← Chapters

ကျိန်စာချေဖျက်နည်း

Vol. 29 Ch. 431

ကျိန်စာချေဖျက်နည်း

Vol. 29 Ch. 431

ထိုမျှ မြန်မြန်ဆန်ဆန်ရှုံးနိမ့်မည်ဟု သခင်မန်ထန် လုံးဝမထင်မိ။ သူသည် နေမင်းကောင်းကင်လှည့်ပညာအပါအဝင် မှော်ပညာမျိုးစုံကို ကျွမ်းကျင်သည်။

စွမ်းအားပြည့်ပင် ထုတ်မသုံးရသေး။ နေလုံးသုံးခုကို ချင်းကျင်အန်း၏ ငါးရောင်ခြယ်နတ်အလင်းက ဖျက်ဆီးသွားသည်။ ဖူစန်းသစ်ပင်လည်း အေးစက်လာပြီး မှုန်ဝါးပျောက်ကွယ်သွားသည်။

ချိုးကျင်အန်း လေကုန်မခံတော့ဘဲ သခင်မန်ထန်ဦးခေါင်းဆီ လက်လှမ်းလိုက်သည်။ မှတ်ဉာဏ်ရှာဖွေ၍ မန်ထန်၏အစီအစဉ်များကို စစ်ဆေးလိုခြင်းဖြစ်သည်။

အန္တရာယ်ကို ရိပ်စားမိသဖြင့် သခင်မန်ထန် အံကိုတင်းတင်းကြိတ်လိုက်သည်။ နောက်ဆက်တွဲအကျိုးဆက်များကိုအရေးမစိုက်ဘဲ အသက်ကယ်လျှို့ဝှက်နည်းတစ်ခု အသက်သွင်းလိုက်သည်။

သူ့နှလုံးခုန်သံကျယ်လောင်ပြင်းထန်လာသည်။ တိုက်ပွဲရှုံးထားသည့် လူတစ်ယောက်နှင့်မတူတော့။

နှလုံးအပူချိန်မြင့်တက်လာသည်။ ကူးဖြတ်ခြင်းအဆင့်တိုက်ခိုက်မှုများကို ခုခံနိုင်သည့် သူ့ဝတ်ရုံ အရည်ပျော်သွားသည်။ သူ့ရင်ဘတ်ပေါ်လာသည်။

ထိုအချိန်ကျမှ ချိုးကျင်အန်း နားလည်သည်။ မန်ထန်၏နှလုံးနေရာတွင် သေနေသည့်ရွှေကျီးကန်းတစ်ကောင် ရှိနေသည်။

ကျီးကန်းတွင် သေရာပါမြားဒဏ်ရာတစ်ခုရှိသည်။ ရှေးခေတ်သူရဲကောင်းသတ်ခဲ့သည့် ငှက်တစ်ကောင်ဖြစ်မည်ဟု ချိုးကျင်အန်းထင်မိသည်။

သခင်မန်ထန် နေမင်းကောင်းကင်လှည့်စွမ်းအား သုံးနိုင်သည်မှာ အံ့ဩစရာမရှိတော့။

ကျီးသေကိုတွေ့၍ သူ့နှလုံးဖြင့် အစားထိုးခဲ့ခြင်းဖြစ်မည်။

ရုတ်တရက် ကျီးကန်း၏မျက်လုံးများပွင့်လာသည်။ အမွှေးများ ပြန့်ကားထွက်လာပြီး မန်ထန်တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။

"အခြေအနေမကောင်းဘူး။ သူထွက်ပြေးဖို့ကြိုးစားနေပြီ"

ချိုးကျင်အန်း မန်ထန်ကိုချက်ချင်း ခြေဖြင့်ဆောင့်နင်းသည်။ သို့သော် ထိုသို့လုပ်ချိန်မှာပင် မန်ထန်တစ်ကိုယ်လုံး ရွှေကြီးကန်းအဖြစ် လုံးဝအသွင်ပြောင်းပြီး လေထဲတွင်ရပ်နေသည်။

