တမန်တော်ကိုယ်ပွား
Vol. 59 Ch. 952
ချန်လွေ့က ရွှေရောင် နယ်မြေ အုပ်စိုးသူ စံအိမ်၏ ခန်းမသို့ အမြန် လျှောက်လာသည်နှင့် အစ်ဇဘယ်လာက ဗာရိုနီကာနှင့် ဖော်ရွေစွာ စကားပြော နေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးနှစ်ဦးက အမှန်တကယ် တူညီသော အချက်များစွာ ရှိသည်။ နှစ်ယောက်စလုံးက မျက်နှာလွှား ဝတ်ထားပြီး မိန်းမလှများ ဖြစ်ကြ၏။ အာ... ချန်လွေ့က ဗာရိုနီကာ၏ မျက်နှာကို မမြင်ဖူးသေး သော်လည်း အနည်းဆုံး အမျိုးသမီးနှစ်ဦး၏ စိတ်နေ သဘောထားက ထူးခြားလှပေသည်။
အစ်ဇဘယ်လာသည် ယခင်က ‘မိစ္ဆာထောင်ချောက်ပန်း’ ‘ဂုဏ်သတ္တိ’ ကို အပြည့်အဝ အသုံးချခဲ့သည်။ သူက မည်သည့်အရာကို ပြောပြော၊ မည်သည့် အရာကို လုပ်လုပ်၊ ကျက်သရေရှိပြီး ယုံကြည်မှုရှိသော အမူအရာ ပြသခဲ့၏။ ဘေးတွင် လူတစ်ယောက် ရှိခဲ့သည် ဆိုပါက ယခုအချိန်တွင် ဆွဲဆောင်ခြင်း ခံရလိမ့်မည် ဖြစ်သည်။
ချန်လွေ့၏ မစ်-ရင်းနီ အပေါ် ရင်းနှီးမှုအရ မဒမ် ဒေါ်လေးသည် အထူး ‘တိုက်ခိုက်ရေးပုံစံ’သို့ ရောက်နေကြောင်း တွေ့မြင်နေရ၏။ အကြောင်းမှာ မျက်နှာ ချင်းဆိုင်ရှိ အမျိုးသမီးလည်း ပြည့်စုံ ထူးချွန်သည့်အတွက် သူကို ဖိအား များစွာ သက်ရောက်စေ၍ပင်။
ထူးဆန်းလိုက်တာ။ မဟာလက်ဇ်က ဘာလို့ ဗာရိုနီကာကို ဓလေ့ထုံးတမ်း သင်ပေးဖို့ လွှတ်လိုက်တာပဲ။ ဒါက သက်ညှာပေးတာလား။ ဒါမှမဟုတ် နောက်ထပ် အကျပ်ကိုင်တာမျိုးလား။
“အဟမ်း...” ချန်လွေ့ တမင်တကာ ချောင်းဆိုးလိုက်သည်နှင့် အမျိုးသမီး နှစ်ဦး၏ အာရုံစိုက်မှု ရုတ်တရက် ပြောင်းသွားခဲ့သည်။
“အရှင်မင်းသား..” အစ်ဇဘယ်လာ၏ ရှေ့မှောက်တွင် ဗာရိုနီကာ၏ အခေါ်အဝေါ် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ “အရှင်မင်းသားကို ဓလေ့ထုံးတမ်းတွေ သင်ပေးဖို့ အရှင်မင်းကြီးရဲ့ အမိန့်ကို ကျွန်မ ရရှိခဲ့တယ်...”
