← Chapters

အလစ်တိုက်ခိုက်ခြင်း

Vol. 59 Ch. 956

အလစ်တိုက်ခိုက်ခြင်း

Vol. 59 Ch. 956

နဂါး လင်းလက် အင်ပါယာ၏ ‘သတို့သမီး ပို့ဆောင်ရေးအဖွဲ့’ သည် ယန်ရှောင်မြို့တော်သို့ ရောက်ရှိလာပြီး ဘုရင် ရိုဘင်(၁၉) ထံမှ ခမ်းနားသော ကြိုဆိုဧည့်ခံမှုကို ခံခဲ့ရသည်။

ယန်ရှောင်အင်ပါယာသည် လူသား လောကတွင် နာမည် ကျော်ကြားသော ‘ကြေးစားတိုင်းပြည်’ ဖြစ်သော်လည်း ၎င်း၏ နယ်မြေမှာ ကျယ်ဝန်းခြင်းမရှိဘဲ နိုင်ငံအများအပြားက နဂါးလင်းလက် အင်ပါယာ နှင့် နယ်နိမိတ်ချင်း ထိစပ် နေသည်။ ရိုဘင်(၁)က ကြေးစား တစ်ယောက် ဖြစ်ပြီး တိုင်းပြည်ကို တည်ထောင်ခဲ့သောအခါ နဂါးလင်းလက် အင်ပါယာထံမှ ခိုင်မာသော ပံ့ပိုးမှုများ ရရှိခဲ့ရာ ယန်ရှောင် အင်ပါယာက နဂါး လင်းလက် အင်ပါယာ၏ လက်အောက်ခံ အဖြစ် အမြဲတစေ တည်ရှိခဲ့သည်။

တည်ထောင်သူများနှင့် ဘိုးဘေးများ နှင့် နှိုင်းယှဉ်ပါက လက်ရှိ ရိုဘင်(၁၉)မှာ ဗိုက်ပူပူနှင့် ပြုံးပြုံးရယ်ရယ် ရှိနေသည်။ ကြေးစားတစ်ဦး၏ ပုံစံနှင့် လုံးဝမရှိဘဲ ဘုရင်တစ်ပါး အစစ်ကဲ့သို့ ဖြစ်သည်။ နဂါးလင်းလက် အင်ပါယာ၏ တတိယ မင်းသား ရောက်ရှိလာခြင်းကို ရင်ဆိုင်ရ သောအခါ သူက ပေါ့ဆရဲခြင်း မရှိဘဲ အမြင့်ဆုံးသော ဧည့်ခံမှုဖြင့် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

မင်းသားဟူသော ဂုဏ်သိက္ခာကြောင့် သာမက ‘အာသာ’ သည် မှော်ဂိမ်းနှင့် ရနံ့မွှေး ပြောင်းဆန် ဝိုင်အရက်တို့ကို ထိန်းချုပ်ထားသည့် ရွှေရောင်နယ်မြေ၏ သခင်ဖြစ်နေခြင်းအပြင် လူသားတို့၏ ယန္တရား မဟာဆရာသခင် ၃ဦးထဲမှ တစ်ဦးဟူသော ဂုဏ်ပုဒ်ကြောင့်လည်း ဖြစ်ပေသည်။

ထိုမျှ အရေးပါသူ တစ်ဦးသည် နောင်တွင် နဂါးလင်းလက် အင်ပါယာ ၏ ဘုရင် ဖြစ်လာနိုင်ဖွယ် ရှိသောကြောင့် ကောင်းမွန်သော ဆက်ဆံရေး ရရှိရန် လုံးဝ လိုအပ်ပေသည်။

ချန်လွေ့သည် ရိုဘင်(၁၉)၏ ပွဲတော် ကျင်းပရန် ပြောဆိုမှုကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့၏။ သူက ခဏတာမျှသာ တည်းခိုပြီး ဥယျာဉ်မြို့သို့ ထွက်ခွာသွား ခဲ့လေသည်။

မသွားခင် ချန်လွေ့က ရိုဘင်(၁၉)ကို အကောင်းဆုံး နဂါးဝါဝိုင် ပုလင်းအချို့နှင့် ရေရှည် ရနံ့မွှေး ပြောင်းဆန်ဝိုင် ပံ့ပိုးမှု စာရင်းထဲတွင် ထည့်ပေးခဲ့သည်။ ထိုအရာက ရိုဘင်(၁၉)၏ မျက်နှာပွပွကို အပြုံးတစ်ခု ဖြစ်သွားစေ၏။

အဖွဲ့၏ လမ်းကြောင်းမှာ ဥယျာဉ်မြို့မှ တစ်ဆင့် လိုယာ အင်ပါယာ၏ ကြည်လင်ကြေးမုံမြို့သို့ သွားရောက်ကာ ကြည်လင် ကြေးမုံမြို့၏ တယ်လီပို့ လမ်းကြောင်းမှတစ်ဆင့် ကြယ်အလင်း အင်ပါယာသို့ သွားကာ နောက်ဆုံး ကြယ်အလင်းအင်ပါယာ မှ ကျောက်စိမ်း သစ်တောပင်လယ်သို့ သွားရောက်ရန် ဖြစ်သည်။

