အကြောက်တရားအရှင်၏ စိတ်ပုံရိပ်
Vol. 59 Ch. 961
ရှေ့မှ အပြောင်းအလဲက အားလုံး၏ မျက်နှာအမူအရာများကို ပို၍ သတိထား သွားစေပြီး ခြေထောက် အောက်ရှိ သွေးပင်လယ်နှင့် မထိစေရန် အပေါ်သို့ ပျံတက်သွားကြသည်။ စွမ်းအား ပြသရန် အဆင်မပြေသောကြောင့် ချန်လွေ့အား ဒိုဒိုက ‘ဆွဲတင်’ ခေါ်လာပြီး လေထဲတွင် ဝဲပျံနေခဲ့သည်။
သွေးမြစ်သည် ပို၍ ဂယက်ထလာ၏။ လေထဲတွင် အသက်ရှူ ကျပ်စေသော သွေးနံ့နှင့် အပူရှိန် ပြည့်နှက်နေ၏။ ချော်ရည်ထဲ ရောက်နေသလို ခံစားရပြီး သူတို့၏ အမြင်အာရုံပင် ဝေဝါးလာသည်။
သွေးပင်လယ်ထဲတွင် သလင်းကျောက် အလင်းရောင် အနည်းငယ် ရှိသည်။ ၎င်းတို့သည် အနီရောင်ပန်းများ ဖြစ်၏။ ပွင့်ချပ်များက သလင်းကျောက်များကဲ့သို့ ကြည်လင်နေပြီး လှပကာ ထူးဆန်း နေသည်။ ၎င်းတို့က အားကောင်းသော အသက်စွမ်းအင်ကို ထုတ်လွှတ်နေ၏။ အပူချိန် မြင့်မားသော သွေးမြစ်ထဲတွင် ဖူးပွင့်နေကြသော်လည်း အပူချိန်ကြောင့် လုံးဝမထိခိုက်ပေ။ ၎င်းသည် ချစ်စရာ ကောင်းပြီး ထူးဆန်းနေ၏။
“အသူရာချောက်နက်ပန်း!” ချန်လွေ့ အသံကျယ်ကျယ်နှင့် အော်လိုက်သည်။ ထိုပန်းက အသူရာချောက်နက် သတ္တဝါ များကို ဆင့်ကဲပြောင်းလဲခြင်း ဖြစ်ပေါ် စေနိုင်သည်။ အချိန်အကန့်အသတ် ရှိသော်လည်း ၎င်း၏ အာနိသင်က အလွန် ကြောက်မက်ဖွယ်ကောင်းသည်။
ဇိုလာသည် စိတ်ဖြင့် ဆက်သွယ် လိုက်ရာ ခရမ်းရောင် လျှပ်စီး အလင်းတန်းများ ပျံဝဲသွား၏။ သွေးများ ပက်ဖျန်းသွားပြီး အသူရာချောက်နက် ပန်းက သလင်းကျောက် အလင်းတန်း များအဖြစ် ပြောင်းလဲကာ ကြေမွသွား၏။ သို့သော် သွေးမြစ်၏ လူးလှိမ့်နေမှုထဲ၌ ပြန့်ကျဲ နေသော သလင်းကျောက် အလင်းတန်းများက ပန်းပုံစံ အဖြစ် ပြန်လည် စုစည်းသွားသည်။
အသူရာ ချောက်နက် ပန်းက သွေးပင်လယ်ထဲတွင် အဆက်မပြတ် ပြန်လည် မွေးနိုင်ပြီး သေမျိုးမဟုတ်သော တည်ရှိမှုတစ်မျိုး ဖြစ်ပုံရသည်။
ဇိုလာ မျက်မှောင် ကြုတ်လိုက်ရာ လျှပ်စီးများ ပျောက်ကွယ် သွားသည်။ သူ၏ ခရမ်းရောင် ဆံပင်များသည် လေမတိုက်ဘဲ ထောင်တက်လာပြီး အပြာရောင်လှိုင်းများ ပတ်လည်တွင် ပျံ့နှံ့လာသည်။ ပူနွေးပြီး အသက်ရှူ ကျပ်စေသော လေထုက လျင်မြန်စွာ အေးစက်လာခဲ့သည်။
၎င်းက အရိုးထဲအထိ စိမ့်ဝင်သော အအေးဓာတ် ဖြစ်သည်။ လူပုသည် မှော်အာရုံခံမှုအတွင် သဘာဝအရ အားနည်းချက် ရှိသော်လည်း ဟို့ဒ်ဟက်ခ်နှင့် စတာ့ခ်လင် နှစ်ဦး စလုံးက ဇိုလာပတ်လည်တွင် ပတ်ချာ လည်နေသော အလွန် သန့်စင်ပြီး အစွမ်းထက်သော ဒြပ်စင်စွမ်းအားကို သေသေချာချာ ခံစားမိ ကြသည်။ ထိုစွမ်းအင် ပေါက်ကွဲ ထွက်လာပါက သူတို့နှစ်ဦး ပူးပေါင်းလျှင်ပင် လုံးဝ တားဆီး နိုင်မည်မဟုတ်ပေ။
