← Chapters

လုယန်၊ ငါ့အလှည့်

Vol. 29 Ch. 424

လုယန်၊ ငါ့အလှည့်

Vol. 29 Ch. 424

"ဟန်ရွှေ့မြို့တော်အရှေ့တောင်ပိုင်း ပိုင်ရွှေ့ဆိုတဲ့ ရွာငယ်တစ်ရွာမှာ လင်မယားနှစ်ယောက်ရှိမှာ။ တစ်မနက်မှာ လင်ဖြစ်တဲ့ လျိုစန်းက အိပ်ယာနိုးလာတဲ့ချိန် သူ့မိန်းမက ခါတိုင်းလို သူ့ကိုအိပ်ယာမနှိုး‌တော့ ထူးဆန်းတယ်လို့ သူခံစားရတယ်။

သူ့မိန်းမကို အော်ခေါ်ကြည့်တယ်။ ပြန်ထူးသံမကြားရဘူး။ အဲတော့ သူဆက်ရှာတယ်။ နောက်ဆုံးမှာ လက်ဆေးကြွေကန်ထဲ ရေနစ်သေနေတဲ့ သူမိန်းမကို တွေ့တယ်။

အလောင်းစစ်ဆေးသူသုံးသပ်ချက်အရ ဒီမိန်းမသေဆုံးချိန်မှာ ရုန်းကန်လှုပ်ရှားခဲ့တဲ့လက္ခဏာမရှိဘူး။ သူ့ကိုယ်သူ ရေနှစ်သတ်သေသလိုဖြစ်နေတယ်။ အဲဒီ့အဖြစ်ကိုကြည့်ပြီး လူတိုင်းအံ့ဩကြတယ်။ နေရာစုံကို သတင်းပို့ကြတယ်။

သေချာစုံစမ်းပြီးနောက်မှာ ရေနစ်သရဲလက်ချက်ဖြစ်မယ်လို့ အာဏာပိုင်တွေက ကောက်ချက်ချတယ်။

ရေနစ်သရဲတွေက မစွန့်လွှတ်နိုင်တဲ့စိတ်အစွဲနဲ့ ရေနစ်သေပြီးဖြစ်လာတဲ့သရဲတွေပါ။ တိုက်ဆိုင်မှုတစ်ခုခုကြောင့် သေဆုံးချိန်မှာ ယင်စွမ်းအင်ကိုထိတွေ့ပြီး သေမျိုးလောကိုခြောက်လှန့်နိုင်တဲ့ သရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။

ရေနစ်သရဲတွေက မြစ်တွေ၊ ကန်တွေ ပင်လယ်တွေမှာ နေထိုင်ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပိုင်ရွှေ့ရွာအနီးမှာလည်း ရေကန်တစ်ခုရှိနေတယ်။ ကန်ရေက အရမ်းအေးပြီး ရေရှည်သောက်သုံးတဲ့သေမျိုးတွေ ရောဂါဖြစ်လာကြတယ်။

အဲဒီ့နေရာမှာ ယင်စွမ်းအင်တွေပေါများတယ်။ ရေနစ်သရဲနေထိုင်ဖို့ နေရာတစ်ကောင်းတစ်ခုဖြစ်နေတာပေါ့။

ကျုပ်တို့ဂိုဏ်းက ရွှေသန္ဓေနောက်ဆုံးအဆင့်အကိုတစ်ယောက် ဂိုဏ်းကိုပြန်လာတဲ့လမ်းမှာ အဲဒီ့အကြောင်းကို ကြားတယ်။ ရေကန်ဆီသွားပြီး စစ်ဆေးကြည့်တယ်။ သူ့ဖုတ်ကောင်ကို ရေထဲဆင်းခိုင်းပြီး ရေနစ်သရဲကို ဖမ်းခိုင်းတယ်။

ဒါပေမယ့် ရေနစ်သရဲက စွမ်းအားကြီးတယ်။ အနည်းဆုံး နတ်ဝိညာဉ်အကြိုအဆင့်ရှိမယ်တဲ့။ ဒါမှမဟုတ် နတ်ဝိညာဉ်အခြေခံအဆင့်လည်း ဖြစ်နိုင်တယ်။