“ဆရာမ။ ကျွန်တော့်ကို ‘အာသာ’ လို့ပဲ ခေါ်ပါ။” ချန်လွေ့က ဗာရိုနီကာကို ဖြတ်ပြောလိုက်သည်။ “ရင်းနီက အပြင်လူ မဟုတ်ပါဘူး။ သူက ကျွန်တော် အမွေဆက်ခံခဲ့သည့် ရှေးဟောင်း အဖွဲ့အစည်း အစောင့်အရှောက်ထဲက တစ်ယောက် ဖြစ်ပြီးတော့ ကျွန်တော့်ရဲ့ အချစ်ဆုံးဇနီးပါ။”
ဗာရိုနီကာက ‘ဇနီး’ ဟူသည့် စကားကို ကြားလိုက်သည့်အခါ သူ၏ မျက်ဝန်းများ အနည်းငယ်ကျဉ်းသွားပြီး အံ့သြသည့် အမူအရာတစ်ခု လက်ခနဲ ဖြစ်သွား၏။
“‘ထဲကတစ်ယောက်’လို့ ရှင်ထည့်ပြော သင့်တယ်။” အစ်ဇဘယ်လာက ပြုံးရင်း ထပ်ပြောလိုက်သည်။ “အရှင်မင်းသားက မိန်းမ တစ်ယောက်ထက် ပိုပြီးတော့ မြတ်နိုးတာ မဟုတ်ဘူးလား။”
ချန်လွေ့က ကိုးရိုးကားရား ပြုံးလိုက်ပြီး ဗာရိုနီကာလည်း ပြုံးလိုက်သည်။ “‘အာသာလေး’ တကယ် ကြီးပြင်းလာပြီ ထင်တယ်။ ဟုတ်တယ်မလား။ ငါ့ရဲ့ တပည့်နဲ့ မောင်လေး။”
“‘အာသာလေး’တဲ့လား။” အစ်ဇဘယ်လာက လေးလေးနက်နက် ခေါင်းညိတ် လိုက်သည်။
“နာမည်ကောင်းပဲ။ ကျွန်မ ရှင့်ကို ဒီလိုမျိုး အမြဲတမ်း ခေါ်ချင်နေခဲ့တာ။”
အမျိုးသမီးနှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်ပြီး တစ်ချိန်တည်း ရယ်လိုက်၏။ လာဘ်ကောင်အဖြစ် သရုပ်ဆောင် နေသော ချန်လွေ့က ဆွံ့အသွားခဲ့သည်။
ဗာရိုနီကာက စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။ “မစ်-ရင်းနီမှာ ရှားပါးတဲ့ ပင်ကိုစရိုက်နဲ့ အမူအရာ ရှိတယ်။ ရှင်က တော်ဝင်မျိုးနွယ်ကနေ ဆင်းသက်လာတာ သေချာတယ်။ ကြည့်ရတာ အာသာလေးကို သင်ပေးဖို့ အတွက် ဒီကို အရှင်မင်းကြိး လွှတ်လိုက် တာက မလိုတဲ့ပုံပဲ။”
“ဘာတော်ဝင်မျိုးနွယ်လဲ။ ကျွန်မက မရှိတော့တဲ့ အင်ပါယာ တစ်ခုက ကျန်နေတဲ့သူ တစ်ယောက်ပါ။” အစ်ဇဘယ်လာ၏ မျက်လုံးပြာပြာက ဝမ်းနည်းမှု အရိပ်အယောင် တစ်ခု လက်ခနဲ ပေါ်လာခဲ့သည်။ “ကျွန်မရဲ့ ဆွေမျိုးတွေက မရှိတော့သလောက်ပဲ။”
နတ်ဆိုးဘုံရှိ တော်ဝင် မိသားစုများ၏ တော်ဝင်ယဉ်ကျေးမှုအရ မစ်-ရင်းနီသည် ကျွမ်းကျင် အဆင့်ဟု သတ်မှတ်နိုင်၏။ သို့သော် လူသား လောကတွင် သုံးပါက သရုပ်မှန် ပေါ်သွားနိုင်ပေသည်။