ထိုအားကောင်းသော အအေး စွမ်းအား၏ အကျိုး သက်ရောက်မှု အောက်တွင် သွေးပင်လယ်၏ စီးဆင်းမှု နှေးကွေးသွားပြီး လှိုင်းလုံးများလည်း ငြိမ်သက်သွားကာ ရေမျက်နှာပြင်သည် တဖြည်းဖြည်း မာကျောလာသည်။ ခဏအကြာ သွေးပင်လယ် တစ်ခုလုံး အပြာရောင် ရေခဲပြင် အဖြစ် သိပ်သည်း သွားပြီး အသက်ရှူ ကျပ်စေသော အပူနှင့် ဖျက်ဆီးနိုင်စွမ်းရှိသော အငွေ့အသက် များကို ဇိုလာ၏ တိုင်းပြည်စွမ်းအားဖြင့် ချိပ်ပိတ်ထားလိုက်တော့သည်။
[ဒြပ်စင်၆ခုတိုင်းပြည်] ၏ စွမ်းအားက သံသယ ဖြစ်ဖွယ်မရှိ ထူးခြား ဆန်းကြယ်ပြီး အထူးသဖြင့် မှော်ပညာ၏ ထိုးစစ်နှင့် ကာကွယ်ရေး နည်းလမ်းက အစွမ်းထက်ရုံသာမက ပြောင်းလဲနိုင်ပြီး ခန့်မှန်းရခက်သည်။ ချန်လွေ့က [ဓူဝံကြယ်အသွင်ပြောင်းခြင်း] ကို အသက် မသွင်းလျှင် ဇိုလာကဲ့သို့ ကောင်းမွန်စွာ ပြုလုပ်နိုင်မည် မဟုတ်ဟု တိတ်တဆိတ် တွေးနေခဲ့သည်။
ဟို့ဒ်ဟက်ခ်သည် အဆိပ်နဂါးနှင့် ယခင်က တိုက်ခိုက်စဉ် ဇိုလာက သူ့အား အလွယ်တကူ နှိမ်နင်းခဲ့သည့် မြင်ကွင်းကို သတိရလိုက်သောအခါ ကြောက်ရွံ့မှု အမူအရာက ပိုတိုးလာခဲ့သည်။ ထိုအချိန်က အမျိုးသမီးသည် သူ၏ အမှန်တကယ် စွမ်းအားကို အသုံးပြုခြင်း မရှိခဲ့ပေ။ သို့မဟုတ်ပါက သူ့ကို အလွယ်တကူ သတ်ပစ် နိုင်ခဲ့မည် ဖြစ်သည်။
ထိုအချိန် ကောင်းကင်ရှိ ယဇ်ပလ္လင်မှ သွေးမြူများ ထွက်လာပြီး ကြီးမားသော ဦးခေါင်းအဖြစ် စုစည်းသွားသည်။ မျက်နှာ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ကြောက်မက်ဖွယ် ကောင်းသော ပုံပန်းသဏ္ဌာန်ကို အသိစိတ်မှ အာရုံခံနိုင်ပြီး အထူးသဖြင့် သတ်ဖြတ်ချင်စိတ် ရှိနေသော အစိမ်း ရင့်ရောင် မျက်လုံးတစ်စုံက လူများကို မသိစိတ်မှ ကြောက်ရွံ့စေလေသည်။ အမြဲတမ်း အားနည်းသူများကို အနိုင် ကျင့်ပြီး အားကြီးသူများကို ကြောက်ရွံ့ တတ်သော သခင် ဒိုဒိုပင် ကြောက်လန့် တုန်လှုပ်သွား၏။
“မင်း ဘယ်သူလဲ။” ဟို့ဒ်ဟက်ခ်က ရင်ထဲရှိ အံ့အားသင့်မှုကို ဖိနှိပ်ကာ အော်လိုက်သည်။ “မင်းက နတ်ဘုရား တစ်ပိုင်း စာချုပ်ကို လျစ်လျူရှု ပြိးတော့ လူပုမျိုးနွယ်ကို ထိန်းချုပ်ပြီး ဒုက္ခပေးဖို့ လုပ်ရဲတယ်လား။”
နတ်ဘုရား တစ်ပိုင်း စာချုပ်ကို သိဒ္ဓိအလင်းတောင်မှ ကောင်းကင်တမန် သုံးပါး စတင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လူ့လောကရှိ လူမျိုး အားလုံးက အသိအမှတ်ပြုထားသော စာချုပ်ဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် (ထိုနေရာတွင် အထူး အစွမ်းထက်ပုဂ္ဂိုလ် အဆင့် အားလုံးကို ရည်ညွှန်းသည်) များအား သာမန် လောကရေးရာများ၌ ဝင်ရောက် စွက်ဖက်ခြင်းမှ ကန့်သတ်ထားသည်။
ထိုနေ့က အစ်ဇ်ယိုရူးလ် သည် ကျောက်စိမ်း သစ်တောပင်လယ်သို့ အတင်းအဓမ္မ ဆင်းသက်လာသောအခါ နတ်သူငယ် မျိုးနွယ်စုက နတ်ဘုရား တစ်ပိုင်း စာချုပ်ကို အခြေခံ၍ အစ်ဇ်ယိုရူးလ်အား မေးခွန်းထုတ်ခဲ့ပြီး အစ်ဇ်ယိုရူးလ်ကလည်း အထူးတလှည် ရှင်းပြခဲ့ရသည်။