လှည်းကို နဂါးလင်းလက် အင်ပါယာ ၏ အကောင်းဆုံး အမြန်နှုန်းနှင့် ခံနိုင်ရည် ရှိသည့် အပြောင်းအလဲ ဖြစ်နေသော စစ်မြင်းများနှင့် အံဝင်ခွင်ကျ တပ်ဆင် ထားသည်။ ၎င်းတို့သည် ညဘက် တွင်ပင် အရာဝတ္ထုများကို ရှင်းရှင်း လင်းလင်း မြင်နိုင်ပြီး အရပ်သား ယာဉ်များနှင့် လုံးဝနှိုင်းယှဉ်၍ မရ သောကြောင့် ခရီးသွားချိန်ကို များစွာ သက်သာစေနိုင်လေသည်။

မှော်ဂိမ်းတွင် သိဒ္ဓိကျောင်းတော်၏ ‘အကူအညီ’ ရှိခဲ့သောကြောင့် ချန်လွေ့ အလုပ်များစွာ သက်သာခဲ့သည်။ ထို့ကြောင့် သူက စီစဉ်ထားသည်ထက် စောစီးစွာ ထွက်ခွာခဲ့ပြီး အချိန်များစွာ ရှိနေသည်။ သူက ကျက်သရေပြာ အင်ပါယာသို့ သွားရောက်ပြီး စေ့စပ်ရန် အလျင်လိုနေခြင်း မဟုတ်ဘဲ ကျောက်စိမ်း သစ်တောပင်လယ်သို့ သွားကာ မဟာဆရာသခင် ၂ဦးနှင့် ပြန်လည် တွေ့ဆုံရန် ဖြစ်သည်။ ဖီနိုအီယာ ပြောခဲ့သည့် ပေးလိုသည် များကို သူ အမှန်ပင် အလေးအနက် မထားခဲ့ပေ။

ထိုသူနှစ်ဦးက လူသားလောကတွင် သူ၏ စစ်မှန်သော မိတ်ဆွေများ ဖြစ်သည်။ သူတို့နှင့် တွေ့ဆုံစဉ်က သူသည် ဆရာသခင် အဆင့်သို့သာ ရောက်ရှိသေးသည်။ မဟာဆရာသခင် နှစ်ဦးက သူ့အား ကိုယ်ကျိုးမဖက် လမ်းညွှန်မှုနှင့် အကူအညီများ ပေးခဲ့၏။ နောက်ဆုံးတွင် သူက မဟာဆရာသခင် အဆင့်သို့ တိုးတက်လာခဲ့ပြီး နတ်ဆိုးဘုံ ယန္တရားပြိုင်ပွဲတွင် ဆာမန်နှင့် အူးကလီးရက်စ် တို့ကို အနိုင်ယူခဲ့သည်။ ယခုအခါ ချန်လွေ့၏ ယန္တရားစွမ်းရည်မှာ မဟာ ဆရာသခင် နှစ်ဦးထက် အနည်းငယ် သာလွန်နေပြီး သူ၏ တိုက်ခိုက်ရေး စွမ်းအားက သူတို့ နှစ်ဦးထက် များစွာ သာလွန်နေ သော်လည်း သူ၏ စွမ်းအား သို့မဟုတ် ယန္တရားစွမ်းရည် မည်သို့ပင် ဖြစ်စေ မိတ်ဆွေဆိုသည်မှာ မိတ်ဆွေပင် ဖြစ်၏။

ရင်းနှီးမှုက ရာထူးအနိမ့်အမြင့်ကြောင့် ပြောင်းလဲသွားမည်မဟုတ်ပေ။

အရှိန် တင်နေသော လှည်းက ရုတ်တရက် ရပ်တန့်သွား၏။ ရပ်တန့်မှုမှာ အလွန် ရုတ်တရက် ဖြစ်သောကြောင့် လှည်းအတွင်းရှိ ချန်လွေ့ပင် ခံစား မိခဲ့သည်။ သူက ချက်ချင်းပင် ဇိုလာနှင့် အခြားသူများကို အကြောင်းကြား ပြီးနောက် နေရာလွတ်ကို ထိန်းသိမ်း ထားခဲ့သည်။ လှည်း အပြင်ဘက်မှ ဆူညံသံများနှင့် တိုက်ခိုက်သံများ ထွက်ပေါ်လာနေသည်။

“မင်းသား။ လှည်းထဲက မထွက်ပါနဲ့!” သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် ဘီဒယ်က လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ “ကျုပ်တို့က အမည်မသိ တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်။ ပြီးတော့ ဗိုလ်ချုပ် ပရိုယိုက တိုက်ပွဲကို ဦးဆောင်နေပါတယ်။”

