ဇိုလာ၏ စွမ်းအား
Vol. 59 Ch. 958
ရှေ့ရော နောက်ပါ ဝိုင်းရံထားသော လူပုစစ်တပ်ကို ရင်ဆိုင်ရသည့်အခါ ဇိုလာ က လက်ညှိုးကို ဆန့်ထုတ်ပြီး စက်ဝိုင်း ၂ခု ဆွဲလိုက်သည်။ အထူးစွမ်းအားမျိုး မရှိသော်လည်း လူပုများ အားလုံး ရုတ်တရက် ရပ်တန့် သွားကြသည်။ ရှေ့နှင့်နောက်မှ တပ်ဖွဲ့ ၂ခုလည်း တချိန်တည်းတွင် ရပ်တန့်သွားခဲ့သည်။
ရပ်တန့်ရုံ သက်သက်မျှ မဟုတ်ခဲ့ပေ။ သူတို့၏ ခန္ဓာကိုယ်များ တဖြည်းဖြည်း ကျုံ့ဝင်လာနေသည်ကို လရောင်ထဲတွင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ထိုဝက်ဝံစီးတပ်ဖွဲ့သည်ပင် ခြွင်းချက် မဟုတ်ပေ။ သူတို့က မြေကြီးထဲသို့ နစ်ဝင်သွားခဲ့ကြသည်။
လူပုများ၏ ဒေါသတကြီး အော်သံများနှင့် စစ်ဝက်ဝံများ၏ ဟိန်းသံများ နေရာအနှံ့မှ ထွက်ပေါ် လာသည်။ သူတို့က တစ်ဝက်သာ နစ်ဝင်သွားသော်လည်း ခန္ဓာကိုယ်၏ အလေးချိန်မှာ ရုတ်တရက် အဆပေါင်း များစွာ တိုးလာသောကြောင့် ကြွက်သား တစ်ခုမျှပင် လှုပ်ရှား၍ မရနိုင်တော့ပေ။
လူပုတပ်ဖွဲ့များ အားလုံးက နေရာတွင် ‘ငြိမ်သက်စွာ ရပ်တန့်’ နေခဲ့ကြသည်။ သူတော်စင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ် များပင် ခြွင်းချက် မဟုတ်ပေ။
လှည်းအနီးရှိ လူများ အံ့အားသင့် သွားကြသည်။ မျက်နှာလွှားနှင့် ထိုလျှို့ဝှက် ဆန်းကြယ်သော မိန်းမလှက လက်ညှိုး တစ်ချောင်း ဆန့်ထုတ်လိုက် ရုံဖြင့် လူပုစစ်တပ်တစ်ခုလုံးက...
ဒီလို အစွမ်းထက်တဲ့ နေရာပြန့် တိုက်ခိုက်မှုက ငါတို့ဘက်မှ လူတွေကို လုံးဝ အကျိုး သက်ရောက်မှု မရှိနေဘူး။ ဘာလို့လဲ။
ဘီဒယ်က လုံးဝ တုန်လှုပ်သွား၏။ သူက ကြယ်အလင်း ကောလိပ်မှ ဘွဲ့ရခဲ့ပြီး ဆယ်ကျော်သက် အရွယ် ကတည်းက နာမည်ကြီးခဲ့သူ ဖြစ်သည်။ မြေဒြပ်စင်နှင့် အရင်းအနှီး အာရုံခံနိုင်စွမ်း အကောင်းဆုံး ဖြစ်ပြီး မြေဒြပ်စင်မှော် ပါရမီရှင်အဖြစ် ကျော်ကြားခဲ့သည်။
သာမန်လေ့ကျင့်သူများနှင့် နှိုင်းယှဉ် ပါက သူသည် ပိုမိုများပြားသော အရာကို ခံစားမိပြီး ပိုမို၍ အံ့သြခဲ့သည်။ ဒါက မြေဒြပ်စင်တွေရဲ့ လှုပ်ရှားမှု ဆိုတာ အသေအချာပဲ။ [မြေဆွဲအား] ၊ [မြေမျို]၊ [နွံအိုင်]...မဟုတ်ဘူး။ ဒါက မြေဒြပ်စင် စွမ်းအား ဖြစ်ပေမဲ့ ငါနားလည်တဲ့ မြေဒြပ်စင် စွမ်းအား ပုံစံတစ်ခု မဟုတ်ဘူး။
