← Chapters

လူငယ်မျိုးဆက်တွင် ထိပ်ဆုံးကလူ

Vol. 29 Ch. 432

လူငယ်မျိုးဆက်တွင် ထိပ်ဆုံးကလူ

Vol. 29 Ch. 432

"သတင်းရင်းမြစ်တွေအများကြီးကနေ ဒီကိစ္စကို ငါအတည်ပြုပြီးပြီ။ နိုင်ငံ့ကံကြမ္မာစွမ်းအားရဲ့ လုပ်ဆောင်ပုံက အတော်အဆင့်မြင့်တယ်။ မင်းတို့ကျင့်စဉ်အဆင့်နဲ့ နားမလည်နိုင်သေးဘူး။ လောလောဆယ်သိထားရမှာက အဲဒီ့စွမ်းအားဟာ ကျိန်စာကိုဖျက်နိုင်တယ်ဆိုတာပဲ"

ချိုးကျင်အန်း သတိပေးသည်။ ထိုကဲ့သို့လျှို့ဝှက်ချက်များကိုစူးစမ်းဖို့ လုယန်တို့ကျင့်စဉ်အဆင့်က နိမ့်လွန်းသေးသည်။

ကူးဖြတ်ခြင်းအဆင့်များသာ ထိုအကြောင်းများကို သိခွင့်ရှိသည်။ မသေမျိုးဂိုဏ်းချုပ်တစ်ယောက်သာမဟုတ်လျှင် သူလည်း ထိုအကြောင်းသိခဲ့မည်မဟုတ်။

လုယန် အပြည့်အဝထောက်ခံသည်။

"ဟုတ်ပါတယ်။ နိုင်ငံ့ကံကြမ္မာစွမ်းအားဟာ တော်ဝင်ရုံးတော်က မသေမျိုးတွေပိုင်ဆိုင်ထားတဲ့ လက်နက်ပါ။ အရိယဖလတွေနဲ့ ပတ်သက်နေတယ်။ အဆိပ်နဲ့ရောဂါဆိုးတွေအားလုံး ဝင်မလာနိုင်အောင် ကာကွယ်ပေးတယ်။ ကြီးမားတဲ့တိုက်ခိုက်စွမ်းအားမျိုး ချက်ချင်းထုတ်ပေးနိုင်တယ်။ လူတွေကို အလိုလိုမေ့လျော့စေနိုင်တဲ့ အာနိသင်ရှိတယ်။ မဟာယုခေတ်က နိုင်ငံ့ဆရာတောင် ဒီစွမ်းအားကိုကြောက်လို့ ပေါ်ပေါ်ထင်ထင်မဆန့်ကျင်ရဲတာပါ"

ချိုးကျင်အန်း ပက်လက်လန်မတတ်ဖြစ်သွားသည်။ လုယန်သိထားသည်က သူ့ထက်ပိုများနေသည်။

ရွှေသန္ဓေအဆင့်တစ်ယောက်က ထိုအတိုင်းအတာထိ သိနေသင့်သလော။

သူရွှေသန္ဓေအဆင့်ရောက်ခဲ့စဉ်ကအချိန်ကို ပြန်တွေးမိသည်။ အမည်မသိရှေးခေတ်မသေမျိုးက ကြယ်ကမ္ဘာများကို တိုက်နယ်အဖြစ်သန့်စင်သည့်ကိစ္စလောက်သာ သူသိခဲ့သည်။ မသေမျိုးနှင့် အရိယဖလို အယူအဆများကို သူလုံးဝလက်လှမ်းမမီခဲ့။

ရွှေသန္ဓေအဆင့်များ ဝင်ရောက်နိုင်သည့် နတ်ဝိညာဉ်အဆင့် ဝိညာည်ပြောင်းအဆင့်များကျန်ခဲ့သည့် လျှို့ဝှက်နယ်မြေများသို့ တစ်ခါတစ်လေစွန့်စားသွားလာခဲ့ရုံလောက်သာရှိသည်။

