စိတ်လှုပ်ရှားနေသည့် ရွှီယန်၊ ကမ်းပါးဓားသခင် ရှဲ့လင်ဖုန်း(၂)
Vol. 7 Ch. 93
ကောင်းကင်မှ သက်ဆင်းလာခဲ့သည့် သိုင်းသမားအသစ်နှစ်ယောက်တို့သည် သံသယဝင်စရာ မကောင်းလောက်အောင် အတွင်းဘက်နယ်မြေမှ ရောက်ရှိလာကြသည့် သိုင်းသခင်များ ဖြစ်ပေလိမ့်မည်။
"ဆရာ.. ကျွန်တော် မြို့တော်ဆီကိုသွားပြီး အတွင်းဘက်နယ်မြေက သိုင်းသမားတွေနဲ့ တွေ့ချင်တယ်.."
ရွှီယန်၏ မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။
"အတွင်းဘက်နယ်မြေက သိုင်းသခင်တွေကို ရင်ဆိုင်ဖို့ မင်းမှာ ယုံကြည်ချက်ရှိလို့လား.."
လီရွှမ်က ခဏတာစဉ်းစားပြီးနောက် မေးသည်။
ရွှီယန်သည် ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးဖြစ်၏။ သူ၏ ဓားတာအိုနှလုံးသားက သန့်စင်ကာ ဓားလမ်းစဉ်ပေါ်သို့ ခြေချနိုင်ခဲ့ပြီး ဖြစ်သည်။ သူ၏စွမ်းအားသည် အရင်တုန်းကနှင့် နှိုင်းယှဉ်ပါက သိသာစွာ တိုးတက်လာခဲ့၏။
သို့ရာတွင် သိုင်းသခင် နှစ်ယောက်တို့ ပူးပေါင်းပါက ရွှီယန်အနေနှင့် ရင်ဆိုင်နိုင်ခြင်း မရှိမှာလည်း ဖြစ်နိုင်ပါသည်။ ထို့အပြင် သိုင်းသခင်များအကြားတွင် ခွန်အားခြားနားချက်များ ရှိနေ၏။
"ဆရာ.. စိတ်ချပါ။ အခုဆိုရင် ကျွန်တော် ဓားလမ်းစဉ်ကို တတ်မြောက်ထားပြီး နဂါးနိုင်လက်ဝါးသိုင်းလည်း ဒုတိယအဆင့်အထိ ချိုးဖျက်ထားတယ်.."
"အတွင်းဘက်နယ်မြေက သိုင်းသခင်တွေကို ကြောက်စရာမလိုပါဘူး။ သူတို့တွေ ပူးပေါင်းနေရင်တောင် ကျွန်တော် တိုက်ခိုက်ရဲတယ်.."
ရွှီယန်က ယုံကြည်ချက်ရှိစွာဖြင့် ပြော၏။
"မင်းမှာ ယုံကြည်ချက်ရှိရင်လည်း သွားလေ.."
လီရွှမ်က ခေါင်းငြိမ့်သဘောတူ၏။
"ငါမင်းကို အဖော်လိုက်ပေးဖို့ လိုသေးလား.."
ခဏတာ စဉ်းစားပြီးနောက် သူကထပ်မံ မေးပြန်သည်။
"ဆရာ.. ကျေးဇူးပြုပြီး ယွင်ရှန်းမြို့ငယ်မှာပဲ နေပြီး တပည့်အသစ်တွေကို ညွှန်ကြားပေးပါ။ ကျွန်တော်က ကိုယ့်ဘာသာ တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်.."
"ပြီးတော့ သူတို့က ရွှယ့်ဝူရှင်းကြောင့် လာကြတာ။ ကျွန်တော့အဖိုးရဲ့ မိသားစုကိုလည်း ခက်ခဲအောင် မလုပ်ကြဘူး။ ဒ့ါကြောင့် မကောင်းတဲ့ လူတွေတော့ မဟုတ်လောက်ဘူး.."
