မိချောင်းမင်းရေခင်းပြနေသလား
Vol. 29 Ch. 430
"ချိုးကျင်အန်း...မဟာရှားရဲ့ သေမျိုးငါးဂိုဏ်းရဲ့ ခေါင်ဆောင်တွေထဲကတစ်ယောက်ပေါ့"
တာအိုရှင်မုန် မြေပြင်မှ ပြန်တက်လာသည်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပုံမရှိ။ ကျိုးချင်းအန်းနာမည်ကြားပြီးနောက် နှာခေါင်းရှုံ့သည်။ ခုနက သူခံလိုက်ရသည်မှာ အငိုက်မိသွား၍သာဖြစ်သည်။
တကယ်တမ်းတိုက်ခိုက်မည်ဆိုလျှင် တိုက်ပွဲရလဒ်က မသေချာသေး။
တာအိုရှင်မုန်သည် မဟာယုနိုင်ငံ အဖွံ့ဖြိုးဆုံးခေတ်က လာသူဖြစ်သည်။ ထိုစဉ်က မဟာယုနိုင်ငံစွမ်းအားသည် ယနေ့မဟာရှားနိုင်ငံထက်မလျော့။ သူသည် ထိုခေတ်၏ ထိပ်တန်းစုစည်းခြင်းကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်။ အဆင့်အတန်းအရ ချိုးကျင်အန်းထက်မနိမ့်။
နှစ်သောင်းချီရှင်သန်ခဲ့ပြီး ဤခေတ်သစ်တွင် အစီအစဉ်များ ချမှတ်ထားနိုင်သေးသည်မှာ သူ့ကိုယ်ပိုင်စွမ်းအားရှိ၍သာဖြစ်သည်။
ယနေ့ခေတ်ရှားနိုင်ငံတွင် စွမ်းအားမြင့်ကျင့်ကြံသူများစွာရှိသော်လည်း နှစ်ပေါင်းသောင်းချီကျော်လွန်ပြီးနောက် အသိပညာနှင့်ကျင့်စဉ်ပညာရပ်များစွာ ပျောက်ဆုံးခဲ့ပြီဖြစ်သည်။
သို့သော် ပျောက်ဆုံးသွားသည့် ထိုရှေးဟောင်းပညာရပ်များကို သူတတ်မြောက်ထားသည်။
တစ်ဘက်လူက ရှေးဟောင်းပညာများကျွမ်းကျင်သည်။ တစ်ဘက်လူက မကျွမ်းကျင်။ ဘယ်သူပိုစွမ်းအားကြီးမည်ကို ဆုံးဖြတ်ဖို့ မခက်လှ။
"ဂိုဏ်းချုပ်ချိုး"
လုယန်တို့လူစု ဝမ်းသာသွားသည်။ မဟာယုကျင့်ကြံသူများသည် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မောက်မာသဖြင့် ချိုးကျင်အန်းစွမ်းအားကို သိဟန်မတူ။ သို့သော် သူတို့က ကောင်းကောင်းသိထားသည်။
တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးယောက်က ထပ်တလဲလဲစိန်ခေါ်ခဲ့သည်မှာ ချိုးကျင်အန်းဖြစ်သည်။ မကြာခဏ တိုက်ခိုက်ကဲ့ကြသည်။ ဘယ်သူမှ အပြတ်အသတ်အနိုင်မရခဲ့။
လက်ရှိခေတ်၏ ဓာတ်ငါးမျိုးကျင့်စဉ်ပညာအကျွမ်းကျင်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်၍ တရားရေးဝန်ကြီးပင် သူ့ကိုအနိုင်ယူဖို့ခက်သည်။
စုစည်းခြင်းအဆင့်ထဲတွင် နံပတ်တစ်ဖြစ်သည့် တာအိုရှင်ဝစီပိတ်မှလွဲလျှင် ဘယ်သူမှ ချိုးကျင်အန်းကို သေချာပေါက်အနိုင်ယူနိုင်သည်ဟု မပြောရဲကြ။
"ချိုးကျင်အန်းလား.."
