← Chapters

ငွေလိုသည့်သရဲ

Vol. 29 Ch. 426

ငွေလိုသည့်သရဲ

Vol. 29 Ch. 426

"မင်းက ဘယ်ဂိုဏ်းက သရဲလဲ။ ကိုးငရဲဂိုဏ်းကလား"

‌ကျောက်ပိုက လေသံတင်းတင်းဖြင့် ရေနစ်သရဲကို မေးလိုက်သည်။

ရေနစ်သရဲ ခေါင်းကိုအတင်းခါသည်။

"ကျုပ်ဒီကို အထင်မှတ်ဘဲ လမ်းမှားရောက်လာတာပါ။ ကျုပ်အမှန်တိုင်းပြောတာပါ။ အစက ကျုပ်ဟာ အရှေ့ပင်လယ်က တံငါသည်တစ်ယောက်ပါ။ ရေနစ်သေပြီးတော့ နာကျည်းဒေါသအစွဲကြောင့် နာကျည်းဝိညာဉ်အဖြစ်ပြောင်းသွားတယ်။

ကံကောင်းချင်တော့ ကျုပ်အလောင်းက ယင်လေပြင်းကျောက်တစ်ခုနဲ့ကြုံတယ်။ ဒါကြောင့် ရေနစ်သရဲဖြစ်လာတာပါ။

အရှေ့ပင်လယ်က အဆုံးမရှိလောက်အောင် ကျယ်ပြန့်တယ်။ နေရာတိုင်းမှာ သက်ရှိမျိုးစုံ ငါးမျိုးစုံရှိတယ်။ ရေမျိုးနွယ်တွေရဲ့ ယန်စွမ်းအင်ကို ကျုပ်တိတ်တဆိတ်စုပ်ယူပြီးတော့ ကျုပ်ကျင့်စဉ်စွမ်းအားကို တဖြေးဖြေးမြှင့်ခဲ့တယ်။

နေရောင်မခံနိုင်တဲ့ ရေနစ်သရဲဘဝကနေ ချီကျင့်ကြံမှုအဆင့်ကို ‌ရောက်လာတယ်။ ကျုပ်ကိုယ်ကျုပ် ကာကွယ်နိုင်တဲ့စွမ်းအားမျိုးရလာတယ်။

ကျုပ်အသက်မသေနိုင်တာ သေချာသွားတော့ စိတ်အေးလက်အေးနဲ့ အရှေ့ပင်လယ်မှာ လှည့်ပတ်သွားလာခဲ့တယ်။ တစ်ခါတစ်ခါ ရေထဲကနေခုန်ပျံပြီး လူတွေကို ခြောက်လှန့်တယ်။ အဲလိုနဲ့ တဖြေးဖြေး ကျူပ်ပိုပြီး စိတ်ရဲလာတယ်။

လူသားဘဝတုန်းက မသွားရဲခဲ့တဲ့ အရှေ့ပင်လယ်ရေနက်ပိုင်းကို သွားလေ့လာဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဘေးကင်းဇုံကနေ ထွက်လိုက်တာနဲ့ ပေါင်တစ်ရာကျော်အလေးချိန်စီးတဲ့ ငါးဘုရင်တစ်ယောက်နဲ့တည့်တည့်တိုးတယ်။

သူက ပါးစပ်ကိုဟပြီး ကျုပ်ကိုမျိုချဖို့ပြင်တယ်။

အသက်အန္တရာယ်ရှိမှန်းသိလို့ ဘေးကင်းဇုံကို ကျုပ်ချက်ချင်းပြန်ဆုတ်တယ်။ နောက်ထပ် မသွားရဲတော့ဘူး။ ဘေးကင်းဇုံမှာပဲ ကျုပ်ဖြေးဖြေးချင်းကျင့်ကြံခဲ့တယ်။ ငါးတွေဆီက ယန်စွမ်းအင်ကို စုပ်ယူတယ်။ တစ်ခါတစ်လေ တံငါသည်တွေ ပူဇော်ပသထားတာတွေကိုတောင် ခိုးစားတယ်။

