အရဟတ်လက်သီးစွမ်းအား၏သက်သေ
Vol. 29 Ch. 425
ကျောက်ပိုအံ့ဩမဆုံးဖြစ်နေစဉ်မှာပင် ပြင်းထန်အေးစက်သည့် ဝိညာဉ်စွမ်းအင်များ ကန်အောက်ခြေမှ ထိုးထွက်လာသည်ကို သူတို့လေးယောက်လုံး ခံစားလိုက်ရသည်။
တစ်ကိုယ်လုံး ရေညှိရေမှော်ဖုံး၍ ရေတစ်စက်စက်ကျနေသည့် ရုပ်ဆိုးဆိုးသရဲတစ်ကောင် ပျံတက်လာပြီး လုယန်ကို ဒေါသရိပ်လွှမ်းသည့်အကြည့်ဖြင့် အေးစက်စက်စိုက်ကြည့်နေသည်။
"ဪ...ဪ...ဒီလောက်ငယ်ယ်ငယ်ရွယ်ရွယ်နဲ့ စကြာဝဠာအင်္ကျီလက်ပညာတောင် တတ်နေပြီပေါ့။ အံ့ဩစရာမဟာရှားခေတ်ရဲ့ ထူးခြားတဲ့ပါရမီရှင်တစ်ယောက်ပါလား"
ရေနစ်သရဲက အေးစက်စက်လှောင်ပြုံးပြုံး၍ စိုက်ကြည့်သည်။ လုယန်ကို အန္တရာယ်အများဆုံးပြိုင်ဘက်ဟု သူမြင်သည်။
မှော်ရတနာအရိပ်လက္ခဏာမျိုးမတွေ့ရ။ လေဟာနယ်မှော်ပညာသာ သုံးသွားခြင်းဖြစ်မည်။ ရေကန်တစ်ခုလုံးကို အင်္ကျီလက်ထဲစုပ်ယူသည်။ စကြာဝဠာအင်္ကျီလက်ပညာသာဖြစ်ရမည်။
ထိုမျှအဆင့်မြင့်သည့် မှော်ပညာမျိုးကို ရွှေသန္ဓေအဆင့်ဖြင့် တတ်ကျွမ်းနေသည်။ ကမ္ဘာ့အဆင့်မီ ပါရမီရှင်ဖြစ်သည်။
လုယန် မျက်လုံးအနည်းငယ်မှေးစင်း၍ ပြန်မေးလိုက်သည်။
"ဪ...မင်းက မဟာရှားနိုင်ငံသားဟုတ်ပုံမရဘူး။ မင်းဘယ်ကလာတာလဲ။ ဟန်ရွှေ့ကို ဘယ်လိုရောက်လာတာလဲ"
ရေနစ်သရဲက ထီမထင်ဟန်ဖြင့် နှာခေါင်းရှုံ့သည်။
"ငါမင်းကို ဘာလို့ပြောပြရမှာလဲ"
ထိုကောင်လေးများသည် မှော်ပညာပါရမီ နည်းနည်းရှိချင်ရှိမည်။ သို့သော် သူ့ထက်ကျင့်စဉ်စွမ်းအား အဆင့်ကြီးတစ်ဆင့်လုံး နိမ့်နေသည်။ သူ့ကိုနိုင်မည်ဟု ထင်နေကြသလားမသိ။
ရူးနေကြခြင်းသာဖြစ်မည်။
ထိုသို့ပြောပြီးနောက် ရေနစ်သရဲ နောက်လှည့်ထွက်ပြေးသည်။
ထွက်ပြေးနိုင်လျှင် ဘာကြောင့် အပင်ပန်းခံတိုက်ခိုက်နေမည်နည်း။
"ထွက်ပြေးချင်တယ်ပေါ့။ ငါ့လက်သီးကိုမြည်းကြည့်စမ်း"
မုန်ကျင်းကျိုးက အရဟတ်လက်သီးဖြင့် အရင်ဆုံးစတင်တိုက်ခိုက်သည်။ လေထဲတွင် မန္တာန်ရွတ်သံများ ပြည့်လျှံသွားသည်။ သန့်စင်ယန်မီးတောက်က သူ့လက်သီးကိုလွှမ်းခြုံနေသည်။ ပြင်းထန်သည့်အားအရှိန် ထိုးထွက်လာသည်။
"ပူလိုက်တာ"
မုန်ကျင်းကျိုး ထိုမျှလျင်မြန်မည်ဟု ရေနစ်သရဲ ထင်မထား။ သူဘာမှမတုံ့ပြန်နိုင်မီ လက်သီးချက် ထိသွားသည်။ ဗုဒ္ဓလက်သီးစွမ်းအားနှင့် သန့်စင်ယန်မီးတောက်စွမ်းအားနှစ်ခုလုံးက သရဲဝိညာဉ်များကို တိုက်ခိုက်ရာတွင် အလွန်ထိရောက်သည်။