“ဘာပဲဖြစ်ဖြစ် အတိတ်မှာ ကျန်ခဲ့ပြီ။” ဗာရိုနီကာ၏ မျက်ဝန်းတွင် နူးညံ့သော အမူအရာ ပေါ်လာ၏။ “မစ်-ရင်းနီ စိတ်မရှိလျှင် အာသာလေးနဲ့ အတူ နန်းတွင်း ဓလေ့ထုံးတမ်း လေ့လာဖို့ ကျွန်မ ဖိတ်ခေါ်ပါတယ်။ မစ်-ရင်းနီနဲ့ ကျွန်မတို့နှစ်ယောက်လုံး အကျိုးကျေးဇူး ရရှိမယ်ဆိုတာ ယုံကြည်ပါတယ်။”
“ရလား။” အစ်ဇဘယ်လာက သူ၏ နဂို ကြောရှင်းမှုကို ပြန်လည် ရရှိပြီး ချန်လွေ့ကို ပြုံးလျက် ကြည့်လိုက်သည်။
ချန်လွေ့က မစ်-ရင်းနီ၏ အကြည့်တွင် “သဘောမတူရင်သေမယ်” ဟု ရေးထား သည်ကို သေချာ မြင်နိုင်ပေသည်။ ထိုအချိန်မှာ ငါက “မရဘူး”လို့ ပြောလို့ ရနိုင်သေးလို့လား။
ဓလေ့ထုံးတမ်း လေ့လာမှုမှာ မူလက ပျင်းစရာကောင်းသော ကိစ္စ ဖြစ်သည်။ သို့သော် အစ်ဇဘယ်လာ ရှိနေပြီး အချိန်တိုင်း သင့်တော်သလို စကားဖြတ် ပြောသည့်အခါ ပျော်စရာ တစ်မျိုး ဖြစ်လာခဲ့သည်။
သက်သောင့် သက်သာ ရှိသည့် နေ့များက အမြဲပင် အလွန် မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ သိပ်မကြာခင်တွင် မနက်ခင်း ဓလေ့တုံးတမ်း အတန်း ပြီးဆုံး သွားခဲ့သည်။
“ပျော်ရွှင်စရာ မနက်ခင်းလေးပဲ။” ဗာရိုနီကာက ချန်လွေ့၏ ညစာ အတူ စားရန် ဖိတ်ခေါ်မှုကို ငြင်းဆိုခဲ့သည်။ “အာသာ၊ ရင်းနီ၊ အရှင်မင်းကြီးရဲ့ တော်ဝင် အစောင့် အရှောက်အဖွဲ့က မြို့ထဲမှာ စောင့်နေတယ်။ သူတို့က ငါ့ကို ပြန်လိုက်ပို့ ပေးလိမ့်မယ်။ ဒါကြောင့် စိတ်ပူစရာ မလိုပါဘူး။ အရှင်မင်းကြီး စိတ်မပြောင်းဘူးဆိုရင် ရက်အနည်းငယ် အတွင်း ငါ ပြန်လာမယ်။ ဒါမှမဟုတ် နင်တို့က ငါ့ရဲ့ ရှီအွန်နန်းတော်ကို လာနိုင်မယ်။ ကျွန်မလည်း ရင်းနီကို ပန်းထိုးတာနဲ့ ပတ်သက် ပြီးတော့ မေးစရာလေးတွေ ရှိတယ်။”