"ဘုန်း"

ခန္ဓာကိုယ်ပေါက်ကွဲထွက်၍ ငှက်မွှေးများ နေရာစုံသို့ပျံ့နှံ့သွားသည်။ ချိုးကျင်အန်း မန္တာန်တစ်ခုရွတ်ဆို၍ လေပြင်းကိုဆင့်ခေါ်ပြီး ငှက်မွှေးများကို ရှင်းထုတ်သည်။ သို့သော် မန်ထန်နဲ့ဟွမ်မင်ကို အရိပ်အယောင်မတွေ့ရတော့ ဖူစန်းသစ်ကိုင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။

"သူတို့ထွက်ပြေးသွားပြီ"

သခင်မန်ထန်၏ ထွက်ပြေးနည်းပညာကို ချိုးကျင်အန်း မရင်းနှီး။ သူခြေတစ်လှမ်းနောက်ကျသွားသည်။

....

လူနှစ်ယောက် အသက်ကိုမောပန်းစွာရှူရှိုက်နေသည်။

ဒဏ်ရာအပြင်းအထန်ရထားပြီး သေမျိုးအဖြစ်အယောင်ဆောင်ထားသည့် မန်ထန်နှင့်ဟွမ်မင်တို့ ဟန်ရွှေ့မြို့လူအုပ်ကြားတွင် ပုန်းအောင်းနေကြသည်။

"သောက်ရေးထဲကွာ၊ ဒီချိုးကျင်အန်းက ဘာလို့ဒီလောက်စွမ်းအားကြီးတာလဲ"

သေဘေးမှ လက်မတင်လေးလွတ်လာသဖြင့် မန်ထန် စိတ်သက်သာရာရနေသည်။ သူနည်းနည်းသာနောက်ကျသွားလျှင် သူ့ဝိညာဉ်ရှာဖွေခံရပြီး ချိုးကျင်အန်းလက်တွင် သေသွားလိမ့်မည်။

ဖူစန်းသစ်ကိုင်း ဆုံးရှုံးခဲ့ပြီဖြစ်၍ နေမင်းကောင်းကင်လှည့်ပညာ မသုံးနိင်တော့။ သူ့စွမ်းအားအခြေခံလည်း များစွာယိုင်နဲ့သွားသည်။ ပြန်ပြုပြင်နိုင်ဖို့ ကူးဖြတ်ခြင်းအဆင့် တော်ဝင်ရတနာတစ်ခုခုလိုသည်။ သို့သော် အသက်ထက်တော့ ဘယ်အရာမှအရေးအကြီးပါ။

"အဲဒါ ဖူစန်းသစ်ပင်ရဲ့ မူလပင်စည်ကသစ်ကိုင်းကွ။ ဒီကိစ္စပြီးသွားရင် မင်းငါ့ကို တန်ရာတန်ကြေးပြန်ပေးရမယ်"

မန်ထန် ဟွမ်မင်ကို မကျေမနပ်စိုက်ကြည့်သည်။

ဟွမ်မင်သာ ရတနာတစ်ချို့၏ တည်နေရာကိုသိမထားလျှင် သူအပင်ပန်းခံပြီး ကယ်နေမည်မဟုတ်။

"နောက်ထပ်ရတနာနှစ်ခုရဲ့တည်နေရာကို ငါပြောပြမယ်။ မင်းဆုံးရှုံးခဲ့တာတွေအတွက် ထိုက်တန်မှာပါ"

ဟွမ်မင်မျက်နှာ တင်းမာနေသည်။ ရတနာလေးခု၏ တည်နေရာကိုသိထားသည်။ နောက်တစ်ချိန် သူမြန်မြန် အောင်မြင်မှုရရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ တစ်ခုလက်လွှတ်လိုက်ရသည်က သိပ်ကိစ္စမရှိ။ သို့သော် သုံးခုဆုံးရှုံးလိုက်ရပြီဖြစ်၍ နောင်တစ်ချိန် သူ့ကျင့်စဉ်အထောက်အပံ့ရှာဖို့ များစွာပိုခက်ခဲသွားမည်။