ရေနစ်သရဲအတွက် ရင်ဆိုင်ဖို့ခက်ခဲလွန်းသည်။
"ရွှေသန္ဓေကျင့်စဉ်အဆင့်နဲ့ နတ်ဝိညာဉ်အဆင့်စွမ်းအားမျိုး ထုတ်သုံးနိုင်တာလား။ ပြီးတော့ ဒီပညာက...မင်း...မင်းက အလောင်းထိန်းဂိုဏ်းသား မဟုတ်ဘူးပေါ့"
ရေနစ်သရဲ သူတို့ကိုလျှော့ထွက်မိခဲ့သဖြင့် ခံလိုက်ရခြင်းဖြစ်သည်။
"ဒီနေ့ မင်းတို့လေးတွေကိုရှင်းမပစ်ဘဲ ငါဒီကထွက်သွားနိုင်မယ်မထင်ဘူး"
ရေနစ်သရဲ အံတင်းတင်းကြိတ်လိုက်သည်။ သူပြဿနာမရှာခဲ့။ သို့သော်ယခု တစ်ဘက်က သူ့ကိုတိုက်ခိုက်ဖို့ ဖိအားပေးလာသည်။
"ဟား...သေမျိုးတွေကို ကြွေကန်ထဲမှရေနှစ်သတ်ပြီးမှ ထွက်ပြေးနိုင်ဦးမယ်လို့ မင်းထင်နေတာလး သရဲယုတ်"
"ခွေးမသား။ သေမျိုးရေနစ်တာ မင်းနဲ့ဘာဆိုင်လဲကွ။ မင်းတို့မဟာရှားကျင့်ကြံသူတွေက တကယ်စိတ်အနှောက်အယှက်ပေးတာပဲ"
ရေနစ်သရဲ အော်ဆဲသည်။ ပုံမှန်အားဖြင့် ဤရေကန်သည့် သူ့ကိုယ်ပိုင်နယ်မြေဖြစ်သည်။ သို့သော် ရေကန်ကို လုယန်က လွှဲပြောင်းယူသွားသည်။ ထို့ကြောင့် သူမတိုက်ခိုက်ချင်။
သို့သော် ထွက်ပြေး၍လည်းမရနိုင်တော့သဖြင့် တိုက်ခိုက်ရုံသာရှိသည်။
"ရွှံ့နွံချောက်နက်"
အနက်ရောင် နွံပုပ်များ ရေနစ်သရဲခြေထောက်အောက်မှ ပြန့်ကားထွက်လာသည်။ သွေးလိုပျစ်ခဲနေသည်။ မျက်တောင်တစ်ခတ်အတွင်း လုယန်တို့လေးယောက်ခြေထောက်အောက်သို့ ရောက်လာသည်။
အရိုးခိုက်မတတ်အအေးဓာတ်က ခြေထောက်မှ ဦးခေါင်းထိ စိမ့်တက်လာသည်။ လှုပ်ရှားဖို့ အလွန်တရာခက်ခဲလာသည်။ ထို့နောက် ပိုဆိုးလာသည်။ အနက်ရောင်ရွှံ့နွံများ ကိုယ်ပေါ်သို့ဖုံးလွှမ်းလာသဖြင့် အသက်ရှူမဝဖြစ်လာကြသည်။
ရွှေသန္ဓေကျင့်ကြံသူများသည် ခန္ဓာကိုယ်တွင်းလည်ပတ်မှုစနစ်တစ်ခု ဖန်တီးနိုင်ကြသဖြင့် အသက်ရှူစရာမလို။ အသက်ရှူမဝသလို ခံစားချက်မျိုး မဖြစ်သင့်။ သို့သော် အနက်ရောင်ရွံ့နွံများ၏စွမ်းအားကြောင့် သူတို့အားလုံး တကယ်ရေနစ်သလို ခံစားနေကြရသည်။
လုယန် လက်ညှိုးနှင့်လက်ခလယ်ကိုပူး၍ အော်ဟစ်လိုက်သည်။
"ဖျက်ဓား"
အနက်ရောင်ရွှံ့နွံများ ပြန်လျှောကျသွားသည်။ မြင်ကွင်းများ ပြန်လည်ကြည်လင်လာသည်။
သူတို့ကြုံတွေ့ခဲ့ရသည်က အစစ်အမှန်မဟုတ်။ ပုံရိပ်ယောင်စွမ်းအားဖြစ်သည်။ ရေနစ်သရဲများ သုံးလေ့ရှိသည့် စွမ်းအားတစ်မျိုးဖြစ်သည်။ သို့သော် လုယန်၏ကျင့်စဉ်ပညာက ပုံရိပ်ယောင်များကို ဖျက်ဆီးရာတွင် အထူးထိရောက်သည်။