ကျုပ်တို့တံငါသည်တွေမှာ အရှေ့ပင်လယ်ကို ပူဇော်ပသတဲ့ ရိုးရာဓလေမျိုးရှိတယ်။ ဒါပေမယ့် ကျုပ်ရေနစ်သေခဲ့တာပဲလေ။ ပင်လယ်ကိုပူဇော်လို့ အန္တရာယ်မကင်းနိုင်ဘူးဆိုတာ ရှင်နေတာပဲ။ ဒါကြောင့် တံငါသည်တွေလှူထားတာတွေ့ရင် ချက်ချင်းစားပစ်တယ်"

(**အစားအသောက်မှထွက်လာသည့် ယန်စွမ်းအင်ကို စုပ်ယူခြင်းဖြစ်ပါလိမ့်မည်)

"နောက်တော့ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပြီးလုပ်ဖြစ်တယ်။ ကျင့်စဉ်အဆင့် ဘယ်လောက်တိုးတက်တယ်ဆိုတာ ကျုပ်မသိဘူး။ တစ်ခြားလူတွေကိုလည်း ဂရုမစိုက်တော့ဘူး။ တစ်နေ့ကျတော့ ကျုပ်ကိုဖမ်းပြီးသန့်စင်ဖို့ကြိုးစားတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့တွေ့တယ်။ ကျုပ်သူ့ကို အလွယ်တကူမောင်းထုတ်နိုင်ခဲ့ပါတယ်။ သူ့မှော်လက်စွပ်ကိုလည်း ရလိုက်တယ်။

အဲဒီ့ထဲမှာ ကျင့်စဉ်နည်းလမ်းတစ်ချို့တွေ့တယ်။ ကျင်စဉ်တွေလေ့လာကြည့်တော့ ကျုပ်က အခြေတည်နောက်ဆုံးအဆင့်ရောက်နေပြီဆိုတာ သိလိုက်တယ်။ အဲဒီအချိန်မှာ ကျုပ်သေခဲ့တာ နှစ်နှစ်ရာကြာပါပြီ။

ကျင့်စဉ်လမ်းကြောင်းကို နားလည်သွားတော့ ကျုပ်ဆက်လေ့ကျင့်တယ်။ နောက်ထပ်နှစ်ရှစ်ရာကြာတော့ နတ်ဝိညာဉ်အလတ်တန်းဆင့်ကို ရောက်လာတယ်။ အဲဒီ့အချိန်ကာလအတွင်း ဘေးကင်းဇုံကနေ လုံးဝမထွက်ခဲ့ပါဘူး။

ဝိညာဉ်ပြောင်းအဆင့်ကိုရောက်မှ အပြင်ကိုစွန့်စားကြည့်ဖို့ တွေးထားတာပါ။ ဒါပေမယ့် မထင်မှတ်ဘဲ လူတစ်ယောက်က ကျုပ်ကို အလစ်တိုက်ခိုက်တယ်။ လက်ဝါးတစ်ချက်တည်းနဲ့ ကျုပ်သတိလစ်သွားတာ။ ကျုပ်ပြန်သတိရလာတော့ ဒီရေကန်ကိုရောက်နေတယ်လေ"

လုယန်ကြားဖြတ်မေးသည်။

"ဒါဆို မင်းကို ဒီနေရာထိ ဘယ်သူခေါ်လာတယ်ဆိုတာ မသိဘူးပေါ့"

"မသိပါဘူး"

"အဲဒီ့လူမှာ ထူးခြားစရိုက်လက္ခဏာတစ်ခုခုရှိလား"

"ကျုပ်ထက်စွမ်းအားကြီးတယ်"

"...အင်း..ဆက်ပြောပါဦး"

"ရက်နည်းနည်းကြာတော့ ကျုပ်က အရှေ့ပင်လယ်နှင့် မိုင်ထောင်ချီဝေးတဲ့ အလယ်ပိုင်းတိုက်နယ်အနောက်စွန် မဟာရှားနိုင်ငံ အရိုင်းနယ်မြေက ဟန်ရွှေ့မြို့တော်နားကိုရောက်နေမှန်း သိလာတယ်။

ကျုပ်လက်ရှိအခြေအနေက ယာဉ်ပျံတို့ဘာတို့ တက်စီးဖို့မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် မတတ်သာလို့ ဒီနေရာမှာ ဆက်နေရတာပါ။