ဟန်ရွှေ့မြို့မှာ သရဲနဲ့ပတ်သက်တဲ့ သေကြေပျက်စီးမှုတွေ အများကြီးဖြစ်နေတယ်။ အစိုးရအဖွဲ့‌ရော ဂိုဏ်းတွေရော အားလုံးကိုကိုင်တွယ်ဖို့ လူအင်အားမနည်းဖြန့်ထားရတာ။ ရေနစ်သရဲကိုရှင်းဖို့ လူခွဲမပေးနိုင်ဘူးဖြစ်နေတယ်။

...ဒီတော့ အကိုတို့ ဘယ်လိုသဘောရလဲ။ ဒီမစ်ရှင်ကို လက်ခံကြမလား"

ကျောက်ပိုက မစ်ရှင်အသေးစိတ်ကို ရှင်းပြပြီးနောက် လုယန်တို့သဘောထားကို မေးသည်။

ရေနစ်သရဲတစ်ကောင်လောက်ကို ရင်ဆိုင်ဖို့သိပ်မခက်ဟု မုန်ကျင်းကျိုးတွေးနေသည်။

"မစ်ရှင်က သိပ်မခက်ခဲသလိုပဲ။ ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတာမျိုး မရှိဘူးလား"

"အင်း...သရဲလက်ထပ်ပွဲလုပ်ချင်ပုံရတဲ့ သရဲမမစ်ရှင်တစ်ခုတော့-"

"ရေနစ်သရဲမစ်ရှင်ပဲယူကြတာပေါ့"

မုန်ကျင်းကျိုး ချက်ချင်းစကားဖြတ်ပြောလိုက်သည်။

ဟသလုပ်နေခြင်းမဟုတ်။ လက်ရှိ သူ့အခြေအနေအရ သူရှိနေလျှင် ထိုသရဲမက သူ့ကိုသဘောမကျဖြစ်ပြီး ထွက်ပေါ်လာမည်မထင်။ သို့မဟုတ် သူ့ကိုသောက်မြင်ကပ်ကပ်ဖြင့် အသေရိုက်သတ်သွားနိုင်သည်။

"ကောင်းပြီလေ။ စထွက်ကြစို့"

စမထွက်မီ ကျောက်ပို မှော်အဆောင်တစ်ခုစီ ဝေပေးသည်။

"ဒါက ဘာမလဲ"

"ဝိညာဉ်ဖျက်အဆောင်ပါ။ ကျုပ်တို့ဂိုဏ်းက အထူးတလည်ဖန်တီးထားတာ။ သရဲနှိမ်နှင်းမယ့် ဂိုဏ်းတပည့်တိုင်း ဒါမျိုး တစ်ခုစီရတယ်။ သရဲဆိုတာမျိုးက အားနည်းနေရင်တောင် အပြတ်ရှင်းပစ်ဖို့ ခက်တယ်လေ။

သင့်တော်တဲ့နည်းလမ်းမရှိရင် စွမ်းအားကြီးသရဲတစ်ကောင်ကို သတ်ဖို့က အတော်ခက်တယ်။ ဒါကြောင့် ကျုပ်တို့ဂိုဏ်းက အစိုးရဘက်က မှော်အဆောင်ပညာရှင်တွေ သရဲရှင်းတာအိုရှင်တွေနဲ့ ပူးပေါင်းပြီး ဒီမှော်အဆောင်ကို ညတွင်းချင်းဖန်တီးခဲ့ကြတာ"

အလောင်းထိန်းဂိုဏ်းတပည့်အားလုံး အလောင်းထိန်းသမားများဖြစ်သည်။ ယင်အခြေခံကျင့်စဉ်နည်းများ လေ့ကျင့်ကြသည်။ ကြမ်းတမ်းသည့် သရဲဝိညာဉ်တို့၏စရိုက်သဘာဝနှင့် ဆက်စပ်နေသည်။

ထိုသရဲများကို သူတို့အနိုင်ယူနိုင်သည့်တိုင် သတ်ဖို့အတော်ခက်ခဲကြောင်း သိကြသည်။

"ကျုပ်တို့ ရေနစ်သရဲကို အနိုင်တိုက်ပြီးတာနဲ့ ဒီမှော်အဆောင်သုံးပြီး အပြတ်ရှင်းလို့ရတယ်"

"မင်းတို့ဂိုဏ်းက တကယ်စေ့စေ့စပ်စပ်တွေးထားတာပဲ"

လုယန် သွားဖြဲပြုံး၍ ဝိညာဉ်ဖျက်အဆောင်ကို သိမ်းလိုက်သည်။ အမှန်ပြောရလျှင် သူတို့အတွက် ထိုအဆောင်မလိုလှပါ။