"ဒီအခွင့်အရေးကို အသုံးပြုပြီး ကျွန်တော့်ရဲ့ ဓားပညာကို မြှင့်တင်ချင်တယ်။ ဖြစ်နိုင်တာက သူတို့ကြောင့် ဓားဆန္ဒကို နားလည်သဘောပေါက်လာမှာလည်း ဖြစ်နိုင်တယ်.."
ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် ခေါင်းကိုရမ်း၏။
"မင်းမှာ ဒီလို ယုံကြည်ချက်မျိုး ရှိရင်လည်း.. ငါခွင့်ပြုပါတယ်.."
လီရွှမ်က ခေါင်းငြိမ့်သည်။
"ဟုတ်ကဲ့ပါဆရာ.."
စိတ်လှုပ်ရှားစွာဖြင့် ရွှီယန်တစ်ယောက် ချက်ချင်းပင် သူ၏ ခရီးလမ်းကို စတင်ထွက်ခဲ့၏။
'အတွင်းဘက်နယ်မြေကနေ သိုင်းသခင်နှစ်ယောက် ရောက်လာခဲ့တာ ရွှယ့်ဝူရှင်းကို လိုက်ဖမ်းတာများလား..'
'ကောရုန်ရှန်ကနေ လက်ခံရရှိခဲ့တဲ့ စာအရတော့ တစ်ဖက်လူဆီမှာ သတ်ဖြတ်လိုစိတ်တွေ ရှိနေတယ်တဲ့။ ဒါပေမယ့် ကောမိသားစုကို ပစ်မှတ်ထားပြီး ဘာမှအလုပ်ဆောင်တာမျိုး မရှိဘူး..'
'ပြီးတော့ သူတို့ရဲ့ပုံစံက မောက်မာတာ သို့မဟုတ် အရမ်းကြီး ဆိုးတဲ့ ပုံစံလည်းမရှိဘူး..'
'သွေးဆူတတ်တဲ့ လူမျိုးတွေ မဟုတ်ဘူးထင်တယ်။ ရွှီယန်သွားလည်း ပြဿနာ မရှိလောက်ပါဘူး။ နောက်ပြီး လက်ရှိရွှီယန်ရဲ့ ခွန်အားနဲ့ သိုင်းသခင်တစ်ယောက်ကို ရှုံးနိမ့်မှာ မဟုတ်ဘူး..'
လီရွှမ်က နှလုံးသားထဲတွင် စဉ်းစားသည်။
'ငါ့ရဲ့ အဖိုးတန်တပည့်ကို ဘာပဲဖြစ်ဖြစ် မတော်တဆတစ်ခုခု ဖြစ်စေလို့ မဖြစ်ဘူး။ ငါသွားပြီးတော့ ကြည့်တာ ပိုကောင်းလိမ့်မယ်..'
အဆုံးသတ်တွင် လီရွှမ်သည် စိတ်ချမှုမရနိုင်ဘဲ ရှိနေ၏။
"ငါ့တပည့်.. လေမိုးကြိုး လက်သီးသိုင်းရဲ့ အဓိကသော့ချက်က လေနဲ့မိုးကြိုးရဲ့ အရှိန်အဝါ အပေါ်မှာ မူတည်နေတယ်။ မင်းသေသေချာချာ လေ့လာပြီး နားလည်သဘောပေါက်မှုတွေ ပိုရအောင်လုပ်။ ငါခရီးတစ်ထောက် သွားဦးမယ်.."
မုန့်ချုံပြန်လာပြီးနောက် လီရွှမ်က သူ့ကို ညွှန်ကြားမှုအချို့ ပြုလုပ်ပြီး လေထဲသို့ မြင့်တက်သွား၏။ ချီနိုင်ငံ၏ မြို့တော်ဆီသို့ ဦးတည်လိုက်သည်။
ချီနိုင်ငံ၏ မြို့တော်ရှိ ကောမိသားစု၏အိမ်တွင်..
"အဖေ.. အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်က ယန်အာအတွက် လာကြတာလား.."
ကောယွင်ကိုင်က စိုးရိမ်စွာဖြင့် မေး၏။
"ဒါက ငါတို့တွေ ထိန်းချုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ယန်အာ ဘယ်လိုမျိုး ကိုင်တွယ်မလဲ ဆိုတာကိုပဲ ကြည့်တာပေါ့.."
