့် အသားကင်အရသာမျိုးကို လူအုပ်ကြီး စိတ်ကူးမယဉ်နိုင်ကြ။

လုယန် - "..."

မုန်ကျင်းကျိုး - "..."

အရိုးရိုင်း အလောင်းထိန်းပညာလာသင်သည်မှာ မဆန်းတော့။ နတ်ဆိုးချုပ်တောင်ကြားအပြင်ဘက် တောနက်တွင် သူတို့သုံးယောက်ပြောခဲ့သည့်ကိစ္စကို သူမေ့သေးဟန်မတူ။

ထိုစဉ်က လုယန်၊ မုန်ကျင်းကျိုး၊ ထောင်ယော်ယဲ့နှင့် အရိုးရိုင်းတို့ တော်နက်ထဲတွင် လေ့ကျင့်နေချိန်ဖြစ်သည်။ နတ်ဆိုးသားရဲများစွာကို အမဲလိုက်ကြသည်။ ထို့နောက် နတ်ဆိုးသားရဲများ အကောင်လိုက်ကင်လျှင် အကျက်မညီသည့်အချက်ကို အရိုးရိုင်း သတိထားမိသည်။

ထို့ကြောင့် အသားကင်ပိုကောင်းစေရန် အလောင်းထိန်းပညာကိုသုံးလျှင်ရနိုင်သည်ဟု သူအကြံပြုခဲ့သည်။

ရှေးဟောင်းအရိုင်းမျိုးနွယ်ကို ကြီးမားစွာထောက်ပံ့ပေးခဲ့သည့် ထာဝရနတ်မယ်ကပင် သူ့စိတ်ကူးကို ချီးကျူးခဲ့သည်။

"အရိုးရိုင်းက အတော်တိုးတက်နေတာပဲ။ သိုးနှစ်ကောင်ကို မီးပေါ်ကင်ရုံမဟုတ်ဘူး။ သူ့ဘာသာ အသားတုံးတွေ ကွဲထွက်သွားအောင်လည်း လုပ်နိုင်တယ်"

အလောင်းဖောက်ခွဲနည်းသည် တိုက်ခိုက်ရေးပညာတစ်ခုဖြစ်ကြောင်း၊ သင်ယူဖို့ သိပ်မခက်ကြောင်း ကျောက်ပိုက ပြောပြသည်။

"အရိုးရိုင်း၊ မတွေ့တာကြာပြီနော်"

အရိုးရိုင်းကို သူတို့နှုတ်ဆက်လိုက်သည်။ နှစ်ယောက်လုံး မျက်နှာတွင် အပြုံးများဝေဆာနေသည်။

ရင်းနှီးနေသည့်အသံကိုကြားသဖြင့် အရိုးရိုင်းချက်ချင်းမော့ကြည့်သည်။ လုယန်တို့နှစ်ယောက်ကို မြင်လိုက်ရသဖြင့် သူ့မျက်လုံးများ အရောင်လက်လာသည်။

"အကိုလု၊ အကိုမုန်။ ဒီကိုဘာလာလုပ်ကြတာလဲ"

"လောင်မုန်က မကောင်းမှုလုပ်တာတွေ အရမ်းများလို့ ပြန်ပေးဆပ်နေရတာကွ"

လုယန် သွားဖြဲ၍ပြောလိုက်သည်။

"မကောင်းမှု..."

အရိုးရိုင်း အူကြောင်ကြောင်ဖြစ်သွားသည်။ သူမှတ်မိသလောက်တော့ လုယန်နှင့်မုန်ကျင်းကျိုးသည် သူ့စံပြပုဂ္ဂိုလ်များဖြစ်သည်။ နှစ်ယောက်လုံး ထူးချွန်ကြသည်။ မကောင်းသည့်ကိစ္စမျိုး လုပ်မည်ဟု သူမထင်မိ။

"လောင်မုန် ကျိန်စာသင့်ခဲ့လို့ပါ။ အခုသူက မိန်းမတွေနဲ့ပတ်သက်ရင် ကံမကောင်းဘူး"

အရိုးရိုင်း ချက်ချင်းနားလည်သွားသည်။ အကိုမုန်သည် ကျင့်ကြံမှုလုပ်ရင်း ပြတ်သားသည့်သူ့ဆုံးဖြတ်ချက်ကို သက်သေပြရဖို့ တစ်ကိုယ်တော်ဝိညာဉ်မြစ်စွမ်းရည်ကို တိုးမြှင့်နိုင်ရန် ကျိန်စာတစ်ခုကို တမင်အသက်သွင်းခဲ့ခြင်းဖြစ်မည်။

သူအလောင်းထိန်းပညာများ လေ့လာနေချိန်တွင် အကိုလုနှင့်အကိုမုန်တို့နှစ်ယောက်လုံးက ကျင့်စဉ်တိုးတက်ရန် ဇွဲကောင်းကောင်းဖြင့် အချိန်ရသရွှေ့ ကျင့်ကြံနေခဲ့ကြခြင်းဖြစ်လိမ့်မည်။

သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားလိုက်ရသည်။

All Chapters