ဒီပတ်ဝန်းကျင်ကို လှည့်ပတ်လေ့လာနေရင်း ပိုင်ရွှေ့ရွာက လင်မယားနဲ့တိုးတယ်။ ယောက်ျားနာမည်က လျိုစန်း၊ မိန်းမနာမည်က ဟွမ်ကျောက်အာတဲ့။ ဒီမှာ သတိလစ်နေတဲ့မိန်းမပါ"

ရေနစ်သရဲက သူ့ဘေးမှမိန်းမကို လက်ညှိုးထိုးပြသည်။

"စတွေ့တွေ့ချင်းမှာ သူတို့ကျုပ်ကို အတော်ကြောက်သွားတယ်။ ဒါပေမယ့် ကျုပ်အန္တရာယ်မပေးမှန်းသိတော့ သူတို့ပိုပြီး ရဲတင်းလာတယ်။ ဟွမ်ကျောက်အာကို ရေနစ်သေသလို ဟန်ဆောင်ပေးဖို့ ကျုပ်ကိုအကူအညီတောင်းကြတယ်။

အသက်အာမခံကြေး လိမ်ပြီးထုတ်ချင်လို့တဲ့။ အပြန်အလှန်အနေနဲ့ အာမခံကြေးတစ်ချို့ ကျုပ်ကိုပေးမယ်လို့ ကတိပေးတယ်။

အဲဒီတုန်းက ကျုပ်မှာ ငွေတစ်ပြားမှမရှိဘူး။ ငွေအရမ်းလိုနေတဲ့အချိန်ပါ။ ဒါကြောင့် ကျုပ်သဘောတူလိုက်တယ်။

ကျုပ်အစွမ်းနဲ့ ဟွမ်ကျောက်အာကို ရေနစ်သေတဲ့ပုံစံမျိုး ဖန်တီးဖို့က လွယ်ပါတယ်။ အလောင်းစစ်ဆေးတဲ့လူတောင် ဟန်တောင်ထားမှန်းမသိဘူး။ သူတို့ အာမခံကြေးရပြီးတော့ ဟွမ်ကျောက်အာကိုကျုပ်ဆီမှာ ဝှက်ခိုင်းထားပြီး နာရေးပွဲအတုတစ်ခူ လုပ်ကြပါတယ်။

အခြေအနေတည်ငြိမ်သွားတာနဲ့ ဒီလင်မယားက ဒီရွာကနေ တစ်ခြားမြို့ကိုပြောင်းပြီး ဘဝသစ်စဖို့ စီစဉ်ထားကြတာပါ။

ဒါပေမယ့် သရဲကပ်ဆိုက်ချိန်နဲ့ ကြုံရမယ်လို့ ကျုပ်ထင်မထားခဲ့ဘူး။ ရုံးတော်က အလောင်းထိန်းဂိုဏ်းနဲ့ပေါင်းပြီး ကျုပ်ကိုပစ်မှတ်ထားလာတယ်။

ကျုပ်က အန္တရာယ်မပေးချင်ပါဘူး။ ဒါကြောင့် လူမြင်တာနဲ့ ထွက်ပြေးတယ်။ ထွက်ပြေးလို့မရရင် ခြောက်လှန့်လိုက်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတောင် ရွှေသန္ဓေကျင့်ကြံသူတစ်ယောက်ကို ခြောက်လှန့်လိုက်သေးတယ်။ ပြီးတော့အခု မင်းတို့ရွှေသန္ဓေလေးယောက် ပေါ်လာတာပဲ"

ရေနစ်သရဲ သူ့အဖြစ်သူ အတော်နာကျင်ခံစားနေရဟန်ရှိသည်။ အာမခံကြေးနည်းနည်းအတွက် သူအသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။

လုယန်တို့လေးယောက် သရဲပြောသည့်ဇာတ်လမ်းကို မယုံချင်ကြသေး။ ထို့ကြောင့် လုယန်ဆက်မေးသည်။

"ဟွမ်ကျောက်အာက ဘယ်လိုသတိမေ့သွားတာလဲ"

"ကျုပ်သူ့ကို သတိမေ့အောင်လုပ်ထားတာပါ။ ဒါမှ ဝိညာဉ်ချီများများသုံးစရာမလိုပဲ ရေအောက်မှာ အသက်ရှင်အောင်ထားလို့ရမှာ။ သူ့ကိုသတိမေ့အောင်လုပ်ပြီး စွမ်းအင်အကာအကွယ်တစ်ခုထဲ ထည့်ထားတာ။ အဲလိုမှ သက်တောင့်သက်သာဖြစ်မှာလေ"

