ဟွမ်မင်ဘယ်သူလဲ
Vol. 29 Ch. 429
ဟွမ်မင်သည် ကျင့်စဉ်ဖျက်ဆီး၍ ပြန်ကျင့်ကြံခဲ့သည့် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူဖြစ်သည်။ ကျင့်ကြံသူလောကကို နှစ်ပေါင်းနှစ်ထောင်ကျော် လွှမ်းမိုးခဲ့သည်။ သို့သော် ရွှေသန္ဓေအဆင့်နှင့် ကိုယ်ပွားပညာသုံးနိုင်သူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
သာမန်ကိုယ်ပွားပညာမဟုတ်။ အဆင့်မြင့်ကိုယ်ပွားပညာဖြစ်သည်။
အဖြစ်အပျက်ကို သူကောင်းကောင်းနားမလည်နိုင်သေး။ ချင်ဖုန်းဓားနှင့် ငရဲလဓားက လေထုကိုထိုးခွဲ၍ အရှေ့ပင်လယ်နဂါးနှစ်ကောင်ကဲ့သို့ အော်ဟစ်ကြုံးဝါးပြီး သွေးမုန်တိုင်းကို သယ်ဆောင်လာသည်။
ဖုတ်ကောင်သည် ဓားဖြင့်ပိုင်းဖြတ်ပြီးလျှင် ပြန်ကောင်းလာမည်မကောင်းလာမည် လုယန်သေချာမသိ။ ထို့ကြောင့် မရေရာသည့်အလုပ်ကို မစွန့်စားတော့ဘဲ ဟွမ်မင်ကိုသာ တိုက်ရိုက်တိုက်ခိုက်သည်။
ဖုတ်ကောင်ကို ဟွမ်မင် အဆက်မပြတ် ပြန်ကုစားပေးနိုင်မည်ဟု သူမယုံကြည်။
ဖုတ်ကောင်ကို တိုက်ခိုက်ရန် ဟွမ်မင်အမိန့်ပေးလိုက်သည်။ သို့သော် ငရဲလဓားကိုင်ထားသည့် လုယန်ကိုယ်ပွားက ဖုတ်ကောင်ကိုထိန်းထားသဖြင့် လုယန်က ဟွမ်မင်ကို တိုက်ရိုက်တိုက်ခိုက်ခွင့်ရသည်။
နှစ်ယောက်သား အပြင်းအထန်တိုက်ခိုက်ကြသည်။ သို့သော် သိပ်မကြာမီ ဟွမ်မင် ကိုယ့်အားနည်းချက်ကိုယ် နားလည်လာသည်။
လုယန်၏ စိတ်စွမ်းအားက သူ့ထက်သာလွန်နေသည်။ ကိုယ်ပွားကို အတိအကျထိန်းချုပ်နိုင်သည်။ ဖုတ်ကောင်နှင့်ကိုယ်ပွားတိုက်ပွဲတွင် ဖုတ်ကောင်က တဖြေးဖြေးအရေးနိမ့်လာသည်။
ကိုယ်ပွားအနိုင်ရသွားသည်နှင့် နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရတော့မည်ကို ဟွမ်မင်သိသည်။
လုယန်၏ရယ်သံသဲ့သဲ့ ဟွမ်မင်နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူ့ကျောရိုးထဲမှ စိမ့်တက်လာသည်။
လုယန် ဖျက်ဓားပညာကို ထုတ်လွှတ်လိုက်သည်။ ဓားရိပ်က ကောင်းကင်သို့ထိုးတက်သွားပြီး စူးရှတောက်ပ၍ ခန်းဆီးလွှာတစ်ခုလို ဖြာကျလာသည်။
အားအကောင်းဆုံးခုခံနည်းဖြစ်သည့် သွေးနီပန်းတံတိုင်းကိုဆင့်ခေါ်၍ ဟွမ်မင် ခုခံသည်။ သို့သော် ထိုတံတိုင်းက နှစ်စက္ကန့်လောက်သာထိန်းထားနိုင်ပြီး ဖျက်ဓားစွမ်းအားအောက်တွင် ကြေမွပျက်စီးသွားသည်။
