အရိုးရိုင်း၊ ကောင်းကင်ရုံးတော်ဂိုဏ်းဝင်သစ်
Vol. 29 Ch. 422
"ဒါဆို အကိုမုန်က မိန်းမတွေအလိုလိုမုန်းတီးတဲ့ ကံကြမ္မာတန်ပြန်ကျိန်စာသင့်နေလို့ အရိုင်းနယ်မြေမှာ နည်းလမ်းလာရှာတာပေါ့"
လုယန်တို့ရှင်းပြသဖြင့် အရိုးရိုင်းနားလည်သွားသည်။
အကိုမုန်သည် တကယ်အံ့ဩစရာကောင်းသည်။ ကြုံတွေ့ရသည့် ကျိန်စာများပင် အဆင့်မြင့်လှသည်။ သာမန်ရွှေသန္ဓေအဆင့်တစ်ယောက်က ထိုကျိန်စာမျိုး ဘယ်လိုကြုံတွေ့နိုင်မည်နည်း။
အသားကင်စားပြီးနောက် အလောင်းထိန်းဂိုဏ်းတပည့်များနှင့် နည်းနည်းဝေးသည့်တစ်နေရာသို့ သွားကြသည်။
"ဒါနဲ့ မင်းကရော ဘယ်လိုလုပ်ပြီး အလောင်းထိန်းဂိုဏ်းကို ရောက်နေတာလဲ။ ကိုယ်ဘာသာ လာတာလား"
"ကျုပ်တို့အရိုင်းမျိုးနွယ်ရဲ့ အရွယ်ရောက်အထိန်းအမှတ်ပွဲပြီးတော့ အလောင်းထိန်းဂိုဏ်းမှာ ပညာသွားသင်ချင်တယ်လို့ မျိုးနွယ်ခေါင်းဆောင်ကိုပြောလိုက်တယ်။ အဓိက,ကတာ့ ကျုပ်ရဲ့အသားကင်စွမ်းရည် တိုးတက်ဖို့ပေါ့။
ဒါနဲ့ မျိုးနွယ်ခေါင်းဆောင်က ကျုပ်ကိုခေါ်ပြီး အလောင်းထိန်းဂိုဏ်းချုပ်လူပါချန်းဆီ အလည်လာကြတာ။ ဒါပေမယ့် ဂိုဏ်းချုပ်က ကျင့်စဉ်ဝင်နေတော့ ကျုပ်ကိုဒီမှာထားခဲ့ပြီး ခေါင်းဆောင်က ပြန်သွားတယ်"
အလောင်းထိန်းဂိုဏ်းချုပ် လူပါချန်းသည် စုစည်းခြင်းအဆင့်ဖြစ်သည်။
"အစက အလောင်းထိန်းကဟွမ်မင်နဲ့ လက်ရည်ယှဉ်ကြည့်ဖို့ တွေးထားတာ။ ဒါပေမယ့် သူက မစ်ရှင်ရှိလို့ ခရီးထွက်သွားတယ်ထင်တယ်။ ပြန်မရောက်သေးဘူး"
"အရိုင်းမျိုးနွယ်ရဲ့ အရွယ်ရောက်အထိန်းအမှတ်ပွဲက အတော်အန္တရာယ်များတယ်လို့ ပြောကြတယ်။ ရွှေသန္ဓေအဆင့်သားရဲနဲ့ တိုက်ခိုက်ရတယ်တဲ့။ အဲဒါဟုတ်လား"
လက်ရှိတွင် အကြီးဆုံးဂိုဏ်းတူအကိုဖြစ်သည့် လုယန်က ညီငယ်အရိုးရိုင်းအတွက် စိုးရိမ်ကြောင်းပြသည်။
အရိုးရိုင်းက ခေါင်းကိုကုတ်၍ ရှက်ပြုံးပြုံးသည်။
"အဲလောက်လည်း မဟုတ်ပါဘူး။ ကျုပ်တို့သုံးယောက် အခြေတည်အစောပိုင်းအဆင့်နဲ့တောင် နတ်ဆိုးဂိုဏ်းထဲ ထိုးဖောက်ဝင်ခဲ့တယ်။