“ဟမ့်...” ထိုဦးခေါင်းက နတ်ဘုရား တစ်ပိုင်း စာချုပ်အကြောင်း ကြားသော အခါ မထီမဲ့မြင် ပြုံးလိုက်၏။ ဝိညာဉ်ကို ထိုးဖောက် ဝင်ရောက်နိုင်သော စွမ်းအား တစ်ခု ထွက်ပေါ်လာပြီး ရေခဲအဖြစ် ခဲနေသော သွေးပင်လယ်က ရုတ်တရက် ကြီးမားသော အက်ကွဲကြောင်းများ ပေါ်လာသည်။ ပင်လယ်က ထပ်မံ၍ ဆူပွက်လာတော့သည်။
ဇိုလာ အွန့်ခနဲ အသံပြု လိုက်သည်။ သူ့ တိုင်းပြည်စွမ်းအားက ပြင်းထန်သော တန်ပြန် စွမ်းအားဖြင့် ထိခိုက်ခံရခြင်း ဖြစ်သည်။ နတ်မိမယ်နဂါး၏ မျက်လုံးတွင် ရှားရှားပါးပါး လေးနက်မှု ရှိလာပြီး လက်ထဲတွင် ချန်လွေ့ ကိုယ်တိုင် ပြုလုပ်ထားသော ‘လျှို့ဝှက်အရိပ်’ ဟုခေါ်သော ဒဏ္ဍာရီလာ-ယောင်အဆင့် လက်ကိုင်တို မှော်တုတ်တံ တစ်ချောင်း ရှိနေသည်။
လျှို့ဝှက်အရိပ်
(မှော်တုတ်တံ အမျိုးအစား)
မှော်စွမ်းအား အကုန်လုံးကို နှစ်ဆ တိုးစေ၊ မှော်အစွမ်း အသုံးပြု အရှိန်ကို နှစ်ဆတိုးစေ၊ ဝိညာဉ်တိုက်ခိုက်မှုများကို ပြီးနိုင်စေ။
ထပ်တိုးစွမ်းရည် - [ကန့်သတ်ချက် ချိုးဖျက် ပိုင်နက်]။
ပြိုင်ဘက်၏ မှော်ခုခံ ကာကွယ်မှု၊ ကင်းလွတ်မှုကို လျစ်လျူရှု နိုင်သည့် အခွင့်အရေး ရှိသည်။ တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ ရနိုင်သည်။ ထိခိုက်မှုများကို အလိုလို ပြုပြင်ပေးနိုင်။
ဇိုလာ အသုံးမပြု ခင်မှာပင် သွေးပင်လယ်ထဲ စမ်းချောင်းများစွာ ရုတ်တရက်ပေါ်လာပြီး စမ်းချောင်းများက စိတ်ကို ဖမ်းစားနိုင်သော အသူရာ ချောက်နက် ပန်းများကို ဝါးမြိုကာ ရေခဲပြင်ပေါ်သို့ ကျရောက် လာသည်။ ၎င်းတို့က ပုံရိပ်များအဖြစ် စုစည်းသွားပြီး လျင်မြန်စွာ ထင်ရှားလာခဲ့သည်။
ထိုသတ္တဝါများက အရပ်ရှည်ပြီး ကိုယ်ခန္ဓာ ကြီးမားကာ ကြောက်မက်ဖွယ် ကောင်းသော ပုံပန်းသဏ္ဌာန် ရှိကြပြီး ၎င်းတို့၏ ကြွက်သားတွင် ထူးဆန်းသော ချပ်ကာကဲ့သို့ ပုံစံကွက်များ ရှိသည်။ နောက်ကျောတွင်လည်း အရိုးတောင်ပံ တစ်စုံ ရှိသည်။ သူတို့၏ ခန္ဓာကိုယ် အနှံ့တွင် မီးတောက်များ ထွက်နေ၏။ သူတို့၏ လက်တွင် အလွန် ကြီးမားသော မဟာဓားများကို ကိုင်ထား ကြလေသည်။
“အသူရာချောက်နက်သခင်!” ရင်းနှီးသော ပုံရိပ်ကို မြင်ပြီးနောက် ချန်လွေ့ လွှတ်ခနဲ ပြောလိုက်မိသည်။ သူ နတ်ဆိုး အရှင်သခင်အဆင့် ဖြစ်ခဲ့စဉ် ငှက်တောင်ဖြူနယ်မြေတွင် ထိုကဲ့သို့ ကြောက်စရာ ကောင်းသော ရန်သူမျိုးကို ကိုယ်တိုင် ရင်ဆိုင်ခဲ့ရသည်။ ယခု သူတို့ရှေ့မှ အသူရာ ချောက်နက် သခင်များက နက်ရှိုင်းသော ‘အကြောက် တရား’ စွမ်းအားကို ထုတ်လွှတ်နေကြ၏။
အသူရာချောက်နက်သခင်က အသူရာ ချောက်နက် သတ္တဝါများ၏ သာမန် ပိရမစ် ထိပ်ဆုံးတွင် ရှိနေသည်။ ချန်လွေ့က ကြီးမားသော ဦးခေါင်းကို မော့ကြည့်ကာ ‘အင်ခီ’နှင့် ယခင်က စကားပြောခဲ့သည်ကို သတိရလိုက်၏။ ထိုဦးခေါင်း၏ နာမည်ကို သူ ရေးရေးလေး မှန်းဆနိုင် ပေသည်။ အတိအကျ ပြောရလျှင် စိတ်ပုံရိပ်၏ နာမည်ကိုပင်...