ကျောက်ပိုလည်း အံ့အားသင့်နေသည်။ သို့သော် စိတ်အေးသွားသည်။ မသေမျိုးငါးဂိုဏ်း၏ နာမည်ဂုဏ်သတင်းက ရှားနိုင်ငံတစ်ခွင် ပဲ့တင်ထပ်နေသည်။ အလောင်းထိန်းဂိုဏ်းထက် များစွာသာလွန်သည်။
ကျောက်ပို လုယန်နှင့်မုန်ကျင်းကျိုးကို တစ်ချက်လှန်းကြည့်သည်။ ထိုနှစ်ယောက်အမူအရာက သူ့ထက်ပိုတည်ငြိမ်သည်။
ရုတ်တရက် မုန်ကျင်းကျိုး၏ ကျိန်စာအကြောင်း သူပြန်သတိရလာသည်။
ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ကျိန်စာ။
မုန်ကျင်းကျိုး ဘယ်သူ့ကိုများ သွားရန်စမိသည်မသိ။
အစက သူတွေးမရခဲ့။ မုန်ကျင်းကျိုးလို ရွှေသန္ဓေအဆင့်က ထိုမျှစွမ်းအားမြင့်သူကို သွားရန်စမိစရာ အကြောင်းမရှိ။ သို့သော် ယခု သူနားလည်လာသည်။
ဤရက်ပိုင်းအတွင်းမှာပင် ရှေးဟောင်းစုစည်းခြင်းကျင့်ကြံသူတစ်ယောက်နှင့် သူတို့ရင်ဆိုင်ရသည်။
အရိုးရိုင်းက ယခုလိုထူးခြားသည့်ဖြစ်ရပ်များနှင့် စိမ်းသူမဟုတ်။ ထာဝရဂိုဏ်းကျဆုံးသည်ကို ကိုယ်တွေ့ကြုံခဲ့ဖူးသည်။ ယခုဖြစ်ရပ်ထက် များစွာပိုကြီးကျယ်ခမ်းနားသည်။
ရေနစ်သရဲက ကြောက်လွန်းသဖြင့် နောက်တစ်ကြိမ်သေတော့မလို ဖြစ်နေသည်။ အခြေအနေက သူ့နားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေသည်။
မဟာယုခေတ်စုစည်းခြင်းကျင့်ကြံသူများ၊ မသေမျိုးငါးဂိုဏ်းမှ ဂိုဏ်းချုပ်တစ်ယောက်။ ထိုပုဂ္ဂိုလ်များကို သူ့လိုအဆင့်နိမ့်ရေသရဲလေးတစ်ယောက် တွေ့ကြုံနိုင်စရာအကြောင်းမရှိ။
ဟွမ်ကျောက်အာနှင့်လျိုစန်းကတော့ ကြောက်လွန်း၍ အစောကြီးကတည်းက သတိလစ်သွားပြီဖြစ်သည်။
လုယန် ပျော်နေရင်းမှာပင် တစ်ခြားပြဿနာတစ်ခုကို ရုတ်တရက် တွေးမိလာသည်။
"နေပါဦး..ဂိုဏ်းချုပ်ချိုးက ဘာလို့ဒီကိုရောက်နေတာလဲ။ အချိန်ကိုက် ဘာလို့ပေါ်လာတာလဲ"
"ရှင်းပါတယ်။ သူနင်တို့နောက်ကို နောက်ယောင်ခံပြီး လိုက်လာတာလေ"
နတ်မယ်က မထူးဆန်းသလိုလေသံဖြင့် ပြောသည်။ ချိုးကျင့်အန်း ကိုယ်ပျောက်ပညာဘယ်လောက်ကောင်းသည်ဖြစ်စေ ထာဝရနတ်မယ်၏ အမြင်အာရုံကိုတော့ မယှဉ်နိုင်။
"ကျုပ်တို့နောက်က လိုက်လာတယ်ပေါ့။ ဘယ်အချိန်ကတည်းကလဲ"
"နင်နဲ့မုန်ကျင်းကျိုး မြို့တော်ကိုဝင်ဖို့ကြိုးစားရင်း မြေပြိုလို့ လမ်းပိတ်တဲ့အချိန်ကလေ"
"ဒါဆိုအစကတည်းက နောက်ယောင်ခံလိုက်လာတဲ့သဘောပေါ့"