အခြေတည်နောက်ဆုံးအဆင့်နဲ့ နတ်ဆိုးချုပ်တောင်ကြားအပြင်ဘက်တောနက်ထဲက ရွှေသန္ဓေအဆင့်သားရဲတွေကိုတောင် အမဲလိုက်ခဲ့သေးတာပဲလေ"
မှန်သည်။ ထိုအဖြစ်အပျက်နှစ်ခုနှင့်ယှဉ်လျှင် ရွှေသန္ဓေအဆင့်ရောက်နေသည့် အရိုရိုင်းအတွက် ရွှေသန္ဓေသားရဲတစ်ကောင်ကို ရင်ဆိုင်တိုက်ခိုက်သည်က တာအိုလမ်းစဉ်ဂိုဏ်းကို ပြန်ရသလိုပင် ဘေးကင်းလုံခြုံသည်။
ထိုစဉ် ကျောက်ပို သူတို့ဆီလျှောက်လာသည်။
"ကျုပ်ဆရာက ပုံမှန်ဆို ကျင့်ကြံရင်းနဲ့ပဲအချိန်ကုန်တာ။ ဒါပေမယ့်အခု သူအချိန်အားနေတယ်"
"ဒါဆိုလည်း သွားစို့လေ"
မုန်ကျင်းကျိူး ပြုံးလိုက်သည်။ ကံကြမ္မာက သူ့ဘက်တွင်ရှိနေသည်ဟု ခံစားရသည်။ သို့သော် ကိစ္စတစ်ခု ချက်ချင်းတွေးမိသဖြင့် သတိထား၍ မေးလိုက်သည်။
"မင်းဆရာက ယောက်ျားလား မိန်းမလား"
"ယောက်ျားပါ"
"ကောင်းတာပေါ့"
အရိုးရိုင်းလည်း အလောင်းထိန်းပညာကို ဆက်သင်စရာမလိုတော့။ ကျွမ်းကျင်အဆင့်ထိ တတ်မြောက်ဖို့ သူမျှော်လင်မထားခဲ့။ အသားကင်နိုင်လျှင် သူကျေနပ်သည်။ ထို့ကြောင် မုန်ကျင်းကျိုးနှင့်အတူ မဟာအကြီးအကဲကိုတွေ့ဆုံရန် လိုက်လာသည်။
"အကိုတို့ကိုတွေ့မှ စိတ်ဝင်စားစရာကောင်းတာတစ်ခု ကျုပ်ပြန်သတိရလာတယ်။ ဟန်ရွှေ့မြို့မှာ 'နောက်တစ်ခေါက်အသားကင်'ဆိုင်သစ်တစ်ခု ဖွင့်ထားတယ်။ နာမည်က ကျုပ်တို့ဆိုင်နဲ့တူနေသလိုပဲ။
ဒါပေမယ့် ဆိုင်ခွဲတစ်ခုပါ။ ပြီးတော့ ရှေးဟောင်းလျှို့ဝှက်အသားကင်နည်းကိုသုံးတာလို့လည်း ကြေညာထားတယ်။ ကျုပ်သွားစားကြည့်ဖို့ တွေးနေတာ။ ဒါပေမယ့် အချိန်မရခဲ့ဘူး"
အရိုးရိုင်းက စိတ်ပျက်ဟန်ဖြင့် ခေါင်းခါသည်။
လုယန် - "..."
မုန်ကျင်းကျိုး - "..."
"အဲဒီ့ဆိုင်က ငါတို့နဲ့ ပတ်သက်မှုရှိပါတယ်"
လုယန်က သိစိတ်အသံလှိုင်းမှ ရှင်းပြသည်။ ကျောက်ပိုကြားသွားလျှင် သူတို့သုံးယောက်ကို နတ်ဆိုးဂိုဏ်းနှင့်ပတ်သက်နေသည်ဟု အထင်မှားသွားနိုင်သည်။
"မင်းက အိမ်ပြန်နေလို့ ငါတို့မပြောဖြစ်တာ။ အဲဒီ့အချိန်အတွင်းမှာ ငါနဲ့လောင်မုန် ကိုးငရဲဂိုဏ်းနဲ့ ဆက်သွယ်မိတယ်လေ...."