"သူ့ကိုနှိုးလိုက်ပါ"

"ကောင်းပါပြီ"

ရေနစ်သရဲ မလွန်ဆန်ဘဲ မှော်အစွမ်းတစ်ခုသုံးလိုက်သည်။ သူ့လက်ချောင်းထိပ်မှ အလင်းတစ်ခုထိုးထွက်လာသည်။ ထို့နောက် ဟွမ်ကျောက်အာ သတိရလာသည်။

အိပ်ချင်မူးတူးဖြစ်နေသည်။ ဘာတွေဖြစ်ခဲ့မှန်းသူမသိသေး။ လူလေးယောက်နှင့် ဖုတ်ကောင်တစ်ကောင် သူ့ကိုဝိုင်းကြည့်နေသဖြင့် အတော်ထိတ်လန့်တုန်လှုပ်သွားသည်။

ကြောက်ရွံ့နေသဖြင့် မေးသမျှကို သူအမှန်အတိုင်းဖြေသည်။ သူပြောသည့်အကြောင်းများက ရေနစ်သရဲပြောသည့်ဇာတ်လမ်းနှင့် ထပ်တူနီးပါးကျသည်။ ထိုလင်မရားက ထိုသရဲ၏အကူအညီဖြင့် ကုန်သည်အသင်းထံမှ အာမခံလျော်ကြေးတောင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

"တစ်ခုတော့ နားမလည်သေးဘူး။ သရဲတစ်ကောင်က ငွေဘာလို့လိုတာလဲ"

မုန်ကျင်းကျိုး မျက်လုံးကိုမှေးစင်း၍ မေးလိုက်သည်။ ရေနစ်သရဲပြောသည့်စကားတွင် ထိုတစ်ချက်က သဘာဝမကျ။

ယင်စွမ်းအင်အားကောင်းသည့် သရဲများသည် ပင်ကိုယ်ဓာတ်ခံကပင် သေမျိုးများ၏စိတ်ကို ခြောက်ခြာအောင်လုပ်နိုင်သည်။ သရဲတစ်ကောင် မြို့ထဲဝင်မည်ဆိုလျှင်ပင် သူ့ကိုယ်သူရုပ်ဖျက်ဖို့ အတော်ခက်ခက်ခဲခဲကြိုးစားရမည်။

လမ်းပေါ်တွင် ဈေးဝယ်ဖို့လည်း သိပ်ဖြစ်နိုင်စရာအကြောင်းမရှိ။ ကုန်သည်အသင်းသို့သွားဖို့ဆိုသည်မှာ ပြောစာပင်မလို။ ထိုကုန်သည်အသင်းတွင် အလုပ်လုပ်နေသည့် ကျင့်ကြံသူများက သူဟန်ဆောင်ထားမှန်း ချက်ချင်းရိပ်မိကြပေလိမ့်မည်။

ထို့ပြင် သေမျိုးများထံမှရမည့် အာမခံကြေးက ဘယ်လောက်များနိုင်မည်နည်း။ ဝိညာဉ်ကျောက်တစ်ချို့လောက်ပင် တန်ဖိုးရှိမည်မဟုတ်။

အရှေ့ပင်လယ်ကို လွှမ်းမိုးခဲ့ဖူးသည့် နတ်ဝိညာဉ်အလတ်တန်းဆင့် သိက္ခာရှိသရဲတစ်ကောင်အနေဖြင့် ထိုငွေနည်းနည်းလောက်ကို စိတ်ဝင်စားစရာ အကြောင်းမရှိ။

ဥပမာ စွဲမက်ဖွယ်အလှပိုင်ရှင်များဖြစ်သည့် ရှောင်ဝူ၊ ရှောင်လျို၊ ရှောင်ချီတို့ သရဲမသုံးယောက်ကိုကြည့်ပါ။ ညဘက်တွင် အိမ်တိုင်ယာရောက်ဝန်ဆောင်မှုပေး၍ အလုပ်ကြိုးစားကြသော်လည်း ငွေတစ်ပြားမှမတောင်း။

"မင်းကများငါတို့ကို လှည့်စားရဲတယ်ပေါ့"