မြေဒြပ်စင် ပေါင်းစပ်မှုနှင့် ပြောင်းလဲမှု တို့မှ ထွက်ပေါ်လာသော စွမ်းအားက အလွန် အားကောင်းလွန်းသဖြင့် ဘီဒယ် တုန်လှုပ်ပြီး ထူးဆန်းစွာ ခံစားနေရ၏... ဒါက ကြယ်အလင်း ကောလိပ်က ဌာနမှူးဟောင်းနဲ့ ဆရာ ကာလီဆယ် ပြောခဲ့တဲ့ အစွမ်းအထက်ဆုံး ဒြပ်စင် ဇစ်မြစ်စွမ်းအားလား။
ဒြပ်စင် ဇစ်မြစ်က မည်သည့်မှော်ပညာ ပုံစံမျှ ကန့်သတ်ခြင်း မရှိတော့ဘဲ လက်သင်္ကေတ အနည်းငယ်ဖြင့် အစွမ်း အထက်ဆုံးနှင့် အသန့်ရှင်းဆုံး ဒြပ်စင် စွမ်းအားကို ဆင့်ခေါ်နိုင်သည်။ သို့သော် ထိုအခြေအနေက အထူး အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက် အတွက်ပင် ရရှိရန် မဖြစ်နိုင်သလောက် ဖြစ်ပြီး ဒဏ္ဍာရီလာ ဒြပ်စင်ဘုရင်သာ ပိုင်ဆိုင်နိုင်ဖွယ် ရှိ၏။
ထိုမှော်ပညာက [မရဏပန်း] ကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပါက လူပု စစ်တပ်၊ လူပု သူတော်စင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ အပါအဝင် အားလုံး ချက်ချင်း သေဆုံးသွားမည်ကို ဘီဒယ် သံသယ မရှိပေ။
ဒါကြောင့် တတိယမင်းသား ဒီလောက် အေးဆေးနေတာကိုး။ ဒီလို အားနည်းပြီး အစွမ်းမရှိတဲ့ပုံပေါ်နေတဲ့ မျက်နှာလွှားနဲ့ မိန်းမလှမှာ ဒီလိုမျိုး ကြောက်စရာ ကောင်းတဲ့ စွမ်းအားတွေ ရှိနေတာပဲ။
အံ့သြစရာကောင်းသည်မှာ မရောက် သေးပေ။ ဇိုလာက လူပုများကိုပင် မကြည့်ဘဲ ညာလက်ကို အဝေးမှ ကောင်းကင်ရှိ နေမင်းကဲ့သို့ လူပုနှင့် ဟိန်းနေသော နဂါးဆီသို့ ဖြန့်ထုတ် လိုက်သည်။
လူတိုင်း မျက်စိစူးသွားသလို ခံစားရပြီး အဝေးမှ တိုက်ပွဲမြေပြင် မျက်စိတစ်မှိတ် အတွင်းတွင် ကြီးလာကာ ကောင်းကင် ပေါ်တွင် ပေါ်လာသည်။ သူတို့အားလုံး အံ့အားသင့်ခဲ့သော်လည်း ခဏအကြာ ပတ်ဝန်းကျင်ရှိ နေရာလွတ်က တစ်ခုခုဖြင့် ရစ်ပစ်ခံလိုက်ရသလို ဖြစ်နေကြောင်း တွေ့လိုက်ကြရသည်။ ထို့ကြောင့် အထူး အစွမ်းထက်ပုဂ္ဂိုလ် ၂ဦး၏ တိုက်ပွဲက အပြင်ဘက်ကို မထိခိုက် စေတော့ပေ။
တိုက်ပွဲ အပြင်းအထန် တိုက်ခိုက် နေကြေသော ထို၂ဦးစလုံးက ပုံမှန် မဟုတ်သော အခြေအနေကို သတိမထား မိခဲ့ကြပေ။ ရုတ်တရက် ငွေရောင်မုတ်ဆိတ်နှင့် လူပု အစွမ်းထက် ပုဂ္ဂိုလ်က တုန်ယင်သွားပြီး လက်ထဲမှ မီးလောင်နေသော စစ်တူကို ထိုးဖောက် ဝင်ရောက် လာနေသော အအေးဒဏ်ကို ခံစားလိုက်ရသည်။ လက်ထဲရှိ စစ်တူကို တစ်ချက် ကြည့်လိုက်မိရာ ၎င်းက မီးတောက် နေရင်း ရေခဲအဖြစ် အေးခဲနေသည်ကို တွေ့လိုက်ရသည်။ အဝေးမှ ကြည့်လျှင် မာကျောနေသော မီးတုတ်နီတစ်ချောင်းနှင့် တူနေ၏။