အသူရာချောက်နက် သခင်များထံမှ ထွက်ပေါ်လာသော အကြောက်တရား အငွေ့အသက်နှင့် အင်အားကြီးသော စွမ်းအားကြောင့် စတာ့ခ်လင်နှင့် ဟို့ဒ်ဟက်ခ်တို့က ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလာရပြီး သူတို့၏ လက်နက်များကို တပြိုင်နက်တည်း ကျစ်ကျစ် ဆုပ်ကိုင်လိုက်ကြသည်။
ဟို့ဒ်ဟက်ခ် လက်ထဲ ‘မီးလင်းလက်’ စစ်တူရှိနေပြီး စတာ့ခ်လင်၏ လက်နက် များမှာ ဒိုင်းတစ်ခုနှင့် နှစ်ဖက်အသွား တိုက်ခိုက်ရေးပုဆိန်တို့ ဖြစ်သည်။ မျက်စိ တစ်မှိတ်အတွင်း သူတို့ နှစ်ဦးသည် မီးနှင့် ငွေရောင် အလင်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး မဟာဓားများ ကိုင်စွဲ ထားကြသော အသူရာ ချောက်နက် သခင်များဆီသို့ အလျင်အမြန် ပြေးဝင် သွားလိုက်ကြသည်။
ချန်လွေ့သိသော အသူရာချောက်နက် သတ္တဝါများ (သခင်အဆင့်မှအပ) တွင် ပိုင်နက် သို့မဟုတ် တိုင်းပြည်၏ အထူး စွမ်းအားမရှိဘဲ အခြေခံ အကျဆုံးနှင့် ဗီဇဆန်သော တိုက်ခိုက်မှုများသာ ရှိ၏။ သို့သော် ထိုကဲ့သို့ တိုက်ခိုက်မှုကလည်း ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ ချန်လွေ့ ကြုံတွေ့ခဲ့ရသော ရှေးအဂ္ဂိရတ် အဖွဲ့အစည်း ပုံရိပ်ယောင်ထဲ၌ အသူရာ ချောက်နက်သခင်များက နတ်ဆိုး အရှင်သခင် အဆင့်ရှိ ဧရာမ သလင်းကျောက် သားရဲများကို အလွယ် သတ်ပစ် နိုင်ခဲ့သည်။ ထိုအရာက အနိမ့်ဆုံးအဆင့် အသူရာ ချောက်နက် သခင်သာ ဖြစ်၏။
ထို့နောက် ချန်လွေ့ မုန်တိုင်းကျွန်းမှ ‘ကောင်းကင်ဘီး’တွင် တွေ့မြင်ခဲ့ရသော ပုံရိပ်ယောင်တွင် ချူအီလီယာနာက အုပ်စိုးသော အသူရာ ချောက်နက် သခင်က ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ နတ်ဘုရားတစ်ပိုင်း အဆင့်ကိုပင် သတ်ပစ် နိုင်လေသည်။ ထိုအရာက ချူအီလီယာနာ ကိုယ်တိုင်၏ စွမ်းအား တိုးမြှင့်မှု တစ်မျိုးနှင့် သက်ဆိုင်ရမည် ဖြစ်ပြီး စူပါစနစ်၏ ကြယ်အပ်နှင်းခြင်း၏ [ကြယ်အဆင့်တိုးမြှင့်မှု] နှင့် ဆင်တူ ပေသည်။
ထိုနည်းတူစွာပင် ဧရာမဦးခေါင်းက ဆင့်ခေါ်ထားသော အသူရာချောက်နက် သခင်များက သာမန်များ မဟုတ်ကြဘဲ ချန်လွေ့ ငှက်တောင်ဖြူနယ်မြေတွင် ရင်ဆိုင်ခဲ့ရသော အသူရာ ချောက်နက် သခင်များထက် ပိုမို၍ အစွမ်းထက် ကြပေလိမ့်သည်။
