မြေအောက်
Vol. 59 Ch. 960
“အကြောက်တရားအရှင် ဆိုစဘတ် ဟုတ်လား။” ချန်လွေ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ “မုန်းတီးခြင်းသခင် ချူအီလီယာနာ ကိုယ်တိုင် ရောက်လာ ရင်တောင် ငါ သူ့ကို ဒူးထောက် အညံ့ခံ ခိုင်းမယ်။”
အင်ခီက တစ်ဖက်လူသည် အမြင့်ဆုံး မုန်းတီးခြင်းသခင်၏ နာမည်ကို သိရုံမက ထိုမျှ ရိုင်းစိုင်းစွာ ပြောဆိုရဲမည်ဟု မမျှော်လင့်ခဲ့ပေ။ သူ၏ အမူအရာမှာ ပို၍ ဆိုးရွားလာကာ ဆက်တိုက် အော်ဟစ် နေတော့သည်။
ချန်လွေ့က ဘာမှ မပြောတော့ဘဲ အင်ခီ၏ ကိုယ်ပေါ်သို့ လင်းလက်နေသော [ကောင်းကင်ကောင်းချီး] ဖိနှိပ်အားကို တိုးမြှင့်လိုက်သည်။
အစစ်အမှန် မီးတောက် အချုပ် အနှောင်နှင့် စိတ်ချိန်းကြိုးတို့ဖြင့် ထိန်းချုပ် ခံထားရသော အင်ခီက ရုန်းကန်ခြင်း၊ ရှောင်ရှားခြင်း မပြုလုပ် နိုင်ခဲ့ပေ။ သူက အပြင်းအထန် အော်ဟစ် နေလေ၏။
လူပုဘုရင်၏ မျက်လုံးတွင် ရုတ်တရက် ပြင်းထန်မှုတစ်ခု ပေါ်လာပြီး လူသားပုံစံ သွေးငွေ့များသည် ကိုယ်ခန္ဓာမှ ပေါ်ထွက် လာသည်။ သွေးငွေ့များတွင် ငွေရောင် အမှတ်အသား ၂ခု ထင်ထင်ရှားရှား ရှိနေပြီး ပေါက်ကွဲကာ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။
သွေးငွေ့များ ပျောက်ကွယ်သွားပြီး နောက် လူပုဘုရင် အင်ခီ၏ မျက်လုံး သူငယ်အိမ်များ ပုံမှန် အနက်ရောင်သို့ ပြန်လည်ရောက်ရှိ သွားပြီး အလွန် မောပန်းနေပုံ ရသည်။ သူ၏ အရေပြားက သွေးပုံစံကွက် ပျောက်သွားခြင်းကြောင့် ပျစ်ခဲခြင်းနှင့် ဆင်တူသော အခြေအနေ အဖြစ်သို့ ပြောင်းလဲသွားသည်။
“အရှင် အင်ခီ။ အဆင်ပြေရဲ့လား။” ချန်လွေ့က အမြန် မေးလိုက်သည်။
အင်ခီ၏ အက်ရှရှ အသံက အားနည်းစွာ ထွက်လာ၏။ “ငါ့ရဲ့ ကြောက်စရာအကောင်းဆုံး အိပ်မက်ဆိုး ကနေ လွတ်မြောက်အောင် ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ လူသား မိတ်ဆွေ။”
ထိုသို့ ပြောပြီးသည်နှင့် ရုတ်တရက် ခွက်ခနဲ အသံ ထွက်လာပြီး အင်ခီ၏ မျက်နှာပေါ်၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ခန္ဓာကိုယ် တစ်ခုလုံးတွင် အက်ကွဲကြောင်းတွေ ပေါ်လာပြီး ကြေမွသွားတဲ့ ကျောက်စရစ် များကဲ့သို့ ပွင့်ထွက်ပြီး လေထဲမှာ ပျောက်ကွယ်သွားလေသည်။
ချန်လွေ့ အံ့အားသင့် သွား၏။ အင်ခီကို ထိန်းချုပ်ထားသော အသူရာ အသူရာချောက်နက် အသိစိတ်ကို ဖယ်ရှား ပြီးနောက် အင်ခီက အမှန်တကယ်ပင် အတူတကွ ပျက်စီးသွားလေသည်။ ထိုသို့ ပျက်သုဉ်းသွားခြင်းက ပြန်လည် ရှင်သန်ခြင်း ဆေးရည်ဖြင့်ပင် ကယ်ရန် အသုံးမဝင်ပေ။
“သွေးစတေးဝိညာဉ်နဲ့ ဝိညာဉ်မျိုးကွဲ ဆိုတာက ဘာတွေလဲ။ ပြောပြပါ...”