ပုံရိပ်ယောင် ပြိုကွဲသွားပြီးနောက် ရေအောက်နွယ်ပင်များစွာ သူတို့ကိုရစ်ပတ်လာပြန်သည်။ ထိုသရဲ လူ့ဘဝက ရေနစ်သေသည်မှာလည်း ထိုနွယ်ပင်များရစ်ပတ်ခံခဲ့ရသောကြောင့်ဖြစ်သည်။
"ဖျက်ဓား"
ချင်ဖုန်းဓားက မြေပြင်ကိုထိုးဖောက်သွားသည်။ ဓားချီများမြေအောက်တွင် ပျံ့နှံ့သွားသည်။ ရေအောက်နွယ်ပင်တို့၏အမြစ်များ ချက်ချင်းပြတ်ထွက်သွားသည်။
"အားလုံးအတူတိုက်ကြမယ်ဟေ့။...ခွဲဓားစွမ်းအား"
"အရဟတ်လက်သီး"
"အရိုင်းလက်သီး"
ရေနစ်သရဲကို သုံးယောက်ပြိုင်တူတိုက်ခိုက်ကြသည်။ ရေနက်သရဲ အနည်းငယ်လှုပ်ရှားလိုက်သည်။ အရိပ်တစ်ခု နေရာတွင်ကျန်ခဲ့ပြီး မူလပုံစံအစစ်က အရိုးရိုင်းနောက်တွင် ဖျတ်ခနဲပေါ်လာသည်။
နွယ်ပင်တစ်ချောင်းကိုင်၍ အရိုးရိုင်းလည်ပင်းကို ရစ်ပတ်လိုက်သည်။
အရိုးရိုင်းက ရိုးရိုးအအပုံစံဖြစ်၍ ရင်ဆိုင်ဖို့အလွယ်ဆုံးပစ်မှတ်ဟု သူယူဆသည်။
အရိုးရိုင်းက လှည့်မကြည့်ဘဲ ခေါင်းဖြင့် နောက်ပြန်ဆောင့်လိုက်သည်။ ရေနစ်သရဲ အထိနာသွားပြီး ဦးခေါင်းထဲတွင်မူးဝေလာသည်။ အရိုးရိုင်းလည်ပင်းတွင်ရစ်ပတ်ထားသည့် နွယ်ပင်ကို လက်လွှတ်လိုက်ရသည်။
လူသုံးယောက်နှင့် ရေနစ်သရဲ နောက်တစ်ကြိမ် တိုက်ခိုက်ကြပြန်သည်။ ထူးခြားပါရမီရှင်သုံးယောက် နတ်ဝိညာဉ်အဆင့်သရဲကို တိုက်ခိုက်နေသည်ကိုကြည့်၍ ကျောက်ပို ဘယ်လိုဝင်ကူရမှန်းမသိဖြစ်နေသည်။
တိုက်ပွဲက သူဝင်ကူ၍ရနိုင်သည့် အနေအထားမဟုတ်တော့။ နတ်ဝိညာဉ်အဆင့်တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"မဟုတ်သေးပါဘူး...ငါတို့အားလုံး ရွှေသန္ဓေအဆင့်ချင်း အတူတူပဲလို့ ငါထင်ခဲ့တာ"
သူ့ရွှေသန္ဓေကျင့်စဉ်စွမ်းအားက အခွံသက်သက်ဖြစ်နေသလို ကျောက်ပိုခံစားရသည်။
"အရဟတ်လက်သီး"
လုယန်လည်း ရသာသုံးပါးမီးတောက်ဖြင့်အားဖြည့်၍ အရဟတ်လက်သီးကိုသုံးသည်။
ရေနစ်သရဲ ထိုအဖြစ်မျိုး ကြိုတွက်ထားပြီးဖြစ်၍ ဆက်တိုက်ရှောင်နိုင်သည်။ သို့သော် လုယန်က သူ့လက်သီးပညာကို မြေအောင်းပညာနှင့်ပေါင်းစပ်သည်။ မြေအောက်သို့ လျှိုးသွားလိုက် ပေါ်လာလိုက် တိုက်ခိုက်သည်။ ဘယ်လိုမှခန့်မှန်းမရ။
လျှပ်တပြက်လက်သီးချက်တစ်ခု ရေနစ်သရဲပုခုံးပေါ် တည့်တည့်ကျသွားသည်။
မီးတောက်နှင့်လက်သီးဒဏ်ကို အရေးမစိုက်အားသေး။ ပို၍ထိတ်လန့်စရာကောင်းသည့် အဖြစ်တစ်ခုကို ရေနစ်သရဲ သတိထားမိလာသည်။
"ငါ့ဆံပင်တွေ..."