ကောရုန်ရှန်က အကူအညီမဲ့စွာ သက်ပြင်းချသည်။
မြို့တော်ဆီသို့ စွမ်းအားကြီး ပုဂ္ဂိုလ်များ သက်ဆင်းလာစဉ်ကတည်းက အမှုထမ်းများအားလုံးတို့ စိတ်လှုပ်ရှားနေကြသည်။ ဧကရာဇ်ချီအပေါ် သူတို့၏ သစ္စာရှိမှုကို ပြသရန် စိတ်အားထက်သန်နေကြ၏။ ဤသည်မှာ စွမ်းအားကြီးပုဂ္ဂိုလ်အား တစ်ကြိမ်မျှလောက် မြင်တွေ့နိုင်ရန် ဖြစ်သည်။
မျက်စိတမှိတ်အတွင်း ချီဘုရင်စံအိမ်သည် ချက်ချင်းပင် ခြောက်ကပ်သွားခဲ့၏။ အမတ်ကြီးများ၏ မျက်လုံးထဲတွင် ဒီနေရာက ပျက်စီးဖို့ ကံပါလာခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ကို ရှောင်ဖယ်နေကြပြီး ချီဘုရင်စံအိမ်အား ရောဂါကပ်ဆိုး တစ်ခုကဲ့သို့ ထိတွေ့ရန် ကြောက်ရွံ့ နေကြပါသည်။
ဧကရာဇ်ချီက အမှုထမ်းများကို ဂရုစိုက်ရန် အာရုံမရှိပါ။ သူသည် စွမ်းအားကြီး ပုဂ္ဂိုလ်များဆီသို့ မနက်၊ နေ့လယ်၊ ည.. အချိန်တိုင်းတွင် အဖိုးတန်ဆေးပင်များ၊ ရှားပါးရတနာများကို ယူဆောင်ကာ သွားရောက်တွေ့ဆုံ၏။
စွမ်းအားကြီး ဆရာသခင်များက လက်မခံခဲ့ပေမယ့် ဧကရာဇ်ချီက ပြန်ယူလာခြင်း မရှိပါ။ လူတစ်ယောက်သည် အစားတစ်လုတ်အတွက်၊ နေစရာတစ်ခုအတွက် ကျေးဇူးသိတတ်သင့်ပါသည်။
သူက နိုင်ငံတစ်ခု၏ ဧကရာဇ်ဖြစ်ပြီး ယခုကဲ့သို့ လေးစားမှုကို ပြသကာ များပြားလှသည့် ရတနာများကို ပေးဆောင်ခဲ့၏။ ထို့ကြောင့် ထိုပုဂ္ဂိုလ်များအနေနှင့် အသိအမှတ်ပြုမှု အချို့အား ပြသင့်ပါသည်။
ဧကရာဇ်ချီတစ်ယောက် သူ့ကိုယ်သူ အလွန်ကျေနပ်နေ၏။ အခွင့်အရေးတစ်ခုကို စောင့်စားကာ သိုင်းပညာအကြောင်းကို မေးမြန်းရန် စဉ်းစားထားသည်။ ဖြစ်နိုင်တာက ထိုဆရာသခင်က သူ့ကို တပည့်တစ်ယောက်အဖြစ် လက်ခံမှာလည်း ဖြစ်နိုင်၏။
အကြီးဆုံးမင်းသားလည်း စွမ်းအားကြီး ဆရာသခင်များကို နေ့စဉ်နေ့တိုင်း ကြိုးကြိုးစားစား ခစားနေပါသည်။
သူ့ကို တပည့်အဖြစ် လက်ခံကာ စွမ်းအားကြီးသိုင်းပညာများ သင်ပေးရန် မျှော်လင့်မိ၏။
"ခေါ်ထားတာ မလာသေးဘူးလား။ သူပုန်းသွားမှာလား.."
