ကျိန်စာပြယ်ပြီ
Vol. 29 Ch. 434
"နိုင်ငံ့ကံကြမ္မာစွမ်းအားကို သုံးချင်တယ်ပေါ့"
နယ်စားလွီ ခဏမင်သက်မိသွားသည်။
"အဆင်မပြေလို့လား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး ပြေပါတယ်"
မသေမျိုးငါးဂိုဏ်းနှင့် တော်ဝင်ရုံးတော်သည် လမ်းမှန်မဟာမိတ်များဖြစ်သည်။ အနိမ့်မြင့်ခွဲခြားဆက်ဆံရေမျိုးမရှိ။
လွန်ခဲ့သည့်နှစ်တစ်သောင်းက တာအိုလမ်းစဉ်ဂိုဏ်းဘိုးဘေးသည် တစ်ခြားဂိုဏ်းလေးဂိုဏ်းနှင့်အတူ မသေမျိုးငါးဂိုဏ်းကို တည်ထောင်ပြီး မဟာရှားနှင့်မဟာမိတ်ဖွဲ့ခဲ့သည်။ ဥပဒေစီရင်ပိုင်ခွင့် ကြီးကြပ်ပိုင်ခွင့်နှင့် အခွန်လွတ်ငြိမ်းခွင့်များလည်း ခံစားခွင့်ရသည်။
မှန်သည်။ မသေမျိုးငါးဂိုစ်း၏ခေါင်းဆောင်များသည် နိုင်ငံ့ကံကြမ္မာစွမ်းအားကို သုံးစွဲခွင့်ပြုထားသည်။
ထိုမဟာမိတ်သဘောတူညီချက်များကို သတိထားသဖြင့် ချိုးကျန်အန်းက တောင်းဆိုခြင်းဖြစ်သည်။
ထိုကိစ္စများကို နယ်စားလွီမသိ။ သို့သော် အရိုင်းနယ်မြေတွင် သူ့အရာထူးလွှဲပြောင်းမယူမီ ရှားအင်ပါယာက မသေမျိုးဂိုဏ်းခေါင်းဆောင်များ နိုင်ငံကံကြမ္မာစွမ်းအားကို သုံးခွင့်ရှိကြောင်း သူ့ကိုအကျဉ်းချုပ်ရှင်းပြခဲ့သည်။
သူ့ထက် ချိုးကျင်အန်းက ထိုစွမ်းအားအကြောင်း ပိုနားလည်သည်။
"သခင်ချွေ့ရဲ့ ပြိုင်ဘက်ကင်းကျင့်စဉ်စွမ်းအားနဲ့ ဘယ်လိုပြဿနာမျိုးကြုံနေလဲလို့ စဉ်းစားနေတာပါ။ တစ်ယောက်ယောက်က ကျိန်စာတိုက်ခဲ့လို့လား"
နယ်စားလွီ စကားလုံးသေချာရွေးချယ်၍မေးသည်။
ချိုးကျင်အန်း သက်ပြင်းချသည်။
"ပြောင်းရင်အရှည်ကြီးပဲ။ ကံကြမ္မာအလှည့်အကြောင်းကြောင့် ဒီမုန်သခင်လေးနဲ့ကျုပ်ဆုံခဲ့တယ်။ အဲဒီတုန်းက အခြေအနေကအရေးကြီးနေတော့ လောကကြီးငြိမ်းချမ်းအောင် မကောင်းဆိုးဝါးကိုရှင်းပစ်ဖို့ နတ်ဆိုးဂူအတွင်းပိုင်းကို ကျုပ်တို့ဝင်သွားတယ်။
ဒါပေမယ့် နတ်ဆိုးဂူက နတ်ဆိုးဂိုဏ်းရဲ့ အမာခံစခန်းတစ်ခုဖြစ်နေတယ်။ စွမ်းအားရှင်တွေ အပြည့်ရှိနေတယ်။ ကျုပ်တောင် အဲဒီ့တိုက်ပွဲမှာ အရေးမလှခဲ့ပါဘူး။