လူပုမှာ လုံးဝ အံ့အားသင့်သွားသည်။ ထို ‘မီးလင်းလက်’ စစ်တူက အစွမ်းထက် မှော်စာ လက်နက်တစ်ခု ဖြစ်ပြီး အဆောင် ပစ္စည်း-ယောင်အဆင့်နှင့် ညီမျှသည်။ ဒါကို ငါ့ရဲ့ အစွမ်း အထက်ဆုံး တိုင်းပြည်စွမ်းအားနဲ့ ပေါင်းစပ် ထားတာကိုတောင် တကယ်ပဲ အေးခဲသွားခဲ့တယ်။
ရေဒြပ်စင်နှင့် မီးဒြပ်စင်တို့က အချင်းချင်း ချုပ်ထိန်းကာ ဆန့်ကျင်ဘက် ဒြပ်စင်များ ဖြစ်သည်။ မီးကို ငြှိမ်းရန် မခက်ခဲ နိုင်သော်လည်း မီးကို အေးခဲစေခြင်းက အခြားဒြပ်စင်များကို အေးခဲစေခြင်းထက် ၁၀ဆ ပိုမို၍ ခက်ခဲပေသည်။ ထို့အပြင် ၎င်းသည် ချက်ချင်း ဖိနှိပ်သော အေးခဲမှု ဖြစ်နေ၏။
ထိုအအေးဒဏ်က ချက်ချင်း ပျံ့နှံ့ သွားပြီး မီးတောက်နေသော တိုင်းပြည် စွမ်းအားသည် လျင်မြန်စွာ အေးခဲလာ၏။ သူ့စိတ်ဝိညာဉ်ပင် အနည်းငယ် အေးခဲ လာသကဲ့သို့ ခံစားလိုက်ရသည်။ ငွေရောင်မုတ်ဆိတ်နှင့် လူပုက တိုက်ပွဲ အတွေ့အကြုံရှိသူ တစ်ဦး ဖြစ်သည်။ သူက မီးလင်းလက်စစ်တူကို ချက်ချင်းပင် ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့၏။
တစ်ဖက်တွင်မူ ပါ့ဂ်လီအိုက အန္တရာယ် အရှိဆုံး စစ်တူ စွမ်းအား ရုတ်တရက် ပျောက်ဆုံးသွားသည်ကို ခံစားမိသော အခါ အလွန်ပျော်ရွှင်သွားသည်။ သူက ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် ဖြိုခွင်းရန် ပြင်ဆင်နေစဉ် သူ၏ ခန္ဓာကိုယ် ရုတ်တရက် ထူးဆန်းစွာ ရှုံ့တွသွား၏။ သူက မည်သို့မျှ ရှင်းပြ၍ မရဘဲ စစ်မြေပြင်မှ လှည်းထိပ်သို့ ပြန်ရောက် လာခဲ့သည်။
“ဇိုလာ...” ရင်းနှီးသော နေရာလွတ် ပြောင်းရွှေ့ စွမ်းအားကြောင့် အဆိပ် နဂါးက အော်ဟစ်လိုက်သည်။ ငါက ပျော်ပျော်ကြီး တိုက်ခိုက် နေတာလေ။ ပြီးတော့ ရန်သူကို နိုင်တော့မယ့် တကယ့် အရေးကြီးတဲ့ အခိုက် အတန့်မှာ “တယ်လီပို့” ခံလိုက်ရတယ်။
“ဘာပြောတာလဲ...” နတ်မိမယ် နဂါးက ကောင်းကောင်း မကြားရ သကဲ့သို့ပင် ပါ့ဂ်လီအိုကို တစ်ချက် ကြည့်လိုက်လေသည်။ ဆရာသခင် အဆိပ်နဂါးက ထိုအကြည့်ကို မြင်သော အခါ ရုတ်တရက် စိတ်ဓာတ်ကျသွား၏။
ကောင်းပြီလေ။ ငါက လူကြီး လူကောင်း တစ်ယောက်ပဲ။ နဂါးကောင်း တစ်ကောင်က ချက်ချင်း မဆုံးရှုံးဘူး။