ဟို့ဒ်ဟက်ခ်၏ မီးတောက်နေသော တိုက်ပွဲပုဆိန်တွင် အစွမ်းထက်သော မီးမှော်စာများ ထွင်းထု ထားပြီး ပြင်းထန်သော မီးတိုက်ခိုက်မှုများကို ပြုလုပ်နိုင်၏။ သို့သော် အသူရာ ချောက်နက် သတ္တဝါများ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက အလွန်ထူးခြား၏။ ၎င်းက ချုပ်နှောင်မှုလည်း မပြုလုပ် နိုင်သလို ပြိုင်ဘက်၏ ပြင်းထန်သော မီးတောက် များကိုပင် ပိုမို၍ တိုးပွားစေခဲ့သည်။ စတာ့ခ်လင်၏ ပုဆိန်နှင့် ဒိုင်းတွင် ထိုအားနည်းချက် မရှိသော်လည်း သူက ဟို့ဒ်ဟက်ခ် ကဲ့သို့ အစွမ်းမထက်ပေ။ အသူရာ ချောက်နက် သခင်များ ဝိုင်းရံခြင်း ခံရပြီးနောက် မျက်စိတစ်မှိတ် အတွင်း သူတို့နှစ်ဦးက အကြိမ်များစွာ အခုတ်ခံရတော့သည်။ မဟာဓား၏ ဓားချီ စွမ်းအင်ကြောင့် ဖြစ်လာသော သူတို့၏ ချပ်ကာများရှိ အက်ကွဲကြောင်း များမှ သွေးများ ပန်းထွက် လာကြ၏။
လူပုများက သဘာဝ အားဖြင့် ရဲရင့် သောကြောင့် ကြောက်လန့် တုန်လှုပ်ခြင်း မရှိခဲ့ပေ။ ထိုအစား တိုက်ခိုက်လိုစိတ် မြင့်မားလာပြီး ပိုမို အစွမ်းထက်သော စွမ်းအားများ ပေါ်ထွက် လာခဲ့သည်။ သို့သော် သူတို့၏ စွမ်းအားက နိမ့်ကျနေရာ အသေအချာပင် အရေးနိမ့် နေခဲ့လေသည်။
အခြေားသော အသူရာချောက်နက် သခင်များက ဇိုလာနှင့် ချန်လွေ့တို့ဆီ ပြေးဝင်လာကြသည်။ အဝေးတွင် ရပ်နေသည့် နှစ်ကောင်က ချန်လွေ့ကို တိုက်ခိုက်ရန်အတွက် သွေးပင်လယ် မုန်တိုင်းလှိုင်းကို ယူဆောင်လာသော ဓားချီစွမ်းအင်ကို အသုံးပြုလိုက်၏။
ချန်လွေ့၏ ပခုံးပေါ်ရှိ ဒိုဒိုက အသူရာ ချောက်နက်သခင်ပေါ်တွင် အနက်ရှိုင်းဆုံး ‘ကြောက်ရွံ့ခြင်း’ အငွေ့အသက်ကို ခံစား ရရာ ဆရာသခင် ချွဲကျိကောင်က တကယ်ခန့်ညားသည့် ပုံရိပ်ကို ဂရုမစိုက် တော့ပေ။ သူက သခင်၏ ပခုံးပေါ်တွင် ကပ်နေပြီး မလှုပ်ရှားရဲတော့ပေ။
ကံကောင်းစွာပင် မဒမ်-ဇိုလာသည် ချွဲကျိကောင်ကို စိတ်မပျက် စေခဲ့ပေ။ နတ်မိမယ်နဂါးက ‘လျှို့ဝှက်အရိပ်’ ကို သုံး၍ စက်ဝိုင်းတစ်ခုဆွဲလိုက်ရာ သူနှင့် ချန်လွေ့ပတ်လည်တွင် အရည်လဲ့သော အမိုးခုံးတစ်ခု ပေါ်လာ၏။ ဓားချီ စွမ်းအင် များနှင့် အသူရာချောက်နက်သခင်များက အမိုးခုံးကို ထိသောအခါ ၎င်းတို့အားလုံး ပြန်ကန်သွားကြသည်။
ဇိုလာ၏ ဒိုင်းကာက ရိုးရှင်းသော ကာကွယ်ရေး လုပ်ဆောင်ချက် တစ်ခု မဟုတ်ပေ။ အသူရာ ချောက်နက် သခင်များ တန်ပြန်သွား သောအခါ တောက်ပသော အလင်းရောင် အစက် အပြောက်များက ပြန်ကန်သွားသော ပုံသဏ္ဌာန်များနှင့် ဓားချီ စွမ်းအင်များ ပေါ်တွင် ကပ်နေလေသည်။ ရန်သူ၏ လှုပ်ရှားမှုများကို မိသွားပြီးနောက် ချက်ချင်း ထိန်းချုပ်လိုက်၏။ ထို့နောက် မျက်စိကျိန်းလောက်သော ခရမ်းရောင် အလင်း လင်းလက်လာပြီး ပြင်းထန်သော လျှပ်စီးကြောင်းတစ်ခုက အနီးအနားရှိ အသူရာ ချောက်နက် သခင်များ အားလုံးကို မျက်စိတစ်မှိတ် အတွင်း ဖြတ်ကျော် သွားကာ ချိန်းကြိုး တစ်ခုကဲ့သို့ ချိတ်ဆက်သွားခဲ့သည်။