"အဲလိုလည်းမဟုတ်ပါဘူး။ နင်တို့ တည်းခိုခန်းဝင်တဲ့အချိန်က စတာပါ"
နတ်မယ်က လုယန်စကားကို အလေးအနက်လေသံဖြင့် အမှန်ပြင်ပေးသည်။
တာအိုရှင်မန်က ချိုးကျင်အန်းကို မကြောက်။ တိုက်ခိုက်ဖို့ပင် ပြင်ဆင်နေသည်။
"မဟာရှားကကောင်တွေ့။ ဒီနေ့ ရှေးဟောင်းပညာစွမ်းအားဟာ ဘယ်လိုမျိုးလဲဆိုတာ မင်းတို့သိအောင်ပြမယ်။...ကောင်းကင်မှာထွန်းလင်းတဲ့မဟာနေမင်းစွမ်းအား"
ကြေးဝါသစ်ပင် ပုံရိပ်ယောင်တစ်ခု သူ့နောက်တွင်ပေါ်လာသည်။ ကြီးမားသည့်နေလုံးနှစ်ခု ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ အဆုံးစမဲ့အလင်းနှင့် အပူဓာတ်ကို ထုတ်လွှတ်နေသည်။ တစ်ချက်ကြည်မိရုံဖြင့် တစ်ကိုယ်လုံးအရည်ပျော်သွားမတတ်ခံစားရသည်။
နေလုံးများအလယ်ဗဟိုတွင် ရွှေရောင်ကျီးကန်းက အတောင်ဖြန့်လျက် စူးစူးရှရှအော်ဟစ်နေသည်။
ချိုးကျင်အန်း အလင်းဒိုင်းတစ်ခု အလွယ်တကူဖန်တီး၍ လုယန်တို့ကို ကာကွယ်ပေးလိုက်သည်။
စုစည်းခြင်းအဆင့် တိုက်ခိုက်မှုဖြစ်သည်။ ပွတ်ထိရုံဖြင့် လုယန်တို့သေသွားနိုင်သည်။
ချိုးကျင်အန်း ခဏစဉ်းစားသည်။ ထိုပညာရပ်အကြောင်း ရှေးမှတ်တမ်းများထဲတွင် ဖတ်ဖူးသလိုလိုခံစားနေရသည်။
"ဒဏ္ဍာရီအရ ရှေးခေတ်က ဖူစန်းသစ်ပင်မှာ ရွှေကျီးကန်းဆယ်ကောင် နေတယ်။ နေ့တိုင်း ကျီးကန်းတစ်ကောင်ထွက်လာပြီး ကောင်းကင်မှာလှည့်ပတ်တယ်။ တစ်နေ့တော့ ကျီးကန်းဆယ်ကောင်လုံး ပျံထွက်လာလို့ လောကကြီး ကပ်ဆိုးကြုံရတယ်။ ရှေးဟောင်းသူရဲကောင်းတစ်ယောက်က သူ့လေးနဲ့ နေကိုးလုံးကိုပစ်ချတယ်။
မဟာယုခေတ်အတွင်းမှာ ဒီဒဏ္ဍာရီကြောင့် စိတ်ကူးရလာတဲ့လူတစ်ယောက်က ကိုယ်ပိုင်စူးစမ်းလေ့လာမှုလုပ်ခဲ့တယ်။ ဖူစန်းသစ်ကိုင်းတစ်ခုတွေ့ပြီး ရွှေကျီးကန်းမီးတောက်စစ်နဲ့ပေါင်းစပ်တယ်။ "နေဆယ်စင်းကောင်းကင်လှည့်"လို့ သိကြတဲ့ နတ်စွမ်းအားပညာကို တီထွင်ခဲ့တယ်။ ဒီပညာဟာ ရွှေကျီးကန်းမီးတောက်စွမ်းအားကို နောက်တစ်ဆင့်မြှင့်နိုင်တယ်။
မှတ်တမ်းတွေအရ ဒီလူရဲ့နာမည်က မန်ထန်သခင်စစ်တဲ့"
ချိုးကျင်အန်းက သူ့သရုပ်မှန်ကို ဖော်ထုတ်လိုက်သော်လည်း တာအိုရှင်မန်က မျက်နှာမပျက်။ သူ့နှုတ်ခမ်းထောင့်တွင် အေးစက်သည့်အပြုံးရိပ်ပေါ်လာသည်။