အစ်ဇဘယ်လာက ဗာရိုနီကာ၏ ပျောက်ကွယ် သွားသည့် ပုံရိပ်ကို ကြည့်ပြီးနောက် ညင်သာစွာ သက်ပြင်း ချလိုက်သည်။ “အဲဒီအမျိုးသမီး... သူ့ မျက်နှာက ပြုံးနေပေမဲ့ သူ့ နှလုံးသားက ပြာပုံဖြစ်နေပြီ။ သူက အဲဒါကို လုံးဝနီးပါး ဖုံးကွယ်ထားပေမဲ့ ကျွန်မ ဆီကတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ ဘာလို့လဲ ဆိုတော့ သူကို ကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ အတိတ်က ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ မြင်လိုက်ရသလိုပဲ။”
ချန်လွေ့က အစ်ဇဘယ်လာ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။ “အားလုံး ပြီးဆုံးသွားပါပြီ။”
“ကျွန်မထင်တာက လွန်ခဲ့တဲ့ အနှစ် ၁၀၀က...” အစ်ဇဘယ်လာက သူ၏ မျက်လုံးများကို မြတ်နိုးစွာဖြင့် စိုက်ကြည့် နေလိုက်သည်။ “ဒီနေ့ ပျော်ရွှင်ဖို့ အတွက်ပဲ။ အတိတ်က နာကျင်မှုနှင့် ဆင်းရဲဒုက္ခတွေ မရှိခဲ့လျှင် ကျွန်မက ဒီနေ့ ဒီလို ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး။ ရှင်နှင့် ဆုံရတာ သိပ်ကို ကံကောင်းတာပဲ။ ကျွန်မရဲ့ အချစ်လေး။”
“ကိုယ့် အတွက်လည်း ကံကောင်း တာပါပဲ။”
နှစ်ယောက်သား၏ နှုတ်ခမ်းများ ပေါင်းစပ် သွားပြီး တစ်ဦးနှင့် တစ်ဦး နှလုံးသားထဲရှိ နွေးထွေးမှုကို ခံစားလိုက် ကြသည်။
“ဟေး။ ကျွန်မ ပြန်ပြီးတော့ နေ့လယ်စာ ပြင်လိုက်ဦးမယ်။ မနေ့က ဝက်ဆားနယ်ခြောက်လို့ ခေါ်တဲ့ ဟင်းအသစ် တစ်မျိုး သင်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှင် အစမ်းသပ်ခံ လုပ်လို့ရတယ်။”
“ယောက်ျား တစ်ယောက်ရဲ့ နှလုံးသား ကို ဆုပ်ကိုင်ချင်ရင် သူ့ရဲ့ ဝမ်းဗိုက်ကို အရင်ဆုံး ဖမ်းဆုပ်ရမယ် ဆိုတာလား။”
မစ်-ရင်းနီက စွဲမက်ဖွယ် ပြုံးလိုက်၏။ “ရှင့်ရဲ့ ဗိုက်ကို ဖမ်းဆုပ်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ သနားစရာကောင်းတဲ့ ညီအစ်မတွေက ရှင့်ရဲ့ စားစရာကြောင့် ဟိုးတတည်းက ဖမ်းဆုပ်ခံရပြီးပြီ။”
ချန်လွေ့က ပခုံးတွန့်လိုက်၏။ “ဒါကို ယောက်ျားမိန်းမ တန်းတူ ညီမျှခြင်းလို့ နားလည်လို့ရတယ်။”
အစ်ဇဘယ်လာက ပြုံးပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။ သူက တံခါးဝတွင် ရုတ်တရက် ရပ်တန့်လိုက်၏။ “ချန်လွေ့...”
“အင်း...”
“အဲဒီ ဗာရိုနီကာ...”
“အင်း...”