အသူရာချောက်နက် သခင်များသည် စိတ်ပျက် အားငယ် နေသူများကဲ့သို့ တပြိုင်နက်တည်း ငြိမ်သက်စွာ ရပ်သွား ကြသည်။ သွေးပင်လယ်၏ လှိုင်းလုံးများ ထိမှန်ပြီးနောက် အသူရာ ချောက်နက် သခင်များက အသူရာချောက်နက်ပန်း၏ အပိုင်းအစမျိုးဖြစ်သော သလင်းကျောက် အပိုင်းအစများအဖြစ် ကြေမွသွားကြ၏။
ဇိုလာက ရန်သူများကို ရှင်းပြီးနောက် လူပုများကို ဝိုင်းရံနေသော အသူရာ ချောက်နက်သခင်များကို လှမ်းကြည့် လိုက်သည်။ သူက ‘လျှို့ဝှက်အရိပ်’ ကို မကိုင်ထားသော ဘယ်လက်ကို အလျင်အမြန် ဝှေ့ယမ်း လိုက်သည်။ ထိုအသူရာချောက်နက် သခင်များသည် ပိုးချည်မျှင် များဖြင့် ကြိုးဆွဲကစား ခံရသော ရုပ်သေးရုပ်များ ကဲ့သို့ လှုပ်ရှားမှုများ မထင်မှတ်ဘဲ ဖြစ်လာကာ တိုက်ခိုက်မှုများ ရုတ်တရက် နှေးကွေး သွားခဲ့သည်။ လူပုနှစ်ဦး အန္တရာယ် ကြုံနေချိန်တွင် ရန်သူများ၏ ဖိအား သိသိသာသာ လျော့ကျသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့က ထိုအခွင့်အရေးကို ချက်ချင်းအသုံးချကာ ပုဆိန်နှင့် တူကို အပြည့်အဝ အသုံးပြု တော့သည်။ အသူရာ ချောက်နက် သခင်အချို့ နှစ်ပိုင်း ပြတ်ပြီး ကွဲကြေကာ ... အပိုင်းအစများအဖြစ် လျင်မြန်စွာ ပြန့်ကျဲသွားတော့သည်။
တိုက်ပွဲတစ်ခုလုံးက မိနစ် အနည်းငယ် မျှသာ ကြာမြင့်ခဲ့ပြီး ဇိုလာက တစ်မိနစ်ပင် မပြည့်ဘဲ အနည်းငယ်သာ လှုပ်ရှားခဲ့၏။ ထိုလှုပ်ရှားမှု များက ရိုးရှင်းပုံ ရသော်လည်း ၎င်းတို့တွင် နက်ရှိုင်းပြီး နက်နဲသော ဒြပ်စင် စွမ်းအား အသုံးပြုမှုများ ပါဝင်နေလေသည်။
ဧရာမဦးခေါင်းကြီးက ထိုမြင်ကွင်းကို ကိုယ်တွေ့ ကြုံတွေ့ရသောအခါ သူ၏ ဂရုမထားသော မျက်လုံးများက လုံးဝ မတုန်လှုပ်ပေ။ ပြန့်ကျဲ နေသော သလင်းကျောက်များ တဖြည်းဖြည်း ပြန်လည် စုစည်းလာပြန်ပြီး အသူရာ ချောက်နက် သခင်များကို ထပ်မံ၍ ‘ဖန်တီး’ ရန် ကြိုးစားနေပုံရသည်။
ဇိုလာက ချက်ချင်း လျှို့ဝှက်အရိပ် မှော်တုတ်တံကို ဝှေ့ယမ်း လိုက်ရာ [ဒြပ်စင်၆ခုတိုင်းပြည်] စွမ်းအားက အရှိန်အဟုန် တိုးမြင့်လာခဲ့သည်။ ကောင်းကင်မှ ရွှေရောင် လျှပ်စီးများစွာ ပေါ်ထွက်လာပြီး ကြီးမားသော ဦးခေါင်းကို ရိုက်ချရန် ကြီးမားသော လျှပ်စီးအဖြစ် စုစည်းသွား၏။
“#¥※!” ကြီးမားသော ဦးခေါင်းက တစ်ခုခု ပြောလိုက်သည်။ သူ၏အသံက ကြောက်မက်ဖွယ်ကောင်းပြီး အတိုင်း အဆ မရှိသော ကြောက်ရွံ့မှုကို သယ်ဆောင် လာသကဲ့သို့ ခံစားရကာ လူအများအား တုန်လှုပ်စေခဲ့သည်။
လူတိုင်း နားမလည်ကြပေ။ ချန်လွေ့က [သရုပ်ခွဲမျက်လုံး] ကို အသက်သွင်း ပြီးမှသာ အသေအချာ နားလည်လိုက်၏။ ထိုစကားလုံးမှာ ‘ပုရွက်ဆိတ်’ ဟူ၍ပင်။
အသူရာချောက်နက်ဘာသာစကားပဲ!