“မြေအောက်ယဇ်ပလ္လင်... ဖျက်ဆီးပစ် ... ရွှေလင်းလက် မြေအောက် နန်းတော်က...” အင်ခီက နောက်ဆုံး စကား အနည်းငယ်ကို အားအကုန်ဖြင့် ပြောနေပြီး သူ့အသံက အလွန်ပင် အားနည်းနေသည်။ ချန်လွေ့၏ အကြား အာရုံက အကောင်းဆုံးသာ မဟုတ်လျှင် ထိုမေးခွန်း၏ အဖြေကို လုံးဝ ကြားနိုင်မည် မဟုတ်ပေ။
သူ မစဉ်းစားရသေးခင်မှာပင် အင်ခီ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ် လုံးဝ ပျောက်ကွယ် သွားခဲ့သည်။
ချန်လွေ့က ခံစားချက်ဖြင့် ခေါင်းလှည့် လိုက်ရာ လူပုဘုရင် အိုဗ်ဂီသည် မျက်လုံး ပြူးပြူးဖြင့် ကြည့်နေကြောင်း တွေ့လိုက် ရသည်။ သူက နတ်ဘုရားဝါးမျို မျက်နှာဖုံးနှင့် အခြား အရာများကို ချက်ချင်း သိမ်းဆည်း လိုက်ပြီးမှ ပြောလိုက်၏။ “အရှင် အိုဗ်ဂီ...”
“ရှင်းပြစရာ မလိုပါဘူး။ လူသား မိတ်ဆွေ။ ငါ သတိရလာတုန်းက မင်း အဲဒီ မကောင်းဆိုးဝါး စွမ်းအားနဲ့ တိုက်ခိုက်နေတာကို မြင်လိုက်ရတယ်။ အင်ခီက ငါ့ကို ဘာလို့ အဆိပ်ခတ်ခဲ့ တာလဲဆိုတာ အခုမှ နားလည်သွား တော့တယ်။ အင်ခီရဲ့ ဝိညာဉ်ကို မိခင်မြေကြီးရဲ့ ရင်ခွင်ဆီ ပြန်လွှတ်ပေးဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။”
ချန်လွေ့ ခေါင်းညိတ် လိုက်၏။ အင်ခီက အိုဗ်ဂီနဲ့ အကြီးအကဲတွေကို အဆိပ်ခတ်ခဲ့တဲ့သူ ဆိုတာ မှန်နေတာပဲ။ သူ ချက်ချင်း ပြုံးလိုက်၏။ “ကျုပ်ရဲ့ အကျိုးပြုမှုကို ကြွားပါရစေ။ ကျုပ်က အင်ခီကို ကူညီခဲ့ရုံတင်မကဘူး၊ အဆိပ် မိနေတဲ့ လူပုအားလုံးကို ကူညီနေတာပါ။ ကျုပ်မှာ တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်။ ခုနက အရှင် မြင်ခဲ့ရတဲ့ မြင်ကွင်းတွေ... ကျေးဇူးပြုပြီး မေ့ပစ်ပေးပါ။”
ခဏအကြာတွင် -
ဟို့ဒ်ဟက်ခ်နှင့် စတာ့ခ်လင်တို့၏ စိုးရိမ် ပူပန်သော အကြည့်များ အောက်တွင် အခန်းတံခါး ပွင့်လာသည်။
ပထမဆုံး ထွက်လာသူမှာ အိုဗ်ဂီ ဖြစ်သည်။ တောင်နေ လူပုဘုရင်သည် အနည်းငယ် နှေးကွေးနေသော်လည်း တိုင်းပြည်အဆင့် လူပု အစွမ်းထက် ပုဂ္ဂိုလ် နှစ်ဦးက အိုဗ်ဂီ၏ ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်များ လုံးဝ ပြေပျောက်သွား သည်ကို မြင်သောအခါ ဝမ်းမြောက် ဝမ်းသာ ဖြစ်သွားကာ သူ့ထံ အလျင် အမြန် ပြေးလာကြသည်။