သက်သက်မဲ့အချိန်ကုန်တော့မည်။

သို့သော် သူရွေးစရမရှိ။ ရွှေသန္ဓေအဆင့်သာရှိသေးသဖြင့် ဒဏ်ရာရထားသည့်တိုင် မန်ထန်ကို သူယှဉ်နိုင်မည်မဟုတ်။

"အခုဘာလုပ်မလဲ၊ ဘယ်သွားမလဲ'

သူခပ်တင်းတင်းမေးလိုက်သည်။

"ငါတို့လက်ရှိအနေအထားနဲ့ ဟန်ရွှေမြို့ဆက်လုပ်မယ့် အစီအစဉ်တွေမှာ ဝင်ပါနိုင်မှာမဟုတ်ဘူး။ ဟိုနားကအိမ်ကိုတွေ့လား။ အိမ်ပိုင်ရှင်က သစ်သားရုပ်ထုတစ်ခုကိုကိုးကွယ်တာ။ ဒါပေမယ့်တကယ်တော့ အဲဒါ ငါထားခဲ့တဲ့သရဲတစ်ကောင်ကို ကိုးကွယ်နေတာပဲ။ အဲဒီ့သရဲက တစ်အိမ်လုံးကိုထိန်းချုပ်ထားပြီးပြီ။ ဘယ်သူမှ အာရုံမခံနိုင်ဘူး။ လောလောဆယ် အဲဒီမှာသွားပုန်းရအောင်"

"ကောင်းပြီလေ"

အိမ်ဆီအတင်းပြေးသွားလို့သည့်စိတ်ကိုထိန်း၍ တစ်ခြားလူမရိပ်မိစေရန် ပုံမှန်ခြေလှမ်းဖြင့် လျှောက်ကြသည်။

"မင်းတို့နှစ်ယောက်က သွားတော့မလို့လား"

ရုတ်တရက်ပေါ်လာသည့် စကားသံကြောင့် နှစ်ယောက်လုံး ရင်ထိတ်သွားပြီး ချက်ချင်းမော့ကြည့်လိုက်သည်။

စက္ကူဦးထုပ်နှင့်လူတစ်ယောက် သူတို့ရှေ့တွင် ပိတ်ရပ်နေသည်။ လမ်းသွားလမ်းလာများ ထိုလူကိုလုံးဝသတိထားမိပုံမရ။

"မင်းဘယ်သူလဲကွ"

ဦးထုပ်နှင့်လူက အေးစက်စက်ရယ်မောနေသည်။ သူ့ရယ်သံက နည်းနည်းအက်ကွဲကွဲဖြစ်နေသည်။

"မင်းတို့မဟာယုကျင့်ကြံသူတွေက နေရာစုံကသရဲတွေဖမ်းခေါ်လာပြီး ဟန်ရွှေ့မြို့မှာ ပစ်ထားလို့ ငါတို့ကိုးငရဲဂိုဏ်း အပြစ်တင်ခံရတယ်။ ကောင်းကင်ရုံးတော်ကတောင် ငါတို့သံသယဝင်နေပြီ။ ငါတို့ဂိုဏ်းနှစ်ခုကြားက ဆက်ဆံရေး အစွန်းအထင်းဖြစ်နေရပြီ။ ဒါတောင်မင်းတို့က ငါဘယ်သူလဲ မေးနေတယ်ပေါ့"

"ကိုးငရဲဂိုဏ်း...ပြေးဟေ့"

"လွတ်မယ်ထင်လား"

နောက်ထပ် စက္ကူဖြူဦးထုပ်နှင့်လူသုံးယောက် ပေါ်လာပြီး သူတို့ကို ဝိုင်းထားသည်။

မဟာနတ်ဆိုးဂိုဏ်းလေးဂိုဏ်း နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သည်မှာ ထိပ်တန်းထွက်ပြေးနည်းစွမ်းရည်များကြောင့်ဖြစ်သည်။