ထိုစကားလုံး ထွက်လာ သည်နှင့် ရွှေရောင် လျှပ်စီးကို ထို‘အသံ’က ချက်ချင်း ကြေမွသွားစေ၏။ ရိုးရှင်းသော အော်ဟစ်မှု တစ်ခုကပင် ဇိုလာ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ဖျက်ဆီး လိုက်လေသည်။
ထို့ပြင် ထိုအော်ဟစ်မှုကြောင့် သွေး ပင်လယ် တစ်ခုလုံး ဆူပွက်လာသည်။ အငွေ့ပျံ နေသော သွေးမြူများ လျင်မြန်စွာ ကောင်းကင်သို့ တက်သွားပြီး ကောင်းကင်အောက်မှ သွေးတိမ်တိုက် ယဇ်ပလ္လင်အဖြစ် စုစည်းကာ အောက်သို့ ရွာသွန်းလာခဲ့သည်။
အောက်ရှိလူတိုင်းက ထိုသွေးမိုးတွင် ပါဝင်သော ကြီးမားသော စွမ်းအားကို ခံစားခဲ့ရသည်။ သူတို့က မပေါ့ဘဲ ကာကွယ်ရေး နည်းလမ်းများကို အားလုံး အသက်သွင်းလိုက်ကြသည်။
ဟို့ဒ်ဟက်ခ်သည် ‘မီးလင်းလက်’ စစ်တူကို မြှောက်ထားပြီး တိုင်းပြည် စွမ်းအားနှင့် ပေါင်းစပ် ထားသော မီးတောက်ဖြင့် လောင်ကျွမ်းစေလိုက်၏။ သူသည် တောက်ပနေသော မီးလူသား ဖြစ်လာသည်။ အနားရှိ သွေးပင်လယ်ပင် ထိုအပူချိန်ကြောင့် အငွေ့ပျံလာသည်။
စတာ့ခ်လင်၏ နှစ်ဖက်အသွားပါသော တိုက်ပွဲ ပုဆိန်က မြှောက်ထားသော ဒိုင်း၏ အနားတွင် ပွတ်တိုက်လိုက်ပြီး မီးပွားများ ထွက်လာခဲ့သည်။ ဒိုင်းပေါ်ရှိ မှော်စာများကို ငွေရောင်လျှပ်စီးမီးပွားက အသက်သွင်းလိုက်ရာ လူပု တကိုယ်လုံး ငွေရောင်ကြေးမုံ အလင်းတစ်ထပ်ဖြင့် ဖုံးအုပ်သွားပြီး ဖျက်ဆီးမရတော့ဟန် ထင်ရလေသည်။
ဇိုလာ၏ခေါင်း အပေါ် တွင်လည်း ခြောက်ရောင်ခြယ် သက်တန့် တစ်ခု ပျံဝဲနေပြီး ချန်လွေ့နှင့် သူကိုယ်တိုင်ကို ဖုံးအုပ်ထား၏။
မျက်စိတစ်မှိတ်အတွင်း သွေးမိုးများ ရွာချလိုက်ရာ ဟို့ဒ်ဟက်ခ် ကိုယ်ပေါ်ရှိ မီးတောက်များ ရုတ်တရက် မှိန်သွားပြီး အစိမ်းရောင် မြူခိုးများ ဆက်တိုက် ထွက်ပေါ် လာခဲ့သည်။ ကြောက်မက်ဖွယ် သွေးမိုးက ‘မီးလင်းလက်’ နှင့် ပေါင်းစပ် ထားသော တိုင်းပြည် စွမ်းအားကို မည်သည့် အနှောင့်အယှက်မှ မရှိဘဲ ထိုးဖောက်ဝင်ရောက်ခဲ့၏။ ဟို့ဒ်ဟက်ခ် ကိုယ်ပေါ်ရှိ မှော်စာချပ်ကာကလည်း ဇိုလာနှင့် တိုက်ပွဲတွင် ဆိုးဆိုးရွားရွား ပျက်စီး သွားသောကြောင့် ယခု သွေးမိုးကို ခံနိုင်ရန် ပိုမိုခက်ခဲနေသည်။ ၎င်းက လျင်မြန်စွာ တိုက်စားခံလိုက် ရတော့သည်။ မျက်စိတစ်မှိတ် အတွင်း လူပု၏ မျက်နှာတွင် အရိုးမြင်ရသည့် အမာရွတ်များ ပေါ်လာကာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက စကားတစ်ခွန်းမှ မပြောဘဲ အံကြိတ် ထားသော်လည်း နောက်ဆုံး ခံနိုင်ရည် မရှိတော့ပေ။ ခဏမျှ ထိန်းထားပြီး သူ သတိမေ့သွား၏။
ဒုတိယမြောက် သတိမေ့သွားသူမှာ စတာ့ခ်လင် ဖြစ်သည်။ သူ၏ ငွေရောင် ကြေးမုံကာကွယ်မှုကလည်း သွေးမိုးနှင့် ရင်ဆိုင်ရသောအခါ အလွန် အားနည်း၏။ တစ်ခဏအတွင်း အက်ကြောင်းကြီးများ ပေါ်လာသော်လည်း ထိုဒိုင်းက သူ့ထက် ပိုမိုသန်မာသော ဟို့ဒ်ဟက်ခ်ထက်ပင် ပို၍ ကြာကြာ ထောက်ပံ့ပေးခဲ့သည်။ သို့သော် သွေးမိုး၏ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို မခံနိုင်ခဲ့ပေ။
