← Chapters

လသာသောည

Vol. 59 Ch. 954

လသာသောည

Vol. 59 Ch. 954

နန်းတော် စာကြည့်ခန်း၌-

“အရှင်မင်းကြီး။ ရွှေရောင်နယ်မြေက အလင်းခန်းမကနေ တစ်လောကလုံး မှာရှိတဲ့ အင်ပါယာတွေနဲ့ တိုင်းပြည်က တော်ဝင်မျိုးနွယ်တွေနဲ့ ယုံကြည်သူ တွေကို မှော်ဂိမ်းခေါင်းစွပ်တွေ အရင်ဆုံး အကန့်အသတ်နဲ့ အခမဲ့အသုတ် ဖြန့်ချိ ပြီးသွားပါပြီ။”

“အခမဲ့ ဟုတ်လား။” ပလ္လင်ပေါ်မှ မဟာလက်ဇ် မျက်မှောင်ကြုတ်လိုက်၏။ “လူသားလောကတစ်ခုလုံးလား။ အစိတ် အပိုင်းတစ်ခု ဆိုရင်တောင် ကုန်ကျစရိတ် အတော်လေး ကြီးမားမှာ။”

“ဟုတ်ပါတယ်။ ဒါက တကယ်ကို အံ့ဩစရာကောင်းတယ်။ ကျုပ်ရဲ့ ကနဦး ခန့်မှန်းချက်အရ ဒီရင်းနှီးမြှုပ်နှံငွေက နဂါးဝါဝိုင် ဝင်ငွေ စုစုပေါင်း၏ ၇၀%နီးပါး မဟုတ်ရင် အဲဒီထက် ပိုပါတယ်။” ကိုဗက်ဇ်က စိတ်လှုပ်ရှားစွာ ပြောသည်‌။ “ကျုပ် ဒီအချက်အလက်ကို ရတုန်းက တော်ဝင်မင်းသား ရူးသွားပြီလိူ့ ပထမဆုံး ထင်လိုက်တာပဲ။ သူက နဂါးဝိုင်ဝါလိုမျိုး ငွေရနိုင်တဲ့ အရင်းအမြစ် ကောင်းကို စွန့်ပစ်ပြီးတော့ မှော်ဂိမ်းမှာ ဒီလောက် ကြီးမားသည့် ငွေကြေးပမာဏကို ရင်းနှီး မြှုပ်နှံခဲ့တယ်။ ဒါပေမဲ့...

“အခုတော့ မှော်ဂိမ်းရဲ့ ပထမဆုံး ရောင်းချမှုက ကမ္ဘာအနှံ့ကို ဆူပွက် စေခဲ့တယ်...” ကိုဗက်ဇ်က ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်‌။ “ရွှေရောင် နယ်မြေမှာရှိတဲ့ မှော်ဂိမ်းခေါင်းစွပ် မှာယူမှု ပွဲတော်က လူသားလောကရဲ့ ၃နှစ် တစ်ကြိမ် ကုန်စည်ပြပွဲကို လုံးဝနီးပါး မှီနိုင်ခဲ့တယ်။ အမြဲတမ်း သီးခြားနေတဲ့ နတ်သူငယ် မျိုးနွယ်စု တွေတောင် ဒီမှာ ရှိနေတယ်။ ဒါက အစပဲရှိသေးတယ်။ မှော်ဂိမ်းရဲ့ ဝင်ငွေ အရ မှော်ဂိမ်းခေါင်းစွပ် ကိုယ်တိုင်က အခုထိ သေးငယ်သည့် အစိတ်အပိုင်း တစ်ခုပဲ ရှိသေးတယ်။ မှော်ဂိမ်း ခေါင်းစွပ် အားသွင်းစရိတ်ကို သီဝရီအရ အကန့် အသတ်မရှိ ဆက်လက်တိုးမြှင့်နိုင်တယ်။ ဒီမှော်ဂိမ်းက ဘယ်လောက် ကြီးမားပြီး ရေရှည်အကျိုးကျေးဇူးတွေ ယူဆောင် လာပေးမလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ နဂါးတွေက မှော်ဂိမ်းကို ဖန်တီးသူတွေ ဆိုလျှင် တတိယ မင်းသားက ဂိမ်းကို ကြီးမားသည့် အသက် စွမ်းအား ပေးခဲ့တဲ့ ‘မိခင်’ လိုပါပဲ။ ဒီလို မျှော်မှန်းနိုင်စွမ်း၊ ဒီလို သတ္တိ၊ ဒီလို ပါရမီမျိုးနဲ့ဆို အင်ပါယာရဲ့ အစိုးရအုပ်ချုပ်ရေးကောင်စီ၊ ကူးသန်း ရောင်းဝယ်ရေး ဌာန၊ ဒါမှမဟုတ် လူ့လောက တစ်ခုလုံးမှာတောင် သူ့ကို မှီနိုင်တဲ့ ဒုတိယလူ မရှိနိုင်တော့ဘူး။”