တစ်ယောက်နဲ့အများတိုက်ခိုက်ရတာ ခက်ခဲတဲ့အပြင် ကျုပ်စွမ်းအားကလည်း အကန့်အသတ်ရှိနေတယ်လေ။ နတ်ဆိုးဂိုဏ်းဝင်တွေက အင်အားကြီးတယ်။ တိုက်ခိုက်နေတုန်းမှာပဲ ကျုပ်နဲ့မုန်သခင်လေး နတ်ဆိုးလမ်းစဉ်သမားတွေရဲ့ကျိန်စာသင့်ခဲ့ပါတယ်"
"ဪ...အဲလိုဖြစ်ခဲ့တာလား။ ဒီနတ်ဆိုးကျင့်ကြံသူတွေဟာ တကယ်မုန်းဖို့ကောင်းတာပဲ"
နယ်စားလွီ အခြေအနေကိုသိသွားပြီးနောက် ချိုးကျင်အန်းကိုယ်စား မကျေမနပ်ဖြစ်နေသည်။
"နတ်ဆိုးဂိုဏ်းသုံးဂိုဏ်းထဲက ဘယ်ဂိုဏ်းနဲ့ တွေ့ခဲ့တာလဲ"
ချိုးကျင်အန်း ခေါင်းခါသည်။ အကျယ်ချဲ့၍ မပြောလိုတော့သည့်သဘောဖြစ်သည်။ နယ်စားလွီကလည်း အလိုက်သိသည်။ ဆက်မမေးတော့။
လုယန်နှင့်မုန်ကျင်းကျိုးတို့ မျက်နှာထားရခက်နေသည်။ သို့သော် ဘာမှဝင်မပြောကြ။
"နတ်ဆိုးဂိုဏ်းကို တစ်ကိုယ်တော်ဝင်မွှေခဲ့တဲ့ ဂိုဏ်းချုပ်ချိုးကို ကျုပ်လေးစားမိပါတယ်"
အရိုးရိုင်းက ဘုမသိဘမသိ လက်သီးတင်းတင်းဆုပ်နေပြန်သည်။ နတ်ဆိုးဂူကို တစ်ကိုယ်တော်ရှင်းလင်းခဲ့သည့် ဂိုဏ်းချုပ်ချိုးလုပ်ရပ်ကို သဘောကျနေသည်။
တာအိုလမ်းစဉ်ဂိုဏ်းသို့ ချိုးကျင်အန်း ခိုးဝင်ချိန်တွင် အရိုးရိုင်းက အရိုင်းနယ်မြေတွင် အရွယ်ရောက်အထိမ်းအမှတ်ပွဲ တက်နေဆဲဖြစ်သည်။ ထိုကိစ္စကို သူမသိ။
"နိုင်ငံ့ကံကြမ္မာစွမ်းအားကိုသုံးလို့တေ့ ရပါတယ်။ ဒါပေမယ့် ကျုပ်က ဒီစွမ်းအားမျိုး အခုမှတွေ့ဖူးတာ။ ဘယ်လိုသုံးရမလဲဆိုတာ သိပ်နားမလည်သေးဘူး"
"ကိစ္စမရှိဘူး။ ရှုပ်ရှုပ်ထွေးထွေးနည်းလမ်းတွေမလိုပါဘူး။ အဲဒီ့စွမ်းအားသုံးပြီး ကျုပ်တို့ကို ဆေးကြောသန့်စင်ပေးရုံပါပဲ"
"ကောင်းပြီလေ"
နယ်စားလွီ အလွယ်တကူပင် လက်ခံသည်။
နိုင်ငံ့ကံကြမ္မာစွမ်းအားသည် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ နယ်စားလွီက ကံဆိုးသူနှစ်ယောက်ဖြစ်သည့် ချိုးကျင်အန်းနှင့် မုန်ကျင်းကျိုးကို ဦးဆောင်ခေါ်သွားသည်။ လုယန်၊ အရိုးရိုင်းနှင့် ကျောက်ပိုတို့က နေရာတွင်စောင့်နေခဲ့သည်။
ဆက်တိုက်ကြုံခဲ့ရသည့် အဖြစ်အပျက်များကြောင့် သူတို့သုံးယောက် နည်းနည်းပင်ပန်းနေကြသည်။ အစက ရေနစ်သရဲကိစ္စဖြေရှင်းဖို့သာ လာခဲ့ခြင်းဖြစ်သည်။ သို့သော် အခြေအနေက ထိန်းမနိုင်သိမ်းမရ အရှိန်တက်သွားသည်။ ကျင့်စဉ်ပြန်စသူကိုတွေ့သည်။