“ရှင် သူကို ပြာပုံကနေ ပြန်လည် မွေးဖွားအောင် မကူညီနိုင်ရင် သူကို... လုံးဝ ဖျက်ဆီးပစ်ဖို့ ကူညီပေးပါ။”
“တကယ်ကြီးလား။”
“ဒါက အကောင်းဆုံး လွတ်မြောက်မှုပဲ ဆိုတာ ကျွန်မ ဘယ်သူ့ထက် မဆို ပိုသိတယ်။”
ချန်လွေ့က ခေါင်းငုံ့ပြီး တိတ်ဆိတ်စွာ နေခဲ့သည်။
အချိန်များ တစ်နေ့ပြီး တစ်နေ့ ကုန်လွန် သွား၏။
ယနေ့တွင် ရွှေရောင်နယ်မြေက ကြာမြင့်စွာ စောင့်မျှော် နေခဲ့သော ‘ဧည့်သည်’ကို နောက်ဆုံးတွင် လက်ခံ ကြိုဆိုခဲ့လေသည်။
သိဒ္ဓိ ကျောင်းတော်မှ ရေဖျန်း ဘုန်းတော်ကြီး ဂရာလင်က အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးနှင့် အတူ ရောက်ရှိလာခဲ့သည်။
ချန်လွေ့၏ ဘေးတွင် အရှိန်အဝါ ထပ်တိုးရန် ‘အစောင့်အရှောက်’ နှစ်ဦး ရှိနေသည်။ ဆရာသခင် အဆိပ်နဂါးနှင့် သူ၏ ဇနီးပင်။
ဂရာလင်က ‘အာသာ’နှင့် ယခု အချိန်တွင် သိဒ္ဓိ ကျောင်းတော်မှ အရင်းနှီးဆုံး ပုဂ္ဂိုလ် ဖြစ်နိုင်ပေသည်။ မျက်နှာ တောက်ပနေသော ဆာ-ရေဖျန်း ဘုန်းတော်ကြီးက ဝင်လာသည်နှင့် နောက်ပြောင် ပြောလိုက်၏။ “မင်းသား၊ ထပ်ပြီးတော့ နှောင့်ယှက်ရတဲ့အတွက် ဝမ်းသာပါတယ်။”
“ဆာ-ဂရာလင်။ ထပ်ပြီးတော့ နှောင့်ယှက်တဲ့ အတွက် ကျုပ်လည်း ဝမ်းသာပါတယ်။” ချန်လွေ့၏ မျက်လုံးက အမျိုးသားနှင့် အမျိုးသမီးကို အလျင် အမြန် တစ်ချက်ကြည့်လိုက်ပြီး သူလည်း ပြုံးလိုက်သည်။ “ဆာ-ဂရာလင်ရဲ့ ပုံစံကို ကြည့်ရတာတော့ အခု သတင်းကောင်း ယူလာတယ်ဆိုတာ ယုံပါတယ်။”
“တကယ်ကို သတင်းကောင်းပါပဲ!” ဂရာလင်က အတော်လေး ယုံကြည်မှု ရှိနေပုံရသည်။ “၃ရက် အတွင်း နဂါးတောင်ကြားက နဂါးတွေ ရွှေရောင် နယ်မြေဆီသို့ လာပြီးတော့ မင်းသားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် မှော်ဂိမ်း အကြောင်း ဆွေးနွေးလိမ့်မယ်။”
ချန်လွေ့၏ မျက်လုံးများ လင်းလက် သွား၏။ “သိပ်ကောင်းတယ်! ဆာ-ဂရာလင်။ ခင်ဗျား ရှိနေတာက အတော်လေး ကြီးမားတဲ့ အံ့သြစရာပဲ။ ကျောင်းတော်... အာ.. သိဒ္ဓိကောင်းချီး တောင်ထွတ်က ဒီအတွက် ဘယ်လောက် ကြိုးစားခဲ့လဲ ဆိုတာကို ကျုပ် မြင်ယောင် နိုင်ပါတယ်။ ဒီဆုံးဖြတ်ချက် အတွက် သိဒ္ဓိကောင်းချီး တောင်ထွတ်နဲ့ သိဒ္ဓိ ကျောင်းတော် တစ်ခုလုံး နောင်တရမှာ မဟုတ်ဘူးလို့ ကျုပ် ကတိပေးပါတယ်။”
“ဒါဆိုရင် အရှင်မင်းသား အရင်က ပေးခဲ့တဲ ကတိက...”