“မင်း ဒီလိုမျိုး တစ်ယောက်ယောက်ကို ချီးကျူးတာ အနှစ်၃၀မှာ ပထမဆုံးပဲ။” မဟာလက်ဇ်က ပင့်သက်ရှိုက်ပြီး ခေါင်းညိတ်လိုက်သည်‌။ “သူက တကယ် တောက်ပနေတယ်။ အတော်လေးကို တောက်ပနေတယ်။ နောက်ပိုင်းလည်း ဆက်ပြီးတော့ တောက်ပနေမှာလား။”

ကိုဗက်ဇ်၏ နှုတ်ခမ်း လှုပ်ရှားသွားပြီး တစ်စုံတစ်ခု ပြောတော့မည် ကဲ့သို့ပင်။ သို့သော် ထိုစကားလုံးက “မသိပါဘူး” အဖြစ်သို့ ပြောင်းလဲသွား၏။

“ရှေးဟောင်းအမွေအနှစ်၊ ယန္တရား မဟာဆရာသခင်၊ သိဒ္ဓိကျောင်းတော်၊ နဂါးဝါဝိုင်။” မဟာလက်ဇ်က ဘာမှ မပြောခဲ့ပေ။ သူ၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားသည်‌။ “ဒါတွေ အားလုံးက အရေးမကြီးဘူး။ ဘာလို့...”

မဟာလက်ဇက်က ‘နဂါးတောင်ကြား’ ဟူသည့် စကားလုံးကို မပြောခဲ့ သော်လည်း စိတ်ထဲတွင် အတက်အကျ ပြည့်နေသည်။ အာသာ ပြောခဲ့တဲ့ “တကယ့်ပွဲကြီးပွဲကောင်း”က မှော်ဂိမ်းကို ပြောခဲ့တာပဲ။

ပြင်ပလူများနှင့် နှိုင်းယှဉ်လျှင် မဟာလက်ဇ်က နဂါးတောင်ကြား၏ အတွင်းရေးသတင်းကို ပိုမိုရှင်းလင်းစွာ သိသည်‌။ နဂါးဝါဝိုင်ဖြစ်စေ၊ မှော်ဂိမ်း ဖြစ်စေ၊ သူက မည်သည့် သတင်းကိုမှ မကြားဖူးပေ။ နဂါးများသည် လွန်ခဲ့သော တစ်နှစ်ခန့်က မုန်တိုင်းကျွန်းနှင့် မိတ်ဖက် ဖြစ်လာပြီး သူတို့သည် မုန်တိုင်းကျွန်း၏ ‘ရှေးဟောင်း ပုံရိပ်ယောင်’ တစ်မျိုးကို အသုံးချကာ နဂါးများနှင့် နဂါးစီးနင်း သူများကို စမ်းသပ်ခဲ့သည် ဟူ၍သာ ကြားခဲ့သည်‌။ ဒီ ‘ရှေးဟောင်း ပုံရိပ်ယောင်’ က မှော်ဂိမ်းနဲ့ ဘာတွေ ပတ်သက်နေတာလဲ။ ‘ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစည်း’ နဲ့ အဲဒါက ဘယ်လို ဆက်စပ်နေတာလဲ။

ဒါဆိုရင် နဂါးတွေတောင်...