"ဖျောင်း"
ဟွမ်မင် ဖုတ်ကောင်နှင့်နေရာလဲရန် ထပ်ကြိုးစားသည်။ သို့သော် စက္ကန့်ဝက်ခန့် သူနောက်ကျသွားသည်။ သူ့ညာပုခုံးကို ဓားရိပ်က ထိုးဖောက်သွားသည်။
သူအပြင်းအထန်ဒဏ်ရာရသွားသည်။ ထိုဒဏ်ရာသက်သာဖို့ လဝက်ခန့်ကြာအောင် သူအနားယူရလိမ့်မည်။
တိုက်ခိုက်နေစဉ်အတွင်း ချီအားဖြည့်ဆေးတစ်လုံးစားခဲ့သော်လည်း သူ့ဝိညာဉ်စွမ်းအင်များ ထပ်လျော့သွားပြန်သည်။
သို့သော် လုယန်က တိုက်ပွဲတလျှောက်လုံး အားဖြည့်ဆေးတစ်လုံးမှ မသောက်ခဲ့။ ထိုအားသာချက်သည် သူ့ပြိူင်ဘက်ကင်းရွှေသန္ဓေကျေးဇူးကြောင့်သာမဟုတ်။
အစောပိုင်းကျင့်ကြံစဉ်ကာလအအတွင်း အချိန်ကြာမြင့်စွာ တို့ဟူးမှန်မှန်စားခဲ့သောကြောင့်လည်းဖြစ်သည်။
တို့ဟူပုံမှန်စားခြင်းသည် ကျင့်ကြံသူတစ်ယောက်၏ ဓာတ်ငါးမျိုးကို မျှတစေသည်။ တိုက်ပွဲတွင် ခုခံနိုင်စွမ်း သိသိသာသာတိုးမြင့်စေသည်။
"ငါအရှုံးပေးတယ်"
ဟွမ်မင် အံတင်းတင်းကြိတ်၍ အရှုံးကိုဝန်ခံလိုက်သည်။ သူ့ဒဏ်ရာများကုသရန် ဆေးတစ်လုံးသောက်သည်။
လုယန် ဓားကိုပြန်သိမ်းသည်။ ဟွမ်မင်ကို သူ့ကြောင့်ဒဏ်ရာရခဲ့သူ မဟုတ်လေသကဲ့သို့ ပြုံး၍နှုတ်ဆက်သည်။
"မင်းဘာလို့ ကျင့်စဉ်ဖျက်ဆီးပြီး အစကနေကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့တာလဲ"
ဟွမ်မင် သက်ပြင်းချသည်။
"ငါငယ်ငယ်တုန်းက အရမ်းစိတ်လောခဲ့တယ်။ အခြေခံခိုင်မာအောင် မတည်ဆောက်ခဲ့ဘူး။ စုစည်းခြင်းအလတ်တန်းဆင့်မှာ ပိတ်မိသွားပြီး နောက်ထပ်အဆင့်မတက်နိုင်တော့ဘူး။ ဒါဟာ အသစ်ပြန်စဖို့အခွင့်အရေးဘဲလို့ ငါယူဆခဲ့တယ်။ ဒါကြောင့် ဘဝပြောင်းခဲ့တာ"
လုယန် ထပ်စပ်စုသည်။
"ဘာလို့ မသေမျိုးငါးဂိုဏ်းထဲက တစ်ဂိုဏ်းဂိုဏ်းကို မဝင်ခဲ့တာလဲ။ သူတို့မှာ အလောင်းထိန်းဂိုဏ်းထက် ပိုကောင်းတဲ့ အထောက်အပံ့တွေရှိတာပဲလေ"
"မသေမျိုးဂိုဏ်းတွေက ဝင်ရခက်တယ်။ စွမ်းအားရှင်တွေလည်း အများကြီးရှိတယ်။ ငါ့သရုပ်မှန်ကို တစ်ယောက်ယောက်က သေချာပေါက်ရိပ်မိမှာပဲ။ ဒါပေမယ့် မင်း..မင်းကတော့ တကယ်သတ္တိရှိတယ်။
မသေမျိုးဂိုဏ်းတစ်ဂိုဏ်းကို ခိုးဝင်ခဲ့ရုံမကဘူး။ ဒီအနေအထားထိတောင် တိုးတက်အောင်လုပ်နိုင်ခဲ့တာပဲ"