"မင်းတို့ကောင်တွေက ငါတို့စီးပွားရေးကိုလည်း ထိခိုက်‌အောင်လုပ်တယ်။ ငါတို့ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ကျောက်ရိုးက အတော်လေးမကျေမနပ်ဖြစ်နေတယ်။ ကြွေးဟောင်းကြွေးသစ်နှစ်ခုလုံးပေါင်းပြီး ရှင်းကြတာပေါ့"

စက္ကူဦးထုပ်နှင့်လူက နှစ်ယောက်လုံးကိုဖမ်းဆီးလိုက်သည်။ ထို့နောက် နေရာမှချက်ချင်းပျောက်ကွယ်သွားလေသည်။

.....

"ဒီနှစ်ကောင်လွတ်သွားတာ နာတယ်ကွာ"

ချိုးကျင်အန်း သက်ပြင်းချသည်။ တစ်ယောက်ဖမ်းနိုင်လျှင်ပင် အဖိုးတန်သတင်းအချက်အလက်များစွာ ရနိုင်လောက်သည်။

"သခင်ချွေ့၊ ဒီကို ဘယ်လိုရောက်လာတာလဲ"

လုယန် လေးစားမှုအရမေးလိုက်သည်။

"ဪ...ယာယီဂိုဏ်းချုပ်ပါလား။ မတွေ့ရတာကြာပြီနော်"

ချီုးကျင်အန်း ဟန်လုပ်၍ပြုံးပြနှုတ်ဆက်သည်။

"အခုထိ ခင်ဗျားက ယာယီဂိုဏ်းချုပ်လုပ်နေတုန်းပဲလား"

ဓာတ်ငါးမျိုးဂိုဏ်းနှင့်တာအိုလမ်းစဉ်ဂိုဏ်း နှီးနှောဖလှယ်ပွဲတွင် သူတို့မရှုမလှရှုံးနိမ့်ခဲ့သည်။ ထိုစဉ်က ထာဝရနတ်မယ်သည် သုံးရက်တာ ဂိုဏ်းချုပ်လုပ်နေချိန််ဖြစ်သည်။

ပြိုင်ပွဲသတ်မှတ်ချက် ဆွေးနွေးရင်း ယွမ်ကျိကို ယာယီဂိုဏ်းချုပ်ဟုထင်၍ ချိုးကျင်အန်းက သူ့အတော်ဆုံးတပည့်ကို တာအိုလမ်းစဉ်ဂိုဏ်းမှ အထူးချွန်ဆုံးတပည့်နှင့် ယှဉ်ပြိုင်ခိုင်းရန် အဆိုပြုခဲ့သည်။

ထို့နောက် ယွမ်ကျိရှေ့တက်လာပြီး သူယာယီဂိုဏ်းချုပ်မဟုတ်တော့ကြောင်းပြောသည်။

ချိုးကျင်အန်းအမြင်တွင် ထိုစဉ်က ဂိုဏ်းချုပ်နေရာကို ယူထားသူမှာ လုယန်ဖြစ်သည်။

ချိုးကျင်အန်းစကားကြောင့် ကျောက်ပို အံ့အားသင့်သွားသည်။ ဤအကိုလုက တာအိုလမ်းစဉ်ဂိုဏ်း၏ ယာယီဂိုဏ်းချုပ်ဖြစ်ခဲ့သည်ဟု ပြောနေသည်။

သို့ဆိုလျှင် အကိုလုသည် လူငယ်မျိုးဆက်တွင် စွမ်းအားအကြီးဆုံးဖြစ်ရုံသာမက အမြင့်ဆုံးရာထူးကိုလည်း ရခဲ့သည့်သဘောဖြစ်သည်။

သူနှင့်သက်တူရွယ်တူချင်းဖြစ်သော်လည်း ကွာခြားချက်က ကြီးမားလွန်းသည်။

"အမကြီးယွမ်ကျိအတွက် ကျုပ်နေရာဖယ်ပေးလိုက်ပါပြီ"