“ကျုပ်က ပြောတဲ့အတိုင်း လုပ်မှာပါ။ ဆာ-ဂရာလင်။” ချန်လွေ့က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ “နဂါးလင်းလက် အင်ပါယာနဲ့ ကျက်သရေပြာ အင်ပါယာရဲ့ သိဒ္ဓိအမွေအနှစ် နှစ်ခုကို ကျုပ် ရတဲ့အခါ သိဒ္ဓိ ကောင်းချီး တောင်ထွတ်ရဲ့ အကြံပြုချက်ကို လက်ခံပြီးတော့ သိဒ္ဓိ ကျောင်းတော်နဲ့ ပူးပေါင်းမှာပါ။ နောက်လ ကျုပ်က ကျက်သရေပြာ အင်ပါယာကို သွားပြီးတော့ မင်းသမီး လန်ဘိစ်နဲ့ စေ့စပ်ပွဲ ကျင်းပရမယ်။ ရည်ရွယ်ချက် ကတော့... ကျက်သရေပြာ အင်ပါယာက သိဒ္ဓိခွက်အတွက်ပါပဲ။ အဲဒီအချိန် သိဒ္ဓိ ကောင်းချီး တောင်ထွတ်ရဲ့ အကူအညီကို ကျုပ် ယူရလိမ့်မယ်။”
ချန်လွေ့က ‘သိဒ္ဓိ ကောင်းချီး တောင်ထွတ်’ကို အထူး အလေးပေး နေသည်ကို ဂရာလင် သတိထား မိသည်နှင့် အနည်းငယ် ပိုပြုံးသွားသည်။ “ဒါပေါ့။ စိတ်ချပါ မင်းသား။ မင်းသားက မင်းသမီး လန်ဘိစ်ကို လက်ထပ်တာပဲ ဖြစ်ဖြစ်၊ နဂါးလင်းလက်အင်ပါယာရဲ့ ထီးနန်းကို ဆက်ခံတာပဲ ဖြစ်ဖြစ်၊ သိဒ္ဓိကျောင်းတော်ကို ဝင်ရောက်ဖို့ အတွက် ပြဿနာ မဖြစ်ပါဘူး။ အား... မင်းသားကို လူ နှစ်ယောက်နဲ့ အရင် မိတ်ဆက် ပေးရဦးမယ်။ သူက မီရန်ဒါ၊ သိဒ္ဓိမိန်းမပျိုရဲ့ တိုက်ရိုက်တပည့်ပေါ့။”
ချန်လွေ့က ဖြူဖွေးသော အသားအရေ ရှိပြီး ရွှေရောင်ဆံပင်နှင့် လှပသည့် မျက်နှာ သွင်ပြင်နှင့်အတူ အနည်းငယ် အေးစက်သည့် မျက်နှာ ရှိသည့် အမျိုးသမီးကို ကြည့်ပြီး အနည်းငယ် ခေါင်းညိတ်သည်။ “မစ်-မီရန်ဒါ...”
သူနှင့် ထိုနတ်သူငယ် တစ်ပိုင်း မိန်းကလေးက အမှန်တကယ်၌ ‘အသိဟောင်း’ ဖြစ်လေသည်။ သူက သိဒ္ဓိအလင်းတောင်တွင် ပေါ်လ်၏ လက်အောက်ခံအဖြစ် ရှိနေခဲ့စဉ်က ဝိညာဉ် ဘာသာစကားကို ကျွမ်းကျင်ပြီး မီရန်ဒါကို စိတ်ဝင်စားသည့် ဇာတ်ကောင် အဖြစ် သရုပ်ဆောင်ခဲ့သည်။ နောက်ပိုင်း သိဒ္ဓိမိန်းမပျို၏ တပည့် ဖြစ်သော အယ်လီဇာက သူ၏ ကြောက်မက်ဖွယ် မျက်နှာအမှန်ကို ပြသပြီး မီရန်ဒါကို အသုံးချကာ ချန်လွေ့၏ ‘ဝိညာဉ် ဘာသာစကား’ စွမ်းအားကို ရယူရန် ယုတ်မာသည့် အစီအစဉ် တစ်ခု ချမှတ်ခဲ့သည်။ နောက်ဆုံး ကိုယ့်တပ် ကိုယ်နင်းသလို ဖြစ်သွားပြီးနောက် သူက ရူးသွားတော့သည်။