လူပုက သွေးမိုးဖြင့် ချေမှုန်းခံရလုနီးပါး ဖြစ်နေစဉ် ခြောက်ရောင်ခြယ် သက်တန့် လျင်မြန်စွာ ကျယ်ပြန့်လာပြီး သေခြင်း တရားကို တားဆီးလိုက်၏။ ထိုအရာက ဇိုလာ၏ ကယ်ဆယ်မှု ဖြစ်သည်။ ဇိုလာ၏ သက်တန့်သည် ဒြပ်စင်၆ခု၏ ဇစ်မြစ် စွမ်းအားဖြင့် စုစည်းထားသောကြောင့် ကာကွယ်မှုက သာမန် တိုင်းပြည် အဆင့်ထက် များစွာ သာလွန်သည်။ သွေးမိုးအားလုံး တားဆီးခံလိုက်ရ၏။
သွေးများကို ပိတ်ဆို့ထားသော်လည်း နတ်မိမယ်နဂါးက ကြီးမားသော ဖိအား အောက်တွင် ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် လူပုနှစ်ဦးကို ကာကွယ်ရန် အကွာအဝေးကို ဆန့်ထုတ် ပြီးနောက် သူ၏ နဖူးပေါ်တွင် ချွေးများ ထွက်လာပြီး လက်ထဲရှိ လျှို့ဝှက်အရိပ်က အနည်းငယ် တုန်ခါလာသည်။ ရန်သူ၏ စွမ်းအားက အလွန်အမင်း ပြင်းထန်ပြီး နတ်ဆိုးဘုံရှိ နဂါးဧကရာဇ် အက်ဂ်လက်စ်မှလွဲ၍ ထိုမျှ အစွမ်းထက်သော ရန်သူမျိုးကို သူ ယခုမှ ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်၏။
အရေးကြီးသော အချိန် ချန်လွေ့၏ ပုံရိပ်က ကောင်းကင်တွင် ချက်ချင်း ပေါ်လာပြီး [သရုပ်ခွဲမျက်လုံး] မှတဆင့် သွေးမိုးအောက် အော်ပြောလိုက်သည်။
“ဆိုစဘတ်!”
ဧရာမဦးခေါင်းက အသူရာချောက်နက် သီးသန့်ဘာသာစကားဖြင့် နာမည်ကို ဖော်ထုတ်ခံရသောအခါ အနည်းငယ် မှင်တက် သွားခဲ့လေ၏။ သွေးမိုး၏ စွမ်းအားလည်း အနည်းငယ် လျော့ကျ သွားသည်။
ထိုအချိန်တွင် အလင်းရောင် တစ်ခု ပေါ်လာ၏။
အဖြူရောင် ကျောက်စိမ်း ကဲ့သို့ သရဖူမှ နေကဲ့သို့ အားကောင်းသော တလက်လက် အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
[ကောင်းကင်ကောင်းချီး]
[ကျက်သရေ အလင်းခန္ဓာ] ကို ကြားခံအဖြစ် အသုံးပြုကာ [ကောင်းကင် ကောင်းချီး]အား ‘စွမ်းအား’ အဆုံးစွန် အထိ ထုတ်လွှတ်လိုက်၏။
အလင်းက သွေးမိုးပေါ်သို့ လင်းလက် သွားသောအခါ သွေးမိုးက အငွေ့ပျံ သွားခဲ့သည်။ ဧရာမ ဦးခေါင်း၏ မျက်လုံးများပင် အလင်းရောင်ကြောင့် ကျုံ့သွား၏။
ယဇ်ပလ္လင်၏ ပုံရိပ်က တဖြည်းဖြည်း မှိန်ဖျော့လာပြီး ဧရာမ ဦးခေါင်းနှင့် သွေးပင်လယ် နေရာ တစ်ခုလုံး တပြိုင်နက်တည်း မှိန်ဖျော့သွား၏။
သွေးပင်လယ် ပျောက်ကွယ်သွား ပြီးနောက် လူတိုင်းက မြေထူရဲတိုက် မိုင်းတွင်း အောက်ခြေရှိ ပတ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိသွားသည်။ မြေပြင်တွင် အလောင်းများ ပြန့်ကျဲနေဆဲ ဖြစ်ပြီး မူလ ယဇ်ပလ္လင်က စုတ်ပြတ် နေခဲ့သည်။
ချန်လွေ့ လေထဲမှ ဆင်းသက်လာပြီး နဖူးမှ ချွေးအေးများကို သုတ်လိုက်၏။
သူက အင်အားကြီး ရန်သူကို အမှန်တကယ် တွန်းလှန်နိုင်ခဲ့ခြင်း မဟုတ်ဘဲ ထိုယဇ်ပလ္လင်၏ စွမ်းအား အကန့်အသတ် ရှိသောကြောင့် ပြိုင်ဘက်က [ကောင်းကင်ကောင်းချီး] ၏ သန့်စင်သော စွမ်းအား အောက်တွင် စိတ်ပုံရိပ်ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခြင်း မရှိတော့ပေ။ ထိုအရာက အသူရာ ချောက်နက် ခေါင်းဆောင် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော အကြောက်တရားအရှင် ဆိုစဘတ်၏ စိတ်ပုံရိပ်ပင်။