“မသိပါဘူး။” ကိုဗက်ဇ် ပြန်ဖြေသည်‌။ သူ၏ ခေါင်း ပို၍ပင် ငုံ့ကျသွား၏။ ထိုအဖြေက မဟာလက်ဇ်၏ ‘ဘာလို့’ ဆိုသည့် မေးခွန်းကို ရည်ရွယ်သည်လား၊ သို့မဟုတ် မပြောဘဲ ကျန်ခဲ့သည့် နာမည်ကို ရည်ရွယ်သည်လား မည်သူမျှ မသိနိုင်ပေ။

“မင်း တကယ် မသိဘူး။” မဟာလက်ဇ်က သူ့ကို တစ်ဝက်တစ်ပျက် ပြုံးပြလိုက်ပြီး ကိုဗက်ဇ်၏ စိတ်ကို ဖတ်နေသည့် အလားပင်‌။ “ဘာလို့လဲ ဆိုတော့ မင်းက ကိုဗက်ဇ်ပဲ ဖြစ်ပြီးတော့ သူက ‘အာသာ’ ဖြစ်နေလို့ပဲ။”

“အာသာရိုလန်ပါ။” ကိုဗက်ဇ်က မလိုအပ်ဘဲ ပြောလိုက် သော်လည်း မဟာလက်ဇ်က အတွေးနယ်ချဲ့နေသည်။ သူ၏ လက်တင်ခုံပေါ်ရှိ ညာဘက် လက်ညှိုးက ဆက်တိုက် ခေါက်နေ၏။

နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည့် ဝန်ကြီးတစ်ဦး ဖြစ်သည့် ကိုဗက်ဇ်က စိတ်ထဲတွင် အေးစိမ့် သွားသည်ကို ခံစားရသည်‌။ မဟာလက်ဇ်က ထိုကဲ့သို့ အကျင့်မျိုးကို အခြေအနေ ၂ မျိုးတွင်သာ ပြုလုပ်တတ်သည်‌။ ပထမတစ်ခုမှာ စိုးရိမ် ပူပန်ချိန်၌ ဖြစ်ပြီး ဒုတိယတစ်ခုက... သတ်ဖြတ်လိုစိတ် ဖြစ်နေချိန်ပင်။

မည်သို့သော အရာ ဖြစ်စေကာမူ... ကိုဗက်ဇ် သိမ့်သိမ့်တုန်နေ၏။

မဟာလက်ဇ်က လက်ကို ဝှေ့ယမ်း လိုက်သည်နှင့် ကိုဗက်ဇ် ဦးညွှတ်ပြီး ဆုတ်ခွာသွား၏။ မသိလိုက်ဘဲ သူ၏ နဖူးမှ ချွေးစက် တစ်စက် ကျဆင်း လာခဲ့သည်‌။

နဂါးလင်းလက်အင်ပါယာ အုပ်ချုပ်သူ ထရပ်လိုက်ပြီး စာကြည့်ခန်း ထဲတွင် လမ်းလျှောက် နေလိုက်သည်‌။ သူက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ဘေး နံရံရှိ ပုံတူပန်းချီကို ကြည့်လိုက်၏။ ကျက်သရေရှိသော အမျိုးသမီးက ပြတင်းပေါက်မှ ဝင်လာသည့် လရောင် အောက်တွင် ရေချိုးနေပြီး သူ့ကို ပြုံးပြနေလေသည်။

တစ်ခုတည်းသော လရောင်အောက်-

ရှီအွန် နန်းတော် -

ဥယျာဉ်ထဲရှိ လော်ရယ် သစ်ပင် အောက်တွင် ဖြစ်သည်။

“ဒါက နောက်ဆုံး ဓလေ့ထုံးတမ်း သင်တန်းပဲ။” ဗာရိုနီကာက ပြုံးလျက် ထိုင်လိုက်သည်‌။ “ကံဆိုးချင်တော့ ဒီနေ့ ရင်းနီ မလာဘူး။ သူ အကြိုက်ဆုံး နှင်းဆီကိတ်ကို ငါ ပြင်ဆင်ထားတာ။”

ချန်လွေ့က ဗလာပန်းကန်ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလျက် ပြောသည်‌။ “ဒါဆိုရင် ကျွန်တော်ကပဲ သူ့အတွက် ဒီနောင်တကို ဖြေဖျောက် ပေးလိုက် ပါမယ်။”

ဗာရိုနီကာက သူ့ကို ဒေါသတကြီး ကြည့်လိုက်သည်‌။ “နင် ရင်းနီအတွက် နည်းနည်းတောင် မချန်ထားဘူးလား။ ယောက်ျားတစ်ယောက်က ဒီလောက် တကိုယ်ကောင်းဆန်လို့ မရဘူးလေ။”