သန်စွမ်းနက်မှောင်၍ ရေစိုနေသည့်သူ့ဆံပင်များ အရဟတ်လက်သီးကျေးဇူးကြောင့် အလိုလိုကျွတ်ကျလာသည်။
"ဟား...သရဲတွေအပေါ်မှာလည်း ထိရောက်မှုရှိတာပဲ"
လုယန် နည်းနည်းအံ့ဩသွားသည်။ သရဲကိုထိန်းချုပ်ရန်သာ ဤဗုဒ္ဓလက်သီးပညာကိုသုံးခဲ့ခြင်းဖြစ်သည်။ ဆံပင်ကျွတ်ကျစေဖို့ မရည်ရွယ်ခဲ့။
"သံတူဆယ့်ရှစ်ကွက်"
အရိုးရိုင်းက ကြီးမားသည့်တူကြီးတစ်လက် ဆွဲထုတ်၍ ကွန်းဖြူးရှပ်အဆိုအမိန့်များကို ရွတ်ဆိုရင်း ရေနစ်သရဲကို အဆက်မပြတ် ထုရိုက်သည်။
"ဟာ...မင်းက စာပေကျင့်ကြံသူမဟုတ်ဘူးလား"
တူထဲတွင်စိမ့်ဝင်နေသည့် စာပေချီစွမ်းအားကိုခံစားမိသဖြင့် ရေနစ်သရဲ အကြီးအကျယ်မျက်နှာပျက်သွားသည်။
ကွန်ဖြူးရှပ်ကန္တဝင်စာပေများကို အချိန်ကြာမြင့်စွာလေ့လာလျှင် ပြင်းထန်သည့်စာပေချီစွမ်းအင်ရောင်ကို စုစည်းနိုင်သည်။ အရိုးရိုင်း၏ သင်ယူနိုင်စွမ်းက နှေးကွေးသော်လည်း ဇွဲကောင်းသဖြင့် ထိုစာပေချီကို ကျင့်ကြံနိုင်ခဲ့ခြင်းဖြစ်သည်။
လုယန်တို့တိုက်ခိုက်မှုများက ယန်စွမ်းအင်များပြည့်နေသည်။ ကန်ရေပြင်အထက်တွင် ဝေ့ဝဲနေသည့်ယင်စွမ်းအင်များ မှေးမှိန်လာသည်။ ဆက်တိုက်ခိုက်လျှင် ယင်စွမ်းအင်အားလုံး ပျောက်ကွယ်သွားနိုင်သည်။
ရေနစ်သရဲ ဒေါသထွက်လာသည်။ သူတွေ့ထားသည့်နေရာကောင်းတစ်ခု ထိုသုံးယောက်ကြောင့် ပျက်စီးရသည်။ ဒေါသတကြီး သူအော်ဟစ်လိုက်သည်။
'မင်း...မင်းတို့...ငါ့ကို တွန်းအား...မပေးနဲ့။ ရပ်လိုက်...ငါအညံ့ခံတယ်"
တစ်ယောက်ချင်းတိုက်ခိုက်လျှင် လုယန်အနေဖြင့် ပြိုင်ဘက်ကင်းသန္ဓေကို အသုံးချပြီး တိုက်ပွဲအရှိန်မြှင့်ခဲ့မည်ဖြစ်သည်။ ယခု သုံးယောက်တစ်ယောက် တိုက်ခိုက်ရခြင်းဖြစ်၍ အနိုင်ရဖို့ သေချာနေသည်။ ပြိုင်ဘက်ကင်းသန္ဓေ သုံးဖို့မလို။
ရေနက်သရဲ မြေပြင်တွင် စိတ်ပျက်လက်ပျက် ဝမ်းလျားမှောက်နေသည်။
အရဟတ်လက်သီး၊ မီးတောက်စစ်၊ တော်ဝင်ချီ...။
နေရပ်စွန့်ခွာဖို့ ရွေးချယ်သည့်ရက် မှားသွားသည်ဟု ရေနစ်သရဲခံစားရသည်။ သရဲများကိုနှိပ်ကွပ်နိုင်သည့် စွမ်းအားမျိုးစုံ သူရင်ဆိုင်ရသည်။
