← Chapters

သရဲကပ်

Vol. 29 Ch. 423

သရဲကပ်

Vol. 29 Ch. 423

"လောင်လူက သုံးရက်ကနေ ငါးရက်အတွင်းမှာ အဆင့်တက်လောက်တယ်။ သူ့ကိုစောင့်ကြပါ"

အကြီးအကဲကောင်းက ပြုံး၍ပြောသည်။

"အခုတလော ဟန်ရွှေ့မြို့တစ်ဝိုက်မှာ သရဲကပ်ဆိုက်နေတယ်။ မင်းတို့ ဒီရက်အတွင်း တစ်ခြားလုပ်စရာမရှိရင် မြို့ထဲကိုသွားပြီး သရဲနည်းနည်းဖမ်းကြပေါ့။ မင်းတို့ပြန်လာရင် ကျိုးဆောင်မှတ်နဲ့ လဲလို့ရပါတယ်။ ငါသက်သေခံစာရေးပေါးမယ်"

"သရဲကပ်..."

လုယန် တွေးမရအောင်ဖြစ်သွားသည်။ ဟန်ရွှေ့မြို့တော်တွင် အရိုင်းနယ်မြေ၏နယ်စားက ကြီးကြပ်နေမည်။ အလောင်းထိန်းဂိုဏ်း၏ ထောက်ပံ့မှုလည်း ရှိနေမည်။ ဘယ်သရဲက ဒုက္ခပေးရဲသည်မသိ။

အကြီးအကဲကောင်း သက်ပြင်းချသည်။

"အရင်နယ်စားက အတိုင်ခံရလို့ အရာရှိတစ်ချို့နဲ့အတူ အဖမ်းခံထား ရတယ်လေ။ အခုအရိုင်းနယ်မြေရဲ့ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲကာလဖြစ်နေတယ်။

အခု ဟန်ရွှေ့မြို့မှာ ရုတ်တရက် သရဲတွေအများကြီး ပေါ်လာတယ်။ စည်းမျဉ်းတွေရဲ့စွမ်းအားနဲ့တောင် အပြည့်အဝ မနှိပ်ကွပ်နိုင်ဘူး။ ဒီတော့ ဒီကိစ္စနောက်ကွယ်မှာ စုစည်းခြင်းအဆင့် စွမ်းအားရှင်တစ်ယောက် ရှိနေလိမ့်မယ်။

အသစ်ခန့်တဲ့နယ်စားက ခြေကုပ်ကောင်းကောင်းတောင်မယူရသေးဘူး။ ဒီလိုပြဿနာနဲ့ ရင်ဆိုင်နေရပြီ။ သူကထိထိရောက်ရောက် ကိုင်တွယ်မဖြေရှင်းနိုင်တော့ မစစ်ဆေးမိဘဲ ကျန်နေတဲ့သရဲတွေ အများကြီးရှိနေတာပေါ့။

သရဲတွေကိုထိန်းချုပ်တဲ့နေရာမှာ ကိုးငရဲဂိုဏ်းက အတော်ဆုံးပဲ။ ဒီကိစ္စကို နောက်ကွယ်ကနေ ကိုးငရဲဂိုဏ်းကြိုးကိုင်နေတယ်လို့ နယ်စားက သံသယရှိတယ်။ စုံစမ်းစစ်ဆေးနေပေမယ့် အခုထိတော့ ဘာမှမထူးခြားသေးဘူး။

အရိုင်းမြေမှာ နာမည်‌ကျော်ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ ငါတို့အလောင်းထိန်းဂိုဏ်းအနေနဲ့ ဒါကို တာဝန်ယူဖြေရှင်းရမှာပဲ။ ဒါကြောင့် တပည့်တွေကို သရဲတွေသွားရှင်းဖို့ တိုက်တွန်းအားပေးရတယ်။ ဒီသရဲတွေရဲ့ စွမ်းအားအဆင့်က သိပ်မမြင့်ပါဘူး။ မင်းတို့ ရင်ဆိုင်နိုင်မှာပါ။

ဒါပေမယ့် ဂိုဏ်းမှာပဲနေပြီး အလောင်းထိန်းပညာကို သင်ချင်တယ်ဆိုလည်း ရပါတယ်။ မင်းတို့သဘောပါ"