ထို့ပြင် နိုင်ငံ့ကံကြမ္မာစွမ်းအားသည် မေ့ပျောက်စေသည့် အစွမ်းမျိုးရှိသည်။ သူကိုယ်တိုင်းလည်း နန်းတော်မှ ရတနာတစ်ခုရမထားလျှင် မှတ်မိနေမည်မဟုတ်။

လုယန်က ဘာကြောင့်မေ့မသွားသနည်း။

သို့သော် ခဏသာစဉ်းစားပြီး သူဆက်မတွေးတော့။ တာအိုလမ်းစဉ်ဂိုဏ်းတွင် ထူးဆန်းသည့်ကိစ္စများ မရေမတွက်နိုင်အောင်ရှိသည်။ လုယန်ဖြစ်လည်း ထိုကိစ္စများထဲမှ တစ်ခုမျှသာဖြစ်သည်။

ဥပမာ ကျယ်ပြန့်သည့်ကျင့်ကြံမှုလောကကြီးက ဂြိုလ်ဆိုးကိုးကောင်ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ ဘာကြောင့်တစ်စုတစ်ဝေးတည်း ဝင်ခွင့်ပေးခဲ့သည်ကို သူနားမလည်။

'အသွင်တူရာစု့'သည်ဟုသာ ယူဆရတော့မည်။

"ဒီအကြောင်းသိပြီးတော့ မင်းကိုရှာဖို့ တာအိုလမ်းစဉ်ဂိုဏ်းကို ငါသွားခဲ့တယ်။ ဟိုအရူးအိုတွေက မင်းတို့ အရိုင်းနယ်မြေကိုသွားတယ်ပြောလို့ ငါအမြန်လိုက်လာတာ။ မဟာယုကျင့်ကြံသူ မင်းတို့ကို တိုက်ခိုက်ခါနီးမှာ ငါအချိန်ကိုက်ရောက်လာတာပဲ"

ချိုးကျင်အန်း စိတ်သက်သာရာရသည့်မျက်နှာမျိုးရှိနေသည်။ သူအချိန်မီရောက်လာ၍ပဲ လုယန်တို့ ကံကောင်းသွားသလိုလို မျက်နှာပေးမျိုးဖြစ်သည်။

လုယန် ချိုးကျင်အန်းကို မျက်လုံးစွေ၍ကြည့်သည်။ အချိန်မီရောက်လာခြင်းမဟုတ်ပါ။ နတ်မယ်က သူ့ကိုပြောထားပြီးဖြစ်သည်။ လမ်းတစ်လျှောက်လုံး ထိုအဘိုးကြီးက နောက်ယောင်ခံလိုက်လာပြီး သူတို့အဖြစ်ကို အရသာခံ၍ကြည့်နေခဲ့ခြင်းသာဖြစ်သည်။

ချိုးကျင်အန်းနှင့် သခင်မန်ထန်တို့တိုက်ပွဲက ပြင်းထန်သဖြင့် ဟန်ရွှေ့မှအရာရှိများ ချက်ချင်းရောက်လာသည်။

တိုက်ပွဲကွင်းအခြေအနေကိုကြည့်၍ အဆင့်မြင့်စွမ်းအားရှင်များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင် အရာရှိများ ရိပ်စားမိကြသည်။ ရောက်လာသည့်လူများထဲတွင် မြို့တော်၏အဆင့်မြင့်ဆုံးတပ်မှူးလည်း ပါလာသည်။ ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။

"ဪ...မိတ်ဆွေချိုးပဲ"

ဟန်ရွှေ့တပ်မှူးက ချိုးကျင်အန်းကို ဦးညွှတ်အရိုအသေပြု၍ နှုတ်ဆက်သည်။

မဟာရှားအရာရှိများ မသေမျိုးငါးဂိုဏ်းခေါင်းဆောင်များကို လောကဝတ်ပြုရသည်မှာ ထုံးစံဖြစ်သည်။

မည်သို့ဆိုစေ မသေမျိုးဂိုဏ်းချုပ်များသည် ဥပဒေအတည်ပြုနိုင်သည့် ဩဇာနှင့် စွမ်းအားရှိသည်။