မုန်ကျင်းကျိုးကိုယ်တိုင်က သရဲများအတွက် ကြောက်စရာအကောင်းဆုံး ကျိန်စာဖြစ်သည်။ သရဲများသေအောင် မီးတိုက်ပစ်နိုင်သည်။

သန့်စင်ယန်မီးတောက်ဖြစ်စေ ရသာသုံးပါးမီးတောက်ဖြစ်စေ နှစ်ခုလုံးက ကြမ်းတမ်းသည့်သရဲများကို ရင်ဆိုင်ရာတွင် အလွန်ထိရောက်သည်။

အလောင်းထိန်းဂိုဏ်းမှလာလျှင် ဟန်ရွှေ့တစ်မြို့လုံးကိုဖြတ်ပြီးမှ ပိုင်ရွှေ့ရေကန်သို့ရောက်သည်။ ဟန်ရွှေ့မြို့ထဲ ဖြတ်လျှောက်နေကြချိန်တွင် နောက်တစ်ခေါက်အသားကင်ဆိုင်ကိုမြင်ရသည်။ စမ်းသပ်ရောင်းချဆဲအဆင့်သာ ရှိသေးသည်။

ဟန်ရွှေ့မြို့တော်က ခါတိုင်းလိုပင် စည်ကားနေသည်။ လူများ ဥဒဟိုသွားလာလှုပ်ရှားနေကြသည်။ သရဲန္တရာယ်က မြို့၏စည်ကားသိုက်မြိုက်မှုကို သိပ်ထိခိုက်ဟန်မရှိ။

ပထမတစ်ချက်အနေဖြင့် ဟန်ရွှေမြို့တော်သည် လူဦးရေထူထပ်သည်။ ယန်စွမ်းအင်သိပ်သည်းမှုကြောင့် သရဲများ မြို့ထဲသို့အလွယ်တကူဝင်ပြီး ဒုက္ခပေးဖို့ခက်သည်။

ဒုတိယတစ်ချက်က အိမ်တွင်းအောင်းနေတိုင်းလည်း ပို၍ဘေးကင်းသည်မဟုတ်။ အန္တရာယ်ပေးဖို့ ဆုံးဖြတ်ထားသည့် သရဲတစ်ကောင်ကို တံခါးတစ်ချပ်က တားနိုင်မည်မဟုတ်။

တကယ်တမ်းပြောရလျှင် မြို့ထဲတွင် လူစုလူဝေးဖြင့်နေခြင်းကပင် ပို၍ပင်စိတ်ချရလောက်သည်။

မစ်ရှင်တွင်ဖော်ပြထားသည့် လမ်းညွှန်အတိုင်း လူလေးယောက်နှင့် ဖုတ်ကောင်တစ်ကောင် ပိုင်ရွှေ့ရွာကိုဖြတ်သန်း၍ ရေကန်သို့ ရောက်လာကြသည်။

ရေကန်စပ်တွင် ရပ်လိုက်သည်နှင့် ကန်ထဲမှထွက်ပေါ်နေသည့် အအေးဓာတ်ကို ခံစားကြရသည်။

ရေကန်၏အရပ်မျက်နှာသုံးဘက်တွင် တောင်တန်းများ ဝန်းရံထားသည်။ တစ်နှစ်ပတ်လုံး နေရောင်မကျ။ ပတ်ဝန်းကျင်ကလည်း စိမ်းလန်းသည့်သစ်ပင်များ အုပ်ဆိုင်းနေသည်။ ထူးခြားသည့် သက်တမ်းရင့် ထင်းရှူးပင်တစ်ချို့ရှိသည်။

ထိုအခြေအနေများကြောင့် ကန်ရေက ရေခဲလုမတတ် အေးစိမ့်နေသည်။

ရေအရောင်က ကြည်လင်သော်လည်း အောက်ခြေကိုမမြင်ရ။ ရေနစ်သရဲ၏တည်နေရာကို အတိအကျရှာဖို့ မဖြစ်နိုင်။

"ထူးဆန်းတာပဲ။ ဘာလို့ ဒီကန်ထဲမှာ ငါးတစ်ကောင်မှမမြင်တာလဲ"

မုန်ကျင်းကျိုး တွေးရခက်သွားသည်။ ပုံမန်ဆိုလျှင် ယခုလိုကန်မျိုးသည် ငါးများဖွေးဖွေးလှုပ်နေရမည်။ ပေါင်တစ်ရာခန့်ကြီးမားသည့် ငါးများပင် ရှိနေသင့်သည်။