သူ့ပိုင်နက်ကို ထိန်းချုပ်ခွင့်လည်းမရ။ သရဲများအပေါ် သက်ရောက်မှုပြင်းထန်သည့် ပညာရပ်များနှင့် ရင်ဆိုင်ရသည်။ ကိုယ့်ထက်ကျင့်စဉ်စွမ်အားအဆင့်မြင့်သူများနှင့် တိုက်ခိုက်နိုင်သည့် ပါရမီရှင်များနှင့်ကြုံရသည်။
ထိုအခြေအနေမျိုးတွင် သူဘယ်လိုအနိုင်ရနိုင်မည်နည်း။
"ပွဲပြီးသွားပြီလား"
ကျောက်ပိုနှင့် ဖုတ်ကောင် အနားသို့လျှောက်လာပြီး တအံ့တဩဖြစ်နေသည်။ တိုက်ပွဲစချိန်နှင့် ပြီးဆုံးချိန်က မြန်လွန်းသဖြင့် သူ့စိတ်က အမီမလိုက်နိုင်တော့။
ကျောက်ပို ပါရမီမထူး၍မဟုတ်။ သို့သော် လုယန်တို့နှင့်ယှဉ်လျှင် သူ့အတွေ့အကြုံက နည်းနေသေးသည်။
လောကတစ်ခွင် လှည့်လည်သွားလာ၍ အဖြစ်အပျက်များစွာ မြင်ဖူးခဲ့သော်လည်း လုယန်တို့လို အသေအရှင်တိုက်ပွဲများ အဆက်မပြတ်စိန်ခေါ်မှုများ မကြုံခဲ့ရ။
လုယန်တို့က နတ်ဆိုးဂိုဏ်းများနှင့် ပုံမှန်တိုက်ခိုက်၍ ကိုယ့်တတ်နိုင်စွမ်းထက်မြင့်သူများကို စိန်ခေါ်တိုက်ခိုက်နေကျဖြစ်သည်။။
လုယန် ဝိညာဉ်ဖျက်အဆောင်ကိုထုတ်လိုက်သည်။ ရေနစ်သရဲ ကြောက်ကြောက်ရွံ့ရွံ့နောက်ဆုတ်သွားသည်။
"နေပါဦး...နေပါဦး...ဒီဟာနဲ့တော့ ကျုပ်မထိုက်တန်ပါဘူး"
လုယန်အရေးမစိုက်။
"မင်းက လူသားတစ်ယောက်ကို ရေနှစ်သတ်ခဲ့တယ်။ ဒါတောင် မထိုက်တန်ဘူးလို့ ပြောရဲသေးတယ်ပေါ့"
"ဟန်ဆောင်ထားတာပါ။ ဒါတွေအားလုံးက ဟန်ဆောင်ထားတာပါ။ ဒီလူသား မသေပါဘူး။ ကန်အောက်ခြေကို ကြည့်ပါ။ သူကောင်းကောင်းမွန်မွန် အသက်ရှင်နေတုန်းပါပဲ"
ရေနစ်သရဲ ကြောက်ကြောက်လန့်လန့်အော်ပြောသည်။
လုယန် ခါးကိုင်း၍ ငုံ့ကြည့်လိုက်သည်။ မှန်သည်။ ကန်အောက်ခြေမှမိန်းမသည် မသေသေး။ ဖုတ်ကောင်က သူသေပြီဟု မှားယွင်းယူဆခဲ့ခြင်းဖြစ်မည်။
လုယန် ဝိညာဉ်ချီဖြင့် လက်ကြီးတစ်ဖက်ဖန်တီးပြီး ထိုမိန်းမကို ကန်ထဲမှဆွဲထုတ်၍ ရေနစ်သရဲဘေးတွင် ချထားသည်။
"ကဲ၊ ဘာတွေဖြစ်နေတာလဲ ရှင်းပြစမ်းပါဦး"
**********************************