အရိုးရိုင်း သူရှင်းပြသည်ကို နားထောင်ပြီးနောက် မျက်လုံးပြူးသပြီး အတော်ကြာအောင် ပါးစပ်အဟောင်းသားဖြစ်နေသည်။
သူအိမ်ပြန်သွားသည်က သိပ်မကြာသေး။ ထိုအချိန်အတွင်းမှာပင် အကိုလုနှင့်အကိုမုန်က ကောင်းကင်ရုံးတော်ဂိုဏ်းကို တည်ထောင်ခဲ့သည်။ ထိုမျှသာမက အမယွမ်၊ အကြီးအကဲများနှင့် ထောင်ယော်ယဲ့တို့ကို သိမ်းသွင်းနိုင်ခဲ့သည်။ ကိုးငရဲဂိုဏ်းနှင့်ပူးပေါင်း၍ အသားကင်ဆိုင်ခွဲများ စဖွင့်နိုင်ခဲ့သည်။
သူအိမ်ပြန်သွားသည်မှာ နှစ်လမပြည့်သေး။
ထင်ထားသည့်အတိုင်းပင် အကိုလုနှင့်အကိုမုန်သည် တကယ့်ပါရမီရှင်အစစ်များဖြစ်သည်။
"စိတ်မပူပါနဲ့။ မင်းက အသားကင်နည်းပေးထားတဲ့လူပဲ။ အသားကင်ဆိုင်ရဲ့ အမြတ်ငွေ ဆယ်ရာနှုန်းရမှာပါ"
မည်သို့ဆိုစေ သူတို့အသုံးပြုနေသည့် အသားကင်နည်းသည် အရိုင်းမျိုးနွယ်၏ ရှေးဟောင်းလျှို့ဝှက်နည်းဖြစ်သည်။
အရိုးရိုင်း အမြတ်ငွေကို စိတ်မဝင်စားပါ။ သူသည် ရှေးဟောင်းအရိုးမျိုးနွယ်၏ နောက်ဆုံးရှင်သန်နေသည့် တစ်ဦးတည်းသော မျိုးဆက်ဖြစ်သည်။ သူ့ကို အရိုင်းမျိုးနွယ်က အဖိုးတန်ရတနာလို့ သဘောထားကြသည်။
မျိုးနွယ်တစ်ခုလုံးက ဝိညာဉ်ကျောက်များ မိုးရွာသလို ထောက်ပံ့ထားသည်။ ဘယ်တုန်းကမှ ငွေမရှားခဲ့။ သူ့အတွက် ငွေလည်းသိပ်မလို။
"ကောင်းကင်ရုံးတော်ဂိုဏ်းက လူသစ်စုတုန်းပဲလား"
အရိုးရိုင်း စိတ်အားထက်သန်စွာမေးသည်။ သူ့စံပြဂိုဏ်းတူအကိုများ၏ခြေရာကို အမီလိုက်ချင်နေသည်။
"ဒါပေ့ါ။ ငါတို့စုနေတုန်းပါ။ ငါတို့ ကောင်းကင်ရုံးတော်ဂိုဏ်းမှာ မင်းလို ပါရမီရှိတဲ့လူတွေ လိုတယ်"
လုယန် ရယ်လိုက်သည်။ အရိုးရိုင်းစပြောလာသဖြင့် သူဝမ်းသာသည်။ မပြောလျှင်လည်း သူအရင်စခေါ်ဖို့ တွေးထားပြီးဖြစ်သည်။
လူယန်နှင့်သက်တူရွယ်တူငါးယောက် ကောင်းကင်ရုံးတော်ဂိုဏ်းသို့ ပူးပေါင်းခဲ့ပြီးဖြစ်သည်။
သူတို့လူစု အလောင်းထိန်းဂိုဏ်းအတွင်းပိုင်းသို့ ဝင်လာကြသည်။ လေထုက တဖြေးဖြေးပို၍အေးစက်လာသည်။
ခမ်းနားထည်ဝါပြီး ခြောက်ကပ်တိတ်ဆိတ်နေသည့် ခန်းမတစ်ခုထဲတွင် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူ့မျက်လုံးများက အေးစက်ပြီး ခံစားချက်ကင်းမဲ့သည်။