ရှဲ့လင်ဖုန်းက အနည်းငယ် စိတ်မရှည် ဖြစ်လာခဲ့၏။
"စိတ်ချပါ။ သူအခု မြို့တော်ကို လာတဲ့လမ်းမှာ ရောက်နေပါပြီ.."
အကြီးဆုံးမင်းသားက အာမခံကာ ပြော၏။ သူ၏ မျက်နှာက ခယမှုတို့ဖြင့် ပြည့်နှက်နေပါသည်။
ထိုနေ့တွင် တော်ဝင်နန်းတော်ဆီသို့ ပုံရိပ်တစ်ခု အပြေးရောက်လာခဲ့၏။
"ဧကရာဇ်အိုကြီးချီ.. ငါရွှီယန် ရောက်လာပြီ... မင်းတို့ပြောတဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်ဆိုတာ ဘယ်မှာလဲ.."
ရွှီယန်က ရောက်ရှိလာ၏။
နောက်ဆုံးအကြိမ်တုန်းက ကဲ့သို့ပင် ရဲတင်းစွာဖြင့် ပျံသန်းလာခဲ့သည်။ သူ၏ အရှိန်အဝါက အရပ်မျက်နှာအားလုံးတို့ဆီသို့ ဖိနှိပ်ထားပြီး မနှိုင်းယှဉ်သာသည့် ကြီးစိုးမှုကးအား ထုတ်လွှတ်နေပါသည်။
"ဒါကဘာလဲ.."
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့၏ မျက်နှာက ပြောင်းလဲသွား၏။ ဤသည်မှာ သိုင်းသမားတစ်ယောက် ဖြစ်သည်။
ဒီသိုင်းသမားသည် မည်သည့်နေရာမှ လာခဲ့သနည်း။ လျှပ်တစ်ပြက်အတွင်း နှစ်ယောက်စလုံး မူလနေရာများမှ ပျောက်ကွယ်သွားကြပြီး မျက်စိတစ်မှိတ် အတွင်းတွင် ရွှီယန်၏အရှေ့၌ ပေါ်လာကြသည်။
ရွှီယန်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ အမှန်တကယ်ကို သိုင်းသခင်များ ဖြစ်ကြပါသည်။ သူ၏
အကြည့်က ရှဲ့လင်ဖုန်း၏ အပေါ်သို့ ကျရောက်သွား၏။
မသိစိတ်က ပြောနေသည်မှာ ဒီလူသည် အလွန်သန်မာသည့်လူ ဖြစ်ပြီး အဆုံးစွန်သော ထက်မြမှု အငွေ့အသက်ကို ပေးစွမ်းနေပါသည်။
ခါးတွင် ဓားရှည်တစ်ချောင်းကို ချိတ်ဆွဲထား၏။
"ဓားလမ်းစဉ်ရဲ့ သိုင်းသမားတစ်ယောက်ပဲ.."
သူ၏မျက်လုံးများက ချက်ချင်းပင် လင်းလက်သွားသည်။ နန်းတော်၏ထိပ်တွင် ရပ်ကာ လက်ဝါးနှစ်ဖက်ကို အတူတူပွတ်၏။
အတွင်းဘက်နယ်မြေမှ ဓားလမ်းစဉ်သိုင်းသမားတစ်ယောက်ကို စိန်ခေါ်ရန်အတွက် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေပါတော့သည်။
ဒီအတွင်းဘက်နယ်မြေရှိ သိုင်းသမားက အများကြီး အသက်ကြီးသည့်ပုံ မပေါ်ပါ။ ခန့်မှန်းခြေ အသက်၂၀ကျော်လောက်သာ ရှိပြီး သူ့ထက် အသက်၁၀နှစ်လောက်သာ ပိုကြီးနိုင်၏။
သို့ပေမယ့် ခွန်အားက ရွှယ့်ဝူရှင်းထက် များစွာပိုမို သာလွန်၏။
"ငါ့ကို ရှာနေတယ်ဆိုတာ မင်းတို့တွေလား.."