အိုဗ်ဂီနှင့် ခဏတာ တိုးတိုး တိတ်တိတ် ပြောပြီးနောက် အစွမ်းထက် ပဂ္ဂိုလ်နှစ်ဦးလုံးက တစ်ချိန်တည်းတွင် တုန်လှုပ်ဖွယ်ရာ အမူအရာ ပြခဲ့ကြ၏။ ထို့နောက် သူတို့၏ အမူအရာများ အလျင်အမြန် ပြောင်းလဲသွားကာ ချန်လွေ့ကို မကြာခဏ ကြည့်နေခဲ့ ကြသည်။
သူတို့ သုံးဦးလုံးက အသံကို တိုးတိုးလေး ပြောပြီး လျှို့ဝှက်စွာ ဆက်သွယ်ခဲ့ကြသော်လည်း ချန်လွေ့က တမင်တကာ နားမထောင် ဘဲနှင့်ပင် ခန့်မှန်းနိုင်၏။
ယခု အင်ခီ အဆိပ်ခတ်ရခြင်း၏ ရည်ရွယ်ချက်က အဆိပ်ခတ်မှု ဖြစ်စဉ်ကို အသုံးချပြီး အိုဗ်ဂီကို ဖယ်ရှားကာ တစ်ဦးတည်းသော လူပုဘုရင်ဖြစ်လာရန်၊ အသိုက်အမြုံကို သိမ်းပိုက်ပြီး တောင်နေ လူပုများကို လက်ထဲတွင် ထိန်းချုပ်ရန်၊ ထို့နောက် လူပု တစ်မျိုးနွယ်လုံးကို အသူရာ အသူရာချောက်နက်ထဲ ဆွဲချရန်ပင် ဖြစ်လေသည်။
ချန်လွေ့သည် လူပုဘုရင် အိုဗ်ဂီနှင့် ဆက်ဆံခဲ့ဖူးပြီး သူသည် ပုံမှန် တောင်နေ လူပုတစ်ဦး ဖြစ်ကြောင်း သိရှိခဲ့သည်။ သူက တိုက်ရိုက် ပြောဆိုတတ်ပြီး ယုံကြည်စိတ်ချရသူ ဖြစ်သည်။ အထူး သဖြင့် သူက ယခင်ဘုရင်၏ နာမည်ဖြင့် သစ္စာဆိုခဲ့သောကြောင့် လျှို့ဝှက်ချက် အချို့ ဖော်ထုတ်မည်ကို စိတ်မပူပေ။ ချန်လွေ့ ပြသခဲ့သည်မှာ ပစ္စည်း၏ စွမ်းအားမျှသာဖြစ်ပြီး သူ၏ ကိုယ်ပိုင် စွမ်းအားကို များစွာ မပြသခဲ့ပေ။
အင်ခီက မကောင်းသော စွမ်းအားဖြင့် ထိန်းချုပ် ခံထားရသည် ဟူသော အမှန်တရား ပေါ်လာသည်နှင့် တပြိုင်နက် အိုဗ်ဂီနှင့် လူပု အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦးစလုံးက ဂူနေလူပုများ ပြောင်းလာ ပြီးနောက် မူမမှန်သော လှုပ်ရှားမှုများ၊ အထူးသဖြင့် လူပုအချို့ ရှင်းပြမရဘဲ ပျောက်ကွယ် သွားခြင်းတို့ကို သတိရ သွားခဲ့ကြ၏။ သူတို့က ကြောက်လန့် တုန်လှုပ် သွားခဲ့ကြသည်။