ချန်လွေ့ ခေါင်းထွက်ကာ တစ်ချက် ကြည့်လိုက်ရာ အခြေအနေတစ်ခုလုံးကို မြင်တွေ့ခဲ့ရ၏။

နေရာက ဘေးနှစ်ဖက်တွင် ပိုမို၍ မြင့်မားသော တောင်ထိပ်များ ရှိသည့် ခွက်ပုံသဏ္ဌာန် မြေမျက်နှာပြင် ဖြစ်သည်။ ရှေ့နှင့် နောက်တွင် မီးလောင်နေသော သစ်လုံးကြီးများ ရှိနေ၏။ မှော်စက်ဝိုင်း အသက်သွင်းပြီးနောက် လေထဲတွင် ပူလောင်သော အငွေ့အသက်များ ပြည့်နှက်သွားပြီး မီးအလင်းက အနီး အနားရှိ အလောင်းများကို ရောင်ပြန်ဟပ် နေသည်။ လူများနှင့် မြင်းများ ရှိနေ၏။

ရန်သူက မြေမျက်နှာ သွင်ပြင်ကို အသုံးချကာ တိုက်ခိုက် နေပြီး ယာဉ်တန်း၏ လမ်းကို ပိတ်ဆို့ထားပုံ ရသည်။ မှော်စက်ဝိုင်း၏ စွမ်းအားနှင့် အစီအစဉ်အရ ၎င်းသည် သာမန် ဓားပြများ မဟုတ်ဘဲ ကြိုတင်စီစဉ် ထားသော ချုံခိုတိုက်ခိုက်မှု ဖြစ်သည်။

ပရိုယို၏ ညွှန်ကြားချက် အရ စစ်သည်တော်များက မြင်းများကို ထိန်းချုပ်ကာ စက်ဝိုင်းပုံစံ စုဝေးပြီး အလယ်တွင် လှည်းကို ကာကွယ် ထားကြသည်။

အမှောင်ထဲတွင် ထိုးဖောက်ဝင်ရောက် နေသော အသံများနှင့် မှိန်ဖျော့စွာ လင်းလက်နေသော အလင်းများစွာ ရှိသည်။ ၎င်းတို့က မှော်ပညာဖြင့် တိုးမြှင့်ထားသော ငှက်တောင် မြားများ ဖြစ်လောက်ပေသည်။

ဘီဒယ်လက်ထဲရှိ မှော်တုတ်တံက အနည်းငယ် တုန်ခါသွားပြီး မြားများက မမြင်ရသော ဒိုင်းကို ထိမှန်သကဲ့သို့ ဖြစ်သွားသည်။ ၎င်းတို့က ကျိုးပဲ့ကာ ပြုတ်ကျသွား၏။ ထူးဆန်းသော စက်သံတစ်ခု ထွက်ပေါ်လာပြီး လေကို ဖြတ်၍ ထက်ရှသော အသံတစ်ခု နောက်ထပ် ထွက်ပေါ်လာသည်။

“ဒူးလေးပစ်စက်ကြီး!” ဘီဒယ်၏ မျက်နှာအမူအရာ ပြောင်းလဲ သွား၏။ ဒူးလေးမြားပစ်စက်ကြီးက နဂါးများ ကဲ့သို့သော ကြီးမားသော နတ်ဆိုး သတ္တဝါများနှင့် ရင်ဆိုင်ရန် မူလက အသုံးပြုခဲ့သော လောက်လေး တစ်ခု ဖြစ်သည်။ ပြန်လည် တင်ဆောင်ရန် အတော်လေး အချိန်ကုန် သော်လည်း ၎င်း၏ စွမ်းအားနှင့် ဖျက်ဆီးနိုင်စွမ်းမှာ အလွန်ထိတ်လန့်စရာ ကောင်း၏။

အစွမ်းထက်သော်လည်း ထိုအရာက အသက်မဲ့သော စက်တစ်ခုသာ ဖြစ်၏။ တစ်ဦးတည်း ရင်ဆိုင်ရပါက ဘီဒယ်တွင် ၎င်းကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်း ရှိသော်လည်း လက်ရှိတွင် သူ့ တာဝန်က လှည်းကို ကာကွယ်ရန် ဖြစ်သည်။ ဆိုလိုသည်မှာ သူက ထိုနေရာတွင် အတင်း ခုခံရုံသာ တတ်နိုင်လေသည်။

အသံကြားချိန်မှ သဘောပေါက်ချိန် အထိ တစ်စက္ကန့်မျှသာ ကွာခြား၏။ ဘီဒယ် တုံ့ပြန်ရန် အချိန်ပင် မရခဲ့ပေ။ မှော်တုတ်တံက တလက်လက် အလင်းရောင် လင်းလာပြီး တိုင်းပြည် စွမ်းအားများ ပေါက်ကွဲထွက်သွား၏။ လေထဲတွင် မြေလွှာ အထူလိုက်က ဒိုင်းတစ်ခုအဖြစ် စုစည်းပြီး ရှေ့တွင် ပျံလွင့်နေတော့သည်။