လူပုကလည်း ပြိုင်ဘက် ပျောက်ကွယ် သွားသည်ကို သတိပြုမိ လိုက်သည်။ သူက မျက်မှန်နှင့် မျက်နှာလွှား ဝတ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို ကြည့်ပြီး ဟိန်းသံပေးကာ ထိုဘက်သို့ ရွေ့လျား လာသည်။ ဒီအမျိုးသမီးက ရှက်စရာကောင်းတဲ့ အလစ် တိုက်ခိုက်မှု လှည့်ကွက်ကို လုပ်ခဲ့တယ်။ သူကို အနိုင်ယူလိုက် တာနှင့် မီးလင်းလက်က မူလ အခြေအနေ ပြန်ရောက်သွားမှာပဲ။
သို့သော် လူပုက အကြိမ်များစွာ ဆက်တိုက် ရွေ့လျား ခဲ့သော်လည်း နေရာတွင်သာ လက်ခနဲ ဖြစ်နေပြီး ထိုနေရာမှ လုံး ဝမလွတ်မြောက်နိုင်ခဲ့ပေ။ ထိတ်လန့်မှု ကြားထဲ၌ ဇိုလာ၏ လှန်ထားသော လက်ဖဝါးက အောက်သို့ ဖြည်းဖြည်းချင်း လှည့်သွား ခဲ့သည်။ လူပုက ရုတ်တရက် မူးဝေသွားပြီး ကမ္ဘာ တစ်ခုလုံး လည်သွား သကဲ့သို့ ခံစားလိုက် ရသည်။ သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ် နိုင်ခင်မှာတွင် ကောင်းကင် ပြိုလဲသွား သကဲ့သို့ ဖြစ်သွားပြီး သူက အလိုလို ပြုတ်ကျသွားတော့သည်။
“ဒုန်း...” ငွေရောင် မုတ်ဆိတ်မွေးနှင့် လူပု၏ ကြီးမားသော ခန္ဓာကိုယ်က မြေပြင်သို့ ပြုတ်ကျသွားရာ မြေပြင်တွင် အက်ကွဲကြောင်းများ ပြည့်နေသော ကြီးမားသည့် ချိုင့်ကြီး တစ်ခု ကျန်ရစ် ခဲ့သည်။ လူပုသည် လှဲရာမှ ထရန် ပြင်ဆင်နေစဉ် အပေါ်မှ မမြင်နိုင်သော ဖိအားက တောင်တစ်လုံး ကဲ့သို့ လေးလံနေ၏။ သူက မတ်တပ်ပင် မရပ်နိုင်တော့ပေ။
ငွေရောင် မုတ်ဆိတ်နှင့် လူပုသည် ကျယ်လောင်စွာ ဟိန်းလိုက်ရာ ချပ်ကာ ပေါ်ရှိ မှော်စာများ တောက်ပလာခဲ့သည်။ သူ၏ စွမ်းအား ပြည့်ဝစွာ ပေါက်ကွဲထွက် လာ၏။ နောက်ဆုံးတွင် သူ မတ်တပ်ရပ် နိုင်ခဲ့သည်။
ဇိုလာ၏ နဖူးပေါ်ရှိ ခရမ်းရောင်ဆံပင် အနည်းငယ် လှုပ်ရှား သွားပြီး သူ၏ လက်ချောင်းများကို အောက်သို့ လှုပ်ရှား လိုက်သည်။
ငွေရောင် မုတ်ဆိတ်နှင့် လူပုက ဖိအား ရုတ်တရက် အဆပေါင်း များစွာ တိုးလာသည်ကို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ဒူးများက သူ့ကို မထိန်းနိုင် တော့ဘဲ ‘ဘုန်း’ ခနဲ ပြုတ်ကျသွားပြန်သည်။
ကြီးမားသော ကိုယ်ခန္ဓာက မူလပုံစံသို့ ပြန်ကျုံ့လာပြီး ခန္ဓာကိုယ်ရှိ အနက်ရောင် ချပ်ကာပင် တွန့်လိမ် သွားခဲ့သည်။ တောက်ပနေသော မှော်စာများလည်း တစ်ခုစီ ကွဲပြား သွားပြီး ဖိအား၏ ထိတ်လန့်စရာကောင်းပုံကို ပြသနေ၏။ လူပုက လက်မခံနိုင်ဘဲ ရုန်းကန်နေ သော်လည်း သူ၏ ခန္ဓာကိုယ်ကို တစ်ဝက်သာ ထောက်ထား နိုင်ပြီး မတ်တပ် မရပ်နိုင်တော့ပေ။