ဂူနေလူပုများ အပါအဝင် တောင်နေ လူပုများထဲတွင် ထိုကဲ့သို့ ထူးဆန်းသော စွမ်းအားဖြင့် ဘယ်နှယောက် ထိန်းချုပ် ခံထားရသနည်း။ ထိုအရာက မြေထူ ရဲတိုက်ရှိ လူပုအားလုံး၏ သေရေး ရှင်ရေးနှင့် ပတ်သက်နေပေသည်။
အိုဗ်ဂ်က နတ်ဘုရား စွမ်းအားဖြင့် ‘မကောင်းဆိုးဝါး’ကို ချန်လွေ့ ဖယ်ရှား ခဲ့သည်ကို မြင်တွေ့ခဲ့ရသောကြောင့် ချန်လွေ့၏ အကူအညီကို ထပ်မံ၍ တောင်းဆို ခဲ့သည်။
အသူရာအသူရာချောက်နက် စွမ်းအားသည် ဆူးသရဖူ၏ [ကောင်းကင်ကောင်းချီး] နှင့် အချင်းချင်း ထိန်းချုပ်နိုင်ပုံ ရသည်။ [ကောင်းကင်ကောင်းချီး] ၏ သန့်စင်သော စွမ်းအား အောက်တွင် အသူရာ အသူရာချောက်နက် စွမ်းအားဖြင့် တိုက်စားခံ ထားရသူများ ပုန်း၍ မရနိုင်ပေ။ သို့သော် [ကောင်းကင်ကောင်းချီး] ကို ခုနကမှ အသုံးပြုခဲ့သောကြောင့် တစ်နာရီ စောင့်ရ ပေဦးမည်။
အရေးပေါ် ဆွေးနွေး ပြီးနောက် မကောင်းသောစွမ်းအားဖြင့် ‘ကူးစက်’ မခံရသူ အချို့ကို ဦးစွာ ရွေးချယ်ပြီး ထိုစစ်တပ်ကို အခြေခံ၍ လူပုအားလုံးကို သန့်ရှင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
အရာအားလုံးကို အသင့်ပြင်ဆင် ပြီးနောက် လူပုများသည် တင်းတင်း ကြပ်ကြပ် ကာကွယ် ထားသော ရဲတိုက်ခန်းမသို့ အသုတ်လိုက် ‘အဆိပ် သင့်မှုစုံစမ်းစစ်ဆေး’ရန် ဝင်ရောက်ခဲ့ ကြသည်။ သူတို့က အချိန် အတန်ကြာ နေပြီးနောက် ထွက်သွားခဲ့ကြသည်။ ထိုအခြေအနေက နံနက် စောစောအထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး ‘စုံစမ်းစစ်ဆေးမှု’ အားလုံး ပြီးဆုံးချိန်အထိ ဖြစ်သည်။
ပရိုယိုနှင့် အခြားသူများက ထိုအရာ များကို မသိခဲ့ကြပေ။ ချန်လွေ့၏ ညွှန်ကြားချက်အရ သူတို့အား လူပုက သီးခြား ထားရှိခဲ့သည်။ ကြိုတင် ကာကွယ်မှု အနေဖြင့် အဆိပ်နဂါးကို စောင့်ကြည့်ရန် ချန်ထားခဲ့ပြီး ဇိုလာနှင့် ဒိုဒိုသည် ချန်လွေ့၏ လက်ထောက်များ ဖြစ်ကာ လိုအပ်ပါက သူ၏ ကိုယ်စား ဆောင်ရွက်နိုင်ပေသည်။