တစ်ခါက အဖြစ်အပျက်တစ်ခု ရှိခဲ့သည်။ တာအိုရှင်ဝစီပိတ် လူရှေ့သူရှေ့တွင် ပြစ်မှုတစ်ခုကျူးလွန်းသည်။

အရာရှိများက ဩဇာတိက္ကမရှိသည့် ပုဂ္ဂိုလ်မှန်းသိသဖြင့် ထိုကိစ္စကို ဖုံးကွယ်ထားဖို့ စဉ်းစားကြသည်။

သို့သော် ဝစီပိတ်က မကျေနပ်ဘဲ ထိုကိစ္စကို မဟာရှားဆီ တိုက်ရိုက်အစီရင်ခံသည်။ ထိုအရာရှိ အပြစ်ပေးခံလိုက်ရသည်။

ဝစီပိတ်လည်း သူ့ပြစ်မှုအတွက် ထောင်ကျသွားသည်။

ထိုသို့ဖြစ်ပြီးနောက်ပိုင်း တော်ဝင်ရုံးတော်နှင့် အရာရှိများ ထိတ်လန့်သွားကြသည်။ ဘယ်သူမှ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက် ဥပဒေကို မသွေဖယ်ရဲတော့။ အထူးသဖြင့် မသေမျိုးငါးဂိုဏ်းရှေ့တွင် မလုပ်ရဲကြ။

မည်သို့ဆိုစေ ကိုယ့်ကိုယ်ကို ထောင်ချခဲ့သည့် တာအိုရှင်ဝစီပိတ်ရှိနေသည်။

"ခင်ဗျားက..."

ချိုးကျင်အန်း ရောက်လာသည့်တပ်မှူးကို မမှတ်မိ။

"ကျုပ်က အရိုင်းနယ်မြေတပ်မှူး အန်းဖျင်ပါ"

"ဪ...တပ်မှူးအန်းဖျင်ကိုး"

တစ်ခါမှမတွေ့ဖူးသော်လည်း ချိုးကျင်အန်း မှတ်မိသွားသယောင် ဟန်လုပ်သည်။

"ကောင်းကင်မှာ မီးတောက်တွေတက်လာတာ မြို့ထဲကနေ ကျုပ်လှမ်းမြင်လို့ပါ။ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ပြောပြပါဦး သခင်ချိုး"

"မဟာယုခေတ်က စုစည်းခြင်းဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ကျုပ်တွေ့တယ်။ ရင်ဆိုင်တိုက်ခိုက်ကြတော့ နှစ်ကွက်အတွင်းမှာပဲ သူရှုံးပြီး ကြောက်လန့်တကြား ထွက်ပြေးသွားတယ်လေ။

သူ့စကားအရ မြို့တော်မှာ သရဲကပ်ဆိုက်နေတဲ့ကိစ္စဟာ သူ့လက်ချက်တဲ့။ သူမှာ ကြံရာပါတွေရှိသေးလားဆိုတာတော့ သေချာမသိဘူး"

တပ်မှူးအန်းမျက်နှာ လေးနက်တည်ကြည်လာသည်။ ဤကိစ္စသည် ပေါ့သေးသေးမဟုတ်။ သရဲအန္တရာယ်သည် အဓိကဦးစားပေးပြဿနာဖြစ်သည်။ ကိုးငရဲဂိုဏ်းလက်ချက်ဟု သူတို့သံသယဝင်ခဲ့သည်။

ယခု လက်စသပ်တော့ မဟာယုကျင့်ကြံသူများလက်ချက် ဖြစ်နေသည်။

"ဒီကိစ္စကို နယ်စားနဲ့ ထပ်ဆွေးနွေးဦးမလား သခင်ချိုး"

ချိုးကျင်အန်း ပြုံးလိုက်သည်။

"ကျုပ်လည်း နယ်စားမင်းနဲ့ ဆွေးနွေးစရာတွေရှိနေတာနဲ့ အတော်ပါပဲ"

"ကောင်းတာပေါ့။...ဒါနဲ့ သူတို့က ဘယ်သူလဲ"