နောက်ထပ်စက္ကန့်ပိုင်းတွင် မြေဒိုင်းကို ထိုးဖောက်သံ ထွက်ပေါ်လာပြီးနောက် ကွဲအက်သံများ ထွက်ပေါ်လာ၏။ မြေကြီး တုန်ခါသွားပြီး မြေဒိုင်းများ အားလုံးနီးပါး ကွဲကြေသွားသည်။ ကံကောင်းစွာပင် နောက်ဆုံးသော အလွှာ ၂လွှာတွင် ကြီးမားသော အက်ကွဲကြောင်းများသာ ရှိပြီး ‘မြား’ကို မနည်း တောင့်ခံထားရ၏။ အနီးအနားရှိ စစ်သည်တော်များက ပေါက်ကွဲမှုကြောင့် ဒဏ်ရာရကုန်သည်။

“ချီးပဲ။ အပြင်းဆုံး ပေါက်ကွဲမှော် စက်ဝိုင်းနဲ့ လုပ်ထားတဲ့ ဧရာမမြားတွေ!” သူတော်စင်အဆင့် ဓားသမား ခါဒိုက ဆဲဆိုလိုက်မိ၏။ “စစ်တပ်ထဲမှာတောင် ဧရာမလေးမြားစက်ကြီးက တင်းတင်း ကြပ်ကြပ် တားမြစ်ထားတဲ့ စစ်ပစ္စည်းပဲ။ ဒီကောင်တွေ ဘယ်ကရတာလဲ။”

ပရိုယိုက စစ်သည်တော်များကို မြင်းပေါ်မှ ဆင်းစေပြီး မြင်းများကို နောက်တွင် ထားရန် ချက်ချင်း အမိန့်ပေး လိုက်သည်။ သူတို့သည် အသင့် အနေအထားဖြင့် စက်ဝိုင်းကို ပိုမို၍ ကျဉ်းမြောင်း စေခဲ့သည်။

ဘီဒယ်သည် ခုနက တိုက်ခိုက်မှုကို တားဆီးရန် ပိုင်နက် စွမ်းအားကို အတင်း အသက်သွင်း ခဲ့ရသည်။ သူသည် ပေါ့ဆရဲခြင်းမရှိဘဲ မှော်တုတ်တံကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။ မြေကြီး တုန်ခါ သွားပြီး မြင့်မားကာ မာကျောသော နံရံထူကြီးများက အရပ်မျက်နှာတိုင်းမှ ထွက်ပေါ်လာကာ မြို့ရိုးကဲ့သို့ လှည်းကို ကာကွယ်ပေးခဲ့သည်။

စက်သံနှင့် ထက်ရှသော လေချွန်သံ များ ထပ်မံ၍ ထွက်ပေါ်လာသည်။ ယခုတစ်ခေါက်တွင် ဧရာမ ဒူးလေးမြား ပစ်စက်ကြီး တစ်ခုထက်မက ရှိသည်။ ပတ်ဝန်းကျင်ရှိ မြေကြီးတံတိုင်းများက အလွှာပေါင်းများစွာ ထိုးဖောက်ခံရပြီး ပေါက်ကွဲအားကြောင့် ပြိုကျသွား သော်လည်း အနီးဆုံး အလွှာများမှာမူ မပျက်စီးခဲ့ပေ။

ဘီဒယ်သည် မြေဒြပ်စင်မှော်ပညာတွင် ကျွမ်းကျင်ပြီး သူ၏ လိုက်လျောညီထွေ ရှိမှု စွမ်းရည်က အလွန်မြန်ဆန်သည်။ တိုင်းပြည် စွမ်းအားကို စုစည်းထားသော ထိုမြေတံတိုင်းပညာရပ်က ဧရာမ ဒူးလေး မြားပစ်စက်ကြီးများကို ခုခံကာကွယ်ရန် အမှန်တကယ် အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။

ပစ်ခတ်မှု မအောင်မြင်သည့် အခါတွင် အသံ ရပ်တန့်သွားခဲ့၏။ မည်သို့ပင် ဖြစ်စေကာမူ ပြန်လည် တင်ဆောင် ရခြင်းသည် ထိုဧရာမ ဒူးလေးမြား ပစ်စက်ကြီး၏ အကြီးမားဆုံး အားနည်းချက် ဖြစ်သည်။ သို့သော် ပြိုကျနေသော မြေကြီး တံတိုင်း နောက်တွင် တစ္ဆေသဖွယ် ပုံရိပ်များ ပေါ်လာကာ လှည်းဆီသို့ အပြေးအလွှား ရောက်လာသည်။ ပစ်ခတ်မှု မအောင်မြင် ပြီးနောက်တွင် ရန်သူက အနီးကပ် တိုက်ခိုက်ခြင်းကို အသုံးပြုလာခဲ့သည်။

လှည်းအနီးရှိ စစ်သည်တော်များ အားလုံးက နဂါးကြေးခွံ ဗိုလ်ခြေ၏ ထိပ်တန်းစစ်သည်များ ဖြစ်ကြသည်။ သူတို့က ထိတ်လန့်ခြင်းမရှိ၊ ရုတ်တရက် မလှုပ်ရှားကြဘဲ ခေါင်းဆောင် ပရိုယို၏ အမိန့်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ ကြသည်။