[ကောင်းကင်ကောင်းချီး] သန့်စင် စွမ်းအားဖြင့် ပြဿနာ ရှိကြောင်း ဖော်ထုတ်ခံရသော လူပု ထောင်နှင့်ချီ ရှိနေခဲ့သည်။ ထိုလူပုများ၏ ၉၀%မှာ ဂူနေလူပုများ ဖြစ်၏။ ဝိညာဉ်တစ်ခုလုံး အသူရာ အသူရာချောက်နက်နှင့် လုံးဝ ပေါင်းစပ်နေသော အင်ခီနှင့် မတူဘဲ အများစုမှာ အသူရာ အသူရာချောက်နက်၏ စွမ်းအားဖြင့် ခဏတာ တိုက်စားခံရခြင်း ဖြစ်သည်။ သူတို့က သန့်စင်ခြင်းစွမ်းအား အောက်တွင် တဖြည်းဖြည်း ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိ လာသော်လည်း ဝိညာဉ်များ လုံးဝ ထိခိုက်ခံရသော အချို့မှာမူ ကုသ၍ မရနိုင်သောကြောင့် ယာယီ ထောင်ချ ခံထားရသည်။
မြေထူရဲတိုက်၏ လျှို့ဝှက်အန္တရာယ် များကို ရှင်းလင်းပြီးနောက် အိုဗ်ဂီက သူ၏ အာရုံစိုက်မှုကို မြေထူရဲတိုက်၏ မြေအောက် မိုင်းတွင်းများသို့ ချက်ချင်း ပြောင်းရွှေ့လိုက်သည်။
အင်ခီ သေလုမြောပါး ဖြစ်နေစဉ်တွင် အိုဗ်ဂီက ‘မြေအောက် ယဇ်ပလ္လင်’ ဟူသော စကားလုံးများကိုသာ ကြားနိုင် ခဲ့သော်လည်း ထိုစကားနှစ်လုံးတည်းက သူ့အား အလွန်အမင်း သတိထား စေခဲ့သည်။
တောင်နေ လူပုနှင့် ဂူနေလူပု ပေါင်းစည်း ပြီးနောက် အင်ခီ၏ အကြံပြုချက် အရ သတ္တုတူးဖော်ခြင်းနှင့် သန့်စင်ခြင်းတွင် ကျွမ်းကျင်သော ဂူနေလူပုက သယံဇာတ တူးဖော်ခြင်းကို တာဝန်ယူခဲ့သည်။ တောင်နေလူပု၏ မူလမြေအောက် မိုင်းတွင်းကိုလည်း များစွာ တိုးချဲ့ခဲ့ပြီး ဂူနေလူပုများက ၎င်းကို တာဝန်ယူခဲ့သည်။
အိုဗ်ဂီက လူပုများကို ‘ရှင်းလင်း’ နေစဉ် ထိပ်တန်း ဒိုင်းကြီးတပ်သား အဖွဲ့ကို မိုင်းတွင်း၏ ဝင်ပေါက်အား ပိတ်ဆို့ရန်နှင့် မည်သူမျှ ဝင်ထွက်ခြင်း မပြုရန် တင်းကြပ်စွာ တားမြစ်ရန် စေလွှတ်ခဲ့ပြီး ဖြစ်သည်။
အိုဗ်ဂီ၏ ဒဏ်ရာ အသစ်များနှင့် တစ်ညလုံး ပင်ပန်းသော အလုပ်ကြောင့် လူပု၏ ခန္ဓာကိုယ်က ကြမ်းတမ်း သော်လည်း မခံနိုင်တော့ပေ။ သူက ယခုတွင် နန်းတော်ထဲ အနားယူနေ၏။ ချန်လွေ့၏ အပြင်းအထန် တောင်းဆိုမှု ကြောင့် သူက ဇိုလာနှင့် ဒိုဒို တို့နှင့်အတူ လူပု အထူး အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦးနှင့် မိုင်းတွင်းထဲသို့ ဝင်သွားခဲ့လေသည်။