ထိုမြင်ကွင်းက လူပုများကို ကျောက်ဖြစ်လုနီးပါး ဖြစ်စေခဲ့သည်။ လူပုများအကြား အစွမ်း အထက်ဆုံးဟု သတ်မှတ် ခံထားရသော အထူး အစွမ်းထက် ပုဂ္ဂိုလ် ဟို့ဒ်ဟက်ခ်က ထိုမျှ အလွယ်တကူ ရှုံးနိမ့်ခဲ့လေသည်။
ဆရာသခင် အဆိပ်နဂါးက တစ်ဖက်လူ ဒုက္ခရောက် နေသည်ကို ဝမ်းသာနေရင်း စိတ်ပျက်သွားသလို ခံစားနေရသည်။ နဂါးချင်းယှဉ်ရင်တော့ စိတ်ပျက်စရာပဲ ရှိမှာ။ ဒီအရူးမရဲ့ စွမ်းအားက အခု ပိုပြီး အဆင့်မြင့်နေပြီ။ ဒီအတိုင်းသာဆိုရင် သူ နတ်ဘုရား တစ်ပိုင်း အဆင့်ကို ရောက်ဖို့က အနှေးနဲ့အမြန်ပဲ။ လူသား ပေးထားတဲ့ ဥပဒေသ အပိုင်းအစတွေကို စုပ်ယူပြီး တိုင်းပြည် အဆင့် အလတ်ပိုင်းကို ရောက်ဖို့ကို ငါ မနည်းကြိုးစားခဲ့ရတာ။ ဒီဘဝတော့ ဒီရူးသွပ်တဲ့ ဒီအရူးမ အရှေ့မှာ ပြန်လာနိုင်ဖို့က မျှော်လင့်ချက် မရှိသလောက်ပဲ။ အဲဒီ မကောင်းဆိုးဝါး လူသားအကြောင်းကိုတော့ ပြောနေစရာ မလိုတော့ဘူး။
လှည်းပတ်ဝန်းကျင်ရှိ လူသားများနှင့် စစ်သည်တော်များက ဇိုလာကို လေးစားမှု အပြည့်ဖြင့် ကြည့်နေကြ၏။ ဒါက မင်းသား အာသာ ဘေးနားက အစွမ်းအထက်ဆုံး အစောင့်အရှောက်ပဲ။
“ကဲ။ ဇိုလာ...” ချန်လွေ့၏ အသံ ထွက်ပေါ်လာသည်။ ထိုအတိုင်း ဆက်ဖြစ်မည်ဆိုလျှင် ငွေရောင်မုတ်ဆိတ် နှင့် လူပုက ဒဏ်ရာ အပြင်းအထန် ရရှိ သွားပေလိမ့်မည်။ သစ်တောနေလူပု ဘန်းဒ်က သူ၏ မိတ်ဆွေ ဖြစ်ပြီး တောင်နေလူပုနှင့်လည်း ယခင်က မိတ်ဆွေ ဖွဲ့ခဲ့ဖူးသည်။ ဇိုလာကို ထိုသို့ အခြေအနေမျိုးမှာ နှိမ်နင်းခိုင်းရခြင်း၏ ရည်ရွယ်ချက်မှာ အထင် လွဲမှားမှုကို ဖြေရှင်းရန်ပင်။ ပို၍ အထင်လွဲ စေရန် မဟုတ်ပေ။
နတ်မိမယ်နဂါးက သူ့စကားအတိုင်း လက်ကို ချလိုက်သည်။ ငွေရောင် မုတ်ဆိတ် နှင့် လူပုသည် ဖိအားပြေလျော့ သွားသည်ကို ခံစားရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ မောဟိုက် နေခဲ့သည်။ လူပုစစ်တပ်၏ နေရာက တဖြည်းဖြည်း မြင့်တက်လာသည်။ သူတို့က နစ်နေသော မြေကြီးထဲမှ ပြန်လည် ရောက်လာခဲ့ပြီး ယခင်က လေးလံသော ခံစားမှုလည်း ပျောက်ကွယ်သွားခဲ့၏။
လူပုများသည် ယခုအခါ ရန်သူ၏ ခွန်အားကို သိရှိသွားကြပြီ ဖြစ်သည်။ သူတို့အားလုံး လက်နက်ကို ကျစ်ကျစ် ဆုပ်ကိုင်ထားကြသော်လည်း မည်သူမျှ ထွက်မပြေးကြပေ။