ကျောင်းတော်၏ အဓိကဂိုဏ်း ၃ခုမှ အပြိုင်အဆိုင် လိုချင်နေသော နာမည်ကြီး နေသူက သိဒ္ဓိအလင်းတောင်၌ ဆူပူခဲ့ပြီး နှင်းဒဲလက်ပန်းပင်ကို ခိုးယူသွားခဲ့သည့် ‘ရစ်ချတ်’ ဖြစ်နေသည်ကို မီရန်ဒါ မသိခဲ့သည်မှာ သေချာသည်။ သို့သော် မင်းသား’အာသာ’၏ အကြည့်က အနည်းငယ်မျှပင် အာရုံမလွင့်သွားဘဲ အလွန် ရှင်းလင်းနေ၏။ ထို့ကြောင့် နတ်သူငယ်တစ်ပိုင်း ကောင်မလေး၏ သူ့အပေါ် ပိုမိုကောင်းမွန်သော အမြင် ဖြစ်သွားစေခဲ့ပြီး သူက ဦးညွှတ်သည်။ “အရှင်မင်းသား အာသာ။ ဆရာမက ကိုယ်တိုင်လာဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ သူက သိပ်မကြာခင်ကမှ ရထားတဲ့ တပည့်အသစ်အတွက် အလင်းနှစ်ခြင်း လုပ်နေခဲ့တယ်။ နည်းနည်းတော့ ကြာလိမ့်မယ်။ ပြီးတော့ သူက တန်းလန်း ရပ်လို့မရဘူး။ အဲဒါကြောင့် သူက စိတ်ရင်းကို ပြသဖို့အတွက် ကျွန်မကို စေလွှတ်လိုက်တာ။ တပည့်အသစ်...က ဆာ-ဂရာလင် ပြောတဲ့ မစ်-တစ်ဖနီပါ။”
ချန်လွေ့က ပေါ့ပေါ့ပါးပါး ပြောသည်။ “သိဒ္ဓိမိန်းမပျိုက ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်ကသာ သိဒ္ဓိကောင်းချီ တောင်ထွတ် သွားပြီးတော့ သူ့နဲ့ တွေ့သင့်တာပါ။”
‘တပည့်အသစ် တစ်ဖနီ’ အကြောင်း သတင်းက ဂရာလင်ဆီမှ ချန်လွေ့ ရရှိခဲ့သော သတင်း ဖြစ်ပြီး ထို့ကြောင့်ပင် ချန်လွေ့က နဂါးဧကရာဇ် ပါဂရစ်ဇ်ကို မှော်ဂိမ်းကို သိဒ္ဓိမိန်းမပျို ဂိုဏ်းသို့ ‘ခွင့်ပြုရန်’ ညွှန်ကြား ခဲ့လေသည်။ ပါဂရစ်ဇ် အကျိုးအမြတ် မည်မျှ ရရှိမည် ဆိုသည်မှာ သူ့ကိစ္စ မဟုတ်တော့ပေ။
ချန်လွေ့က ထိုမှော်ဂိမ်း အခင်း အကျင်းကို အစအဆုံး စီစဉ်ခဲ့သည်။ ထိုအတွက် သူက အဓိက အင်အားစု ၃ခုကြား ပြိုင်ဆိုင်မှုမှ လက်တွေ့ကျသည့် အကျိုးကျေးဇူး များစွာ ရရှိခဲ့သည်။ သို့သော် ဂိမ်းထဲတွင် ကိုယ်ပိုင် စည်းမျဉ်းများ ရှိလေသည်။ ထိုကိစ္စ အဆုံးသတ်ပြီးနောက် သူက သိဒ္ဓိ ကောင်းချီးတောင်ထွတ်ကို ရွေးချယ် ခဲ့လေသည်။ စွမ်းရည်နှင့် ခွန်အားက အဆင့်တစ်ခုသို့ မရောက်ခင် သူက အရင်ကဲ့သို့ ဂိုဏ်း၃ခုက ကမ်းလှမ်းမှု ကောင်းများကို ထပ်စောင့်နေရတော့မည် မဟုတ်ပေ။