ရွှီယန်က စိတ်အားထက်သန်စွာ မေးသည်။
ရဲ့လင်ဖုန်း၏ မျက်ခုံးများက တင်းကြပ်စွာ ကြုံ့သွား၏။ ရှေ့ရှိ လူငယ်က တစ်ခုခု မှားယွင်းနေပါသည်။
သူသည် သိုင်းသမားတစ်ဦး ဖြစ်ဟန်ပေါ်၏။ သို့ပေမယ့် အရှိန်အဝါက ပုံမှန်သိုင်းသမားများနှင့် ခြားနားနေပါသည်။ အသက်ဓာတ်စွမ်းအင်က အလွန်ကြွယ်ဝပေါများလှ၏။
သူက အသက်ကို နက်ရှိုင်းစွာရှူပြီး လေးနက်စွာ ပြောသည်။
"မင်းက ရွှယ့်ဝူရှင်း မဟုတ်ဘူး။ ရွှယ့်ဝူရှင်း ဘယ်မှာလဲ.."
အမှန်တကယ်ကို တစ်ဖက်လူသည် ရွှယ့်ဝူရှင်းကို လာရှာသည်ပင်..
"ရွှယ့်ဝူရှင်းက သေသွားပြီးပြီ.."
ရွှီယန်က ဖုံးကွယ်မနေပါ။
"သေပြီလား.."
ရှဲ့လင်ဖုန်းက ခဏတာ မှင်သက်သွား၏။
သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်သည် စွန့်ပစ်ဒေသတွင် သေဆုံးခဲ့သည်လား။
"သူ့ကို ဘယ်သူသတ်တာလဲ.."
ရှေ့ရှိလူငယ်က ရွှယ့်ဝူရှင်းကို သတ်ဖြတ်နိုင်မည်ဟု သူ့အနေနှင့် ယုံကြည်ခြင်း မရှိပါ။
"ငါ့ဆရာ သတ်လိုက်တာ.."
"မင်းရဲ့ဆရာက ဘယ်သူလဲ.."
"အဲ့ဒါကို မင်းသိစရာ မလိုပါဘူး။ အခု မင်းငါ့ကို ရှာနေတယ်ဆိုတော့.. ဒီမှာပဲ စကြရအောင်.."
"ငါလည်း အတွင်းဘက်နယ်မြေက သိုင်းသခင်တစ်ယောက်ရဲ့ ခွန်အားအပြည့်ကို မြည်းစမ်းချင်နေတာ ကြာပြီ.."
ရွှီယန်၏ ချီနှင့်သွေးတို့က ပေါက်ကွဲထွက်လာ၏။ သူ၏ခန္ဓာကိုယ်က ကျယ်လောင်စွာ မြည်ဟီးလာပြီး အနီရောင် နဂါးတစ်ကောင်က သူ့ကို ရစ်ပတ်လာခဲ့သည်။
ရှဲ့လင်ဖုန်းက ကြီးစွာ အံ့သြသွား၏။ သူက နက်ရှိုင်းစွာ မေးသည်။
"မင်းက ဘယ်သူလဲ။ အတွင်းဘက်နယ်မြေကနေ လာတာလား.."
ရွှီယန်က ရင်ကိုကော့ကာ မတ်တပ်ရပ်ရင်းက ပြောသည်။
"အတွင်းဘက်နယ်မြေကဆိုတာ ဘာကိုဆိုလိုတာလဲ။ ငါရွှီယန်က သုံဟယ်စီရင်စုရဲ့ ဇာတိခံတစ်ယောက် ဖြစ်ပြီး ချီနိုင်ငံမှာ မွေးဖွားခဲ့တာ။ ငါက စွန့်ပစ်ဒေသရဲ့ လူတစ်ယောက်ပဲ.."
"မဖြစ်နိုင်ဘူး။ ဒါလုံးဝမဖြစ်နိုင်ဘူး.."
ရှဲ့လင်ဖုန်း၏ မျက်နှာက မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နက်သွား၏။
"စွန့်ပစ်ဒေသမှာ ဘယ်တော့မှ သိုင်းပညာရှင်တစ်ယောက်ကို ထုတ်လုပ်နိုင်မှာ မဟုတ်ဘူး.."