“လူပုစစ်သည်တော်တို့။ ကျုပ်ရဲ့ အစောင့်အရှောက်က ခင်ဗျားတို့ကို သတ်ချင်ရင် လွယ်ပါတယ်။” ချန်လွေ့၏ အသံကျယ်ကျယ် ထွက်ပေါ်လာ၏။ “ဒါပေမဲ့ ကျူပ်က မိတ်ဆွေတွေဆီကနေ အထင်လွဲ ခံရရင်တောင် ဒီလိုမျိုး မိတ်ဆွေတွေကို မသတ်ပါဘူး။ ကျုပ်က မြေထူရဲတိုက်ကို အမြန်ဆုံး သွားပြီးတော့ လူပုမိတ်ဆွေတွေ ဘာဖြစ်နေလဲဆိုတာ ကြည့်ပြီး တတ်နိုင်သလောက် ကူညီချင် ပါတယ်။”
ငွေရောင် မုတ်ဆိတ်နှင့် လူပုက မတ်တပ်ထရပ်ပြီး ချန်လွေ့ကို အဝေးမှ ခဏကြာအောင် စိုက်ကြည့်လိုက်သည်။ “မင်းနာမည်က ဘာလဲ။ လူသား။”
“နဂါးလင်းလက် အင်ပါယာရဲ့ တတိယ မင်းသား အာသာရိုလန် ပါ။”
လူပုများက အချင်းချင်း ကြည့်လိုက် ကြပြီး အံ့အားသင့်သော အမူအရာများ ပြသခဲ့ကြသည်။ ငွေရောင် မုတ်ဆိတ်နှင့် ဟို့ဒ်ဟက်ခ်က လွှတ်ခနဲ ပြောလိုက်၏။ “ယန္တရား မဟာဆရာသခင်...”
ပန်းပဲပညာကို ဘဝဟု သတ်မှတ် ထားသော လူပုများ အတွက် ထိုစကား၏ အလေးချိန်ကို မည်သည့် မင်းသားကမှ မလိုက်မှီနိုင်ပေ။
လက်နက်များ တစ်ခုပြီး တစ်ခု ကျသွားသည်။
နာရီအနည်းငယ် ကြာပြီးနောက် -
နဂါးကြေးခွံဗိုလ်ခြေ၏ ထိပ်တန်း တပ်ဖွဲ့က လူပုများနှင့် အတူ ကျောက်နက်တောင်ရှိ မြေထူရဲတိုက်သို့ ရောက်ရှိလာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ချန်လွေ့က ဟို့ဒ်ဟက်ခ်ထံမှ သူ နောက်ဆုံးအကြိမ် မြေထူရဲတိုက်မှ ထွက်ခွာပြီးနောက် တစ်နှစ်ခန့် အကြာတွင် လူပုများ၏ သြဇာအာဏာက အကြီးအကျယ် ပြောင်းလဲသွားကြောင်း သိရှိခဲ့ရသည်။
လူပုများကို နေထိုင်မှု ပုံစံအရ တောင်နေလူပု၊ လိုဏ်ဂူနေလူပုနှင့် သစ်တောနေလူပု ဟူ၍ (၃)မျိုး ခွဲခြား ထားသည်။ ၎င်းတို့သည် ကျောက်နက် တောင်ရှိ မြေထူရဲတိုက်၊ ကျောက်နီ တောင်ခြေရှိ ရွှေလင်းလက်မြေနန်းတော် နှင့် ကျောက်လက်သီးရွာ တို့တွင် အသီးသီး နေထိုင်ကြသည်။
လူပု (၃)မျိုးနွယ်လုံးက မူလရင်းမြစ် တစ်ခုတည်းမှ ဆင်းသက် လာကြပြီး တစ်မျိုးစီ ကိုယ်ပိုင်အားသာချက်များ ရှိသည်။ တောင်နေလူပုက ပန်းပဲပညာ၌ အကောင်းဆုံးဖြစ်ပြီး၊ ဂူနေလူပုက သတ္တု တူးဖော်ခြင်းနှင့် သတ္တု စင်ကြယ်စေရန် ပြုလုပ်ရာ ကျွမ်းကျင်ပြီး၊ သစ်တောနေ လူပုသည် နတ်သူငယ်များနှင့် နီးနီးစပ်စပ် ဆက်နွယ်နေပြီး မှော်စာ ပညာရပ်တွင် အထူးကျွမ်းကျင်ကြသည်။