မီရန်ဒါက ယဉ်ကျေးသည့် စကားအချို့ ပြောပြီးနောက် ဘာမှ ထပ်မပြောဘဲ ထပ်မံ ဦးညွှတ်လိုက်သည်။ ဂရာလင်က မျက်လုံး မှိတ်ထားသည့် ဆံပင်နက်နှင့် အမျိုးသားကို ချန်လွေ့နှင့် မိတ်ဆက် ပေးလိုက်သည်။ “သူက သိဒ္ဓိ ကောင်းချီး တောင်ထွတ်ရဲ့ သိဒ္ဓိ အလင်း အစောင့်အရှောက် စစ်သည်တော် ရာဖယ်ရယ်ပါ။”
သိဒ္ဓိ အလင်းတောင်၏ အဓိက တောင်ထိပ် ၃ခုတွင် ကိုယ်ပိုင် အစောင့်အရှောက် စစ်သည်တော်များ ရှိကြသည်။ ၎င်းတို့ကို အလင်းဖြူ၊ ငွေထည်ဝါ နှင့် သိဒ္ဓိအလင်းဟူ၍ သုံးမျိုး ခွဲခြားထားလေသည်။ သိဒ္ဓိအလင်းက အဆင့်အမြင့်ဆုံး အစောင့်အရှောက် စစ်သည်တော် ဖြစ်လေသည်။
ချန်လွေ့က ထိုလူကို စူးစိုက် ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင် ကြုတ်လိုက်ကာ အလွန်ရှားပါးသော အံ့သြသည့် အမူအရာ ပြသလိုက်၏။ သူ၏ အသံပင် တုန်ရီသွားခဲ့သည်။ “သိဒ္ဓိအလင်း အစောင့်အရှောက် စစ်သည်တော်တိုင်းက ဒီလိုမျိုးပဲ ထူးခြား ကြတာလားဆိုတာ ကျုပ် သိချင်မိတယ်။ ဒီသိဒ္ဓိအလင်း အစောင့်အရှောက် စစ်သည်တော်ဆီမှာ ကျုပ် ဘာလို့ ထူးခြားတဲ့ အလင်းရောင် တစ်ခုကို မြင်နေရတာလဲ။ အတော်လေးကို တောက်ပပြီးတော့ မြင့်မြတ်လွန်းတယ်။ တည့်တည့်ကြည့်ဖို့ မဖြစ်နိုင်ဘူး...”
ချန်လွေ့၏ ကြည်ညိုမှုနှင့် တုန်ရီမှုက အတုအယောင်များပင်။ သူ ဟန်ဆောင် ရပေမည်။
မျိုးနွယ်စု - တမန်တော် (ကိုယ်ပွား)
စွမ်းအားအကဲဖြတ်မှု - SSS+
ခန္ဓာအမျိုးအစား - SSS+
ခွန်အား- SSS+
စိတ်ဝိညာဉ် - SSS+
အမြန်နှုန်း - SSS+
[စိစစ်ချက်]- အလင်းဂုဏ်သတ္တိ၊ လေဂုဏ်သတ္တိ၊ ချုပ်နှောင်ခြင်း၊ ဖယ်ရှားခြင်း၊ အလင်း ကုသခြင်း၊ ဝိညာဉ်စွမ်းအား။
အန္တရာယ်အဆင့် - အလွန်မြင့်မား!
ထိုရာဖယ်ရယ်က နတ်ဘုရားတစ်ပိုင်း အဆင့် စွမ်းအား ရှိသော်လည်း သူက ကိုယ်ပွားတစ်ခုသာ ဖြစ်လေသည်။
သူက ဂရာလင်နှင့် အတူ သိဒ္ဓိ ကောင်းချီးတောင်ထွတ်မှ ရောက်လာခြင်း ဖြစ်သည့်အတွက် တမန်တော်ဟူသော သရုပ်က သိသာလှပေသည်။