“ဟားဟား...” ချန်လွေ့၏ လက်တွင် နူးညံ့သော ကိတ်မုန့် ၂ခု ပေါ်လာသည်‌။ “ဆရာမ အရူးလုပ် ခံလိုက်ရပြန်ပြီ။ ကျွန်တော်က နေရာလွတ် လက်စွပ်ထဲမှာ တိတ်တိတ်လေး ၂ခု ဝှက်ထားတာ။”

“နင်...” ဗာရိုနီကာက ပြုံးပြီး ခေါင်းခါလိုက်သည်‌။ ရုတ်တရက် ခွက်ကလေး တစ်ခုက သူ၏ လက်ထဲသို့ ရောက်လာသည်‌။

“ဆရာမ။ ဒါက ကျွန်တော် ဒီကို မလာခင် လုပ်ထားတဲ့ ပူတင်းပါ။ အတော် ဆန်းသစ်တဲ့ မုန့်ပဲ။ စားကြည့်လေ။”

“နင် ကိုယ်တိုင် လုပ်ထားတာလား။” ဗာရိုနီကာက သစ်သီးနံ့ သင်းနေသည့် ထူးဆန်းသော အချိုပွဲကို အံ့သြစွာ ကြည့်လိုက်သည်‌။ သူက ဇွန်းကို ကောက်ယူပြီး တစ်ဇွန်း ခပ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်‌။ သူ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားလေသည်‌။ “ကောင်းသားပဲ။”

“ဆရာမ ကြိုက်တယ်ဆို နောက်လည်း အနာဂတ်မှာ ကျွန်တော် မကြာခဏ လုပ်ပေးပါ့မယ်။”

ဗာရိုနီကာသည် သူ၏ လက်ထဲရှိ ပူတင်းကို ကြည့်လိုက်ပြီး မျက်လုံးများ ရုတ်တရက် နီရဲလာသည်‌။ သူ ခေါင်းငုံ့ လိုက်၏။

“ဆရာမ...”

“ရပါတယ်။ နွေးထွေးတယ်လို့ ခံစား လိုက်ရလို့ပါ။” ဗာရိုနီကာ ခေါင်းမော့ လိုက်သည်‌။ သူ၏ မျက်လုံးထဲရှိ ထူးဆန်းမှုများ ပျောက်ကွယ်သွားပြီး ဆက်ပြုံးနေ၏။ “ဆရာမ အတော်လေး အလွန်ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုခံစားချက်မျိုးကို ငါ မခံစားရတာ ကြာခဲ့ပြီလေ။

“ဆရာမ... တကယ်လို့ ဆရာမ အလိုရှိတယ်ဆိုရင် ကျွန်တော် ဆရာမနဲ့ အမြဲတမ်း အတူ ရှိနေနိုင်ပါတယ်။”

“တကယ်လို့...” ဗာရိုနီကာ၏ အပြုံးက ပို၍ပင် အသက်မပါ ဖြစ်လာသည်‌။ “...ငါက နေရောင်မရှိတဲ့ အသူရာ အသူရာချောက်နက်ထဲ ကျသွားရင်ကော။”

အသူရာအသူရာချောက်နက် ဟုတ်လား... ချန်လွေ့သည် မျက်လုံးကို တည့်တည့် ကြည့်ပြီး လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်‌။ “ဒါဆိုရင် ကျွန်တော် ဒီလက်တွေကို သုံးပြီးတော့ ဆရာမကို အသူရာ အသူရာချောက်နက်ထဲကနေ ဆွဲထုတ်ပေးမယ်။”

ဗာရိုနီကာ၏ လက်များ တုန်သွား၏။ သူသည် ချန်လွေ့ ဆန့်တန်းထားသည့် လက်ကို ဖမ်းဆုပ်မည့်အလား သူ၏ လက်ကို ဖြည်းဖြည်း မြှောက်လိုက်သည်‌။ သို့သော် နောက်ဆုံးတွင် ဦးတည်ရာကို ပြောင်းလဲပြီး ချန်လွေ့၏ မျက်နှာကို ထိတွေ့လိုက်၏။