"ဆရာ၊ ဒီဧည့်သည်နှစ်ယောက်က ကျုပ်ပြောခဲ့တဲ့ တာအိုလမ်းစဉ်ဂိုဏ်းဝင် လုယန်နဲ့ မုန်ကျင်းကျိုးပါ။ အရိုးရိုင်းကိုတော့ ဆရာတွေ့ဖူးပြီးသားပါ"
ကျောက်ပို မိတ်ဆက်ပေးသည်။
"အကြီးအကဲကို ဂါရဝပြုပါတယ်"
လုယန်နှင့် မုန်ကျင်းကျိုးတို့ ဦးညွှတ်အရိုအသေပြုကြသည်။
"ရပါတယ်ကွာ။ ငါတို့ကြားမှာ လောကဝတ်တွေမလိုပါဘူး။ တာအိုရှင်ဝစီပိတ်ရဲ့တပည့်နဲ့ မုန်မျိုးရိုး၊ မင်းတို့နောက်ခံအသိုင်းအဝိုင်းနှစ်ခုလုံးနဲ့ ငါအဆက်အသွယ်ရှိပါတယ်"
အဘိုးအိုက ခပ်ညှင်းညှင်းရယ်သည်။ သက်တမ်းရင့်နေသည့် သူ့မျက်လုံးတွင် နွေးထွေးမှုအရိပ်များ ပြန်ပေါ်လာသည်။
"ငါ့မျိုးရိုးနာမည်က 'ကောင်း'ပါ။ ငါ့ကို အကြီးအကဲကောင်းလို့ ခေါ်နိုင်ပါတယ်"
"ဒါက စတုတ္ထအကြီးအကဲပေးလိုက်တဲ့စာပါ"
လုယန်က ရှဲ့ရန်ရန်ပေးလိုက်သည့်စာကို ထုတ်ပေးသည်။
"ရှဲ့ရှန်ရန်ဆီကစာမလာတာ နှစ်ပေါင်းမနည်းတော့ဘူး။ သူ့လက်ရေးက အမြဲတမ်းလှပသပ်ရပ်ပြီး တန်ဖိုးမြင့်နေတုန်းပဲ။ ဒီစာတစ်စောင်တည်း လေလံပစ်ရောင်းရင်တောင် ဈေးကောင်းရနိုင်တယ်။...ဟာ..မင်းတို့ ဒီစာကိုဖွင့်ကြည့်ခဲ့လားကွ"
အကြီးအကဲကောင်း မျက်နှာပျက်သွားသည်။ အလိုမကျသည့်အရိပ်မျိုးပေါ်လာသည်။ အကြီးအကဲများ၏စာကို လူငယ်မျိုးဆက်များ ဖွင့်ဖတ်ခြင်းသည် မရိုမသေလုပ်ခြင်းဟု သူယူဆသည်။
"ကျုပ်တို့မဟုတ်ပါဘူး။ တောင်ကြားသခင်ရွှမ် ဖွင့်ဖတ်ခဲ့တာပါ"
လုယန် စိတ်ပျက်လက်ပျက်ရှင်းပြလိုက်ရသည်။
"အဲဒီ့နတ်ဆိုးမလား"
အကြီးအကဲကောင်း ထိုနာမည်ကြားသည်နှင့် တုန်လှုပ်သွားသည်။ ဝိညာဉ်အာရုံဖြင့် စာကိုအကြိမ်ကြိမ် စစ်ဆေးသည်။ ရွှမ်ဖေးယန် ကျိန်စာတစ်ခုခုထည့်လိုက်မည်ကို စိုးရိမ်နေသည်။
ထိုအဖြစ်မျိုး အရင်က ရှိခဲ့ဖူးသည်။
"တော်သေးတာပေါ့။ ဒီစာက အန္တရာယ်မရှိဘူး...ကဲ၊ ဘာတွေဖြစ်ခဲ့တာလဲ ရှင်းပြပါဦး"
"စတုတ္ထအကြီးအကဲက ကျိန်စာပယ်ဖျက်နိုင်မယ့်နည်းလမ်းရှာဖို့ အရိုင်းနယ်မြေကို လွှတ်လိုက်တာပါ။ ဒီဂိုဏ်းကို အရင်သွားပြီး အကြံတောင်းဖို့ သူပြောပါတယ်။ ကျုပ်တို့က ဒီနယ်မြေကို ပထမဆုံးလာဖူးတာဆိုတော့ ဒီနယ်မြေအကြောင်း သိပ်မသိဘူး။
ခံစားချက်ခုနစ်မျိုးတောင်ကြားက ကျိန်စာညာကျွမ်းကျင်တယ်လို့ ကျုပ်တို့သတင်းကြားရတယ်။ ဒါကြောင့် အဲဒီကိုအရင်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ..."