"သူတို့က တာအိုလမ်းစဉ်ဂိုဏ်းတပည့် သုံးယောက်ပါ။ သူတို့ကို ဦးဆောင်လာတဲ့ ဒီတစ်ယောက်က ဝစီပိတ်ရဲ့တပည့်ပါ"

လုယန်အကြောင်းသိသည်နှင့် တပ်မှူးအန်း လေးစားရိပ်သန်းလာသည်။

တပ်မှူးဝေသည် တက်သစ်စကြယ်ပွင့်ဖြစ်သည်။ ဝစီပိတ် တက်ကြွလှုပ်ရှာခဲ့စဉ်အချိန်က သူမမွေးသေး။ သို့သော် ဝစီပိတ်အကြောင်းနှင့်ပတ်သက်သည့် ဒဏ္ဍာရီပုံပြင်များ နားထောင်ရင်း ကြီးပြင်းခဲ့ရသည်။

ဝစီပိတ်တပည့်ဖြစ်ခြင်းသည် ဘယ်လောက်ကံဆိုးမှန်း သူသိသည်။

"ဒါက အလောင်းထိန်းဂိုဏ်းတပည့်ပါ။ ပြီးတော့ ဒီရေနစ်သရဲရယ် သတိလစ်နေတဲ့ ဟိုလျိုစန်းနဲ့သူ့မိန်းမရယ်ပေါင်းပြီး လိမ်လည်မှုတစ်ခု ကျူးလွန်ခဲ့တယ်။ စစ်ဆေးမေးမြန်းဖို့ ခင်ဗျားဆီလက်လွှဲလိုက်တော့မယ်"

တပ်မှူးအန်းအမိန့်ကိုပင် မစောင့်တော့ဘဲ သူ့တပည့်များက ချက်ချင်းဖမ်းဆီးကြသည်။

ကျန်သည့်ကိစ္စများ လုယန်တို့ ဝင်စွက်ဖို့မလိုတော့။

"ခဏနေပါဦး"

ထိုနေရာမှ ထွက်မသွားမီ လုယန်က‌ပြောသည်။ ခြောက်ကပ်အေးစက်သည့် ရေကန်ထဲသို့ လက်ဆန့်လိုက်သည်။ သူ့အင်္ကျီလက်ထဲမှ ဆားငရန်ရေများ အဆက်မပြတ်ထိုးထွက်လာပြီး ရေကန်တစ်ခုလုံး ပြည့်သွားသည်။

ရွာလက်ဝါးထဲတွင် စုပ်ယူထားသည့် ကန်ရေကို ပြန်ထည့်ခြင်းဖြစ်သည်။

တပ်မှူးအန်း မင်သက်မိသွားသည်။ လုယန်က အသက်ငယ်ငယ်ဖြင့် စကြာဝဠာအင်္ကျီလက်ပညာကို ကျွမ်းကျင်နေသောကြောင့်ဖြစ်သည်။

သူ့အမူအရာကိုကြည့်၍ ချိုးကျင်အန်း သဘောကျသွားပြီး တဟားဟားရယ်နေသည်။

"အံ့ဩသွားတယ်မဟုတ်လား။ ခုနက လုယန်ဟာ ကျင့်စဉ်ဖျက်ပြီး အစကနေပြန်ကျင့်ကြံနေတဲ့ မဟာယုစုစည်းခြင်းအဆင့်တစ်ယောက်ကို တိုက်ခိုက်ပြီး သက်တောင့်သက်သာ အနိုင်ယူခဲ့တာပါ။ သူ့တိုက်ခိုက်စွမ်းအားဟာ လူငယ်မျိုးဆက်ထဲမှာ နံပတ်တစ်ဖြစ်ထိုက်ပါတယ်"

သူ့တပည့်ရင်းလည်း ထိုမဟာယုကျင့်ကြံသူကို အနိုင်ယူနိုင်ပါသည်။ သို့သော် လုယန်လိုတော့ အလွယ်တကူ အနိုင်ရမည်မဟုတ်။