သို့သော်ယခု ကန်ထဲတွင် ငါးတစ်ကောင်မှမရှိ။ ငါးသေးငါးမွှားပင်မမြင်။

"သရဲကများ စားလိုက်တာလား။ သရဲတွေက ငါးတောင်စားတယ်ပေါ့"

လုယန် အမေးအမြန်းထူသည့် မုန်ကျင်းကျိုးကို ဘေးသို့တွန်းဖယ်ပြီး ဆောင့်ကြောင့်ထိုင်၍ ကန်ကိုလေ့လာသည်။

"ငါးစားမစားဆိုတာ သူ့ကိုဖမ်းပြီးရင်မေးလို့ရတာပဲလေ။ အခုအဓိကစဉ်းစားရမှာက ဒီထဲကို ငါတို့ဘယ်လိုဆင်းမလဲဆိုတာပဲ။ ငါတို့ထဲမှာ ရေဓာတ်ပညာကျွမ်းကျင်တဲ့လူရှိလား။ သရဲကို အပြင်မျှားခေါ်ဖို့လိုတယ်"

လေးယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။ လုယန်က ဓားဝိညာဉ်မြစ်၊ မုန်ကျင်းကျိုးက တစ်ကိုယ်တော်ဝိညာဉ်မြစ်၊ အရိုးရိုင်းက ရှေးဟောင်းအရိုင်းမျိုးနွယ်သွေးဆက်၊ ကျောက်ပိုက အလောင်းထိန်းသမား။

ဘယ်သူမှ ရေပညာရပ်များကို မကျွမ်းကျင်ကြ။

"ကျုပ်လုပ်လိုက်မယ်။ ဖုတ်ကောင်ကို ရေထဲလွှတ်လိုက်မယ်"

ကျောက်ပို မွှေးတိုင်သုံးခုထွန်း၍ ဖုတ်ကောင်ကို သုံးကြိမ်ဦးညွှတ်အရိုအသေပြုသည်။ မွှေးတိုင်၏ချီစွမ်းအင်ကို ဖုတ်ကောင်ကရှူရှိုက်လိုက်သည်။ ဖြူရော်နေသည့်အရေပြားက အနည်းငယ်သွေးရောင်လွှန်းလာသည်။

ဗလာဖြစ်နေသည့်မျက်လုံးတွင် အသက်ဓာတ်အရိပ်တစ်ချို့သန်းလာသည်။

ဖုတ်ကောင် ရေကန်ထဲသို့ ခုန်ဆင်းသွားသည်။ ထို့နောက် လှိုင်းဂယက်များထလာပြီး တည်ငြိမ်သည့်ရေပြင်တွင် ပြန့်ထွက်သွားသည်။ ဖုတ်ကောင်က ရေနစ်သရဲနှင့်တွေ့ပြီး တိုက်ခိုက်နေခြင်းဖြစ်မည်။

သရဲတစ်ကောင်၏ စွမ်းအားသည် သက်ရှိတို့၏အကြောက်တရားနှင့် စိတ်ဝိညာဉ်တုန်လှုပ်မှုမှ ရလာခြင်းဖြစ်သည်။ သို့သော် ထိုအချက်နှစ်ချက်လုံး ဖုတ်ကောင်အပေါ် လုံးဝသက်ရောက်မှုမရှိ။

ကျောက်ပို ကြောက်ချွေးပြန်ပြီး သွားများတဂတ်ဂတ်အသံမြည်နေသည်။ ဖုတ်ကောင်အာရုံနှင့် သူပေါင်းစပ်နိုင်သဖြင့် ရင်ဆိုင်နေရသည့်သရဲ ဘယ်လောက်စွမ်းအားကြီးသည်ကို သူခံစားမိသည်။ တဖြေးဖြေး သူဖိအားများလာသည်။

"ညီလေးကျောက်"

လုယန် စိုးရိမ်တကြီး အော်ခေါ်သည်။

"ကျုပ်တို့ရထားတဲ့သတင်းက မှားနေတယ်။ ဒီရေနစ်သရဲဟာ နတ်ဝိညာဉ်အကြိုအဆင့် အခြေခံအဆင့်မဟုတ်ဘူး။ နတ်ဝိညာဉ်အလတ်တန်းအဆင့်ပဲ။