ပုံရိပ်များသည် အလွန် နီးကပ်လာ၏။ ပရိုယိုက အမိန့်ပေးလိုက်ရာ ရှေ့တန်းရှိ ဓားသမားများက ဓားရှည်များကို တပြိုင်နက်တည်း ဝှေ့ယမ်းကာ ထောင့်ချိုးဖြင့် ခုတ်ပစ်လိုက်သည်။ တည့်တည်၊ အလျားလိုက်၊ ထို့နောက် တည့်တည့်၊ ထို့နောက် အလျားလိုက်... အားအနည်းဆုံး ဓားသမားများကပင် ဆရာသခင်အဆင့် ရှိ၏။ အပြင်းအထန် လေတိုက်ခတ်မှုများက ဧရာမပိုက်ကွန် ကဲ့သို့ သပ်ရပ်စွာ ထွက်ပေါ်လာသည်။ ထိုပုံရိပ်များသည် ကိုယ်ခန္ဓာနှင့် မနီးကပ် ခင်မှာပင် အပိုင်းပိုင်း ဖြစ်သွားသည်။

ချန်လွေ့က ထိုစစ်သည်တော်များ၏ ခန္ဓာကိုယ်ပေါ်၌ မှော်ဆေးမင်ကြောင်နှင့် ဆင်တူသော စွမ်းအား တစ်မျိုး ရှိနေသည်ကို မြင်လိုက်ရသည်။ သူတို့က အခင်းအကျင်း တစ်ခုအဖြစ် ပေါင်းစပ် သွားသောအခါ စွမ်းအားက အဆပေါင်း များစွာ ပိုမို ကြီးမားသွားနိုင်ပေသည်။

ထိုကျွမ်းကျင်ပြီး တိုက်ပွဲအတွေ့အကြုံ ရှိသော ထိပ်တန်း စစ်သည်တော်များက တသားတည်း ကဲ့သို့ ရှေ့တိုးရမည့် အချိန်နှင့် နောက်ဆုတ်ရမည့် အချိန်ကို သိကြသည်။ သူတော်စင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်ရန် အင်အား ရှိကြသည်။

ပူးပေါင်း၍ တိုက်ခိုက်သော အခင်းအကျင်းက လူသားများအတွက် အကောင်းဆုံး စစ်ပွဲနည်းလမ်း ဖြစ်ပြီး နတ်ဆိုးဘုံက ထိုအပိုင်းတွင် အလွန်ပင် အားနည်းသည်။ တစ်ခါတရံ သူတို့က တစ်ဦးချင်း စွမ်းအားကို ပိုမိုမှီခိုကြသည်။ ပုံမှန်အားဖြင့် သက်တမ်းနှင့် ခန္ဓာကိုယ် အင်အားကြောင့် နတ်ဆိုးများက အဆင့်တူ လူသား အစွမ်းထက် ပုဂ္ဂိုလ်များထက် သာလွန်‌ပေသည်။

ချန်လွေ့ရှေ့ရှိ နဂါးကြေးခွံ ဗိုလ်ခြေ၏ ထိပ်တန်းစစ်သည်တော်များက သူ့ကို သင်ခန်းစာပေးခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းတွင် သူတို့ထက် အရေအတွက် များသော ရန်သူများကို အသား ကြိတ်စက် ကဲ့သို့ ခေါင်းဖြတ် သတ်ပစ် ခဲ့ကြလေသည်။

လှည်းအနီးရှိ ဘီဒယ်က ရုတ်တရက် ခေါင်းမော့လိုက်ရာ ညကောင်းကင်၌ တောက်ပနေသော အစက်အပြောက် များစွာကို မြင်တွေ့ရပြီး ထိုတောက်ပ နေသော အစက်အပြောက်များမှာ ချက်ချင်းပင် အလွန် ကြီးမားလာသည်။ ၎င်းတို့သည် အမှန်တကယ်ပင် မီးလောင် နေသော ဥက္ကာခဲများ ဖြစ်၏။

“[ဥက္ကာပျံမိုး]!” ဘီဒယ်က အံ့သြစွာ အော်ဟစ်လိုက်သည်။ [ဥက္ကာပျံမိုး] သည် အစွမ်းထက်သော မီးမှော်ပညာရပ် ဖြစ်သည်။ မြေပြင်ရှိ ပုံသေပစ်မှတ်များ အတွက် သေစေနိုင်စွမ်း အလွန်မြင့်မား လေသည်။ ထိုဥက္ကာပျံများမှာ ရာနှင့်ချီ ရှိနေသည်။ ထိုသို့အကွာအဝေးတွင်ပင် ကြောက်စရာ မီးဒြပ်စင် လှိုင်းကို ခံစားမိနိုင်ပေသည်။ ရန်သူများကြားတွင် အစွမ်းထက်သော မီးမှော်ပညာရှင် တစ်ဦး ရှိနေပုံရသည်။