အကြီးအကဲကောင်း မျက်ခုံးတစ်ချက်လှုပ်သွားသည်။ တကယ်သတ္တိကောင်းကြသည့် လူငယ်များဖြစ်သည်။ ထိုဆုံးဖြတ်ချက် ဘယ်လောက်အန္တရာယ်များမှန်း သူတို့မသိကြ။ ဝစီပိတ်၏တပည့်က ရှဲ့ရှန်ရန်၏စာကိုကိုင်ပြီး ရွှမ်ဖေးယန်ကို သွားတွေ့ရဲသည်။
အသတ်ခံရမည်ကို မကြောက်ကြ၍ထင်သည်။
အထူးသဖြင့် စာအဆုံးတွင် ရှဲ့ရှန်ရန်က ရွှမ်ဖေးယန်ကို 'နတ်ဆိုးမ'ဟု ညွှန်းထားသည်။ လျှို့ဝှက်နာမည်ပြောင်ဖြစ်သည်။ ဘယ်သူမှ ထိုနာမည်ကို သူ့ရှေ့တွင် မခေါ်ရဲ။
ယခု ထိုကောင်လေး သူ့ရှေ့တွင် အကောင်းပကတိ ရပ်နေနိုင်သည်မှ ကံထူးခြင်း၏သက်သေဖြစ်သည်။
"ဒီကျိန်စာကို ဂိုဏ်းချုပ်လူပါချန်း ဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမယ့် မင်းတို့ ခဏတော့စောင့်ရလိမ့်မယ်။ သူအခု ကျင့်စဉ်ဝင်နေတယ်။ ကူးဖြတ်ခြင်းအဆင့်ကိုတက်ဖို့ ကြိုးစားနေတာ။ သူအဆင့်တက်လို့ အောင်မြင်သွားတာနဲ့ ဒီကျိန်စာက သိပ်ပြဿနာမရှိနိုင်တော့ပါဘူး"
"ကူးဖြတ်ခြင်းအဆင့်..."
အားလုံး သံပြိုင်ရေရွတ်မိကြသည်။
ဂိုဏ်းချုပ်လွီသည် ဝစီပိတ်အပါအဝင် တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲများနှင့် သက်တူရွယ်တူဖြစ်သည်။ အမှန်တော့ အဓိကဂိုဏ်းကြီးများ၏ အကြီးအကဲများ ဂိုဏ်းချုပ်များသည် သက်တူရွယ်တူနီးပါးပင်ဖြစ်သည်။
အားလုံးက ကူးဖြတ်ခြင်းအဆင့်ကိုတက်အရင်တက်နိုင်ဖို့ ကျိတ်၍ယှဉ်ပြိုင်နေကြသည်။ ယခုလို ဂိုဏ်းချုပ်လွိ ပထမဆုံးအဆင့်တက်နိုင်မည်ဟု ဘယ်သူမှ မျှော်လင့်ထားမည်မဟတု်။
လုယန် ဣန္ဒေပြန်ဆည်၍ ရှေ့သို့တိုးသွားသည်။
"ဒီသတင်းကို ကျုပ်တို့အကြီးအကဲတွေဆီ ကျုပ်အကြောင်းကြားလိုက်ရမလား။ ဂိုဏ်းချုပ်လုအဆင့်တက်တာကို အတူဂုဏ်ပြုသင့်ပါတယ်"
တာအိုလမ်းစဉ်ဂိုဏ်းနှင့်အလောင်းထိန်းဂိုဏ်း ရင်းနှီးကြသည်။ ရင်းနှီးမှုအရဖြစ်စေ လောကဝတ်အရဖြစ်စေ ဂိုဏ်းချုပ်လူ ကူးဖြတ်ခြင်းအဆင့်သို့ တက်ခြင်းသည် ဝမ်းမြောက်စရာကိစ္စဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းက တစ်ယောက်ယောက်စေလွှတ်၍ ဂုဏ်ပြုသင့်သည်။
သို့သော် သူနှင့်မုန်ကျင်းကျိုးသည် တာအိုလမ်းစဉ်ဂိုဏ်းကို ကိုယ်စားပြုနိုင်လောက်အောင် အဆင့်အတန်းမမြင့်ကြ။
အကြီးအကဲကောင်း လက်ခါပြသည်။
"မလိုပါဘူး။ သူကျင့်စဉ်မဝင်ခင်က သူအဆင့်တက်တဲ့ကိစ္စ ဘယ်သူ့ကိုမှ အသိမပေးဖို့ ပြောသွားတယ်။ အားလုံးကို အံ့ဩသွားအောင်လုပ်ချင်လို့တဲ့။ ငါက မင်းတို့ကိုပဲပြောပြတာ။ တစ်ခြားဘယ်သူ့ကိုမှ ပြန်မပြောနဲ့"
******************************