ကျုပ်ရဲ့ဖုတ်ကောင်က ကန်အောက်ခြေမှာ မိန်းမအလောင်းတစ်ခုလည်းတွေ့တယ်။ ပိုင်ရွှေ့ရွာက ရေနစ်သေခဲ့တဲ့ မိန်းမဖြစ်မယ်။

...အသင့်ပြင်ထားကြ။ ဖုတ်ကောင်က ရေနစ်သရဲကို မျှားခေါ်လာပြီ"

ကျောက်ပို အော်ဟစ်လိုက်သည်။

လုယန်တို့အားလုံး တိုက်ခိုက်ရန်အသင့်ပြင်လိုက်သည်။ ကန်ထဲမှတက်လာသည်နှင့် ရေနစ်သရဲ ပြင်းထန်သည့်တိုက်ခိုက်မှုများကို ဆက်တိုက်ရင်ဆိုင်ရလိမ့်မည်။

"ဗွမ်း"

ရေပြင်ပေါက်ကွဲထွက်၍ အရိပ်တစ်ခု ထိုးထွက်လာသည်။

"ရသာသုံးမျိုးမီးတောက်"

"သန့်စင်ယန်မီးတောက်"

"အရိုင်းမီးတောက်"

သုံးယောက်လုံး မီးတောက်ကိုယ်စီ ထုတ်လွှတ်လိုက်သည်။ သူတို့မီးတောက်များ ထိုအရိပ်ကိုထိခါနီးတွင် ‌ကျောက်ပိုက အမြန်အော်၍တားသည်။

"မလုပ်နဲ့၊ မလုပ်နဲ့။ အဲဒါ ရေနစ်သရဲမဟုတ်ဘူး။ ကျုပ်ရဲ့ဖုတ်ကောင်ပါ"

သုံးယောက်လုံး မီးတောက်များကို အမြန်လမ်းကြောင်းလွှဲလိုက်သည်။ တိုက်ခိုက်မှုများက ဖုတ်ကောင်ကို မထိတော့ဘဲ တောင်နံရံကို သွားရိုက်ခတ်သည်။ ကြီးမားသည့် ကျောက်စိုင်‌ကျောက်သားများ တဝုန်းဝုန်းလိမ့်ဆင်းလာသည်။

ထိုမြင်ကွင်းကိုကြည့်၍ ကျောက်ပို မျက်ခုံးတစ်ချက်လှုပ်သွားသည်။ တိုက်ခိုက်စွမ်းအားများက ရွှေသန္ဓေဆင့်ဟုပင် ထင်စရာမရှိ။

"ရေနစ်သရဲက ဘယ်မှာလဲ"

လုယန် နားမလည်နိုင်အောင်ဖြစ်နေသည်။

ကျောက်ပိုက မလုံမလဲပြုံး၍

"အကိုတို့ကို အသင့်ပြင်ဖို့အော်လိုက်တုန်းက ကျုပ်အသံ ကျယ်လွန်းသွားတယ်။ ရေနစ်သရဲက အော်သံကြားပြီး အလစ်တိုက်ခိုက်တော့မှာသိလို့ ကန်အောက်ခြေကို ပြန်ပြေးသွားတာပါ"

"အဲဒါမှ ပြဿနာပဲ။ ငါတို့တိုက်ခိုက်မှာကို သိနေပြီဆိုတော့ သူအပြင်ကို ထွက်လာတော့မှာမဟုတ်ဘူး"

အရိုးရိုင်းလည်း အကြံအိုက်သွားသည်။

"မှော်လက်စွပ်နဲ့ ရေကိုစုပ်ယူလိုက်ရင် အဆင်ပြေလောက်သလား"

မုန်ကျင်းကျိုး အကြံပြုသည်။

ကျောက်ပို ခေါင်းခါသည်။

"မရဘူး။ ဒီရေကန်က ရေနစ်သရဲထိန်းချုပ်တဲ့နယ်မြေ ဖြစ်နေပြီ။ ပိုင်ရှင်ရှိတဲ့အရာတွေကို မှော်လက်စွပ်က မစုပ်ယူနိုင်ဘူး"

လုယန်က ယုံကြည်ချက်အပြည့်ဖြင့်ပြုံး၍

"ငါတ့ာဝန်ထားပါကွာ။ ငါရက်အတော်ကြာအောင် လေ့ကျင့်ထားတဲ့ ကျင့်စဉ်ပညာကို မင်းတို့မြင်ခွင့်ရဖို့ ဒါဟာ အခွင့်အရေးပဲ"