လှည်းကို ယခုရွှေ့၍ မရတော့ သောကြောင့် ဘီဒယ်က ယခင် ဧရာမ ဒူးလေးပစ်စက်ကြီးကို ခုခံခဲ့သလိုသာ ခုခံနိုင်တော့သည်။ သူက ချက်ချင်းပင် မှော်တုတ်တံကို မြင့်မြင့် မြှောက်လိုက်ပြီး ကောင်းကင်ကို ချိန်ရွယ်ကာ အမြန် မန္တန် မန်းမှုတ်လိုက်၏။

ထိုအချိန်တွင် သူ၏ စိတ်ထဲတွင် သတိပေး နိမိတ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ရွှေရောင် အလင်းတစ်ခု လင်းလာပြီး လျှပ်စီးလက် သကဲ့သို့ သူ့ဆီသို့ ပျံသန်းလာ၏။ သို့သော် နောက်မှ လေတိုးသံ လိုက်လာသည်။ မြားပဲ..!

ထိုမြားက နှိုင်းယှဉ်၍ မရအောင် အားကေားင်းသော တိုင်းပြည်စွမ်းအား စုစည်းထားပြီး အချိန်ကိုက်မှုက အလွန် တိကျပေသည်။ [ဥက္ကာပျံမိုး] ကို ခုခံရန် မှော်စွမ်းအားကို လေထဲ၌ စုစည်းနေချိန် ဖြစ်သောကြောင့် ဘီဒယ်က ဒုတိယ အကြိမ် တုံ့ပြန်ရန် အချိန်မရခဲ့ပေ။

မှော်ပညာရှင်၏ အနီးကပ် တိုက်ခိုက် နိုင်စွမ်းမှာ သုညနီးပါး ဖြစ်ပေသည်။ အကယ်၍ ထိုမြားက သူ့ကို ထိမှန်ပါက ဘီဒယ်သည် မသေလျှင်ပင် ဒဏ်ရာ အပြင်းအထန် ရပြီးနောက် ကောင်းကင်မှ ကျလာသော [ဥက္ကာပျံမိုး]ကို ခုခံနိုင် တော့မည် မဟုတ်ပေ။ လှည်းနှင့် အနီးအနားရှိ လူများလည်း အသားပြုတ် ဖြစ်သွားပေလိမ့်မည်။

“ခွမ်း...” မြားကို မဟာဓားဖြင့် ခုခံ လိုက်သည်။ နောက်ထပ် သူတော်စင် အဆင့် ကာဒိုက ဓားကို ကိုင်ထားခြင်း ဖြစ်သည်။

ခါဒိုက ဘီဒယ် မျှော်လင့်ထားသည့် အတိုင်းပင်ဖြစ်ပြီး သူ့အတွက် မြားကို ခုခံပေးခဲ့သည်။ ဘီဒယ်၏ မှော်စွမ်းအား ပေါက်ထွက် သွားခဲ့ပြီး ကောင်းကင်ရှိ [ဥက္ကာပျံမိုး]က အလျင်အမြန် နှေးကွေး လာလေသည်။

ရွှေရောင်အလင်း လင်းလာပြီး ယခု တစ်ကြိမ်တွင် ပစ်မှတ်က ခါဒို ဖြစ်သည်။ ငါးချက်ဆက် မြားပစ်လိုက်ခြင်း ဖြစ်၏။ ရှေ့မြားက နောက်မြား၏ လေးကြိုးကို တိကျစွာ ထိမှန်ရာ ထိခိုက်မှုအား ၅ဆ နီးပါး တိုးလာခဲ့သည်။ ခါဒိုက သူ၏ မဟာဓားဖြင့် ကာကွယ်ခဲ့ရာ နောက်သို့ ၁၀မီတာကျော် ဆုတ်သွားခဲ့လေသည်။

သူ နလန်ပြန် မထူနိုင်ခင်မှာပင် ရွှေရောင်အလင်းဒါဇင်ခန့်က ဥက္ကာပျံ မိုးကို ခုခံနေသော ဘီဒယ်ဆီသို့ လေတိုးသံနှင့်အတူ ရောက်ရှိလာသည်။ ခါဒိုက သူ့ကို ကယ်တင်ရန် အချိန် မရခဲ့ပေ။ ဘီဒယ်က ရွေးချယ်မှု တစ်ခု ပြုလုပ်ရမည်ကို သိလိုက်ပြီး သူ၏ ပုံရိပ်က လေထဲတွင် ချက်ချင်း ပေါ်လာသည်။ ထိုကဲ့သို့ တယ်လီပို့ ခုန်ခြင်းကြောင့် [ဥက္ကာပျံမိုး] အနည်းငယ် ပိုမိုမြန်ဆန်စွာ ကျဆင်း လာသည်။ ဘီဒယ်က ခုခံနေသော မှော်စွမ်းအားကို အလျင်အမြန် ထိန်းချုပ်ပြီး အော်ပြော လိုက်သည်။ “မင်းသားကို ဒီကနေ ခေါ်သွားကြတော့။”

ထိုအတိုင်း ဆက်နေမည် ဆိုလျှင် သူတို့က အနိမ့်မှ တိုက်ခိုက်ခံနေရမည် ဖြစ်သည်။ ထို့ကြောင့် သူတို့က လှည်းကို စွန့်ပစ်ရပေမည်။