ဂူနေလူပုများက အစွမ်းအထက်ဆုံး သတ္တုတွင်းလုပ်သား ဖြစ်ထိုက်ပေ၏။ တောင်နေလူပုအချိန်နှင့် နှိုင်းယှဉ်ပါက မိုင်းတွင်း၏ အရွယ်အစားသည် နှစ်ဆ တိုးလာခဲ့ပြီး အမှောင်လရှိ ရှီလန်တောင် မိုင်းတွင်း၏ အဓိကတွင်းထက်ပင် ပို၍ ကြီးမားလေသည်။
မိုင်းတွင်း တစ်ခုလုံးက ခမ်းနား ထည်ဝါသော မြေအောက်မြို့တစ်မြို့နှင့် တူသည်။ ကြိုးလှေကား၊ မှော်တည်နေရာ ရှာဖွေစက်နှင့် အောက်ချသော ကြိုးကို ကောင်းမွန်စွာ တပ်ဆင်ထား၏။ အခင်း အကျင်းကလည်း အလွန် လှပသပ်ရပ်ပြီး အန္တရာယ် လုံးဝ မရှိသလောက်ပင်။
ချန်လွေ့နှင့် အခြား သူများသည် ကြိုးလှေကားဖြင့် အောက်သို့ ဆင်းသက် သွားခဲ့ကြသည်။ သူတို့က မိုင်းတွင်း၏ လေဝင်လေထွက်နှင့် အလင်းရောင် ကောင်းမွန်ပြီး လမ်းတစ်လျှောက် ထူးဆန်းသည့် အရာများ မမြင်ရကြောင်း ခံစားမိသည်။။ သို့သော် မမျှော်လင့်ဘဲ ကြီးမားသော မိုင်းတွင်းထဲ၌ ဂူနေ လူပုများကို မတွေ့ရပေ။ လုံးဝကို တိတ်ဆိတ်နေ၏။
ထိုအခါ ဟို့ဒ်ဟက်နှင့် စတာ့ခ်လင် တို့ပင် အံ့အားသင့်သွား ကြသည်။ ဂူနေလူပုတွေက ညသန်းခေါင်ယံ အလုပ် စလုပ်ကြတာ။ ယခုအချိန်က အလုပ် အများဆုံး အချိန် ဖြစ်နေသင့်တယ်။ ဘာလို့ ဘယ်သူမှ မရှိနေရတာလဲ။ တစ်ခုခု မသင်္ကာစရာ ရှိနေရမယ်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ကြိုး လှေကားက မိုင်းတွင်း အောက်ခြေသို့ ဆင်းသက်လာသည်။ အောက်ခြေက ကျယ်ဝန်းသော လဟာပြင်ကဲ့သို့ လုံးဝန်း နေ၏။ ပခုံးပေါ်တွင် ဒူးလေးကို ထမ်းထားပြီး လက်ထဲတွင် သတ္တုများကို ကိုင်ထားသော ကြီးမားသည့် လူပုရုပ်ထု တစ်ရုပ် ရှိနေသည်။ ၎င်းက ဂူနေလူပု၏ အထင်ကရနေရာ ဖြစ်၏။
ဟို့ဒ်ဟက်ခ်က ပြောလိုက်သည်။ “မင်းသား အာသာ။ ဒီမှာ အစောင့် အရှောက် နှစ်ယောက်နဲ့ စောင့်နေပေးပါ။ ကျုပ်နဲ့ စတာ့ခ်လင် သွားစစ်ကြည့် လိုက်ပါ့မယ်။”
ချန်လွေ့ ခေါင်းညိတ် လိုက်သည်။ ဟို့ဒ်ဟက်ခ်နှင့် စတာ့ခ်လင်တို့က မိုင်းတွင်း မြေနေရာနှင့် ရင်းနှီးပြိး အထူး အစွမ်းထက် ပုဂ္ဂိုလ်များက အလွန် မြန်ဆန်၏။ မိုင်းတွင်းက ကြီးနေလျှင်ပင် ရှာဖွေရန် အချိန်အများကြီး ယူရမည် မဟုတ်ပေ။