ရှေးဟောင်းစုစည်းခြင်းကျင့်ကြံသူ ပေါ်လာသည်။ ချိုးကျင်အန်းက ဝင်ကယ်သည်။ ကျိန်စာရှင်းနည်းကြား၍ ဤနေရာသို့ရောက်လာသည်။
"အကိုဟွမ်မင်က ကျင့်စဉ်ပြန်စခဲ့တဲ့ ရှေးဟောင်းစုစည်းခြင်းကျင့်ကြံသူလို့ ဘယ်သူတွေးမိခဲ့မှာလဲ"
ကျောက်ပို မချိပြုံးပြုံး၍ပြောသည်။ ဟွမ်မင်နှင့် ကျင့်စဉ်အမြင်များ ဖလှယ်ချင်ခဲ့သည်။ သူ့ကို ဟွမ်မင်က အရေးမစိုက်။ အရင်က အကြောင်းရှင်းကို နားမလည်ခဲ့။ သို့သော်အခု အားလုံးရှင်းသွားသည်။ သူတို့နှစ်ယောက်သည် လမ်းကြောင်းချင်းမတူကြ။
"ဟွမ်မင်စွမ်းရည်အရဆို ကျင့်စဉ်ပြန်မစခင်ကတည်းက အလောင်းထိန်းပညာကို ကျွမ်းကျင်နေပြီးလောက်ပြီ"
လုယန်က သုံးသပ်သည်။ ထို့ကြောင့်လည်း အလောင်းထိန်းဂိုဏ်းကို ဟွမ်မင်ရွေးခဲ့ခြင်းဖြစ်သည်။
"မသေချာတာက သူ့လိုကျင့်စဉ်ပြန်စတဲ့ ရှေးဟောင်းကျင့်ကြံသူတွေ ဘယ်လောက်ရှိနေသလဲဆိုတာပဲ။ ဟွမ်မင်က ရွှေသန္ဓေအဆင့်ကို ပြန်ရောက်နေပြီ။ ဒါပေမယ့် တစ်ခြားကျင့်ကြံသူတွေက အဲဒီ့အဆင့်ရောက်ချင်မှရောက်ဦးမယ်"
လုယန် အလေးအနက်ပြောသည်။ ထိုကျင့်ကြံသူများသည် နတ်ဆိုးဂိုဏ်းဝင်များနှင့်မတူ။ နတ်ဆိုးဂိုဏ်းဝင်များက အခြေခံနှင့်အလတ်တန်းကျင့်ကြံသူများသာရှိသည်။ ရှေးဟောင်းကျင့်ကြံသူများက ထိုသို့မဟုတ်။ စုစည်းခြင်းအဆင့်မှစသည်။ ကျင့်စဉ်အဆင့် ဘယ်လောက်ထိမြင့်လာမည်ကို မသိနိုင်။ သူတို့ကိုရင်ဆိုင်ဖြေရှင်းဖို့မလွယ်။
"ကျင့်စဉ်ပြန်စတာက ဘာမှသိပ်မဆန်းပါဘူး။ သူတို့ထဲက ဘယ်သူမှ မသေမျိုးဖြစ်မလာနိုင်ဘူး။ အညံ့စားတွေပါ"
ကိုယ်တိုင်မသေမျိုးဖြစ်သည့်နတ်မယ်က အထင်သေးအမြင်သေးပြောသည်။
"နတ်မယ်၊ ခင်ဗျားဘာတွေကြည့်နေတာလဲ"
နတ်မယ်က ကုတင်ဘေးမှ အလင်းဖန်သားပြင်ကို စိုက်ကြည့်နေသည်ကို လုယန်မြင်ရသည်။
အလင်းဖန်သားပြင်မှ လူရိပ်များကို သူရင်းနှီးပြီးဖြစ်သည်။ ခုနကထွက်သွားသည့် နယ်စားလွီ၊ ချိုးကျင်အန်းနှင့် မုန်ကျင်းကျိုးတို့ဖြစ်သည်။
"နိုင်ငံ့ကံကြမ္မာစွမ်းအားသုံးတဲ့နည်းကို ငါတစ်ခါမှမမြင်ဖူးလို့ ကြည့်နေတာပါ"
"နေရာနည်းနည်းဖယ်ပါ။ ကျုပ်လည်း ကြည့်ချင်တယ်"
လုယန်လည်း စိတ်ဝင်စားလာသည်။ နေရာဖယ်ခိုင်းပြီး နတ်မယ်ဘေးတွင် မှောက်လျက်လှဲ၍ စောင့်ကြည့်သည်။