ရွှီယန်က အထင်သေးစွာ ပြုံးကာပြောသည်။
"ဒါဆိုရင် ငါ့ကိုရော ဘယ်လိုသတ်မှတ်မလဲ။ သိုင်းသမားမဟုတ်ဘူးလို့လား.."
"ဒါက..."
ရှဲ့လင်ဖုန်းက မှင်သက်သွား၏။
အမှန်တကယ်ကို သူ၏ရှေ့တွင် ရပ်နေသည်မှာ စွန့်ပစ်ဒေသမှ သိုင်းသမားတစ်ယောက် ဖြစ်ပါသည်။
ဟူရှန်းလည်း ကြောင်တောင်နေ၏။ သူက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီကို ကြိုးစားကာ အာရုံခံကြည့်သည်။ သို့ပေမယ့် မည်သည်ကိုမှ မတွေ့ရပေ။
ဆိုလိုသည်ကား စွန့်ပစ်ဒေသတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီတို့ ပျောက်ဆုံးနေဆဲ ရှိ၏။
"စကားများမနေနဲ့ တိုက်ခိုက်ရအောင်.."
ရွှီယန်သည် သိသာစွာပင် စိတ်မရှည် ဖြစ်နေ၏။ ရှဲ့လင်ဖုန်းကို လက်ညှိုးထိုးကာ ပြောသည်။
"ကောင်းပြီ.."
ရှဲ့လင်ဖုန်းက အသက်ကို နက်ရှိုင်းစွာရှူပြီး ခေါင်းငြိမ့်သည်။
"မြို့ပြင်ကို သွားရအောင်.."
ရွှီယန်က စတင် ရွေ့ရှားသွားပြီး မြို့အပြင်သို့ ပျံသန်းထွက်ခွာသွား၏။
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုကို မြင်ရ၏။ နှစ်ယောက်သား လေထဲတွင် ပျံသန်းရင်းက မြို့အပြင်ဘက်သို့ ရောက်ရှိ လာခဲ့သည်။
မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်၏။
စွမ်းအားကြီး သိုင်းသမားများ၏ မဟာတိုက်ပွဲကြီး ရှိရာ လူတိုင်းလည်း တိုက်ပွဲကို ကြည့်ရှု့ရန်အတွက် မြို့အပြင်သို့ ထွက်လာကြသည်။ သို့ပေမယ့် မည်သည်ကိုမှ တွေ့ရခြင်း မရှိပေ။
ချီတော်ဝင်မြို့တော်၏ အနီးအနား ၁၀မိုင်ကျော် အကွာလောက်တွင်..
ရှဲ့လင်ဖုန်းက လေထဲတွင် လွင့်ပျံနေ၏။ ခါးတွင် ဓားတစ်ချောင်းကို ချိတ်ဆွဲထားပြီး သူ၏ပုံစံက ထက်မြကာ စွမ်းအားကြီးပါသည်။
သူကိုယ်တိုင်က ဓားတစ်ချောင်းကဲ့သို့ ရှိနေပြီး သူ၏ အငွေ့အသက်တို့က မလှမ်းမကမ်းရှိ ရွှီယန်ကို ပစ်မှတ်ထားထားသည်။
ရွှီယန်၏ သွေးများက ဆူပွက်နေပြီး သူ၏ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုဖြင့် တုန်ခါလာ၏။
"ငါ့အမည်က ရှဲ့လင်ဖုန်း ကမ်းပါးဓားသခင်လို့ ခေါ်တယ်.."
ရှဲ့လင်ဖုန်းက ကိုယ့်ကိုယ်ကို မိတ်ဆက်သည်။
"သုံဟယ်စီရင်စုက ရွှီယန်.."