ထိုစဉ်က ကျောက်နီတောင်ခြေတွင် ကြီးမားသော ငလျင်တစ်ခု ဖြစ်ပွားခဲ့ပြီး ဂူလူပုများ နေထိုင်ရာ ရွှေလင်းလက် မြေအောက်နန်းတော် ပြိုပြီး သေဆုံးသူ များပြားခဲ့သည်။ တောင်ပေါ်ရှိ လူပု ဘုရင် အိုဗ်ဂီ၏ ဖိတ်ကြားချက်အရ ဂူနေ လူပုဘုရင် အင်ခီသည် ဂူနေလူပုများကို ဦးဆောင်ကာ ကျောက်နီတောင်ခြေမှ ထွက်ခွာပြီး ကျောက်နက် တောင်သို့ ပြောင်းရွှေ့ခဲ့ရာ လူပုတို့၏ အင်အား ၂ခု ပေါင်းစည်းသွားခဲ့သည်။
ပေါင်းစည်းပြီးနောက် လူပုများ ပိုမို၍ အားကောင်းလာခဲ့သည်။ ဂူနေလူပုများ ထပ်တိုးလာခြင်းကြောင့် ကျောက်နက် တောင်၏ ကြွယ်ဝသော သယံဇာတ များကို ပိုမိုတိုးတက်အောင် လုပ်ဆောင် နိုင်ခဲ့သည်။ သို့သော် လူဦးရေ တိုးလာခြင်းကြောင့် အမျိုးမျိုးသော ပစ္စည်းများ၊ အထူးသဖြင့် စားစရာနှင့် ဝိုင်တို့အတွက် လိုအပ်ချက်များ အလွန် တိုးလာခဲ့သည်။ ထိုအရာက လူပုများကို လူသားများနှင့် ဆက်ဆံ ရာတွင် ကန့်သတ်ချက်များကို ပြေလျော့စေခဲ့၏။
ရက်အနည်းငယ် ကြာပြီးနောက် လူတစ်စုက မြေထူ ရဲတိုက်သို့ ရောက်ရှိလာပြီး ပစ္စည်းများ အတွက် အစားအစာနှင့် ဂျုံဝိုင်များ လဲလှယ်ရန် ကမ်းလှမ်းခဲ့သည်။ သူတို့က အစား အစာနှင့် ဝိုင်တဝက်ကို ကြိုတင် ပေးချေ ခဲ့သည်။ ထိုကဲ့သို့ များပြားသော ငွေကြေးက လူပုများနှင့် လူသားတို့၏ ကုန်သွယ်မှုတွင် ရှားပါးသည်။ လူပု များက လိုအပ်နေသော အစားအစာနှင့် ဝိုင်များစွာ ရရှိခဲ့သည်။ ယနေ့က ပေးပို့ရမည့်နေ့ ဖြစ်ပြီး တစ်ဖက်မှ ကျန်ရှိသော အစားအစာနှင့် ဝိုင်တို့ကို ကတိအတိုင်း ယူဆောင် လာခဲ့သည်။ လူပုများက ယုံကြည်သွားပြီး ပွဲတော် ကျင်းပခဲ့ကြလေသည်။
သို့သော် ကုန်ပစ္စည်းများ လက်ခံ ယူသည့် နောက်ဆုံး အချိန်တွင် ထိုလူများက သတိမပေးဘဲ ရုတ်တရက် တိုက်ခိုက်ခဲ့ကြသည်။ သူတို့က လူပု အကြီးအကဲများနှင့် လိုက်ပါလာသော လူပုစစ်သည်များကို သတ်ဖြတ်ကာ ပစ္စည်းအမြောက်အမြားကို ခိုးယူသွား ခဲ့သည်။ တချိန်တည်းပင် လူပု အတော် များများ အဆိပ်သင့် နေသည်ကို တွေ့ခဲ့ပြီး လူပုဘုရင် အိုဗ်ဂီ နှင့် အင်ခီတို့ လည်း ပါဝင်၏။ ယနေ့ ပေးပို့ခဲ့သော ဝိုင်နှင့် စားစရာ တဝက်ကို အဆိပ် ခတ်ထားခြင် ဖြစ်နေသည်။