"မင်းက ဗဟုသုတများသားပဲ။ အခုလောလောဆယ် "နေနှစ်စင်းကောင်းကင်လှည့်"စွမ်းအားကိုပဲ ငါသုံးနိုင်ပေမယ့် ကူးဖြတ်ခြင်းအဆင့်ကို ရောက်တာနဲ့ "နေငါးစင်းကောင်းကင်လှည့်"စွမ်းအားကို သုံးနိုင်မယ်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ရောက်ရင် နေဆယ်စင်းစွမ်းအားကို သုံးနိုင်လိမ့်မယ်။ ရှေးခေတ်က ကပ်ဆိုးကို ငါပြန်ဖန်တီးနိုင်မယ်လေ။
ငါ့လက်ရှိကျင့်စဉ်အဆင့်နဲ့ စွမ်းအားပြည့်ထုတ်မသုံးနိုင်သေးဘူး။ ဒါပေမယ့် မင်းလိုကောင်ကို ရှင်းပစ်ဖို့တော့ ကောင်းကောင်းလုံလောက်ပါတယ်။
...."ဒီအချိန် ဒီနေရာမှာ ဒီစည်းမျဉ်းကို ငါသတ်မှတ်တယ်- "နေသုံးစင်းကောင်းကင်လှည့်စွမ်းအားကို ငါသုံးနိုင်တယ်""
သူ့နောက်ဘက် ဖူစန်းသစ်ပင်အရိပ်မှ တတိယနေတစ်စင်း(ရွှေကျီးကန်း) ကောင်းကင်သို့ ပျံတက်လာသည်။
ဟန်ရွှေ့မြို့တော်နှင့်နီးသဖြင့် အသံများဆူညံလာလျှင် မြို့ထဲမှစွမ်းအားရှင်များ သတိထထားမိလာမည်။ ထို့ကြောင့် သခင်မန်ထန်က အချိန်ဆွဲမနေတော့ဘဲ အားအကောင်းဆုံးတိုက်ကွက်ကို ချက်ချင်းထုတ်သုံးသည်။
စုစည်းခြင်းအဆင့်ကျင့်ကြံသူများသည် စည်းမျဉ်းစွမ်းအားများ လွယ်လွယ်ချမှတ်နိုင်သည်မဟုတ်။ ချမှတ်နိုင်လျှင် မန်ထန်က နေဆယ်စင်းစွမ်းအား ချက်ချင်းထုတ်သုံးပေလိမ့်မည်။
စုစည်းခြင်းအဆင့် တိုက်ပွဲများတွင် ပုံမှန်အားဖြင့် စည်းမျဉ်းနှစ်မျိုးရှိသည်။ ကိုယ်စွမ်းအားကိုယ် တိုးမြှင့်သည့်စည်းမျဉ်းနှင့် ရန်သူ့စွမ်းအားကို ကန့်သတ်သည့်စည်းမျဉ်းဖြစ်သည်။
ကိုယ့်စွမ်းအားကိုယ်မြှင့်တင်သည့်စည်းမျဉ်း၏စွမ်းအားသည် စုစည်းခြင်းကျင့်ကြံသူ၏ စွမ်းဆောင်နိုင်သည့် အတိုင်းအတာပေါ်မူတည်သည်။ ကိုယ့်လျှို့ဝှက်စွမ်းအားကို ဖော်ထုတ်သည့် နည်းလမ်းဖြစ်သည်။ တစ်ခါတစ်လေ ကိုယ့်အကန့်အသတ်ထက် ကျောက်လွန်သည့်စွမ်းအားကို ထုတ်သုံးနိုင်သည်။
ရန်သူ့စွမ်းအားကို ကန့်သတ်ရာတွင် စည်းမျဉ်းများသည် အရေအတွက်ညီမျှမှုရှိရမည်။ ရန်သူကို တစ်ကြိမ်ကန့်သတ်လျှင် ကိုယ့်ကိုယ်လည်း တစ်ကြိမ်ကန့်သတ်ရသည်။ ကန့်သတ်ချက်များလည်း လိုက်လျောညီထွေဖြစ်ဖို့လိုသည်။ တစ်ချက်မှားသည်နှင့် ရှုံးသွားနိုင်သည်။
ဥပမာ တိရိစ္ဆာန်များကို ဝိညာဉ်အလံသန့်စင်ခဲ့သည့် မဟာယုကျင့်ကြံသူက ကျောက်ရိုးနှင့်တိုက်ခိုက်ချိန်တွင် စည်းမျဉ်းတစ်ခု ချမှတ်ခဲ့သည်။