လုယန် မုန်ကျင်းကျိုးနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ မုန်ကျင်းကျိုးမျက်လုံးတွင်လည်း ဒွိဟရိပ်များရှိနေသည်။

ကိုးငရဲဂိုဏ်းက ဘယ်လိုပြဿနာရှာနိုင်မည်နည်း။ အသားကင်ဆိုင်ခွဲများလည်ပတ်ရင်း အလုပ်များနေကြသည်။ ဤကိစ္စအတွက် အချိန်ပေးနိုင်မည်မထင်။ အသားကင်ဆိုင်လုပ်ငန်းမှလည်း ငွေကြေးလုံလုံလောက်လောက်ရနေသည်။

သိုသော် သရဲကပ်ကိုဘယ်သူစဖြန့်ခဲ့သည်ဖြစ်စေ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များအနေဖြင့် သူတို့ဖြေရှင်းပေးရမည်။

အကြီးအကဲကောင်းကို နှုတ်ဆက်ခဲ့ပြီးနောက် ထာဝရနတ်မယ်အသံက လုယန်စိတ်အာရုံတွင် ပေါ်လာသည်။

"ခုနက ဟိုအဘိုးကြီးဟာ သက်ရှိတဲ့လူမဟုတ်ဘူး။ ဖုတ်ကောင်ပဲ။ သူ့ကိုသန့်စင်ထားတဲ့နည်းလမ်းက အတော်အဆင့်မြင့်တယ်"

"ဘယ်သူရယ်..."

လုယန် နားကြားမှားသည်ဟု ထင်လိုက်မိသည်။

"ခုနက ဟိုအဘိုးကြီးလေ"

လုယန်၏စိတ်အတွေးများ လျင်မြန်စွာပြေးလွှားသွားသည်။ အဖြစ်အပျက်များကို တစ်ခုချင်းဆက်စပ်ကြည့်မိပြီးနောက် နောက်ကျောတွင် ချွေးပြန်လာသည်။ အကြီးအကဲကောင်း သေသွားသည်ကို ဘယ်သူမှမသိကြခြင်းဖြစ်မည်။ တစ်ယောက်ယောက်က သူ့အလောင်းကိုသန့်စင်ပြီး အသက်ရှင်နေသယောင် ဟန်ဆောင်ထားခြင်းဖြစ်မည်။

"ညီလေးကျောက်၊ ခုနကအကြီးအကဲကောင်းဟာ နည်းနည်းမူမမှန်တာကို ငါသတိထားမိတယ်"

သူ အကဲစမ်း၍မေးလိုက်သည်။

‌ကျောက်ပိုက လက်မထောင်ပြသည်။

"အကိုလုက တကယ်အမြင်စူးရှတာပဲ။ အဲဒီမှာထိုင်နေတဲ့လူက ကျုပ်ဆရာမဟုတ်ပါဘူး။ သူသန့်စင်ထားတဲ့ ဖုတ်ကောင်ပါ"

"ဘယ်လို"

မုန်ကျင်းကျိုးရော အရိုးရိုင်းပါ စိတ်ဝင်စားသွားသည်။

ကျောက်ပိုက ပြုံး၍ ချက်ချင်းရှင်းပြသည်။

"ကျုပ်တို့ အလောင်းထိန်းသမားတွေက အလောင်းချီ၊ သေခြင်းချီစွမ်းအင်တွေနဲ့ အကြာကြီးထိတွေ့ခဲ့ရတော့ ကျုပ်တို့ခန္ဓာကိုယ်တွေမှာ ယင်နဲ့ယန် မညီမျှမှုဖြစ်လာတယ်။ အဲတော့ အကျိုးဆက်အနေနဲ့ ရုပ်ခန္ဓာက အားနည်းသွားတယ်။

အကိုမုန်တို့လိုလူတွေနဲ့ ယှဉ်ဖို့မပြောနဲ့။ သာမန်ကျင့်ကြံသူတွေတောင် ကျုပ်တို့ထက်ပိုပြီး ရုပ်ခန္ဓာအားကောင်းကြတယ်။အလောင်းထိန်းသမားတစ်ယောက်ရဲ့ ကျင့်စဉ်တစ်ခုလုံးက သူတို့အလောင်းကောင်တွေရဲ့ နာကျည်းဒေါသအပေါ် ရင်းနှီးမြှုပ်နှံထားတာ။