သို့သော် ဘီဒယ် ပြောလိုက်သည်နှင့် တပြိုင်နက် ပစ်မှတ် လွဲသွားသော ရွှေရောင် အလင်းများက မျက်လုံးများ ရှိသကဲ့သို့ ကွေးညွှတ်ကာ လေထဲရှိ ဘီဒယ်ကို လိုက်သွားလေသည်။

ဘီဒယ် အံ့အားသင့်သွား၏။ ထိုကဲ့သို့ အရေးကြီးသော အချိန်တွင် ရွှေရောင် အလင်းက ရုတ်တရက် ရပ်တန့်သွားပြီး မူလပုံစံကို ဖော်ပြခဲ့သည်။ ရွှေရောင် သတ္တုဖြင့် ပြုလုပ်ထားသော မြားများပင်။

နောက်ထပ် မြင်ကွင်းက လူတိုင်းကို အံ့သြတုန်လှုပ်စေခဲ့သည်။ ထိုကဲ့သို့ တောက်ပနေသော မြားဒါဇင်ခန့်က ချက်ချင်းပင် ပြာမှုန်များ အဖြစ် ပြောင်းလဲ သွားပြီး မှိန်ဖျော့စွာ တောက်ပနေသော ထိုပြာမှုန်များက လာရာလမ်းအတိုင်းသို့ ပြန်ဆုတ်သွားခဲ့လေသည်။ နောက်သို့ ပြန်ရစ်လိုက်သလိုမျိုးပင်။

မျက်စိတစ်မှိတ်အတွင်း မှိန်ဖျော့ဖျော့ အလင်းရောင်များက နောက်ပြန်သွားကာ မြားပစ်ခဲ့သည့် နေရာသို့ ပြန်ရောက် သွားပြီး ပြင်းထန်သော အော်သံ ထွက်ပေါ်လာခဲ့သည်။ အော်သံက ရုတ်တရက် ရပ်တန့်သွားပြီး နောက်တွင် မည်သည့် အသံမျှ မကြားရတော့ပေ။

လေထဲမှ ဘီဒယ်က အရှင်းလင်းဆုံး မြင်ခဲ့ရသည်။ ပိန်သွယ်သွယ် ပုံရိပ်က ပြန်ဆုတ်သွားသော အလင်းကို အကြိမ် များစွာ ရှောင်ရှားရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ အလင်းသည် သူ၏ ခန္ဓာကိုယ်သို့ ပြန်ရောက် သွားသည့် အခိုက် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်က ပြာမှုန်များအဖြစ် ပြောင်းလဲသွားလေ၏။

ဘီဒယ်က အပေါ်မှ ဖိအားများ လျော့ကျသွားသည်ကို ခံစားလိုက်ရ၏။ ဥက္ကာပျံ မီးတောက် ရာပေါင်းများစွာက မျက်စိတစ်မှိတ်အတွင်း ပြာမှုန်များအဖြစ် ပြောင်းလဲကာ ကောင်းကင်ရှိ ညလေနှင့် အတူ လွင့်မျောသွားခဲ့သည်။

ဒါက ဘာစွမ်းအားလဲ။ အတော်လေး စွမ်းအားကြီးတာပဲ။ အဲဒီ ပိန်သွယ်တဲ့ ပုံရိပ်က သူတော်စင်အဆင့် ထိပ်သီးပိုင်း ထိပ်တန်းအဆင့်ဆိုတာ သိသာပေမယ့် ချက်ချင်းပဲ ပြာမှုန် ဖြစ်သွားတယ်။ ပြန့်ကျဲသွားတဲ့ပုံအရတော့ ဒီစွမ်းအားက မှော်ပညာလို မဟုတ်ဘဲ အဆိပ်လိုမျိုး ပိုဖြစ်ဖို့များတယ်။

ခုနက ဖြစ်ပျက်ခဲ့သမျှမှာ လှည်းပေါ် ထိုင်နေသော ပါ့ဂ်လီအို၏ လက်ရာပင် ဖြစ်သည်။ သူသည် ထိုနိမ့်ကျသော လုပ်ကြံသတ်ဖြတ်သူများကို ရှင်းလင်းရန် လက်ချောင်းများကို လှုပ်ရှားရုံသာ လို၏။

ဆရာသခင်အဆိပ်နဂါးက ဝိုင်တစ်ငုံ သောက်ပြီး ကြွားလုံးထုတ်သည့် သဖွယ် လူသားအား မျက်လုံးတစ်ဖက် မှိတ်ပြ လိုက်၏။ ငါ မိုက်တယ်မလား။ မင်းက အစွမ်းထက်တော့ ဘာဖြစ်လဲ။ အခု ငါ့မြေးလိုပဲ ဟန်ဆောင်နေရမှာ...