လုယန် ရိုးသားစွာ ပြန်ဖြေသည်။

"ဒါတွေထားပါတော့။ အခုငါဒီကိုလာတာ ကျိန်စာကိုဖြေရှင်းတဲ့နည်းတွေ့ပြီလို့ မုန်သခင်လေးကို လာပြောတာပါ"

"တကယ်လား"

မုန်ကျင်းကျိူး မျက်လုံးအရောင်လက်သွားသည်။

"လိမ်ပြောပါ့မလား။ အထပ်ထပ်အတည်ပြုပြီးသားပါ။ ဒီနည်းလမ်းက အတော်စိတ်ချရပါတယ်။

...နိုင်ငံ့ကံကြမ္မာစွမ်းအားအကြောင်း မင်းကြားဖူးလား"

ချိုးကျင်အန်းက ပဟေဠိလုပ်၍ မေးသည်။

"မသေမျိုးတွေအသုံးပြုတဲ့ နိုင်ငံ့ကံကြမ္မာစွမ်းအားလား"

ချိုးကျင်အန်း အံ့အားသင့်သွားသည်။ အမှန်တော့ သူအသိဗဟုသုတများကြောင်း လူငယ်မျိုးဆက်ရှေ့တွင် အထင်ကြီးခံလိုသဖြင့် မေးလိုက်ခြင်းဖြစ်သည်။ နိုင်ငံကံကြမ္မာစွမ်းအားအကြောင်း ပြောပြီးသည်နှင့် ထိုလူငယ်များ မေ့ပျောက်သွားမည်ဟု ထင်ထားသည်။ သို့သော် မုန်ကျင်းကျိုးက သိနေသည်။

တကယ်တမ်းပြောရလျှင် သူလည်း နိုင်ငံ့ကံကြမ္မာစွမ်းအားအကြောင်း မှတ်မိမနေသင့်ပါ။ သို့သော် မသေမျိုးဂိုဏ်းချုပ်တစ်ယောက်ဖြစ်၍ ထိုအကြောင်း မကြာခဏဆွေးနွေးရသည်။ တော်ဝင်ရုံးတော်က မသေမျိုးဂိုဏ်းချုပ်တိုင်းကို နိုင်ငံ့စွမ်းအားအကြောင်း မှတ်မိနေစေရန် ရတနာတစ်ခုစီပေးထားသည်။

"ဟုတ်တယ်။ နိုင်ငံ့ကံကြမ္မာစွမ်းအားပဲ။ ရှားနိုင်ငံရဲ့ ကောင်တီစားတွေ နယ်စားတွေအားလုံးကို ဘယ်သူမှအန္တရာယ်မပေးနိုင်အောင် ဒီစွမ်းအားက ကာကွယ်ထားတယ်။ အဲဒါဘယ်လိုသဘောသက်ရောက်လဲသိလား"

လုယန် သူ့အတွေးလမ်းကြောင်းကို ချက်ချင်းရိပ်မိသည်။

"နိုင်ငံကံကြမ္မာစွမ်းအားက ကျိန်စာတန်ပြန်သက်ရောက်မှုကို ဖျက်ဆီးနိုင်တဲ့သဘောပေါ့"

"သိပ်မှန်တာပေါ့။ အဲဒါက တန်ပြန်သက်ရောက်မှုကို ဖျက်ဆီးနိုင်တယ်။ မသေမျိုးစွမ်းအားပဲလေ။ နိုငံ့ကံကြမ္မာစွမ်းအားနဲ့ ဆေးကြောလိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ"

မုန်ကျင်းကျိုး ဝမ်းသာသွားသည်။ ထိုနည်းလမ်းက အလောင်းထိန်းဂိုဏ်းချုပ် ကူးဖြတ်ခြင်းအဆင့်တက်ပြီး ကူညီမည့်အချိန်ကို စောင့်ရသည်ထက် များစွာပိုစိတ်ချရသည်။

***************************************

All Chapters