"ဘယ်လိုအောက်လမ်းမှော်ပညာမျိုး မင်းသင်ထားတာလဲ"

မုန်ကျင်းကျိုး စပ်စုလိုက်သည်။

"ဒီနတ်စွမ်းအားပညာက နာမည်ကြီးတယ်။ လက်တွေ့မြင်ရင် မင်းသိလာမှာပါ"

လုယန်က မရှင်းမရှင်းပြောသည်။ မုန်ကျင်းကျိုး ပို၍စိတ်ဝင်စားလာသည်။

"လုပ်ပါ၊ ပြစမ်းပါဦး"

လုယန် ကန်စပ်တွင်ရပ်၍ ဝိညာဉ်ချီကိုလည်ပတ်လိုက်သည်။ သူ့ဝတ်ရုံစများ တဖျတ်ဖျတ်ခါနေသည်။ မသေမျိုးအဆင့်တက်မည့် လူတစ်ယောက်ဟန်ပန်မျိုးဖြစ်လာသည်။

"ရေထဲကသရဲ၊ မင်းနားထောင်စမ်း။ ငါမင်းကို နောက်ဆုံးအကြိမ်အခွင့်အရေးပေးမယ်။ မင်းထွက်မလာလို့ကတော့ အားသုံးပြီးခေါ်ထုတ်ရမှာပဲ။ အဲဒီ့အချိန်ကျမှ ငါ့ကိုအပြစ်တင်နဲ့"

ရေကန်က ငြိမ်သက်နေဆဲဖြစ်သည်။

ထိုသို့ဖြစ်မည်ကို လုယန်မျှော်လင့်ထားပြီးဖြစ်သည်။ လက်ဝါးကို ဖျတ်ခဲခါ၍ ရေမျက်နှာပြင်ကိုဖိလိုက်သည်။ ထို့နောက် ပြန်မလိုက်သည်။ ရေပြင်က အပင်ပေါက်သလို ရှည်ထွက်လာသည်။ ကန်ရေအားလုံး သူ့လက်ဝါးထဲသို့ ဝင်သွားသည်။ ကန်အောက်ခြေတွင် လှုပ်ရှားနေသည့် ရေနစ်သရဲအသွင် ထင်ရှားစွာပေါ်လာသည်။

လုယန် နောက်လှည့်ကြည့်ပြီး အင်္ကျီလက်ကို ဟန်ပါပါ ဖျတ်ခနဲခါလိုက်သည်။ သက်တောင့်သက်သာပုံစံမျိုးရှိနေသည်။

"မှန်းကြည့်ပါ။ အဲဒါ ငါကြိုးကြိုးစားစားလေ့ကျင့်ထားတဲ့ ပညာပဲ..."

ကျောက်ပို တအံ့တဩ စိုက်ကြည့်နေသည်။ အတော်ကြာအောင် စကားမပြောနိုင်။

"ဒါ...ဒါက ဒဏ္ဍာရီစကြာဝဠာအင်္ကျီလက်ပညာပဲ"

အင်္ကျီလက်လက်တစ်ချက်ခါရုံဖြင့် ကန်ထဲမှရေအားလုံး စုပ်ယူနိုင်သည်။ စကြာဝဠာအင်္ကျီလက်ပညာမှလွဲလျှင် တစ်ခြားဘာပညာဖြစ်နိုင်ဦးမည်နည်း။

"...အင်း..ဟုတ်ပါတယ်။ ဒါက စကြာဝဠာအင်္ကျီလက်ပညာပါ"

(**ယွမ်ကျိတို့သုံးသည့် ထိုလေဟာနယ်ပညာကို "စကြာဝဠာအင်္ကျီလက်ပညာ"ဟုခေါ်သည်။ ထာဝရနတ်မယ်သုံးသည့်ပညာကို "စကြာဝလာလက်ဝါးပညာ"ဟုခေါ်ပြီး လုယန်တတ်သွားသည်က "ရွာလက်ဝါးပညာ"ဖြစ်သည်။

အင်္ကျီလက်ထဲတွင် လေဟာနယ်ဖန်တီးခြင်းနှင့် လက်ဝါးပေါ်တွင် လေဟာနယ်ဖန်တီးခြင်း ကွာခြားဟန်ရှိသည်)

************************************

All Chapters