အန္တရာယ်ကင်းဖို့အတွက် ဝိညာည်ပြောင်းအဆင့်ကိုရောက်တာနဲ့ အလောင်းထိန်းသမားတွေအားလုံး သူတို့ရုပ်ခန္ဓာအစစ်ကို အပြင်လောကထဲ ထုတ်မပြတော့ဘူး။ သန့်စင်ထားတဲ့ ဖုတ်ကောင်တစ်ကောင်ကိုပဲ အစားထိုးသုံးကြတယ်။

ကျုပ်ဆရာတင်မဟုတ်ပါဘူး။ ဂိုဏ်းအကြီးအကဲတွေအားလုံး ဖုတ်ကောင်တွေကိုပဲသုံးပြီး အပြင်လောကနဲ့ ဆက်ဆံကြတယ်။ သူတို့မူလခန္ဓာကိုယ်တွေ ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှမသိဘူး။

ပြီးတော့ အလောင်းထိန်းသမားတွေက အပြင်လူတွေနဲ့ အဆက်အဆံမလုပ်ချင်ကြဘူး။ တစ်ကိုယ်တည်း အသံတိတ်နေကြတာ။ ဒီတော့ ဖုတ်ကောင်ကို သူတို့ကိုယ်စားသုံးတာ ကွက်တိပါပဲ။ အဲလိုပဲလုပ်ကြမှာပေါ့"

အလောင်းများနှင့် တစ်ချိန်လုံး ထိတွေ့နေရသဖြင့် အလောင်းထိန်းသမားအများစုသည် ကိုယ့်ဘာသာ သီးခြားနေကြသည်။ ‌ကျောက်ပိုကတော့ ချွင်းချက်လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။

"ဪ အဲလိုလား"

ကိုယ့်ဘာသာ အတွေးလွန်နေခြင်းဖြစ်ကြောင်း လုယန် နားလည်သွားသည်။

"ဒါဆိုအခု အကိုတို့ သင်ကြားရေးအခန်းကိုသွားပြီး ပညာသင်ချင်လား။ ဒါမှမဟုတ် ဂိုဏ်းမစ်ရှင်တစ်ခုလက်ခံပြီး ကျုပ်နဲ့အတူ သရဲတွေကို သွားရှင်းမလား"

လုယန် မပွင့်တပွင့်ပြုံး၍ တည်ကြည်လေးနက်သည့်လေသံဖြင့် ပြောသည်။

"သရဲတွေကို သွားရှင်းရမှာပေါ့။ လောင်မုန်မှာ တစ်ကိုယ်တော်ဝိညာဉ်မြစ်ရှိတယ်။ တစ်ကိုယ်တော်အမွှာရွှေသန္ဓေ တည်ဆောက်ထားတဘ်။ သူ့သန့်စင်ယန်ခန္ဓာကိုယ်က ဘယ်သရဲမဆို အသက်လုပြီးထွက်ပြေးရအောင် လုပ်နိုင်တယ်။

သူဦးဆောင်နေမှတော့ သရဲတွေကို လွယ်လွယ်ကူကူ ရှင်းလင်းနိုင်မှာပါ"

လုယန် မုန်ကျင်းကျိုးကို ချီးကျူးလေ့သိပ်မရှိ။ သူပြောသမျှအားလုံးက အမှန်တရားဖြစ်သည်။ သို့သော် မုန်ကျင်းကျိုးစိတ်ထဲ ကြည်နူးပျော်ရွှင်မှုကို လုံးဝမခံစားရဘဲ အော်ဆဲသည်။

"မင်းပဲတစ်ကိုယ်တော်ဝိညာဉ်မြစ်။ မင်းတို့တစ်မျိုးလုံး တစ်ကိုယ်တော်ဝိညာဉ်မြစ်တွေ"

တစ်ခါတစ်လေ လုယန်ကို တစ်ကိုယ်တော်ကျိန်စာလက်သီးဖြင့် သူထိုးပစ်ချင်စိတ်ပေါက်သည်။ သို့သော် သူမလုပ်ရဲ။

လုယန်ကို ကျိန်စာလက်သီးကျွေးလျှင် တန်ပြန်ကံကြမ္မာသက်ရောက်မှုက ယခုထက်ပိုဆိုးလာပြီး ပြန်ဖျက်၍ရတော့မည်မဟုတ်ဟု သူ့မသိစိတ်က သူ့ကိုပြောနေသည်။