လက်က မျက်နှာကို ညင်သာစွာ ပွတ်သပ်နေသည်။ ‘အာသာ’ မှတ်မိသည့် အတိုင်း နွေးထွေးနေသည်။

ချန်လွေ့၏ ခံစားမှုအရ ဗာရိုနီကာ၏ စိတ်ခံစားမှုမှာ စိတ်မချမ်းမသာနှင့် ကြောက်ရွံ့မှုများ ဖြစ်သည်‌။ အချိန် အကြာကြီး ဖုံးကွယ် ထားသော ထူးဆန်းသည့် အငွေ့အသက် အရိပ် အယောင်တစ်ခုလည်း ရှိနေသည်‌။

ထိုအငွေ့အသက် အရိပ်အယောင်က ချန်လွေ့အတွက် အတော်လေး ရင်းနှီး နေလေသည်။

ပျက်စီးခြင်း...

သူ၏ မျက်နှာကို ပွတ်သပ်နေသည့် ထိုနွေးထွေးသည့် လက်သည် သူ၏ လည်ချောင်းကို ချွန်ထက်သည့် ဓားဖြင့် ဟိုဟိုဒီဒီ ပွတ်သပ်နေ သကဲ့သို့ပင်‌။

အခြားတစ်ဖက်မှ အတွေး တစ်ခု လှုပ်ရှားလိုက်သည်နှင့် သူ၏ ခေါင်းက ခန္ဓာကိုယ်နှင့် ခွဲထွက်သွားပေလိမ့်မည်‌... ချန်လွေ့က မူလ ‘အာသာ’ ဖြစ်နေ သေးရင်ပေါ့....

ချန်လွေ့က ရှောင်လွှဲခြင်း မရှိပေ။ သူသည် ဗာရိုနီကာ၏ မျက်လုံးကိုသာ စိုက်ကြည့်နေသည်‌။ ထိုအချိန်တွင် သူက မိန်းမောမှုကို ခံစားနေရ သော်လည်း သူ၏ မှတ်ဉာဏ်က ပို၍ပင် ထင်ရှား လာခဲ့သည်။

ကောလိပ်တွင် ဆယ်ကျော်သက် တစ်ယောက်က အစ်မတစ်ဦးကဲ့သို့ ဖြစ်နေသော ဗာရိုနီကာနှင့် တွေ့ခဲ့သည်။ ငယ်စဉ်ကတည်းက မိခင် ဆုံးရှုံးခဲ့သည့် ဆယ်ကျော်သက်က ဒီဆရာမကို လေးလေးနက်နက် တွယ်တာမိခဲ့သည်‌။

အဆင့်အတန်း အကျပ်ကိုင်မှုများ၊ အပေါ်ယံ မကောင်းသည့် အတွေးများ မရှိဘဲ ဂရုစိုက်မှုနှင့် ရင်းနှီးမှုကိုသာ လိုလားသည့် နှလုံးသားသာ ရှိခဲ့သည်‌။

စစ်မှန်သည့် ခံစားချက်က လူများကို အမြဲပင် ရင်ထဲထိစေသည်‌။ အမြဲတမ်း နောက်ဆုတ်နေသော ဗာရိုနီကာက နောက်ဆုံး ဒီမောင်လေးကို လက်ခံခဲ့၏။

အစပိုင်းတွင် အလွန် စင်ကြယ်သည့် မောင်နှမ ဆက်ဆံရေးဖြစ်ပြီး အာသာ၏ အပျော်ဆုံး ၂နှစ်တာ ဖြစ်ခဲ့သည်။

အသက်ကြီး လာသည်နှင့် အမျှ လူငယ်လေး၏ စိတ်က တိတ်တဆိတ် ပြောင်းလဲလာသည်‌။ ဘဝတွင် ရောဂါဖြင့် ဆုံးသွားခဲ့သည့် မိခင်မှလွဲ၍ ဗာရိုနီကာကို မည်သည့် အမျိုးသမီးမှ အစားထိုး မနိုင်ခဲ့ပေ။

လက်ထပ်ပွဲ မကြေညာခင်အထိပေါ့။

နွေးထွေးသည့် လက်များ ရွေ့သွားပြီး ကောင်လေး၏ မျက်ရည်များကြောင့် မြင်ကွင်းများ ဝေဝါးလာသည်။