နိုင်ငံ့စွမ်းအားထိန်းချုပ်ထားသည့်နေရာကို မှော်စက်ဝန်းများဖြင့် တင်းကြပ်စွာကာကွယ်ထားသည်။ ထိုစွမ်းအားသည် ပင်ကိုယ်သဘာဝကပင် ထိုးဖောက်အာရုံခံ၍ မရနိုင်။ ကူးဖြတ်ခြင်းအဆင့်များပင် ထွင်းဖောက်မကြည့်နိုင်။
သို့သော် ထာဝရနတ်မယ်အတွက် ထိုအတားအဆီးများက စာမဖွဲ့လောက်။
မဟာရှားရုံးတော်မှ မသေမျိုးတစ်ယောက် ကိုယ်တိုင်ထိန်းချုပ်နေလျှင်တော့ ထိုးဖောက်ကြည့်နိုင်ဖို ခက်ခဲလိမ့်မည်။ သို့သော် တစ်ခြားဘယ်သူမှ နတ်မယ်၏အာရုံကို မတားနိုင်။
အလင်းဖန်သားပြင်တွင် နယ်စားလွီက မုန်ကျင်းကျိုးတို့ကို ကျောက်သားခန်းမတစ်ခုသို့ ခေါ်သွားသည်။
အခန်းက လေလုံခန်းဖြစ်သည်။ လေဟာပေါက် လုံးဝမရှိ။ ကျောက်တုံးများဖြင့် တည်ဆောက်ထားသယောင် ထင်ရသည်။ သို့သော် အမှန်တော့ အလွန်ကြီးမားသည့် ကျောက်တုံးကြီးတစ်ခုတည်းကို အခေါင်းထွင်းထားခြင်းဖြစ်သည်။
အခန်းအလယ်တွင် ရေကန်ငယ်တစ်ခုရှိသည်။ ရေကန်ဗဟိုတွင် လေးထောင့်ကွက်လေးတစ်ခုမှလွဲ၍ ဘာမှမရှိ။ နယ်စားလီက အရိုင်းနယ်မြေတော်ဝင်တံဆိပ်ကို လေးထောင့်ကွက်ထဲ ဖိသွင်းလိုက်သည်။
အလင်းလိုလို ရေလိုလိုအရာတစ်မျိုး ရုတ်တရက် ပေါ်လာသည်။ အမျှင်အချပ်များအသွင်ဖြင့် လေးထောင့်ကွက်ထဲ ပြည့်သွားသည်။
"ဪ...အဲဒါလား။ ဒါက နိုင်ငံကံကြမ္မာပေါ့"
လုယန် နည်းနည်းနားမလည်သေးသည်ကို ရိပ်မိသဖြင့် နတ်မယ်က ရှင်းပြသည်။
"နိုင်ငံ့ကံကြမ္မာစွမ်းအားက မဟာရှားနယ်မြေထဲမှာ မမြင်နိုင်တဲ့ အာရုံခံလို့မရတဲ့အသွင်မျိုးနဲ့ တစ်လက်မမကျန်ရှိနေတာပါ။ အရိုင်းနယ်မြေတံဆိပ်က သော့ပဲ။ အဲဒီ့မမြင်ရတဲ့ နိုင်ငံ့စွမ်းအားကို မြင်ရအောင် ပြောင်းလဲလိုက်တဲ့သဘောပဲ။
အရိုင်းနယ်မြေတော်ဝင်တံဆိပ်ဟာ သခင်ကိုမှတ်မိနိုင်တဲ့ ရတနာမျိုးပဲ။ နယ်စားလွီပဲ ဒီရတနာကိုသုံးနိုင်တာ။
ဒီနိုင်ငံ့စွမ်းအားက သိပ်တော့အားမကောင်းလောက်ဘူး။ ဘာလို့လဲဆိုတော့ နယ်မြေတစ်ခုတည်းရဲ့စွမ်းအားဖြစ်နေလို့လေ။ ပြည်နယ်ဆယ့်ခုနစ်ခုလုံးရဲ့စွမ်းအားကို ပေါင်းစပ်လိုက်ရင်တော့ စွမ်းအားက ခန့်မှန်းမရအောင် တိုးလာမှာပေါ့။ ရှားနန်းတော်မသေမျိုးတွေက အစွမ်းနည်းနည်းတော့ရှိပုံပဲ။