မုန်ကျင်းကျိုးခန္ဓာကိုယ်မှ ပြင်းထန်သည့်မီးတောက်စစ်များပေါ်လာပြီး ရေနစ်သရဲကို ဒေါသတကြီးကြည့်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး။ သရဲတွေလည်း တစ်ချို့ကိစ္စတွေအတွက် တကယ်ငွေလိုပါတယ်"

ရေနစ်သရဲ စိတ်ပျက်သွားဟန်ဖြင့် အတင်းအော်ဟစ်ပြီး ရှင်းပြသည်။

"စဉ်းစားကြည့်ပါ၊ ကျုပ်က ပင်လယ်ထဲမှာ ရေနစ်သေပြီး ရေငန်သရဲဖြစ်ခဲ့တာပါ။ အခုကျုပ်က ဒီကန်ထဲရောက်လာတယ်။ ယင်စွမ်းအင်လုံလောက်ပေမယ့် ဘာပဲပြောပြော ဒါက ရေချိုကန်တစ်ခုပဲ။ ဒီထဲကရေနဲ့ ကျုပ်အသားမကျဘူး။

ဒါကြောင့် လျိုစန်းနဲ့ဟွမ်ကျောက်အာကို အာမခံလျော်ကြေးငွေနဲ့ ဆားဝယ်ပြီး ကန်ထဲကိုလောင်းထည့်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒါမှ ရေချိုကနေ ရေငန်ပြောင်းသွားမှာလေ"

လုယန် - "..."

မုန်ကျင်းကျိုး - "..."

အရိုးရိုင်း - "..."

ကျောက်ပို - "..."

ရေသရဲများပင် အမျိုးအစားနှစ်ခုကွဲသည်ကို ပထမဆုံးအကြိမ် ကြားဖူးကြခြင်းဖြစ်သည်။

လုယန် သိစိတ်အသံလှိုင်းမှ ကျောက်ပိုကိုလှမ်းပြောသည်။

"မင်းတို့အရိုင်းနယ်မြေမှာ သရဲတွေအများကြီးရှိတယ်။ သရဲတွေကို ရေချိုရေငန်ခွဲတာမျိုး ကြားဖူးလား"

"အရိုင်းနယ်မြေနဲ့ အရှေ့ပင်လယ်က တိုက်နယ်တစ်ခုလုံး စည်းခြားထားတာ။ အရှေ့ပင်လယ်ကသရဲကိုတောင် ကျုပ်အခုမှမြင်ဖူးတာပါ"

ကျောက်ပို အမှန်အတိုင်းဝန်ခံလိုက်သည်။ သူ့အသိဗဟုသုတ အားနည်းသေးသလို ခံစားရသည်။

အရိုးရိုင်းက ယခုလိုထူးဆန်းအဖြစ်မျိုး မကြာခဏကြုံဖူးခဲ့သဖြင့် သူ့ကိုယ်သူဂုဏ်ယူနေသည်။ အကိုလုနှင့်အကိုမုန်တို့နောက်သို့လိုက်လျှင် ရောက်လေရာတွင် အသစ်အဆန်းများ အမြဲကြုံရသည်။

နတ်မယ်က ကုတင်ပေါ်တွင် လူးလှိမ့်ရင်း ခြေထောက်ကို တဖျတ်ဖျတ်လှုပ်၍ သူတို့အဖြစ်ကို သဘောကျနေသည်။ လုယန် စဉ်းစားဉာဏ်နည်းသည့်အဖြစ်ကို လှောင်ရယ်နေသည်။

"နင်သိလား။ နင်က အရမ်းအမြင်ကျဉ်းတာပဲ။ ပထမအဆင့် ရွှေသန္ဓေနှစ်ခုအကြောင်း ငါပြောခဲ့တာ မေ့နေပြီလား။ တစ်ခုက မြစ်သုံးမြစ်ကန်ငါးကန်သန္ဓေ၊ နောက်တစ်ခုက အဆုံးမဲ့ပင်လယ်သန္ဓေလေ။

ဒီနှစ်ခုကြားမှာ အကြီးဆုံးကွာခြားချက်က သန္ဓေတစ်ခုက ရေချိုသုံးပြီး နောက်တစ်ခုက ရေငန်သုံးတာပဲ"

**************************************

All Chapters