သိပ်မကြာခင် ဟို့ဒ်ဟက်ခ်နှင့် စတာ့ခ်လင်တို့ မျက်မှောင်ကြုတ်လျက် မူလနေရာသို့ ပြန်ရောက်လာကြသည်။ သူတို့ နှစ်ယောက်လုံးက လမ်းများနှင့် တွင်းများအားလုံးကို လှည့်ပတ်ကြည့်ရှု ခဲ့ကြသော်လည်း မည်သည့် အရာကိုမှ မတွေ့ခဲ့ကြပေ။
“မင်းသား။ ဒီမှာ ဘာမှ မတွေ့ဘူး။ ကျုပ်တို့ ရဲတိုက်ကို ပြန်သွားရအောင်။”
“ခဏလေး...” ချန်လွေ့က မြေပြင် ပေါ်တွင် တစ်ခုခုကို တိုင်းတာပြီး ရေးခြစ်နေ၏။ သူ့ဘေးတွင် ဇိုလာက ဒြပ်စင် စွမ်းအားဖြင့် နေရာယူထားပြီး ချွဲကျိကောင် ကတော့ သခင်ဖြစ်သူကို အားပေးနေ၏။
“မင်းသား...” ဝါရင့် ဟို့ဒ်ဟက်ခ်နှင့် စတာ့ခ်လင် နှစ်ဦးစလုံးက ချက်ချင်းပင် မြေပြင်ပေါ်မှ အမှတ်အသားများကို မှတ်မိသွားသည်။ “ရှေးဟောင်း မှော်စာ မှော်စက်ဝိုင်းတွေလား။”
အဂ္ဂိရတ်မဟာဆရာသခင် မင်းသားက မှော်စက်ဝိုင်းများနှင့် ရှေးမှော်စာများ တွင်လည်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေသည်။ လူပု နှစ်ဦးစလုံးက အံ့အားသင့် သွားခဲ့ကြသည်။
“မင်းသား။ ဒီရုပ်ထုက...” စတာ့ခ်လင် က ချန်လွေ့ ပုံဖော်နေသော မှော်စာက ဂူနေလူပု ရုပ်ထုပတ်လည်တွင် လည်ပတ် နေသည်ကို မြင်သောအခါ တစ်ခုခုကို ချက်ချင်း ခန့်မှန်းနိုင်ခဲ့သည်။
“ကျုပ် ခန့်မှန်းတာ မှန်မယ်ဆိုရင် ကျုပ်တို့ မြင်နေရတဲ့ ဒီနေရာက အတော်လေး ထူးခြားတဲ့ စွမ်းအား တစ်ခုနဲ့ ချိပ်ပိတ်ခံထားရတာပဲ။ ကျုပ် လုပ်ချင်တာက နေရာလွဲနေတဲ့ နေရာကို မူလအတိုင်း ပြန်ဖြစ်အောင် လုပ်ဖို့ပဲ။” ချန်လွေ့က အသက်ပြင်းပြင်း ရှုလိုက်၏။ “လူကြီးမင်း နှစ်ယောက်။ ကျေးဇူးပြုပြီး သတိထားပါ။ ကျုပ် ‘ပြန်ပြောင်းခြင်း’ စွမ်းအားကို အသက်သွင်းတော့မယ်။”
ထိုသို့ပြောပြီးသည်နှင့် ချန်လွေ့က ဇိုလာကို ခေါင်းညိတ် ပြလိုက်သည်။ ဇိုလာက လက်ဖျောက်တီး လိုက်ရာ မြေပြင်ပေါ်တွင် ကြယ်ပွင့်များ ကဲ့သို့ ရွှေရောင် တောက်ပသော အစက် အပြောက်များ မရေမတွက် နိုင်အောင် ပေါ်လာ၏။ တောက်ပသော အစက် အပြောက်များက အထူး စီစဉ်ထားသည့် အတိုင်း ဆက်စပ်နေကြသည်။ မျက်စိ တစ်မှိတ် အတွင်းတွင် သူတို့ရှေ့မှ မြင်ကွင်း တဟုန်ထိုး ပြောင်းလဲသွား၏။