သူက မိုးရွာထဲမှာပင် နဂါးလင်းလက် အင်ပါယာသို့ ပြန်လာခဲ့သည်‌။

ထို့နောက် သူက မဟာလက်ဇ်၏ အိပ်ခန်းအပြင်ဘက်တွင် ၃ရက်လုံးလုံး ဒူးထောက် တောင်းပန်ခဲ့၏။ သတိမေ့ပြီး ပြင်းထန်စွာ ဖျားနာသည်အထိပင်‌။

ကံမကောင်းစွာပင် ထိုရလဒ်ကို လုံးဝ မပြောင်းလဲ နိုင်ခဲ့ပေ။

ဗာရိုနီကာက သူ၏ မျက်လုံးများမှ တစ်ဆင့် ထိုအတိတ် ဖြစ်ရပ်များကို မြင်နေရပုံရပြီး နောက်ထပ် စိတ်ခံစားမှု တစ်ခု ဖြစ်ပေါ်လာသည်‌။ ထိုအရာက ပျက်စီးခြင်းနှင့် ကြောက်ရွံ့မှု ရောနေပြီး တိုးမရ ဆုတ်မရ ဖြစ်နေ၏။

ပျက်စီးခြင်း အငွေ့အသက်က ပို၍ပင် ပြင်းထန်လာပြီး ချက်ချင်း ပေါက်ကွဲထွက် တော့မည် ကဲ့သို့ပင်။

ချန်လွေ့က ကြယ်စွမ်းအားကို လည်ပတ်လိုက်သော်လည်း မမျှော်လင့် ထားဘဲ သတ်ဖြတ်ခြင်း သို့မဟုတ် ပျက်စီးခြင်း မဖြစ်ခဲ့ပေ။ သူ၏ မျက်နှာ ပေါ်တွင်သာ တုန်ရီနေသော နှုတ်ခမ်း တစ်စုံ ညင်သာစွာ ဖိကပ် ထားနေ၏။

မျက်နှာလွှား ရှိနေသေး သော်လည်း ဝိညာဉ်ပင် အရည်ပျော် သွားနိုင်သည့် နွေးထွေးမှုကို သူ ခံစားမိလေသည်‌။

နွေးထွေးမှုက တဖြည်းဖြည်း မှိန်ဖျော့ သွားခဲ့သည်‌။

“နင် မနက်ဖြန် ကျက်သရေပြာ အင်ပါယာကို သွားရတော့မယ်။ ဒါက မင်းရဲ့ဆရာမ နှုတ်ဆက်တာ။ တကယ်လို့ နောက် မင်း လက်ထပ်ခဲ့ရင် ဒီကို ထပ်ပြီးတော့ မလာပါနဲ့။ မင်းသမီး လန်ဘိစ်ကို ကောင်းကောင်း ဆက်ဆံပါ။ ရင်းနီနှင့် ဇိုလာကိုရောပဲ။”

“ဆရာမ...” ချန်လွေ့က ထိုအချိန် ပြင်းထန်သော ရုန်းကန်မှု စွမ်းအားက အားနည်းမသွားဘဲ ပို၍ပင် အားကောင်း လာသည်ကို ရှင်းလင်းစွာ ခံစားနေရ၏။

နောက်ဘက်တွင် ဝှက်ထားသော လက်တစ်ဖက်က တုန်ရီနေပြီး လက်ဖဝါး နောက်ရှိ အရေပြားက ထူးဆန်းသည့် အက်ကွဲကြောင်းများ ပေါ်နေပြီ ဖြစ်၏။ လက်ဖဝါးထဲ ဖိထားသည့် လက်ချောင်း များက အသားထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်နေလေပြီ။ သွေးစများလည်း စိမ့်ထွက် လာပြီး မြေပြင်ပေါ်သို့ စီးကျ လာခဲ့လေသည်‌။

ထိုနူးညံ့သည့် အပြုံးကို ကြည့်ရင်း ခုနက ဖြစ်ပျက်ခဲ့သည်ကို မသိခဲ့လျှင် သာမန် နမ်းရှိုက်ခြင်း မျှသာဟူ၍ ထင်မိလိမ့်မည်‌။