"ငါကလွဲရင် ပေငါးရာအတွင်းကလူအားလုံး လှုပ်ရှားမှုပိုနှေးလာစေ"
ကျောက်ရိုးတုံ့ပြန်သည့်စည်းမျဉ်းက
"ပေငါးရာအတွင်း နတ်ဆိုးလက်နက်ဘယ်သူမှ မသုံးနိုင်စေရ"
တိုက်ခိုက်ရာတွင် မျှတစွာ ကန့်သတ်ထားသည့် စည်းမျဉ်းဥပမာတစ်စုံဖြစ်သည်။
နေသုံးစင်း ကောင်းကင်တွင် ထွန်းလင်းနေသည်။ ရွှေကျီးကန်းအော်သံများ ပဲ့တင်ထပ်နေသည်။ ပူပြင်းသည့်နေသုံးစင်းက ရှေးဟောင်းခေတ်ကပ်ဆိုးကို ပြန်အသက်သွင်းတော့မယောင်ရှိသည်။
"သွားတော့"
မန်ထန် လက်ကိုမြှောက်၍ လက်နှစ်ချောင်းဖြင့် ချိုးကျင်အန်းတို့လူစုဆီ ချိန်ရွယ်လိုက်သည်။
ချိုးကျင်အန်းရှောင်တိမ်းလျှင် နောက်ဘက်မှ လုယန်တို့လူစု သေချာပေါက်သေမည်။
ချိုးကျိုးအန်း ရှောင်မည်မဟုတ်ဟု သူယုံကြည်သည်။
"အင်း..."
နေသုံးစင်းနှင့် ရင်ဆိုင်ရသဖြင့် ချိုးကျင်အန်း သက်ပြင်းချသည်။
ရှေ့သို့တိုးသွားသည်။ သူ့နောက်မှ ငါးရောင်ခြယ်အလင်းဘီးက အရောင်ငါးမျိုး အလင်းများအဖြစ် ပြောင်းလဲသွားသည်။ ဓာတ်ငါးမျိုးထဲတွင် အရာအားလုံးကို ထိန်းချုပ်ထားသည်။
"ဝှီး"
ငါးရောင်ခြယ်အလင်း၏ ဆေးကြောမှုအောက်တွင် နေသုံးစင်း တဖြေးဖြေးပျော်ဝင်ပျောက်ကွယ်သွားသည်။
"သဘာဝကပ်ဆိုးလိုပဲလို့ ပြောကြတဲ့ ဒဏ္ဍာရီ 'နေဆယ်စင်းကောင်းကင်လှည့်'စွမ်းအားက ဒီလောက်ပဲလား"
"မ...မဖြစ်နိုင်ဘူး"
မန်ထန်သခင်စစ် မယုံနိုင်ဟန်ဖြင့် ငေးစိုက်ကြည့်နေသည်။ သူ့အစွမ်းထက်ဆုံးတိုက်ခိုက်မှုကို အလွယ်တကူ ဖျက်ဆီးသွားသည်။
ရန်သူက စည်းမျဉ်းပင်ထုတ်မသုံးခဲ့။
အခြေအနေကို သူကောင်းကောင်းနားမလည်သေးမီ ချိုးကျင်အန်းက အရိပ်လိုဖျတ်ခနဲလှုပ်ရှားပြီး မန်ထန်ကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။ ထိုခြေဆောင့်အားက တောင်တန်းတစ်ထောင်ဖိချသည်နှင့်တူသည်။ မန်ထန်သခင်စစ် မြေထဲသို့ကျွံဝင်သွားသည်။
ခြေလက်များ ယက်ကန်ယက်ကန်ဖြစ်နေသည်။
ချိုးကျင်အန်းက မန်ထန်ကို တည်ငြိမ်စွာငုံ့ကြည့်သည်။
"ငါ့ရှေ့မှာ ဓာတ်ငါးမျိုးပညာကို ထုတ်သုံးရဲတဲ့လူမျိုး တစ်ခါမှမမြင်ဖူးသေးဘူး။ တာအိုလမ်းစဉ်ဂိုဏ်းက ဟိုကိုးယောက်တောင် မလုပ်ရဲဘူး"
(**မန်ထန်သခင်စစ် ထုတ်သုံးသွားသည့် နေမင်းရွှေကျီးကန်းစွမ်းအားသည် ဓာတ်ငါးမျိုးထဲမှ မီးဓာတ်ပညာတွင် အကျုံးဝင်သည်။)
****************************************