ဝိညာဉ်စွမ်းအားက အားကောင်းသဖြင့် လုယန်လည်းသူ့လို ကျင့်စဉ်စွမ်းအားဖျက်ပြီး ပြန်ကျင့်ကြံသူဟု သူယူဆသည်။
"မင်းရဲ့ ထူးခြားတဲ့ကိုယ်ပွားပညာမျိုး သမိုင်းမှတ်တမ်းတွေမှာ ငါတစ်ခါမှတွေ့ဖူးဘူး။ ကြားလည်းမကြာဖူးဘူး။ ဆက်ခံသူမရှိပဲ ပျောက်ကွယ်သွားတဲ့ ပညာရပ်တစ်ခုဖြစ်မယ်။ မင်းက မဟာချန်ခေတ်က ကျင့်ကြံသူလား"
"မဟုတ်ဘူး။ ငါက ကျင့်စဉ်ဖျက်ပြီး ပြန်ကျင့်ကြံတဲ့လူမဟုတ်ဘူး"
"လိမ်မနေပါနဲ့။ သာမန်ကျင့်ကြံသူတစ်ယောက်က ငါ့ကိုနိုင်မယ်လို့ထင်နေလား။...ကောင်းပြီလေ၊ ငါ့လျှို့ဝှက်ချက်တစ်ခု မင်းကိုပြောပါ့မယ်။ ငါက မဟာယုခေတ်ရဲ့ အဓိပဓိဟွမ်ချင်ပဲ။ မင်းနာမည်ဘယ်လိုခေါ်လဲ။ ငါအရင်က မင်းအကြောင်း ကြားချင်ကြားဖူးခဲ့နိုင်တယ်"
လုယန်ဘာမှမပြောဘဲ ဟွမ်မင်ကိုသာစိုက်ကြည့်နေသည်။
ဟွမ်မင် တစ်စုံတစ်ခု နားလည်သွားဟန်ရှိသည်။
ဟွမ်မင် - "..."
လုယန် - "..."
"မင်းက မဟာယုခေတ်ကပေါ့"
"မင်းကတကယ် တာအိုလမ်းစဉ်ဂိုဏ်းတပည့်အစစ်လား"
နှစ်ယောက်လုံး တအံ့တဩ သံပြိုင်ရေရွတ်မိကြသည်။
ဟွမ်မင်ကို ကျင့်စဉ်ပြန်စခဲ့သည့် အလောင်းထိန်းဂိုဏ်းအကြီးအကဲတစ်ယောက်ဟု အစက လုယန်ထင်ခဲ့သည်။ မဟာယုကျင့်ကြံသူဖြစ်မည်ဟု ထင်မထား။
ဟွမ်မင်က လုယန်ထက်ပင် ပိုအံ့ဩနေသည်။ လုယန်ထုတ်သုံးခဲ့သည်ကလည်း တစ်ဆင့်ချင်းကျင့်ကြံထားသည့် စွမ်းအားဖြစ်သည်။ ကျင့်စဉ်ဖျက်၍ပြန်စထားသည့် အကျိုးလက္ခဏာမျိုးမရှိ။ နိုင်ငံ့ဆရာပင် ထိုကျင့်စဉ်အဆင့်တွင် ထိုမျှစွမ်းအားကြီးမည်မဟုတ်။
ယနေ့ခေတ်ပါရမီရှင်များက တကယ်ထိုမျှကြောက်စရာကောင်းနေသလားမသိ။
အခြေအနေ အရေးကြီးကြောင်း မုန်ကျင်းကျိုး ချကချင်းရိပ်စားမိသည်။ ဟွမ်မင်က တကယ်မဟာယုကျင့်ကြံသူဖြစ်နေသည်။
အရိုးရိုင်းနှင့်ကျောက်ပိုက ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်၍ လုယန်နှင့် မုန်ကျင်းကျိုးလောက် အမူအရာမပျက်ကြ။
သိပ်မကြာမီ ဟွမ်မင် အသိပြန်ဝင်လာသည်။ သူ့လေသံက အေးစက်လာသည်။ သူ့မျက်လုံးများ အနက်ရောင်သန်းလာသည်။ အပြုံးရိပ်လုံးဝမရှိတော့။
"ဟားဟား...ဒီခေတ်မှာမွေးတဲ့ ပါရမီရှင် ပီသပါတယ်။ ငါ့ကို ဒီလိုဆိုးဝါးတဲ့အခြေအနေရောက်အောင် မင်းတွန်းပို့ခဲ့တာပဲ။