'နေနှင့်ဦးပေါ့ လုယန်၊ ငါမသေမျိုးဖြစ်တဲ့အခါကျမှ မင်းကိုကျိန်စာလက်သီး အပြည့်အဝကျွေးပစ်မယ်'

"ဒါဆို ရွှေသန္ဓေအဆင့်မစ်ရှင်တွေထဲမှာ ကျုပ်တို့ကြိုက်တာလက်ခံလို့ရတဲ့သဘောပေါ့"

ကျောက်ပိုက ပြောသည်။ သူတို့ရွှေသန္ဓေအဆင့်လေးယောက်ဆိုလျှင် ထိုအဆင့်အတွက် ထုတ်ပြန်ထားသည့် သရဲမစ်ရှင်အားလုံးကို သိမ်းကြုံးလက်ခံ၍ပင် ရနိုင်လေက်သည်။

လုယန် ဟန်ပါပါလက်ခါပြသည်။

"ရွေးချယ်တဲ့အခါ သတ္တိပိုရှိစမ်းပါ။ နတ်ဝိညာဉ်အဆင့်မစ်ရှင်တွေတောင် ငါတို့လက်ခံလို့ရတယ်"

ကျောက်ပို အံ့အားသင့်သွားသည်။ သို့သော် ချက်ချင်းသဘောပေါက်လာသည်။ သူတို့လေးယောက် ပူးပေါင်းတိုက်ခိုက်လျှင် နတ်ဝိညာဉ်အဆင့်သရဲတစ်ကောင်ကို ရင်ဆိုင်ဖို့ ပြဿနာမရှိလောက်။

"ကောင်းပြီလေ၊ နတ်ဝိညာဉ်အဆင့်မစ်ရှင်တစ်ခု ကျုပ်သွားရှာမယ်။ အကိုတို့သုံးယောက် ဒီမှာခဏစောင့်"

ကျောက်ပို မစ်ရှင်ယူရန် ထွက်သွားသည်။

လုယန် တစ်ခြားဘာမှလုပ်စရာမရှိသဖြင့် ကိုးငရဲဂိုဏ်းတံဆိပ်ကိုထုတ်ပြီး ဒုဂိုဏ်းချုပ်ာကျေက်ရိုးထံ မက်ဆေ့ပို့လိုက်သည်။

"ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းက ကောင်းကင်ဘုရင်တစ်ယေက် အခု အရိုင်းနယ်မြေဟန်ရွှေ့မြို့တော်မှာရှိတယ်။ ဒီမှာ သရဲကပ်သင့်နေတာတွေ့တယ်။ နယ်စားက ခင်ဗျားတို့လုပ်တာလို့ သံသယဝင်နေတယ်။ ဒီကိစ္စ တကယ်ခင်ဗျားတို့လုပ်တာလား"

ခဏကြာသည်အထိ သတင်းပြန်မလာ။ ‌ကျောက်ရိုး အလုပ်များနေ၍ မက်ဆေ့ကိုမမြင်ခြင်းဖြစ်မည်ဟု သူတွေးလိုက်သည်။ ထို့ကြောင့် တံဆိပ်ကို ပြန်သိမ်းရန်ပြင်သည်။ သို့သော် တံဆိပ်က ရုတ်တရက် ပူနွေးလာသည်။

ရှည်လျားသည့်ပြန့်စာတစ်ခု မျက်နှာပြင်တွင် ပေါ်လာသည်။

လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"လက်စသပ်တော့ ကျောက်ရိုးက ငါ့စာကိုမမြင်တာမဟုတ်ဘဲ ဒေါသတကြီးစာပြန်ရေးနေတာကိုး"

ကျောက်ရိုးပြန်စာက

"ဒါသက်သက်မဲ့ အပုပ်ချစွပ်စွဲတာ။ အဲဒီ့ တော်ဝင်ရုံးတော်က ခွေးသူတောင်းစားတွေ ကျုပ်တို့ကို ထပ်ပြီးအပြစ်လွှဲချနေပြပြီ။ ကျုပ်တို့ဂိုဏ်းချုပ်က သခင်လေးလုရဲ့ ဆိုင်ခွဲဖွင့်တဲ့စိတ်ကူးဟာ သိပ်ကောင်းတယ်လို့မြင်တယ်။