ချန်လွေ့က ဂရုမစိုက်သော အမူအရာ ရှိနေသော်လည်း ဇိုလာက အဆိပ်နဂါးကို တစ်ချက်စိုက်ကြည့်ပြီးမှ အကြည့်ပြန်ရုပ် သွားခဲ့သည်။ ငါ လှုပ်ရှားလိုက်မယ် ပါ့ဂ်လီအို ၁၀ယောက်တောင် ဒူးထောက် နေရမယ်။ ဒီကောင်နဲ့ ဘာလုပ်ဖို့ ယှဉ်နေမှာလဲ။

ချွဲကျိကောင်ကသာ စိတ်ပျက် အားငယ်နေလေ၏။ ဝိုင်တစ်ဝက် သောက်ရရန် လောဘကြီးခဲ့သောကြောင့် ထိုကဲ့သို့ အခွင့်အရေးကောင်းကြီးကို လွဲချော်ခဲ့ရခြင်း ဖြစ်ပေသည်။

“ရန်သူတွေ ဆုတ်ခွာသွားပြီ။” ဘီဒယ်က မြားပစ်ခဲ့သော အစွမ်းထက် ပုဂ္ဂိုလ် သေဆုံးပြီးနောက် တစ္ဆေပုံစံ အနက်ရောင် ရန်သူများက အမိန့်ရသလို အလျင်အမြန် ဆုတ်ခွာသွားသည်ကို မြင်လိုက်ရလေ၏။ [ဥက္ကာပျံမိုး]ကို အသုံးပြုသော သူတော်စင် အဆင့် မီးဒြပ်စင် မှော်ပညာရှင် အပါအဝင် ဖြစ်သည်။

ခါဒိုသည် ခုနကမှ ဆင်းသက်လာသော ဘီဒယ်နှင့်အတူ ရှေ့တိုးလာပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုအပြည့်ဖြင့် ပါ့ဂ်လီအိုအား ဦးညွှတ်အရိုအသေ ပြုလိုက်သည်။ တခြားသူများ မသိသေး သော်လည်း သူတော်စင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြသော သူနှင့်ဘီဒယ်တို့ နှစ်ဦးလုံးက တတိယ မင်းသား ဘေးနားတွင် ရှိနေသော အေးဆေးပုံရသည့် လူကြီးက ရန်သူကို နှိမ်နင်းလိုက်ကြောင်း ခံစားမိခဲ့ကြသည်။

လက်တစ်ချက် ယမ်းလိုက်သည်နှင့် သူတော်စင်အဆင့် ထိပ်သီးပိုင်း အစွမ်းထက် ပုဂ္ဂိုလ်က ပြာမှုန်များ ဖြစ်သွားခဲ့သည်။ ‘အာသာ’၏ အစောင့် အရှောက်က သူတော်စင်အဆင့်ထက် အများကြိး သာလွန်ပေသည်။

ရန်သူများ ဆုတ်ခွာ သွားသည်ကို မြင်သောအခါ စစ်သည်တော်များက ဓားရှည်များကို တပြိုင်နက် မြှောက်ကာ အောင်ပွဲခံ အော်ဟစ်လိုက်ကြသည်။

ဇိုလာက ချန်လွေ့နားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ “ရေဒြပ်စင် တယ်လီပို့ လှိုင်းတစ်ခုကို ကျွန်မ ခံစားရတယ်။ သူတို့က တစ်ခါသုံး တယ်လီပို့ အစီအရင်ကို သုံးပြီးတော့ ထွက်ပြေးသွားတဲ့ပုံပဲ။”

ချန်လွေ့လည်း ခေါင်းညိတ်လိုက်ပြီး တွေးတော နေသည့် အမူအရာတစ်ခု ပြသလိုက်သည်။

ပရိုယိုက ဇိုလာ၏ အသံကို မကြားပေ။ သူက မျက်မှောင် ကြုတ်ကာ ပြောလိုက်၏။ “တစ်ခုခု လွဲနေတယ်လို့ ခံစားရတယ်။ ရန်သူတွေ ဆုတ်ခွာ သွားတာ မြန်လွန်းသလိုပဲ ... “

“ဗိုလ်ချုပ်က အတွေးလွန်နေတာပါ။” ဘီဒယ်က သဘောမတူဘဲ ခေါင်းခါကာ ပြောလိုက်သည်။ “ရန်သူခေါင်းဆောင်ကို မင်းသားရဲ့ အစောင့်အရှောက်က သတ်လိုက်လို့ သူတို့က စိတ်ဒြပ်စင် ကျသွားပြိးတော့ ဆုတ်ခွာသွားတာကို ကျုပ် သေသေချာချာ မြင်ရတယ်။”

“ဒါ တပ်မှူးတစ်ယောက်ရဲ့ အလိုလို သိစိတ်ပါ။ မှားပါစေလို့ မျှော်လင့်တာပဲ။” ပရိုယိုက ခေါင်းညိတ် လိုက်သည်။ သူက စစ်သားများကို လမ်းရှင်းလင်းရန် စီစဉ် နေစဉ် ပါ့ဂ်လီအို ရုတ်တရက် မျက်မှောင် ကြုတ်ကာ ထရပ်လိုက်၏။

All Chapters