ဒီလိုဆိုမှတော့ ငါမင်းကို အရှင်မထားနိုင်တော့ဘူး။ အစက မင်းနဲ့စကားပြောပြီး ငါတို့ပြောတာတွေကြားတဲ့ ကျန်တဲ့လူအားလုံးကို သတ်ပစ်ဖို့တွေးထားတာ။ အခုတော့ မင်းကိုလည်း သတ်ရတော့မယ့်ပုံပဲ"
ဟွမ်မင် လူသတ်ရိပ်ကို ထိန်းမထားတော့။ လျှို့ဝှက်နည်းလမ်းတစ်ခုသုံး၍ တပ်ကူခေါ်လိုက်သည်။
"တာအိုရှင်မန်၊ သူတို့အားလုံးကို သတ်လိုက်ပါ"
"လုယန်၊ သတိထားပါ။ စုစည်းခြင်းအဆင့်တစ်ယောက် လာနေပြီ"
နတ်မယ်၏သတိပေးစကား လုယန်စိတ်အာရုံတွင်ပေါ်လာပြီးနောက် တောင်တစ်လုံးပြိုဆင်းလာသကဲ့သို့ ပြင်းထန်သည့်ဖိအားတစ်ခု သူတို့အပေါ်ကျလာသည်။
ဆံဖြူသက်လတ်ပိုင်းလူတစ်ယောက် ကောင်းကင်၌ ပေါ်လာသည်။ လုယန်တိုကို လုံးဝအရေးမစိုက်ဘဲ ဟွမ်မင်ကို လှောင်ပြုံးပြုံး၍ ငုံ့ကြည့်သည်။
"လောင်ဟွမ်၊ မင်းအခြေအနေက ဘာလို့အဲလောက်ဆိုးနေတာလဲ"
"မင်းသာငါ့နေရာမှာဆိုရင်လည်း ဒီလိုပဲဖြစ်မှာပါ"
ဟွမ်မင် ပြန်ပက်သည်။ လုယန်ပါရမီက ကြောက်စရာကောင်းသည်။ စုစည်းခြင်းအဆင့်ဖြင့် ပြန်ကျင့်ကြံခဲ့သည့် သူ့လိုလူပင် အနိုင်မယူနိုင်ခဲ့။
လုယန်ကို ဆက်၍ရှင်သန်ကြီးထွားခွင့်ပေးလျှင် နောက်ဆက်တွဲအကျိုးဆက်များ ဆိုးဝါးလာမည်။
တတ်နိုင်သမျှ အမြန်ဆုံးရှင်းပစ်ရမည်။
"ဟုတ်ပါပြီလေ...ဟားဟားဟား"
မိတ်ဆွေမန်က အော်ဟစ်ရယ်မောနေသည်။ သူ့အနေဖြင့် ထိုရွှေသန္ဓေကျင့်ကြံသူအုပ်စုကို လက်ဖျောက်တစ်ချက်တီးရုံလောက်ဖြင့် အပြတ်ရှင်းပစ်နိုင်သည်။
"အဲဒါ သူပဲ"
ရေနစ်သရဲ အော်ဟစ်လိုက်သည်။ ထိုလူ၏စွမ်းအင်ရောင်ကို သူမှတ်မိလာသည်။
"ငါ့ကိုသတိမေ့အောင်လုပ်ပြီး အရှေ့ပင်လယ်ကနေ ဒီကိုခေါ်လာတာ သူပဲ"
တာအိုရှင်မုန် ငုံ့ကြည့်သည်။ ရေနစ်သရဲကို မှတ်မိသွားဟန်ဖြင့် ခပ်ညှင်းညှင်းရယ်သည်။
"ဪ...အရှေ့ပင်လယ်က ရေနစ်သရဲပါလား"
လုယန် စိတ်လေးလာသည်။ ထိုသို့ဆိုလျှင် ဟန်ရွှေ့မြို့သရဲကပ်ဆိုက်နေသည်မှာ ထိုလူလက်ချက်ဖြစ်လိမ့်မည်။ သရဲများကို နေရာစုံမှ ဖမ်းခေါ်လာပြီး မြို့ထဲတွင် စွန့်ပစ်ထားသည်။
သူတို့ဘာကြောင့် ထိုသို့လုပ်သည်ကို မသိရသေး။
တာအိုရှင်မုန်က ရေနစ်သရဲကို အရေးမစိုက်တော့။ နတ်ဝိညာဉ်အဆင့်သရဲတစ်ကောင်သည် သူအာရုံစိုက်ဖို့မတန်။