ထိုဖြစ်ရပ်က လူပုမျိုးနွယ်၏ အထူး အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦးကို အံ့အားသင့် သွားစေခဲ့သည်။ စတာ့ခ်လင်သည် မြေထူရဲတိုက်တွင် ကျန်ရစ်ခဲ့ပြီး အဆိပ်မိ နေသော လူပုများကို ကာကွယ်ကာ ကုသရန် ကြိုးစားခဲ့သည်။ တစ်ချိန်တည်း မှာပင် ဟို့ဒ်ဟက်ခ် သည် ဒိုင်းကြီး တပ်သားများနှင့် စစ်သည်တော်များကို ဦးဆောင်ကာ ရန်သူကို လိုက်လံနှိမ်နင်း ခဲ့သည်။ သူတို့သည် လမ်းကြောင်း အတိုင်း ထိုနေရာအထိ လိုက်လာခဲ့ပြီး ချန်လွေ့နှင့် အခြားသူများကို လူသတ် သမားများ အဖြစ် အထင်မှားခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်။
ချန်လွေ့သည် အဖြစ်အပျက် တစ်ခုလုံးကို ကောင်းစွာ နားလည် ခဲ့သည်။ ထိုလုပ်ကြံသတ်ဖြတ်သူများက လူပုကို အဆိပ်ခတ်ရခြင်းမှာ မည်သည့် ပစ္စည်းကိုမျှ လိုချင်သောကြောင့် မဟုတ်။ ဇိုလာ၏ အဆိုအရ ခုနက လှည်းကို ချုံခိုတိုက်ခိုက်ခဲ့သော လုပ်ကြံသတ်ဖြတ် သူများသည် တစ်ခါသုံး [တယ်လီပို့ အစီအရင်] ဖြင့် ထွက်ပြေးခဲ့ကြသည်။ အဖွဲ့ ၂ခုလုံးက ရည်ရွယ်ချက် တစ်ခုတည်း ရှိပုံရပြီး တိုက်ခိုက်နေစဉ် အကျိုးအမြတ် ရရှိရန် လူပုများကို ထိုနေရာသို့ ဆွဲဆောင်ခြင်း ဖြစ်ပေသည်။
ထိုအရာက လုပ်ကြံ သတ်ဖြတ် သူများသည် သူ၏ ပတ်ဝန်းကျင်ရှိ ကာကွယ်မှု စွမ်းအားကို ဟိုးကတည်းက သိနေပြီ ဖြစ်ကြောင်း ပြသနေသည်။ ထိုကဲ့သို့သော ‘စွမ်းအား’က ပရိုယို အဖွဲ့ကို ပြောခြင်း မဟုတ်ဘဲ ‘ရှေးဟောင်း အဂ္ဂိရတ် အစောင့် အရှောက်’ ဖြစ်သည်။ အထင်ရှားဆုံးမှာ နန်းတော် ခန်းမ၌ လှုပ်ရှားခဲ့သော ပါ့ဂ်လီအိုပင်။
လူပု အထူး အစွမ်းထက်ပုဂ္ဂိုလ်သည် ပါ့ဂ်လီအိုကို ပစ်မှတ်ထား ရမည် ဖြစ်သော်လည်း ရန်သူက ချန်လွေ့၏ ဘေးတွင် ဇိုလာ ကဲ့သို့ ပိုမို၍ အစွမ်းထက်သော ‘အစောင့်အရှောက်’ တစ်ဦး ရှိနေသည်ကို မထင်ထားခဲ့ပေ။ ထို့ကြောင့် ချန်လွေ့က အခြေအနေကို ထိန်းချုပ် နိုင်ခဲ့ပြီး ပြိုင်ဘက်၏ အကြံကို အလွယ်တကူ ဖြိုခွဲနိုင်ခဲ့သည်။
အခြား တစ်ဖက်တွင်မူ ဇိုလာ၏ အထူးစွမ်းအား မရှိခဲ့ပါက ချန်လွေ့နှင့် အခြားသူများသည် လူပု၏ ပုဆိန် အောက်တွင် သူများ အပြစ်ဒဏ် ရခံသူ ဖြစ်နေလောက်ပြီ ဖြစ်ကာ ‘အာသာ’၏ သေဆုံးရခြင်းကို လူပုများထံသို့ ပုံချမည် ဖြစ်သည်။
ဒါက အသေးစိတ်ကျတဲ့ အစီအစဉ်ပဲ။ ချုံခိုတိုက်ခိုက်သူတွေက သာမန် လုပ်ကြံ သတ်ဖြတ်သူတွေ မဟုတ်ဘူး။ ဒါဆို ဘယ်သူက နောက်ကွယ်ကနေ ကြိုးကိုင် နေတာလဲ။ အကိုတော်လား။ ညီတော် လား။ မရဏနက် နောက်လိုက်တွေလား။ ဒါမှမဟုတ်... တခြား တစ်ယောက်လား။