အခု ကိုးငရဲဂိုဏ်းမှာ စွမ်းအားမြင့်အဖွဲ့ဝင်တွေ နည်းလွန်းလို့ စုစည်းခြင်းအဆင့် ကူးဖြတ်ခြင်းအဆင့်ဂိုဏ်းဝင်တွေတိုးလာအောင် ကျင့်ကြံမှုကို အာရုံစိုက်နေကြတာပါ။ ကျုပ်တို့ဂိုဏ်းရဲ့ လှုပ်ရှားမှုအများစုကို ရပ်ဆိုင်းထားတယ်။

တစ်ဂိုဏ်းလုံး အသားကင်ဆိုင်ခွဲတွေလည်ပတ်ရင်း အလုပ်များနေကြတာ။ ဒါကလည်း ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်ပါ"

....

ကိုးငရဲဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုတွင် လုယန်မေးသည့်မေးခွန်းကိုဖတ်ပြီးနောက် ကျောက်ရိုး ဒေါသအကြီးအကျယ် ပေါက်ကွဲနေသည်။

"ငါတို့က ငွေရှာဖို့ အချိန်လုပြီးအလုပ်လုပ်နေရတာ။ သရဲကပ်ကိုဖြန့်ဖို့ ဘယ်လိုအချိန်ရမှာလဲ။ ဖြန့်လို့ရော ငါတို့အတွက် ဘာအကျိုးရှိမှာလဲ။ ရုံးတော်က ငါတို့ကိုစွပ်စွဲတာ တစ်ကြိမ်လည်းမဟုတ် နှစ်ကြိမ်လည်းမဟုတ်တော့ဘူး။

ထူးဆန်းတာတစ်ခုခုဖြစ်တိုင်း ငါတို့နတ်ဆိုးဂိုဏ်းကို အပြစ်ပုံချတယ်။ ဒီလိုပေါက်တတ်ကရကိစ္စတွေလုပ်ဖို့ ငါတို့က အတော်အားလျားနေတယ် ထင်နေကြပုံပဲ""

လုယန်ထံသို့စာပြန်နေရင်း သူဒေါသတကြီးဆဲဆိုနေသည်။ ကိုးငရဲဂိုဏ်းက ရေရှည်ကိုမစဉ်းစားဘဲ ကိုယ့်ဘာသာလှုပ်ရှားနေသည်ဟု ကောင်းကင်ရုံးတော်ဂိုဏ်းက အထင်လွဲသွားလျှင် နောက်ထပ်ပူးပေါင်းဆောင်ရွက်ဖို့ ခက်ခဲသွားတော့မည်။

ပြန်စာတစ်ခုပို့ပြီးနောက် လုယန်ကို နောက်ထပ်ရှင်းပြရန် သူတွေးသည်။ သို့သော် ကိုးငရဲတံဆိပ်က အလုပ်မလုပ်တော့။

"အေးသွားအေင် နောက်ထပ်ငါးရက် ထပ်စောင့်ရဦးမယ်။ တကယ်အနှောက်အယှက်ဖြစ်တာပဲ"

ကျောက်ရိုး သူ့ထိုင်ခုံတွင် နောက်မှီလှဲ၍ မျက်နှာကျက်ကို ငေးစိုက်ကြည့်နေသည်။ ထို့နောက် ရုတ်တရက် သူ့နဖူးသူဖျတ်ခနဲရိုက်၍

"အာ...ငါဘာလို့ ဒီကိစ္စကို စိုးရိမ်နေတာလဲ။ ဂိုဏ်းချုပ်က အရိုင်းနယ်မြေမှာ ရှိနေတာပဲလေ"

နောက်ထပ် ကိုးငရဲဂိုဏ်းတံဆိပ်ကိုထုတ်၍ လုယန်ပြောသည့်ကိစ္စ ဂိုဏ်းချုပ်ကို အသိပေး၍ မည်သို့ဖြေရှင်းသင့်သည်ကို မေးသည်။

ဂိုဏ်းချုပ်က စာတစ်ကြောင်းတည်း ချက်ချင်းတုံ့ပြန်သည်။

"ငါအခု ဟန်ရွှေ့မြို့ကိုရောက်နေတာ"

************************************

All Chapters