"ဒီလူတွေကို မင်းအတွက် ငါသတ်ပေးမယ်။ ပြီးတော့ တိုက်ပွဲဖြစ်စဉ်ကိုလည်း ရေနစ်သရဲနဲ့တိုက်ခိုက်ရင်း အတူသေသွားသလိုဖြစ်အောင် ဖန်တီးပေးမယ်။ အဲလိုဆို အလောင်းထိန်းဂိုဏ်းထဲမှာ မင်းဆက်ပြီးပုန်းနေလို့ရမယ်။
အပြန်အလှန်အနေနဲ့ မင်းရဲ့ရတနာတွေထဲက တစ်ခုကို တည်နေရာပြောပြပါ"
ဟွမ်မင် အံတင်းတင်းကြိတ်လိုက်သည်။ အကြပ်ကိုင်ခံရမှန်းသိသော်လည်း သူလက်ခံရုံသာရှိသည်။
"ကောင်းပြီလေ"
"ဟား...မင်းရဲ့ရက်ရောတဲ့လက်ဆောင်အတွက် ကြိုပြီးကျေးဇူးတင်ပါတယ် လောင်ဟွမ်"
တာအိုရှင်မန် ရယ်မောနေသည်။ သူလိုချင်သည့်အချက်ကို အပိုင်ကိုင်ထားသည်။ ထို့နောက် လုယန်တို့အဖွဲ့ကို သေလူများကဲ့သို့ လှမ်းကြည့်သည်။
"ကောင်လေးတွေ၊ ငါဒီနေ့ နည်းနည်းစိတ်ကောင်းဝင်နေတယ်။ ဒီတော့ မင်းတို့ဘယ်လိုပုံစံသေချင်လဲဆိုတာ ရွေးချယ်ခွင့်ပေးမယ်။ အရှင်လတ်လတ်အရေဆုတ်ခံချင်သလား။ အသားလုံးဖြစ်အောင် ပုံပြောင်းပေးစေချင်သလား။ ဒါမှမဟုတ် သရဲတစ်ရာက မင်းတို့ခန္ဓာကိုယ်ကို တစ်စစီဆုတ်ဖြဲတာခံချင်သလား"
လုယန်တို့လူစု ကြောက်ချွေးပြန်လာသည်။ အထူးသဖြင့် ကျောက်ပိုက ထိုအခြေအနေမျိုး တစ်ခါမှကြုံဖူးသူမဟုတ်။
"ဒါဆိုမင်းရော ဘယ်လိုသေချင်လဲ"
စကားသံတစ်ခုက တင်းကြပ်နေသည့်တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွဲလိုက်သည်။
"ဘယ်သူလဲကွ"
တာအိုရှင်မန် လန့်သွားသည်။ ထိုလူသစ်ရောက်လာသည်ကို သူလုံးဝသတိမထားမိသောကြောင့်ဖြစ်သည်။
"ဘုန်း"
ငါးရောင်ခြယ်အလင်းဘီးက ရိုက်ချခံရသဖြင့် တာအိုရှင်မန် မြေပြင်ပေါ်ပြင်းထန်စွာကျသွားပြီး သွေးချောင်းတဟွတ်ဟွတ်ဆိုးနေသည်။ သူ့မျက်လုံးတွင် အကြောက်တရားရိပ်ပေါ်လာသည်။
ထိုတစ်ချက်နှင့်ပင် သူနှင့်သူ့ရန်သူကြား စွမ်းအားများစွာ ကွာခြားကြောင်း နားလည်လိုက်သည်။
လူသစ်က ရိုးရှင်းသည့် အစိမ်းရောင်ဝတ်စုံ ဝတ်ထားသည်။ ငါးရောင်ခြယ်အလင်းဘီးက သူ့နောက်ဘက်တွင် နတ်စွမ်းအင်အလင်းတစ်ခုလို ဝဲပျံနေသည်။ လက်နှစ်ဘက်နောက်ပစ်၍ တည်ငြိမ်သည့်လေသံဖြင့် ပြန်ပြောသည်။
"ဓာတ်ငါးမျိုးဂိုဏ်းချုပ် ချိုးကျင်အန်းပါ"
*************************************