ရွှီယန်က ပြန်လည်ကာ နှုတ်ဆက်၏။
ရှဲ့လင်ဖုန်း၏ ထက်မြသည့် အငွေ့အသက်ကို ခံစားရပြီးနောက် သူသည် ပိုမိုကာပင် တက်ကြွလာခဲ့သည်။
ရွှီယန်မှာ ဓားလမ်းစဉ်ပေါ်သို့ ခြေချနိုင်ရုံသာ ရှိနေပါသေးသည်။ သူ့တွင် သန့်စင်သည့် ဓားနှလုံးသား ရှိပေမယ့် ဓားဆန္ဒကို နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ ဖြစ်နိုင်တာက ဤသည်မှာ အခွင့်အရေးတစ်ခု ဖြစ်၏။
တစ်ဖက်နယ်မြေရှိ သိုင်းသမားတစ်ယောက်နှင့် တိုက်ခိုက်မှုပြုပြီးနောက် ဓားလမ်းစဉ်၏ သဘောတရားများကို ပိုမိုနက်ရှိုင်းအောင် ပြုလုပ်ရပေမည်။
"ညီလေးရွှီ.."
ရှဲ့လင်ဖုန်းက သိလိုစွာဖြင့် စူးစမ်းစွာ မေး၏။
"ငါမေးချင်တာရှိလို့။ မင်းရဲ့ သိုင်းအဆင့်က ဘယ်အဆင့်လဲ.."
သူသည် ရွှီယန်၏အဆင့်ကို သေချာမှုမရှိဘဲ ရှိနေ၏။ တစ်ဖက်လူမှာ သိသာစွာပင် သိုင်းသခင်တစ်ယောက် မဟုတ်ပေ။ သို့ပေမယ့် ပထမအဆင့် သိုင်းသမားတစ်ယောက်ကဲ့သို့လည်း မဟုတ်ပါ။
ဘယ်လိုလုပ်ပြီး ပထမအဆင့် သိုင်းသမားတစ်ယောက်တွင် ယခုကဲ့သို့ ကြီးမားသည့် စွမ်းအားအရှိန်အဝါကို ပိုင်ဆိုင်နိုင်မည်နည်း။
သူ့ကို ပိုမိုအံ့သြစေသည်ကား ရွှီယန်ကို လှည့်လည်နေသည့် အနီရောင်နဂါးကြီး ဖြစ်သည်။ ၎င်း၏ ထည်ဝါလှသည့် တည်ရှိမှုက သူ့ကို အထူးအဆန်း ဖြစ်စေ၏။
ယခုကဲ့သို့သော သိုင်းပညာမျိုးကို အတွင်းဘက်နယ်မြေတွင် ဘယ်တုန်းကမှ တွေ့မြင်ဖူးခြင်း မရှိပါ။
"ငါက သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်ခဲ့ရုံပဲ ရှိသေးတယ်။ အဆင့်အရ ဆိုရင်တော့ ချီနဲ့သွေးရဲ့ ပြီးပြည့်စုံခြင်း အဆင့်မှာ.."
ရွှီယန်က တည့်တိုးပင် ဖြေ၏။
"ချီနဲ့သွေးအဆင့်.."
ရှဲ့လင်ဖုန်းက ပဟေဠိ ဖြစ်သွားသည်။ ဤသည်မှာ မည်ကဲ့သို့သော သိုင်းအဆင့် ဖြစ်သနည်း။ အဘယ်ကြောင့် တစ်ခါမှ မကြားဖူးရသနည်း။
ခေါင်းကိုလှည့်ကာ ဘေးရှိ ဟူရှန်းကို ကြည့်သည်။ ဟူရှန်း၏ မျက်နှာမှာလည်း တူညီသည့် အခြေအနေတွင် ရှိနေကြောင်းကို တွေ့လိုက်ရ၏။
ထို့အပြင် သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ရုံသာ ရှိသေးသည်လား။
"ညီလေးရွှီ.. ချီနဲ့သွေးအဆင့်က ဘာကိုပြောတာလဲ။ သိုင်းပညာရဲ့ စတင်ခြင်းအဆင့်က အဆင့်၉ဆင့် မဟုတ်ဘူးလား.."
ရွှီယန်က စိတ်မရှည်စွာ ပြော၏။
"စကားတွေ အများကြီး ဆက်မပြောကြရအောင်။ အရင်ဆုံး တိုက်ခိုက်ကြမယ်.."
"ကောင်းပြီ.."