တည်ငြိမ်ပြီး နွေးထွေး၏။

နောက်ထပ် ရင်းနှီးသော ခံစားချက် တစ်မျိုးပင်။

မှတ်ဉာဏ်ထဲ၌ ကွဲကြေနေသော အစိတ်အပိုင်းများ တစ်စစီ ပြန်လည် ဆက်လာသည်‌။

“သွားတော့။ ငါ နည်းနည်း နေလို့ မကောင်းဘူး။ အနားယူဖို့ လိုတယ်။” ဗာရိုနီကာ၏ အသံ တည်ငြိမ်နေ၏။

ချန်လွေ့သည် ခုနက နမ်းရှိုက်ခဲ့ရသော မျက်နှာမှ နေရာကို ညင်သာစွာ ပွတ်သပ်ပြီး ဗာရိုနီကာကို နက်ရှိုင်းစွာ ကြည့်လိုက်သည်‌။ “ဗာရိုနီကာ။ ကျုပ်ကို စောင့်နေပါ။”

ထိုအချိန်တွင် သူက ‘ဆရာမ’ ဟု မခေါ်ဘဲ နာမည်ကို တိုက်ရိုက် ခေါ်လိုက်ပြီး နောက်လှည့် ထွက်သွား၏။

အနည်းငယ် လျှောက်ပြီးနောက် ဗာရိုနီကာ ဘေးနားမှ ပန်းပွင့်များက ရုတ်တရက် အမှုန့်များအဖြစ် ပြောင်းလဲ သွားခဲ့လေသည်‌။

သူက သတိမထားမိသည့် အလား နောက်လှည့်မကြည့်ဘဲ ရှီအွန်နန်းတော်မှ လျှောက်ထွက်သွား၏။

ချန်လွေ့ ပျောက်ကွယ် သွားသည့် အချိန်မှာပင် ဗာရိုနီကာ ဘေးနားရှိ နေရာလွတ်က ရုတ်တရက် ပြောင်းလဲ သွားပြီး သွေးနီရောင် လောကတစ်ခု အဖြစ်သို့ ပြောင်းသွား၏။ ကြောက်စရာ ကောင်းသော ဟိန်းသံတစ်ခုက သူ၏ လည်ချောင်းမှ ထွက်လာကာ ကြမ်းတမ်းသည့် စွမ်းအားတစ်ခု လှိမ့်တက်လာ သည်မှာ တိရစ္ဆာန် တစ်ကောင် ဒေါသထွက် နေသကဲ့သို့ပင်‌။ ကောင်းကင်က ဆုတ်ဖြဲခံလိုက်ရပြီး နေရာလွတ် တစ်ခုလုံး တုန်ခါနေသည်‌။

အဝေးရှိ အစေခံများ၏ မျက်စိအမြင် ဖြင့်ဆိုလျှင် ၎င်းကို လုံးဝ မမြင်နိုင်ပေ။ သေချာ ကြည့်လျှင်ပင် သစ်ပင်တစ်ပင် အောက်ရှိ အရိပ်ပုံစံက အနည်းငယ် ပုံပျက်နေပြီး ကြွေနေသည့် ပန်းပွင့်များ တစ်ပွင့်ပြီးတစ်ပွင့် ပျောက်ကွယ်သွား သည်ကိုသာ မြင်နိုင်၏။ နေရာလွတ် အတွင်းရှိ စစ်မှန်သည့် ပြောင်းလဲမှုကို သူတို့ မသိကြပေ။

အချိန် အတော် ကြာပြီးနောက် သွေးနီရောင် နေရာလွတ် အတွင်းရှိ ကြောက်မက်ဖွယ် ကောင်းသော လှုပ်ရှားမှု စွမ်းအား ရပ်တန့်သွား၏။

မသဲကွဲ ဖြစ်သော ကျက်သရေရှိသည့် ပုံရိပ်တစ်ခုသာ ကျန်ရှိ နေသည်‌။ သူက ပခုံးများကို လက်ဖြင့် ဖုံးအုပ်ထားပြီး တုန်ရီလျက် ခွေနေသည်မှာ အတောင်ပံ ကျိုးနေသည့် အထီးကျန် ငန်းတစ်ကောင် ကဲ့သို့ပင်။

နက်ရှိုင်းသော လရောင် အောက်တွင် အဝေးမှ ကြယ်များကဲ့သို့ မျက်လုံး တစ်စုံက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေ၏။

All Chapters