မူလက လင်းထိန်နေပြီး ရုပ်ထုမှအပ လုံးဝ ဗလာကျင်းနေသော မြေပြင်သည် ရုတ်တရက်... ငရဲအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
လေထုက သွေးနံ့တွေ ပြည့်နှက်နေပြီး အန်ချင်စိတ်ပေါက်စေ၏။ မြေပြင်တွင် သေဆုံးနေသော အရိုးများနှင့် အလောင်းများ ပြည့်နေသည်။ တချို့က လူပုများ၊ တချို့က လူသားများ ဖြစ်ကြ လေသည်။။ လူပု ရုပ်ထုရဲ့ မူလနေရာက သွေးနီရောင် ယဇ်ပလ္လင် ဖြစ်သွားလေပြီ။
“တောက်!” ဟို့ဒ်ဟက်ခ် နှင့် စတာ့ခ်လင် တို့က ရှေ့က အရာ အားလုံးကို ဒေါသတကြီး ကြည့်လိုက်၏။
ချန်လွေ့၏ မျက်နှာ အမူအရာ လေးနက်လာခဲ့သည်။ သူက အလားတူ ယဇ်ပလ္လင်များကို နေရာ နှစ်ခုတွင် မြင်ဖူးခဲ့သည်။ တစ်ခုမှာ နတ်ဆိုးဘုံ၏ ငှက်တောင်ဖြူ နယ်မြေ၌ ဖြစ်ပြီး စီကာလီက အသက်စတေးရန်အတွက် မက်စီမိုမြို့ တစ်မြို့လုံးကို သတ်ဖြတ် ခဲ့သည်။ အခြားတစ်ခုမှာ အိပ်မက်ဆိုး တောနက်ရှိ အိပ်မက်ဆိုး မီးတောင်၌ အော့ခ် နတ်ဆရာမ လောင်မီတယ်က လူသား၊ အော့ခ် နှင့် အော့ခ်တစ်ပိုင်း များကို မရေမတွက်နိုင်အောင် စတေးခဲ့ခြင်း ဖြစ်သည်။
ဒီယဇ်ပလ္လင်က ငှက်တောင်ဖြူ နယ်မြေ ကထက် အများကြီး ပိုကြီးတယ်။ ဒါပေမဲ့ အိပ်မက်ဆိုး မီးတောင် ယဇ်ပလ္လင်ထက် နည်းနည်း နိမ့်တယ်။ ပြီးတော့ သွေးစွန်းနေတဲ့ အသူရာ အသူရာချောက်နက် စာသားတွေလည်း မရှိဘူး။ ဒါမှမဟုတ် ဒီယဇ်ပလ္လင်ရဲ့ ‘တည်ဆောက်မှု’က အဲဒီ အဆင့်အထိ မရောက် သေးဘူးလို့ ပြောရမလားပဲ။
သွေးပျက်စရာ အငွေ့အသက်များ ပို၍ ပို၍ ပြင်းထန်လာ၏။ တဖြည်းဖြည်းနှင့် မတည်ငြိမ်သောသော သွေးမြစ်တစ်ခု ဖြစ်လာသည်။ နေရာလည်း ပြောင်းလဲ လာပြီး လူတိုင်း၏ နေရာကို နေရာအသစ် တစ်ခုက ဝိုင်းရံလိုက်၏။
သွေးမြစ်၏ နယ်မြေက ကျယ်သထက် ကျယ်ပြန့်လာသည်။ မျက်စိ တစ်မှိတ် အတွင်းတွင် ဗဟို ယဇ်ပလ္လင်က လေထဲ မြင့်တက်လာသည်။ သူတို့၏ ခြေထောက် အောက်တွင် အဆုံးမဲ့ သွေးပင်လယ် ရှိနေပြီး ဖျက်ဆီးမည့် အငွေ့အသက်များ လှိမ့်တက်လာခြင်းကြောင့် ထူးဆန်းကာ ကြောက်မက်ဖွယ် ကောင်းနေ၏။