လုယန်၏တိုက်ပွဲကို သူအကဲခတ်နေခဲ့သည်။ လုယန်သည် ရွှေသန္ဓေစွမ်းအားကိုပင် ထုတ်မသုံးခဲ့။ ထိုထက်ပိုစွမ်းအားကြီးသည့်ပညာများ လျိုထားသေးသည်ဟု သူယူဆသည်။

အဆင့်တူချင်းဆိုလျှင် သူပင် လုယန်ကိုနိုင်မည်မဟုတ်။

ယွမ်ကျိတပည့်ဖြစ်ဖို့ တကယ်ထိုက်တန်သည်။

"အဲလောက်တောင် စွမ်းအားကြီးတာလား"

တပ်မှူးအန်း နောက်တစ်ကြိမ် အံ့အားသင့်ရပြန်သည်။ ချိုးကျင်အန်းက လုယန်ကို ထိုမျှချီးကျူးမည်ဟု ထင်မထားခဲ့။

ချိုးကျင်အန်းသည် အတွေ့အကြံနှင့် အသိပညာကျယ်ပြန့်သူဖြစ်သည်။ သူအကဲဖြတ်ချက်သည် မမှားနိုင်။ ချဲ့ကားပြောစရာလည်း အကြောင်းမရှိ။ မည်သို့ဆိုစေ လုယန်သည် တာအိုလမ်းစဉ်ဂိုဏ်း၏ တပည့်ဖြစ်သည်။ ဓာတ်ငါးမျိုးဂိုဏ်းဝင်မဟုတ်။

တာအိုလမ်းစဉ်ဂိုဏ်းသည် ခါတိုင်းလိုပင် ပါရမီရှင်များ ဆက်၍မွေးထုတ်နေဆဲဖြစ်သည်။

ကျောက်ပိုလည်း ထိုသို့ပင်တွေးသည်။ လုယန်၏ တိုက်ခိုက်စွမ်းအားကိုမြင်ပြီးနောက် လူငယ်မျိုးဆက်တွင် နံပတ်တစ်ဖြစ်လာမည်ဟု သူခံစားနေရသည်။ သို့သော် အတွေ့အကြုံနည်းသေးသဖြင့် သူရမ်းသမ်းကောက်ချက်မချရဲ။

"မင်းကြားလိုက်လား။ လူငယ်မျိုးဆက်မှာ ငါကနံပတ်တစ်တဲ့"

လုယန်က မုန်ကျင်းကျိုးနှင့် အရိုးရိုင်းရှေ့တွင် ကြွားလုံးထုတ်သည်။

"အကိုလုက တကယ်အံ့ဩစရာကောင်းတဲ့လူပါ"

အရိုးရိုင်းက စိတ်ရင်းဖြင့် လက်ခုပ်တီး၍ အားပေးသည်။

မုန်ကျင်းကျိုးက နှာခေါင်းရှုံ့သည်။ လုယန်၏ဘဝင်က ခေါင်ခိုက်နေသည်ဟုမြင်

"ဘာနံပတ်တစ်လဲ။ လူငယ်မျိုးဆက်နံပတ်တစ်က အမယွမ်ပါ"

လုယန် အော်ရယ်သည်။

"မင်းက မနာလိုဖြစ်နေတာပါကွာ။ အမယွမ်က ငါတို့မျိုးဆက်ကမဟုတ်-"

လုယန် မုန်ကျင်းကျိုး၏ လှောင်ပြုံးရိပ်ကို ရုတ်တရက် သတိထားမိသွားသည်။ ထိုစကားသည် ပြဿနာတက်နိုင်ကြောင်း လုယန်နားလည်လာပြီး ချက်ချင်းပါးစပ်ပိတ်လိုက်သည်။

မုန်ကျင်းကျိုးက စကားထောင်ချောက်ဆင်ခဲ့သူမဟုတ်လေသကဲ့သို့ ဟိုဟိုဒီဒီမျက်လုံးဝေ့ကြည့်နေသည်။

.....

တပ်မှူးအန်း၏ ဦးဆောင်မှုဖြင့် သူတို့လူစု အရိုင်းနယ်မြေ၏ နယ်စားသစ်နှင့် ချောမွေ့စွာ တွေ့ဆုံခွင့်ရသည်။

***********************************

All Chapters