ရှဲ့လင်ဖုန်း၏ မျက်လုံးများက လေးနက်သွားပြီး ဓားရှည်ကို ကိုင်ကာပြောသည်။
"ညီလေးရွှီ ကျေးဇူးပြုပြီး အရင်စပါ.."
"ဒါဆိုရင်.. ငါယဉ်ကျေးမနေတော့ဘူး.."
ရွှီယန်က ရှေ့သို့တက်ကာ သူ၏လက်ဝါးကို လွှဲရမ်းလိုက်သည်။
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ နဂါးနိုင်လက်ဝါးသိုင်းက ကြီးမားသော နဂါးကြီးတစ်ကောင်အား စုစည်းလာခဲ့၏။ ကြောက်စရာကောင်းသည့် အရှိန်အဝါနှင့် ရှေ့သို့ ပြေးတက်သွားသည်။
ရှဲ့လင်ဖုန်းက သူ၏ ဓားဖြင့် ထိုးလိုက်၏။ ဓားထိပ်ရှိ ဓားချီက လျှပ်စီးတစ်ခုကဲ့သို့ လက်သွားပြီး နဂါး၏ဦးခေါင်းကို တိုက်ရိုက်ထိမှန်သည်။ အက်ကွဲသည့် အသံတစ်ခုနှင့်အတူ နဂါးသဏ္ဍာန် လက်ဝါးအားကို နှစ်ပိုင်းကွဲသွားစေ၏။
ရွှီယန်၏ အကြည့်က ထက်မြသွားသည်။ ရှဲ့လင်ဖုန်းက ရွှယ့်ဝူရှင်းထက် ပိုမိုသန်မာ၏။ ထို့အပြင် အနည်းငယ်မျှပင် မဟုတ်ပေ။
သူက အသက်ကို နက်ရှိုင်းစွာရှူပြီး နဂါးနိုင်လက်ဝါးသိုင်းနှင့် နဂါး၁၈ကောင်တို့ကို စုစည်းကာ ရှဲ့လင်ဖုန်းဆီသို့ ရိုက်လွှတ်လိုက်သည်။
"ဘုန်း.."
ရှဲ့လင်ဖုန်းက အံ့ဩသွားသည်။ ဤသည်မှာ မည်ကဲ့သို့သော လက်ဝါးသိုင်းပညာမျိုး ဖြစ်သနည်း။
ဓားရှည်က လှည့်လည်သွားပြီး ဓားစွမ်းအင် အလွှာက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံလာခဲ့သည်။ တိုက်ခိုက်မှုကို ကာကွယ်ထား၏။
ထို့နောက် ခန္ဓာကိုယ်ကို ရွေ့လျားကာ ဓားအလင်းတစ်ခု လေထဲတွင် လက်သွားသည်။ မိုးကြိုးလျှပ်စီးကဲ့သို့ ထက်မြသည့် ဓားအလင်းက ရွှီယန်၏ လည်ပင်းဆီသို့ ထိုးဖောက်လာခဲ့၏။
ရွှီယန်၏ မျက်လုံးများက စူးရှသွားပြီး ထိုအချိန်၌ သူသည် ရှဲ့လင်ဖုန်း၏ ဓားချက်မှ အားနည်းချက်ကို တွေ့လိုက်သည်။
သို့ပေမယ့် ဓားချက်က လျှင်မြန်လွန်းလှသဖြင့် သူ့တွင် အားနည်းချက်ကို တိုက်ခိုက်ရန် အချိန်မရှိလိုက်ပါ။ ထို့ကြောင့် တည်နေရာကိုသာ ပြောင်းရွှေ့ပြီး တိုက်ခိုက်မှုကို ရှောင်လိုက်ရ၏။
ရှဲ့လင်ဖုန်းက ထပ်မံ အံ့ဩသွားပြန်သည်။ ဤသည်မှာ မည်ကဲ့သို့သော ခန္ဓာကိုယ် လှုပ်ရှားမှုအတတ် ဖြစ်သနည်း။ လူတစ်ယောက်ကို လျှပ်တစ်ပြက် နေရာပြောင်းသွားစေသည်လား။