ဒါပေမယ့် နည်းနည်းပါပဲ။ ငါနဲ့တော့ ယှဉ်လို့မရသေးပါဘူး"
ကျောက်သားခန်းမတွင် မုန်ကျင်းကျိုးက နိုင်ငံ့ကံကြမ္မာစွမ်းအားကို ပထမဆုံးအကြိမ် အနီးကပ်ကြည့်ခွင့်ရနေသည်။ ကျိန်စာကိုပယ်ဖျက်ဖို့ မျှော်လင့်နေသည်။
"ကျုပ်တို့ ခုံဆင်းလိုက်ရုံပဲလား"
သေကြောင်းကြံနေသည့် မုန်ကျင်းကျိုးကို ချိုးကျင်အန်းကတားသည်။
"မင်းကူးဖြတ်ခြင်းအဆင့်ကိုရောက်လို့ ဒီလိုခုန်ချရင်တော့ အသက်ရှင်ချင်ရှင်မှာပေါ့"
ကိုယ့်ကိုယ်ကို ရွှေသန္ဓေအဆင့်စွမ်းအားရှင်ဟုသတ်မှတ်ထားသော်လည်း ကူးဖြတ်ခြင်းအဆင့်နှင့် များစွာကွာခြားနေသေးမှန်း မုန်ကျင်းကျိုးနားလည်သည်။ ခုန်ချမည့်စိတ်ကူးကို ခေါင်းထဲမှ ထုတ်လိုက်သည်။
နယ်စားလွီက နိင်ငံ့စွမ်းအားကို ကိုးယို့ကားယားထိန်းချုပ်သည်။ စွမ်းအားထဲတွင်ပါလာသည့် တိုက်စားမှုအာနိသင်ကို အထပ်ထပ်အားပျော့အောင်လုပ်သည်။ ထို့နောက် ချိုးကျင်အန်းနှင့် မုန်ကျင်းကျိုးကို လက်ညှိုးညွှန်၍
"သွားတော့"
နိုင်ငံ့ကံကြမ္မာစွမ်းအားက သူတို့နှစ်ယောက်ကိုယ်ပေါ် ဖုံးလွှမ်းသွားသည်။
"သက်တောင့်သက်သာရှိလှပါလား"
မုန်ကျင်းကျိုး တအံ့တဩ ရေရွတ်လိုက်သည်။ ဝိညာဉ်စွမ်းအင်ကို ပထမဆုံးခံစားမိစဉ်ကထက်ပင် ပို၍ကြည်နူးစရာကောင်းသည်။
ပန်းရောင်မြူများ လွင့်ပျံထွက်လာသည်။ နိုင်ငံ့စွမ်းအားကို ချက်ချင်းစုပ်ယူလိုကသည်။ ထို့နောက် တစ်စမကျန်ပျောက်ကွယ်သွားလေသည်။
သူတို့ရင်ထဲတွင် ရက်ပေါင်းအတော်ကြာဝန်ပိနေခဲ့သည့် ကျိန်စာသက်ရောက်မှု ပျောက်ကွယ်သွားသည်။ ချိုးကျင်အန်းလည်း စိတ်များကြည်လင်လန်းဆန်းလာသည်။
"အား...နေလို့ကောင်းလိုက်တာ။ ကျိန်စာပြယ်သွားပြီ။ အဆင့်မြင့်ဆောင်ကြာမြိုင်မှာသွားပြီး အောင်ပွဲခံရမယ်။
... အကိုလွီ၊ ဟန်ရွှေ့မြို့ရဲ့ အကောင်းဆုံးဆောင်ကြာမြိုင် ဘယ်နားမှာလဲ"
နယ်စားလွီ - "..."
ဒီမေးခွန်းမျိုး ငါ့ကိုမေးရသလား...
"အရင်ကတော့ တိရစ္ဆာန်ရုံတစ်ခုရှိတယ်။ အဲဒါ အကောင်းဆုံးဆောင်ကြာမြိုင်ပဲ။ ဒါပေမယ့် လောလောဆယ် ပြန်ပြုပြင်မွမ်းမံဖို့ ခဏပိတ်ထားတယ်"
******************************